Home သတင်း ကရင်နီပြည် (ကယားပြည်နယ်နှင့် ကယန်းဒေသ) ရှိအမျိုးသမီးများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်မှုနှင့် လုံခြုံရေးဆိုင်ရာအခန်းကဏ္ဍများနှီးနှောဖလှယ်ပွဲပြုလုပ်

ကရင်နီပြည် (ကယားပြည်နယ်နှင့် ကယန်းဒေသ) ရှိအမျိုးသမီးများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်မှုနှင့် လုံခြုံရေးဆိုင်ရာအခန်းကဏ္ဍများနှီးနှောဖလှယ်ပွဲပြုလုပ်

FB_IMG_1471377315173

သြဂုတ်လ (၂၀) ရက်

ယုငယ်။             ။

ကယားပြည်နယ်နှင့် ကယန်းဒေသမှ အမျိုးသမီးများငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပိုမိုပါဝင် လာစေရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်စေရန် ဒေသတွင်းလှုပ်ရှားနေသည့် အမျိုးသမီးများက ပူးပေါင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည်။ ထိုကြောင့် ကရင်နီ ပြည် (ကယားပြည်နယ်နှင့် ကယန်းဒေသ)ရှိ အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် သြဂုတ်လ(၁၃)ရက်နေ့မှ  (၁၅)ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည်။

“ကယား(ကရင်နီ)ပြည်နယ်ရှိ အမျိုးသမီးများအနေနဲ့ အမျိုးသမီးငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြောင်းအရာများ သိရှိနားလည်စေဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အမျိုးသမီးများရဲ့အခန်းကဏ္ဍနဲ့ ပါဝင်မှုအခြေနေများ သိရှိစေဖို့၊ ကယား(ကရင်နီပြည်)ရှိ ကျေးလက်နေအမျိုးသမီးများရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ အကြမ်းဖက်ခံရမှုများကို ဖော်ထုတ်နိုင်ဖို့နဲ့ အတူတကွဖြေရှင်းနိုင်မဲ့ နည်းလမ်းတွေ ရှာဖွေနိုင်ဖို့၊ အဓိကကတော့ ၂၁ ရာစုပင်လုံ ညီလာခံအတွက် ပြည်နယ်အဆင့် CSOs ဖိုရမ်တွင် ကရင်နီ ပြည်ရှိ အမျိုးသမီးများရဲ့အသံကို သယ်ဆောင်သွားဖို့ ရည်ရွယ်ပြီးလုပ်ဖြစ်တာပါ”ဟု ဦးဆောင်ပြုလုပ် သောအဖွဲ့များထဲမှ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ လေကျင့်ပညာပေးရေးနှင့် ပူးပေါင်းဆောင်ရွက် ရေး လုပ်ငန်းတာဝန်ခံ မော်အယ်ဝါးမှ ပြောသည်။

“ဒီမှာဆို အမျိုးသမီးအခန်းဏ္ဍက မရှိသလောက်ဖြစ်နေတယ်။ ငြိမ်းချမ်းရေးလုပ်နေတဲ့ အမျိုးသမီးအဖွဲ့ တွေဆို အခုဘယ်မှာမှပါဝင်လို့ မရတဲ့အနေအထားမျိုးတွေ ဖြစ်နေတယ်။ ကယားပြည်နယ် ငြိမ်းချမ်း ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှာလည်း အမျိုးသမီးက(၂)ယောက်ဘဲပါတယ်၊ ဒါကြောင့် ၂၁ ပင်လုံ အတွက် လုပ်မယ့် CSO ဖိုရမ်မှာ အမျိုးသမီးတွေ ၃၀% ပါဝင်ဖို့၊ တောင်းဆိုဖို့ အဓိကထားဆွေးနွေးတာ တွေရှိတယ်” ဟု မော်အယ်ဝါးမှပြောသည်။

သုံးရက်တာကျင်းပခဲ့သော အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ကရင်နီ အမျိုးသမီးအစည်းအရုံး (KNWO)၊ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) နှင့် မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) တို့က ဒေသခံအမျိုးသမီးများနဲ့ ပူးပေါင်း၍လုပ်ဆောင်သွားရန် သဘောတူ ညီခဲ့ကြခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် ဒေသအတွင်းရှိ အမျိုးသမီးများက ပြည်နယ်အဆင့်နှင့် ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်မှုအခြေအနေများ၊ ဒေသအတွင်း တွေ့ ကြုံနေရသော ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် မြေယာပိုင်ဆိုင်မှုစသည့် အကြောင်း အရာများနှင့်ပါတ်သက်၍ လက်ရှိရင်ဆိုင်နေရသော အခြေအနေများနှင့်အတူ အမျိုးသမီးများ ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြသည်။

received_m_mid_1471403755999_1b14f1bac5514e3454_0

ကမ္ဘာ့ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ နှင့်ပါတ်သက်ပြီး အသေးစိတ်ကို လည်း MIPSS (Myanmar Institue of Peace and Security Studies)  မှ ဒေါ်ခင်မမမျိုးက ဆွေးနွေးပွဲ ပထမနေ့တွင် ဦးဆောင်ဆွေးနွေးပေးခဲ့သည်ဟု သိရသည်။ ထို့ပြင် ငြိမ်းချမ်းရေးဖြစ်စဉ်၏ အဓိကကျသော တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ပါ နိုင်ငံရေးလမ်းပြမြေပုံကို ရှင်းပြခြင်း၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ၏အရေးပါသော အချက်များကို ရှင်းပြခြင်း၊ အမျိုးသမီးများအနေဖြင့် စာချုပ်အကောင်အထည်ဖော်မှုတွင် မည်သည့်အတိုင်းအတာ အထိ ပါဝင်မှုရှိကြောင်းတို့ကိုလည်း ထည့်သွင်းရှင်းပြသွားခဲ့သည်။

“ဒီဖိုရမ်မှာ ထူးခြားချက်က ကျေးရွာ အသီးသီးက အမျိုးသမီးတွေ ပါဝင်ပြီးတော့ ဆွေးနွေးကြတယ်။ ဒီလိုအမျိုးသမီးဆွေးနွေးပွဲတွေ လုပ်ပြီး လုပ်ငန်းဖေါ်ဆောင်ရေးအဖွဲ့တွေ ဖွဲ့နိုင်ရင် ပိုကောင်းမယ်၊ ဆက်ပြီးတော့လည်း အမျိုးသမီးတွေ ပူး ပေါင်းပြီး လုပ်ငန်းတွေကို လက်တွေ့အကောင်ထည်ဖေါ်စေချင်ပါတယ်” ဟု ဒေါ်ခင်မမမျိုးမှ ပြောပါ သည်။

တက်ရောက်လာသူများမှလည်း သူတို့၏ ငြိမ်းချမ်းရေအပေါ် လေ့လာချက်၊ ယုံကြည်ချက်၊ စိုးရိမ်ချက်၊ အကြံပြုချက်၊ တိုက်တွန်းချက်များကို အုပ်စုဖွဲ့ပြီး ဆွေးနွေးတင်ပြခဲ့ကြပါသည်။ “အရင်က ဒါမျိုးလုပ်ရင် အခြားခေါင်းစဉ်တွေနဲ့ရောနေတော့ သေသေချာချာမသိရဘူး၊ အခုလုပ်တဲ့ဆွေးနွေးပွဲကတော့ အရမ်း ကောင်းတယ်။ ငြိမ်းချမ်းရေးနဲ့ပါတ်သက်ပြီး အမျိုးသမီးတွေ ဘယ်လောက်အရေးကြီးလဲ၊ အမျိုးသမီး ပါဝင်ရင် လုပ်ငန်းက ပိုပြီးထိရောက်တယ်၊ လုပ်ငန်းတွေက ပိုပြီးအားတက်ဖို့ကောင်းတယ်၊ ငြိမ်းချမ်း ရေးဟာ အမျိုးသမီးတွေအတွက် ဘယ်လောက်တောင် အရေးပါသလဲ၊ ဘယ်လောက်အထိ အရေးကြီး လဲဆိုတာကို ကောင်းကောင်းသိသွားတယ်” ဟုဆွေးနွေးပွဲသို့ တက်ရောက်လာသော ကရင်နီပြည် လူမှုဖူလုံရေးနှင့် ဖွံဖြိုးရေးပင်မ(KSWDC) လုပ်ငန်းတာဝန်ခံ နော်ဂေးနေဖောမှပြောသည်။

ကရင်နီပြည် (ကယားပြည်နယ်နှင့် ကယန်းဒေသ)အတွင်းရှိ အမျိုးသမီးများငြိမ်းချမ်းရေးတွင် ပါဝင်မှု အခန်းကဏ္ဍ၊ အနည်းဆုံးအမျိုးသမီး ၃၀% ပါဝင်နိုင်ရေး၊ ငြိမ်းချမ်းရေးအပေါ် အမျိုးသမီးထု၏ နား လည်မှု၊ ကရင်နီအမျိုးသမီးများ၏ ငြိမ်းချမ်းရေးအပေါ် သိရှိနားလည်ကြောင်းဖော်ပြချက်၊ ငြိမ်းချမ်း ရေးအပေါ် အမျိုးသမီးများမျှော်လင့်ချက်၊ စိန်ခေါ်မှုအဟန့်အတားများနှင့် ထိုစိန်ခေါ်မှုအဟန့်အတား များကို မည်သို့ကျော်လွှားမည်ကို ကရင်နီပြည်ရှိ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆိုင်ရာအမျိုးသမီးများ ပါဝင်မှုအခြေအနေများခေါင်းစဉ်ဖြင့် မော်အယ်ဝါးမှ ဦးဆောင်ဆွေးနွေးခဲ့သည်။ တက်ရောက်လာ သူများမှလည်း ဒေသအတွင်းရှိ အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် မြေယာပိုင်ဆိုင်မှုအကြောင်းနှင့်ပါတ်သက်၍ လက်ရှိရင်ဆိုင်နေရသောအခြေအနေများကိုလည်း ဆွေး နွေးခဲ့ကြသည်။ “အခြားနယ်မြေတွေမှာလည်း ဒီလိုဆွေးနွေးပွဲတွေကို ကိုယ့်ဒေသအသီးသီးလုပ်၊ ပြီးရင် ကိုယ်စားလှယ်တွေပြန်ရွေး၊ စုပေါင်းပြီးပြန်လုပ်နိုင်ရင် အမျိုးသမီးအသံက ဒီထက်ပိုကျယ်နိုင်မယ်၊ အဲဒီ လိုလေးလည်း လုပ်ကြပါဦးလို့ပြောချင်ပါတယ်” ဟုနော်ဂေးနေဖောမှပြောသည်။

ဆွေးနွေးပွဲနောက်ဆုံးရက်တွင် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကရင်နီပြည်နယ် (ကယားပြည် နယ်နှင့် ကယန်းဒေသ) ဒေသအသီးသီးမှ အမျိုးသမီးများ စုပေါင်းဆွေးနွေးခြင်းအားဖြင့် ထုတ်ပြန် ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။

FB_IMG_1471377497552

ကရင်နီပြည် (ကယားပြည်နယ်နှင့် ကယန်းဒေသ) အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖိုရမ် ထုတ်ပြန်ကြေညာချက်

နေ့စွဲ ။      ။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ၊ (၁၅)ရက်။

(၁) အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဖိုရမ်ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(ခ) ရပ်ကွက်၊ စေတမန်ခန်းမဆောင်တွင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၁၃) မှ (၁၅) ရက် နေ့အထိ (၃)ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။ ဖိုရမ်တွင် ကရင်နီပြည်နယ်ရှိ ဖားဆောင်းမြို့နယ်၊ ဖရူ ဆိုမြို့နယ်၊ မယ်စဲ့မြိုနယ်၊ ဘောလခဲမြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် နေပြည်တော်ပြည်ထောင်စု နယ်မြေရှိဒေသ အသီးသီးမှ ကိုယ်စားလှယ်များ၊ ကရင်နီပြည်အခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ်များ၊ လူဦးရေစုစုပေါင်း (၉၀)ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါ သည်။

(၂) ကရင်နီပြည် အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာဖိုရမ်ကို အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ)၏ ကူညီပံ့ပိုးမှုဖြင့် ကရင်နီပြည်အခြေစိုက် အဖွဲ့ချုပ်၏ အဖွဲ့ဝင် အဖွဲ့အစည်း(၃)ဖွဲ့ ဖြစ် သည့် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)၊ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တို့မှ ဦးဆောင်ပြုလုပ်ခဲ့ပါသည်။

(၃) ဖိုရမ်တွင် အဓိကအားဖြင့် မြန်မာနိုင်ငံ၏ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် အမျိုးသမီးပါဝင်မှု အခြေအနေ၊ ကရင်နီပြည်အမျိုးသမီးများ၏ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ သယံဇာတ အခန်းကဏ္ဍအောက်တွင် အမျိုးသမီးများပါဝင်မှု အခြေအနေ၊ ရင်ဆိုင်ရသည့်အခက်အခဲ၊ အဟန့်အတား၊ အကြံပြုချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြပါသည်။

(၄) ကရင်နီပြည် (ကယားပြည်နယ်နှင့် ကယန်းဒေသ) ငြိမ်းချမ်းရေးဖြစ်စဉ်၏ ဆုံးဖြတ်ချက်ချ သည့် အခန်းကဏ္ဍတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်စေရန်နှင့် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုများ ပပျောက်စေရန် ဒေသခံအမျိုးသမီးထုနှင့်အတူ မိမိတို့ကရင်နီအမျိုးသမီးအစည်းအရုံး၊ ကယန်းအမျိုးသမီးအစည်းအရုံးနှင့် မြန်မာ့အမျိုးသမီးသမဂ္ဂတို့မှ ပူးပေါင်း ချိတ်ဆက် လုပ်ဆောင် သွားမည်။ ထို့အပြင် ကယား(ကရင်နီ)ပြည်နယ်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များနှင့် နိုင်ငံရေးပါတီများမှ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး အနည်းဆုံး ၃၀% ပါဝင်လာနိုင် စေရန် အထူးလုပ်ဆောင်ချက်များနှင့် တိကျခိုင်မာသည့် မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းရင်း ဤထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်လိုက်ပါသည်။

Related Articles