Home ဆောင်းပါး အမျိုးသမီးရေးရာမှ ဦးစီးကျင်းပသော မြန်မာနိုင်ငံအမျိုးသမီးများနေ့တွင် အမျိုးသမီးအများစု ပါဝင်ခွင့်မရှိ

အမျိုးသမီးရေးရာမှ ဦးစီးကျင်းပသော မြန်မာနိုင်ငံအမျိုးသမီးများနေ့တွင် အမျိုးသမီးအများစု ပါဝင်ခွင့်မရှိ

13482855_986367348147332_36413279107694056_o

မြန်မာ့အမျိုးသမီးသမဂ္ဂ (ဂျပန် ဌာနခွဲ) နှင့် အခြား ပြည်ပရောက် အဖွဲ့အစည်းများမှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အား မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ဂုဏ်ပြုကျင်းပနေပုံ

 

မယ်သုည။            ။

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဖွဲ့စည်းခဲ့တဲ့ ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပကြပေမယ့် လွတ်လပ်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ အခြေခံအမျိုးသမီးအများစု ပါဝင်နိုင်ခြင်းတော့ မရှိပါဘူး။

ဒီနေ့ကို ယခင် မြန်မာစစ်အစိုးရ လက်ထက်က တရားဝင် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဇူလိုင်လ(၃)ရက်နေ့ မရောက်ခင်ကတည်းက အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုပွဲကြီးအဖြစ် ရုပ် ရှင်မင်းသမီးတွေရဲ့ ခမ်းနားကြီးကျယ်တဲ့ အနုပညာဖျော်ဖြေမှုတွေ၊ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဝတ်စားဆင်ယင်မှု ပြပွဲတွေနဲ့အတူ အမျိုးသမီးရေးရာအဖွဲ့ချုပ်ကနေပြီး တခမ်းတနား ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

ဇူလိုင်လ (၃)ရက်နေ့မှာလည်း မြို့နယ်အလိုက် အမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်ကြပေမယ့် ထူးခြား တာကတော့ ဖိတ်ကြားထားတဲ့ ဌာနဆိုင်ရာအမျိုးသမီးတွေနဲ့ အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်များသာ တက်ရောက်ခွင့် ရခြင်းပါပဲ။ အဲဒီထဲမှာ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းလိုမျိုးမှာ ပါဝင်နေတဲ့အသင်းဝင် အချို့တောင် ပါဝင်ခွင့် မရခဲ့ကြပါဘူး။

“အခမ်းအနားတွေကို ဘယ်သူတွေလုပ်ပြီး ဘယ်လိုတက်နေလဲဆိုတာ ကျမတို့ကို ဘယ်သူမှလည်း လာမပြောဘူး။ ဖိတ်တဲ့ သူတွေပဲ သွားရခွင့်ရတဲ့ အနေအထားဖြစ်နေတာ။ တခါတလေကျတော့ သိမ်ငယ်တာပေါ့။ ကိုယ်က သူများတွေလုပ်သလို မလုပ်နိုင်လို့”လို့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

သူကတော့ အမျိုးသမီးများနေ့ဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် ရှိသင့်တဲ့ရက်ဖြစ်သလို အမျိုးသမီးအား လုံး ပါဝင်ကျင်းပခွင့်ရတဲ့ရက်ဖြစ်သင့်ကြောင်း တက်တက်ကြွကြွ ထောက်ခံပြောဆိုပေမယ့် ဒီနေ့မှာ အောက်ခြေဌာနဆိုင် ရာအမျိုးသမီးဝန်ထမ်းတွေသာမက သာမန်အမျိုးသမီးတွေ ပါဝင်ခွင့်ရှိမနေတဲ့ လက်ရှိအခြေအနေအပေါ်တော့ စောဒက တက်ပြီး ဝေဖန်ဆွေးနွေးတာမျိုး မပြုလုပ်ခဲ့ပါဘူး။

“မိခင်နဲ့ကလေးမှာ လုပ်တယ်ဆိုပေမယ့် အထက်မှာက ရပ်ကွက်အုပ်ချုပ်ရေးမှူးရှိတယ်။ အဲဒါကြောင့် အုပ်ချုပ်ရေးမှူးပြီးမှ ပြီးတဲ့အဖွဲ့ပေါ့။ ပြောရမယ်ဆိုရင် အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးအထက်မှာက ပြည်ထဲရေးရှိတယ်။ ဆိုတော့ ကျမတို့က ကိုယ့် သဘောကိုယ် မဆောင်ဘူးပေါ့။”

ဒီလိုအမျိုးသမီးများနေ့မှာ အမျိုးသမီးတွေရဲ့ လက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေ၊ အမျိုးသမီးတွေရဲ့အသံတွေ ထုတ်ဖော်ဖို့လည်း မလွယ်ကူတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

“တကယ့်အမျိုးသမီးတွေ ဖြစ်နေတာ အားလုံးကိုတော့ NGOs (အစိုးရမဟုတ်တဲ့အဖွဲ့တွေ) လုပ်တဲ့ပွဲတွေမှာပဲ ထုတ်ဖော်ပြ တာမျိုး တွေ့ရတယ်။ နိုင်ငံတော်က ဖွဲ့စည်းတဲ့ အမျိုးသမီးရေးရာတို့လို  အစိုးရအသိမှတ်ပြုအဖွဲ့တွေ လုပ်တဲ့ပွဲမှာ ပြောလို့ရ တဲ့ အနေအထား မတွေ့ရဘူး။”

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်က ကြီးမှူးကျင်းပနေတဲ့အမျိုးသမီးများနေ့ဟာ အမျိုးသမီးရေးရာကော်မတီ ဖွဲ့စည်းခဲ့တဲ့နေ့ဖြစ်တဲ့ ဇူလိုင်လ(၃)ရက်နေ့ကို ဂုဏ်ပြုကျင်းပတာဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်၊ ဘီဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ (၄) ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံကို မြန်မာကိုယ်စားလှယ်တွေ တက်ရောက်ပြီးတဲ့နောက်ပိုင်း ဘေလ်ဂျင်း ညီလာခံကနေ ချမှတ်လိုက်တဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် Beijing Platform for Action ကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်မှာ အမျိုးသမီးရေးရာကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

ဒါပေမဲ့ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှာ ပါဝင်ခေါင်းဆောင်နေသူအများစုဟာ စစ်တပ်ထိပ်သီးခေါင်းဆောင်တွေရဲ့ ဇနီးမယားများ၊ အရာရှိကတော်များနဲ့ မိသားစုဝင်များသာဖြစ်တဲ့အပြင် အမျိုးသမီးရေးဆိုင်ရာ လုပ်ဆောင်မှု အားနည်းနေ တဲ့အခြေအနေများကိုလည်း ပြည်တွင်းပြည်ပအခြေစိုက် အမျိုးသမီးအဖွဲ့အစည်းတွေကြား ဝေဖန်ထောက်ပြမှုတွေ ရှိနေပါ တယ်။ ဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးရေးရာ ကော်မတီဖွဲ့စည်းခဲ့တဲ့နေ့ရက်ကို အမျိုးသမီးများနေ့အဖြစ် သတ် မှတ်တဲ့အပေါ် အမျိုးသမီးထုအကြား အသိအမှတ်ပြုမှုလည်း မရှိသေးတာတွေ့ရပါတယ်။

“အမျိုးသမီးရေးရာ ကော်မတီမှာရှိနေတဲ့ အမျိုးသမီးခေါင်းဆောင်တွေက ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီးတွေ၊ အရာရှိကြီးတွေရဲ့ ကတော်တွေကိုသာ စုစည်းထားတာဆိုတော့ သိပ်အဆင်မပြေဘူး။ ဒါပေမဲ့ အဲဒီလိုမျိုး Nominate (အဆိုတင်သွင်းခံရသူတွေ) လုပ်တာမဟုတ်ပဲ တကယ့်အမျိုးသမီးတွေဘဝကို ကိုယ်စားပြုတဲ့၊ အမျိုးသမီးတွေအတွက် စွန့်စားပေးတဲ့၊ အနစ်နာခံပေးတဲ့၊ တကယ်တိုးတက်အောင် လုပ်ဆောင်ပေးတဲ့ အမျိုးသမီးတွေပါဝင်တဲ့ အမျိုးသမီးရေးရာအဖွဲ့ဆိုရင်တော့ အသိအမှတ်ပြုလို့ရပါတယ်” လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ မူဝါဒရေးရာအဖွဲ့ဝင်၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖက ပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသမီးများနေ့အထိမ်းအမှတ် ပြုလုပ်ရတဲ့အခြေအနေအကြောင်းရင်း အသေးစိတ်ကို မေးမြန်းနိုင်ဖို့ အတွက် မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံးရှိရာ နေပြည်တော်ကို ဖုန်းကတဆင့် ဆက်သွယ်မေးမြန်းရာမှာတော့ လူ ကိုယ်တိုင်လာရောက်မေးမြန်းခြင်းပြုမှသာ ဖြေဆိုနိုင်မည့်အကြောင်း အကြောင်းပြန်ခဲ့ပြီး အချို့အချက်အလက်များ သိရှိ လိုပါက ၎င်းတို့၏ ဝက်ဆိုက်တွင်သာ ဖတ်ရှုပါရန် ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် လက်ရှိလုပ်ဆောင်နေသည့် အမျိုး သမီး များနေ့ အခြေအနေနှင့် အမျိုးသမီးများနေ့အပေါ် ဝေဖန်အကြံပြုချက်များနှင့်ပတ်သက်ပြီး အချိန်မီမေးမြန်းခွင့် မရခဲ့ပါဘူး။

မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ကျင်းပမှုတွေက ဒီနေ့တစ်ရက်တည်းတော့ မဟုတ်ပါဘူး။ ဇူလိုင်လ (၃)ရက် နေ့ကို အမျိုးသမီးများနေ့အဖြစ် အစိုးရအသိအမှတ်ပြုနေ့အဖြစ် ကျင်းပမှုတွေရှိသလို နယ်စပ်အခြေစိုက် အမျိုးသမီးအဖွဲ့ အစည်းများကလည်း လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ ဇွန်လ (၁၉)ရက် နေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် ကျင်းပပြုလုပ်ခဲ့တာ ရှိပါတယ်။

၁၉၉၇ ခုနှစ်ကနေ စတင်ပြီး ၂၀၁၀ ခုနှစ်အထိ နယ်စပ်အခြေစိုက် အမျိုးသမီးအဖွဲ့အစည်းတွေ စုပေါင်းပြီး ဒေါ် အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ ဇွန်လ (၁၉) ရက်နေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ဂုဏ်ပြု ကျင်းပ ခဲ့ကြပါတယ်။ အဲဒီလို ကျင်းပရတဲ့အကြောင်းရင်းကို ထိုင်းနယ်နိုင်ငံအခြေစိုက် Social Action for Women (SAW) (အမျိုးသမီးများ လူမှုစောင့်ရှောက်ရေးအဖွဲ့) အဖွဲ့တည်ထောင်သူတဦးဖြစ်တဲ့ မအေးအေးမာက အခုလို ပြောပြပါတယ်။

13483280_986367154814018_4699888694864674798_o

မြန်မာ့အမျိုးသမီးသမဂ္ဂ (ဂျပန် ဌာနခွဲ) နှင့် အခြား ပြည်ပရောက် အဖွဲ့အစည်းများမှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အား မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ဂုဏ်ပြုကျင်းပနေပုံ

“အရင်အခြေအနေတုန်းကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတယ်၊ စစ်အုပ်ချုပ်ရေးနဲ့ သွားနေတဲ့ကာလမှာ ဒီလိုအဖိနှိပ်ခံထားရတဲ့ အမျိုးသမီးတယောက်ရဲ့မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် လုပ်တာက အထူးသဖြင့် သူ့ကို ဂုဏ်ပြုတာလည်းပါတယ်၊ သူ့လိုခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ ဘဝအခြေအနေတွေကို ပိုပြီးအာရုံစိုက်လာအောင် ပေ့ါ။ ပြီးတော့ အမျိုးသမီးတွေရဲ့ ဘဝအခြေအနေဆိုတဲ့ထဲမှာ နိုင်ငံရေးအရ အကျဉ်းကျနေတဲ့ အမျိုးသမီးတွေလည်း ပါတယ်။ အဲဒီလို မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ဘဝကို မီးမောင်းထိုးပြချင်တာကြောင့် လုပ်ခဲ့တာဖြစ်တယ်။”

အဲဒီလိုဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အမျိုးသမီးများနေ့အဖြစ် သတ်မှတ်လုပ်ဆောင်ကြပေမယ့်လည်း နယ် စပ်အခြေစိုက် အမျိုးသမီးအဖွဲ့အစည်းတွေအားလုံးအကြားမှာ တညီတညွှတ်တည်း သဘောတူညီချက်ရယူနိုင်တဲ့ အနေ အထားတော့ မရှိခဲ့ပါဘူး။

“တိုင်းရင်းသားအဖွဲ့တွေကလည်း အဲဒီတုန်းက စဉ်းစားချက် မတူညီမှုတွေ ရှိခဲ့တယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ဖို့ သဘောမတူကြတာလည်းရှိတယ်” လို့ ယိင်းဟန်ဖက ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက်ပိုင်းမှာတော့ နယ်စပ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အမျိုးသမီးများနေ့အဖြစ် ဆက်ပြီးမကျင်းပဖြစ်တော့ကြောင်း မအေးအေးမာက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ပွင့်လင်းမှု အနည်းငယ် ဖြစ်လာပြီ၊ အမျိုးသမီးအဖွဲ့အစည်းတွေလည်း အများကြီးဖြစ်လာပြီ၊ လွတ်လွတ်လပ်လပ် အသင်းအဖွဲ့တွေ ဖွဲ့လာနိုင်ပြီ၊ အဲဒီ အခါကျတော့ အမျိုးသမီးတွေ ကိုယ်တိုင်က အမျိုးသမီးများနေ့ကို ဘယ်နေ့ဖြစ်သင့်တယ်ဆိုတာကို အမျိုးသမီးညီလာခံ တွေ ခေါ်ရမယ်၊ အမျိုးသမီးနှီးနှော ဖလှယ်ပွဲတွေခေါ်ပြီး ဆုံးဖြတ်သင့်တယ်လို့ ယူဆလို့ ဆက်မလုပ်ဖြစ်တော့ဘူး”

ယခင်စစ်အစိုးရအဆက်ဆက်လက်ထက်က သတ်မှတ်ထားတဲ့ အမျိုးသမီးများနေ့ကို အမျိုးသမီးအဖွဲ့အစည်း တွေကြား ထောက်ခံမှုမရှိကြသေးပေမယ့် ဒီကနေ့အချိန်ထိတော့ ဘယ်နေ့ဟာ အမျိုးသမီးများနေ့ဖြစ်သင့်တယ်ဆိုတာ အမျိုးသမီးအဖွဲ့အစည်းတွေကြား မေးခွန်းထုတ်နေရဆဲပါပဲ။

“သူများနိုင်ငံမှာ နိုင်ငံ့ဦးသျှောင် အမျိုးသမီးရဲ့ မွေးနေ့၊ အာဇာနည်သူရဲကောင်း၊ နိုင်ငံတော်အတွက် လူမျိုးအတွက် အသက်စွန့်သွားတဲ့ အမျိုးသမီးရဲ့မွေးနေ့တွေကို အမျိုးသမီးနေ့ သတ်မှတ်တာလည်းရှိတယ်။ နိုင်ငံတော်အစိုးရကရော၊ အမျိုးသမီးအားလုံးလည်း ပါဝင်ရတယ်။ အဲဒီလိုမျိုး အားလုံးပါဝင်ရမယ်လို့ ကျမမြင်တယ်။ အဲဒီလိုမျိုးလုပ်မှ အဲဒီရက်က အဓိပ္ပာယ်ရှိမယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာလည်း သတ်မှတ်မယ်ဆိုရင် ဘယ်လိုမျိုးနေ့ကို သတ်မှတ်မလဲဆိုတာ အများ သဘောထားရယူသင့်တယ်” လို့ ယိင်းဟန်ဖကပြောပါတယ်။

ဘယ်နေ့ကိုပဲ သတ်မှတ်ပါစေ၊ မြန်မာနိုင်ငံက အမျိုးသမီးအဖွဲ့တွေနဲ့ အများပါဝင်မှုကို ပိုရယူသင့်ပြီး အားလုံး သဘောဆန္ဒပါတဲ့နေ့၊ အမျိုးသမီးတွေ လက်ခံတဲ့နေ့ပဲ ဖြစ်သင့်တယ်ဆိုပြီး အမျိုးသမီးအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

Related Articles