Home ဆောင်းပါး အခွင့်အရေးအတွက် သူတို့ကိုချန်ထားလို့မရပါ

အခွင့်အရေးအတွက် သူတို့ကိုချန်ထားလို့မရပါ

466210_2091149374984_643325345_o

Photo: Colours Rainbow (Facebook)

၂၀၁၆ ခုနှစ် ဇူလိုင်လ

ပစ်တိုင်းထောင်မ – ရန်ကုန် ။                 ။

ကိုငြိမ်းက မိန်းကလေးချင်း ချစ်သူတယောက်ပါ။ အင်္ဂလိပ်လိုတော့ သူတို့လိုလူမျိုးတွေကို လက်စ ဘီယန်(Lesbian) လို့ ခေါ်ကြပါတယ်။

ကိုငြိမ်းက လက်စဘီယန်တွေအပေါ် ခွဲခြားဆက်ဆံခံရမှုတွေရှိတယ်ဆိုတာကို အခုလိုရှင်းပြတယ်။

“အကိုတို့ ကျောင်းတက်မယ်ပေါ့။ ဘယ်လိုမှ မိန်းမ မဆန်နိုင်ဘူး။ ယောကျ်ားတစ်ယောက်ရဲ့ အပြု အမူမျိုးတွေရှိနေမယ်။ နောက်တခုက လုံခြည်ဝတ်တာကအစ ခပ်ပြေပြေလျော့လျော့လေးပေါ့။ (ပုဆိုးမကျ ထမီမကျ) ဖြစ်နေမယ်ပေါ့။ အဲဒီလိုမျိုးဆိုရင် ဆရာ-ဆရာမတွေကစပြီး ဒီလိုမဖြစ်ရဘူး၊ မနေရဘူးဆိုတာမျိုးတွေ ရှိနေမယ်။ ကျောင်းတွေမှာက သူ့ကို ပိုပြီးခွဲခြားပြီးတော့  မိန်းမက မိန်းမ လိုနေပေါ့ စသဖြင့် ခွဲခြားခံရတာတွေရှိတယ်။”

ဒီလိုခွဲခြားမှုတွေကြောင့် ကျောင်းမပြီးပဲ ကျောင်းထွက်သွားကြသူတွေ အများအပြားရှိပါတယ်လို့ မိန်းကလေးချင်း ချစ်သူတွေက ပြောပြပါတယ်။

ကျောင်းမှာတင်မကပဲ လုပ်ငန်းခွင်အတွင်းမှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိတာကို ကိုငြိမ်းက ရှင်းပြပါတယ်။

“အလုပ်မှာ ဘယ်လိုခွဲခြားတာတွေ ခံနေရလဲဆိုရင် ယောကျ်ားပုံစံရှိနေတဲ့အပေါ် ကုန်ထမ်းတာက အစ ဝင်လုပ်ရသလို မိန်းကလေးလို လုပ်တတ်တယ်ဆိုပြီး အထုပ်တွေ ဘာတွေ ပါကင်ပိတ်ရ တာတွေ၊ မီးပိတ်ရတာပေါ့ အဲဒီလိုမျိုးမှာလည်း ဝင်လုပ်ရတယ်။ လစာပေးတဲ့အခါကျတော့ gender ရဲ့အောက်မှာ gender (ကျား-မ)ခွဲခြားပြီးတော့ လုပ်ခလစာကို ပေးတယ်။”

မြန်မာနိုင်ငံမှာတော့ မိန်းကလေးချင်းချစ်သူတွေ ခွဲခြားဆက်ဆံခံရတာ၊ အနိုင်ကျင့်ခံရတာတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးတာမျိုး၊ တင်ပြတာမျိုးတွေ များများစားစား မရှိသေး ပါဘူး။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ပပျောက်ရေး ကော်မတီ CEDAW ရဲ့ မြန်မာနိုင်ငံအပေါ် ကြားနာမှုမှာတော့ အမျိုးသမီးချင်း ချစ်သူတွေရဲ့ အခြေအနေတွေကို မြန်မာအမျိုးသမီးအဖွဲ့တွေက ထည့်သွင်းတင်ပြခဲ့တယ်လို့ ဂျနီဗာမှာ သွား ရောက်တင်ပြသူတွေကပြောပါတယ်။

CEDAW ကော်မတီ ကြားနာမှုနဲ့ ပါတ်သက်လို့ တက်ရောက်ခဲ့သူတွေက ဇူလိုင်လ(၁၁)ရက်နေ့မှာ ရန်ကုန်မြို့  Micasa ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာတနိုင်ငံလုံးအတွက် တင်ပြချိန်ဟာ ၁၂ မိနစ်ပဲရတာမို့ ခြုံပြီးတော့သာ တင်ပြခဲ့ရတယ်လို့ Gender Equality Network (GEN) ဒါရိုက်တာဖြစ်တဲ့ မမေစပယ်ဖြူက ပြော ပါတယ်။

GEN အဖွဲ့နဲ့ Global Justice Center တို့ရဲ့ ပူးတွဲရေးသားတဲ့ အစီရင်ခံစာ၊ စာမျက်နှာ ၆ မှာ လိင် စိတ်ခံယူမှု ကွဲပြားခြားနားမှု၊ သူတို့တွေရဲ့ အနာဂတ်၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး သီးသန့်ဖော်ပြထားပြီး အစိုးရအနေနဲ့ လုပ်ဆောင်ပေးသင့်တဲ့အရာတွေကို တိုက်တွန်း အကြုံပြုချက်ထဲမှာ ထည့်ထားတယ်လို့တော့ ဆိုပါတယ်။

မိန်းကလေးချင်း ချစ်သူ ကိုငြိမ်းကတော့ ဂျီနီဗာမှာ ပြုလုပ်သွားတဲ့ စီဒေါအစီရင်ခံစာအပေါ် ကြိုဆို လိုက်ပါတယ်။

rtxz1pf

Photo: http://www.workplacerantings.com/do-most-states-allow-employers-to-discriminate-against-gays-and-lesbians-2/

“အခုလိုမျိုး ဂျီနီဗာမှာလုပ်တဲ့ အစည်းအဝေးလိုမျိုးမှာ ထည့်သွင်းပြောကြားလာတာကတော့ ကောင်းတဲ့ အချက်လို့ပဲ မြင်တယ်”

အမျိုးသမီးလိင်တူချစ်သူတွေ အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ ကျယ်ကျယ်ပြန်ပြန့် ရှိနေတယ် လို့ သူက ဘဝတူတွေရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

ပညာတတ်ပြီး အလုပ်သွားလျှောက်ရာမှာလည်း လက်စဘီယန်ဖြစ်လို့ဆိုပြီး အလုပ်မရတာတွေ ရှိတယ်လို့လည်း ရှင်းပြပါတယ်။

“အလုပ်သွားပြီး လျှောက်တယ်ဆိုရင် ပညာတတ်ဝန်ထမ်း သွားလုပ်မယ်ဆိုရင် သူတို့ထုတ်ထား တဲ့ ယူနီဖောင်းသည် ယောကျ်ားဖြစ်ရင် ဒီဟာဝတ်ရမယ်။ မိန်းမဖြစ်ရင် ဟိုဟာဝတ်ရမယ် ဆိုတာ တွေလည်းရှိတော့ လက်စဘီယန်တွေဖြစ်တဲ့အတွက် ဘယ်လောက်ပဲတော်နေနေ အလုပ်မရကြ ဘူး”။

အဲဒီထက် ဆိုးတာကတော့ မိန်းကလေးချင်း ချစ်သူတွေဟာ ယောကျာ်းတယောက်နဲ့ လိင်ဆက် ဆံလိုက်ရင် မိန်းကလေးစိတ် ပြန်ဝင်သွားမယ်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ လွဲမှားတဲ့ ထင်မြင်မှုတွေဖြစ် ပါတယ်။

ဒီလိုအမြင်တွေကြောင့် မိန်းကလေးချင်း ချစ်သူတွေကို မုဒိမ်းပြုကျင့်မှုတွေအထိ ရှိနေတယ်လို့ ကိုငြိမ်းက ပြောပါတယ်။

” Rape လုပ်ခံရတာနဲ့ ပတ်သက်လို့တော့ လက်စဘီယန်တွေကို အမြင်မကြည်ကြတာကြောင့် ဖြစ်တာများတယ်။ ယောက်ျားနဲ့ ထိတွေ့ပေးလိုက်လု့ိရှိရင် ဒီကောင်မတွေ မိန်းမပြန်ဖြစ်သွားမှာ ပါကွာဆိုတဲ့ အယူအဆနဲ့လုပ်ကြတယ်။ အဲဒီတော့ မုဒိမ်းကျင့်ခံရတာတွေလည်း အများကြီးရှိပါ တယ်။ ဒါပေမယ့်လည်း တရားစွဲတဲ့အထိတော့ ရောက်မလာဘူး။  မရောက်ရတဲ့ အကြောင်းရင်း ကလည်း ခဏခဏ အရှက်မကွဲချင်ကြလို့ပါ” လို့ ကိုငြိမ်းက ပြောပါတယ်။

လိင်ကွဲပြားသူတွေရဲ့ အခွင့်အရေးကို လှုံ့ဆော်စည်းရုံးနေတဲ့ Color Rainbow အဖွဲ့ရဲ့ အဖွဲ့ခေါင်း ဆောင် ကိုလှမြတ်ထွန်းက လက်စဘီယန်တွေကို အရင်က သူတို့အနေနဲ့ အခွင့်ရေးအပိုင်းမှာ ထည့်သွင်းစဉ်းစားခဲ့တာ မရှိဘူး။ အခုနောက်ပိုင်းမှာတော့ သူတို့တွေကလည်း အခွင့်အရေးရရှိသင့် တဲ့သူတွေဖြစ်တယ်ဆိုတာကို အခုလိုပြောပါတယ်

“အစ်ကိုတို့ LGBT (Lesbian, Gay, Bisexual and Transgender) အဖွဲ့တွေနဲ့ အမျိုးသမီး ရေးလုပ်တဲ့ အဖွဲ့တွေ ပူးပေါင်းမိတဲ့အခါမှာ အစ်ကိုတို့ ဘာတွေသိလာလဲဆိုတော့ အမျိုးသမီး အခွင့် အရေး လုပ်တဲ့အခါမှာ အလုံးစုံသော အမျိုးသမီးအခွင့်အရေးဖြစ်ဖို့ဆိုရင် သူတို့အတွက်ပါ ထည့် သွင်း စဉ်းစားရမယ်ဆိုတာကို မြင်လာကြတယ်။”

အဖွဲ့အစည်းတွေ စုပေါင်းချိတ်ဆက်ပြီး စွမ်းရည်မြှင့်တင်မှုတွေ စလုပ်နေပြီဆိုတာကိုလည်း ရှင်းပြပါ တယ်။

“ LGBT အဖွဲ့တွေနဲ့ အမျိုးသမီးအဖွဲ့တွေ ပေါင်းပြီးတော့ စွမ်းရည်မြှင့်တင်မှုတွေ အစ်ကိုတို့ စလုပ် တယ်။ ၂၀၁၆ အတွင်းမှာ စလုပ်ဖြစ်တယ်။ အဲဒီကနေစပြီးတော့  အမျိုးသမီးအခွင့်အရေးထဲမှာ LGBT တွေ လက်စဘီယန်အမျိုးသမီးတွေ (ထွိုင်အင်ဂျင်ဒါ) အမျိုးသမီးတွေ ၂၀၁၄-၂၀၁၅ မှာထဲ က စခဲ့တဲ့ အခြေခံဖြစ်တယ်ပေါ့နော်၊ ဒါပေမယ့် ၂၀၁၆ မှာ နည်းနည်းတော့ ပိုပြီအားကောင်းလာ တယ်”

ဆက်ပြီးတော့ GEN နဲ့ ပေါင်းပြီး စီဒေါအစီရင်ခံစာမှာ အခုလို ထည့်သွင်းခြင်းခံရတဲ့အတွက်လည်း သူတို့အနေနဲ့ ဝမ်းသာတယ်ဆိုတဲ့အကြောင်းကိုလည်း ရှင်းပြပါတယ်။

“ Gender Equality Network ပေါင်းပြီးတော့ ဒီ ၂၀၁၆ စီဒေါရီပေါ့မှာ စပြီးထည့်လာတယ်။ ထည့် လာနိုင်တဲ့အပေါ် အစ်ကိုတို့ ဒီ LGBT ဘက်ကကော အမျိုးသမီးတွေဘက်ကပါ ဒါကို ဝမ်းသာ တယ်၊ ပြီးပြည့်စုံတဲ့ အမျိုးသမီးလှုပ်ရှားမှုဖြစ်ဖို့ဆိုရင် ခြေလှမ်းတခုရှေ့ဆက်တိုးနိုင်တယ်လို့ အစ်ကို တို့ကခံစားရတယ်။ ဒီအမျိုးသမီးတွေ နောက်မှာမကျန်ခဲ့တော့ဘူးဆိုပြီးတော့ အစ်ကိုတို့က နည်း နည်း ပိုပြီးရှေ့ရောက်လာတယ်လို့ ခံစားရတယ်”

အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်ဖို့ အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ဥပဒေပြုရေးအဖွဲ့တွေ ပေါင်းပြီး လုပ်ဆောင်နိုင်မယ့် အခြေအနေဖြစ်ကြောင်းကိုလည်း ဆက်လက်ရှင်းပြပါတယ်။

“အကြမ်းဖက်မှုတွေကို ကာကွယ်ပေးဖို့ဆိုရင် အကြမ်းဖက်မှုတွေ ရှိတယ်ဆိုတာလူတွေ သိအောင် လုပ်ရမယ်။ အစ်ကိုတို့ ဒီလူမှုအသိုင်းအဝိုင်းရယ်၊ အစိုးရအဖွဲ့အစည်းရယ်၊ ပြီးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် အာဏာပိုင်တွေ ဥပဒေပြုတဲ့သူတွေ သူတို့တွေ သိအောင်လုပ်ရမယ် နိုင်ငံအဆင့်မှာဆိုရင် ဒီထက်အရှိန်အဟုန်မြှင့်ပြီးတော့ လူမှုအဖွဲ့အစည်းတွေရော အစိုးရရော အမျိုးသမီးအဖွဲ့အစည်း တွေ ရော LGBTအဖွဲ့တွေရောပေါင်းပြီး လုပ်ရမယ့်အခြေအနေပေါ့”။

ကိုယ်တိုင် လက်စဘီယန်ဖြစ်တဲ့ ကိုငြိမ်းကတော့ အခုလှုပ်ရှားမှုတွေကို အစပျိုးလှုပ်ရှားမှုတွေအ ဖြစ် ကြိုဆိုပါတယ်။

“ဒါပေမယ့် အများကြီးတော့ လိုဦးမယ်လို့ ထင်ပါတယ်ဗျ”

 

 

Related Articles