Home သတင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးပါဝင်မှုအခြေအနေ စီဒေါ ကော်မတီစိတ်ဝင်စား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးပါဝင်မှုအခြေအနေ စီဒေါ ကော်မတီစိတ်ဝင်စား

IMG_6066

Photo: WLB

 

၂၀၁၆ ဇူလိုင်လ ၆ ရက်။

မယ်သုည

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အမျိုးသမီးပါဝင်မှု အခြေအနေအား စီဒေါကော်မတီမှ အထူး စိတ်ဝင်စားမှု ပြသခဲ့သည်ဟု စီဒေါ (CEDAW) ကော်မတီနှင့် အလွတ်တွေ့ဆုံမှု ပြုရာတွင် ပါဝင်ခဲ့သူက ပြောသည်။

ဇူလိုင် ၅ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅ (ဆွစ်ဇာလန်စံတော်ချိန်) တွင် ကုလသမဂ္ဂရုံး၌ စီဒေါကော်မတီဝင်များက မြန်မာနိုင်ငံမှ စင်ပြိုင်အစီရင်ခံစာတင်သွင်းသောအဖွဲ့များနှင့် သီးသန့် (၁) နာရီခွဲကြာ အလွတ်သဘောတွေ့ဆုံခဲ့ ကြသည် ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ ပလောင်အမျိုးသမီး အစည်းအရုံးမှ လိုည်းချယ်ရီမှ ပြောပြသည်။

IMG_6190

Photo: WLB

“သူတို့စိတ်ဝင်စားတာက အများကြီးပဲ၊ ပထမအချက်အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင် ပတ်သက်မှုအခြေအနေတွေ၊ ပြီးတော့ လူကုန်ကူးမှုအပိုင်းကိုလည်း စိတ်ဝင်စားတယ်၊ ပြီးတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲက ဖြစ်နေတယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲက ဘယ်လောက်အထိပြောင်းလဲနေပြီလဲ ဆိုတာ လည်း သူတို့က စိတ်ဝင်စားတယ်”

ထိုအလွတ်သဘောတွေ့ဆုံမှုတွင် စင်ပြိုင်အစီရင်ခံစာ တင်သွင်းသော အမျိုးသမီးအဖွဲ့များမှ ၎င်းတို့ အစီရင်ခံစာ ပါ အမျိုးသမီးများ၏ အခြေအနေနှင့် အဆင့်အတန်းများကို ဆွေးနွေးခဲ့ကြသည်။ ထိုထဲတွင် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ တိုင်းရင်းသားဒေသရှိ စစ်ပွဲပဋိပက္ခတွင်းရှိ အမျိုးသမီးများ၏ အခြေအနေများ၊ ငြိမ်းချမ်း ရေးဖြစ်စဉ်အတွင်း အမျိုးသမီးပါဝင်မှု နည်းပါးသည့် အခြေအနေများ၊ လူကုန်ကူးမှုပြဿနာများနှင့် အခြား ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အမျိုးသမီးလူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို အသေးစိတ် တင်ပြဆွေးနွေးနိုင်ခဲ့ကြောင်း WLB မှ ပြောသည်။

လာမည့် ဇူလိုင်လ (၇) ရက်နေ့တွင် စီဒေါကော်မတီမှ မြန်မာနိုင်ငံဆိုင်ရာ သုံးသပ်မှုကို ပြုလုပ်မည်ဖြစ်ပြီး အမျိုးသမီးလူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်ပြီး မြန်မာအစိုးရကိုယ်စားလှယ်များအား မေးခွန်းထုတ်ခြင်း၊ အကြံပြုချက်များပေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

IMG_5985

Photo: WLB

“အစိုးရသစ်ပဲတက်တက် အမျိုးသမီးအခြေအနေကတော့ အရင်တိုင်းပဲရှိနေတယ်ဆိုတော့ သူတို့ရဲ့ (စီဒေါကော် မတီ) တုံ့ပြန်မှုက သဘက်ခါမှပဲ (မြန်မာနိုင်ငံအတွက် သုံးသပ်မှုလုပ်တဲ့နေ့) သေချာသိမှာပေါ့နော်။ ဒါပေမဲ့ သေ ချာတာကတော့ သူတို့စိတ်ဝင်စားတဲ့ အမျိုးသမီးနဲ့ စစ်ပွဲပဋိပက္ခ ဖြစ်တဲ့နေရာက အခြေအနေတွေ၊ အမျိုးသမီး တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်မှု၊ အဲဒါအကုန်လုံးသူတို့ရဲ့ recommendation (ကော်မတီမှ အစိုးရသို့ အကြံပြုချက်) ထဲမှာပါလာလိမ့်မယ်လို့ ကျမတို့ကတော့ မျှော်လင့်တာပေါ့”

တွေ့ဆုံမှုတွင် စီဒေါကော်မတီအဖွဲ့ဝင် (၁၃) ဦးလာရောက်တွေ့ခဲ့ပြီး အခြားမြန်မာ့အရေးလုပ်ဆောင်နေသည့် ကျွမ်းကျင်သူများလည်း လာရောက်ကာ မြန်မာနိုင်ငံ အမျိုးသမီးများ၏ အခြေအနေအား  စိတ်ဝင်စားစွာ အသေးစိတ် မေးခွန်းများ မေးမြန်းခဲ့ကြောင်း လိုည်းချယ်ရီမှ ပြောသည်။

“ကျေနပ်အားရမှုရှိတယ်၊ ကိုယ့် issue (တင်ပြတဲ့အကြောင်းအရာအပေါ်)အပေါ်မှာ သူတို့အများကြီးစိတ်ဝင် စားမှုရှိတာ တွေ့ရတော့ ဝမ်းသာတာပေါ့”

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၊ ကုလသမဂ္ဂရုံးတွင် ပြုလုပ်ကျင်းပမည့် (၆၄)ကြိမ်မြောက် စီဒေါကော်မတီ အစည်း အဝေးအား ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုနေ့ ညနေပိုင်းတွင်လည်း စင်ပြိုင်အစီရင်ခံစာ တင် သောအဖွဲ့များအား စီဒေါကော်မတီမှ အလွတ်သဘောတွေ့ဆုံမှုအစီအစဉ် ပြုလုပ်ကာ ပြင်သစ်၊ မြန်မာနှင့် ဖိလစ် ပိုင်နိုင်ငံတို့မှ ၎င်းတို့၏ စင်ပြိုင်အစီရင်ခံစာများနှင့် ပတ်သက်သည့် အနှစ်ချုပ်တင်ပြမှုများကိုလည်း ပြုလုပ်ခဲ့ ပြီးဖြစ်သည်။

Related Articles