Home သတင်း မိုင်ဂျာယန်ညီလာခံတွင် WLB မှ ဖက်ဒရယ်အခြေခံမူချမှတ်နိုင်ရေးအတွက် ပါဝင်အားဖြည့်သွားမည်

မိုင်ဂျာယန်ညီလာခံတွင် WLB မှ ဖက်ဒရယ်အခြေခံမူချမှတ်နိုင်ရေးအတွက် ပါဝင်အားဖြည့်သွားမည်

13707754_836918339776183_1895160660970513929_n

Photo: Khim Ohmar (Facebook)

လုဆိုင်း

ဇူလိုင်လ (၁၇)ရက်၊၂၀၁၆ ခုနှစ်။

ဇူလိုင်လ နောက်ဆုံးပါတ်အတွင်း ကချင်ပြည်နယ်တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ ညီလာခံတွင် အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) က ဒုက္ခသည် နေရာချထားရေး၊ ရိက္ခာ ထောက်ပံ့ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများကို အဓိကတင်ပြရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူများ ချမှတ်နိုင်ရေးအတွက် ပါဝင်သွားရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟု အထွေထွေအတွင်းရေးမှူး ဂျူလီယာမရစ်ပ်က ပြောသည်။

“ကျမတို့အဓိက ဒုက္ခသည်နဲ့ IDP တွေ ပြန်လည်နေရာချထားရေးကိစ္စတွေ ပြောဖြစ်တယ်။ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေလုပ်နေပေမဲ့ ကျမတို့မှာလိုအပ်နေတာက လူသားချင်းစာနာထောက်ထားတဲ့အထောက်အပံ့တွေ ဆက်လက်ပံ့ပိုးပေးနိုင်ဖို့ပေါ့နော်။ နောက်တခုကတော့ အခုလက်ရှိမှာ တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာနိုင်ငံတနိုင်ငံလုံးက ဘိန်းနဲ့မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးသက်ရောက်မှုတွေ အများကြီးခံစားနေရတယ်။ ဆိုတော့ဒီဟာတွေကို ကျမတို့က ဒီငြိမ်းချမ်းရေးဆွေးနွေးတာနဲ့ တပြိုင်နက်ထဲမှာဘဲ ကျမတို့က ဆွေးနွေးချင် တယ်”

ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်များ (IDP) နှင့် စစ်ပြေးဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးနှင့် နေ ရပ်ပြန်နိုင်ရေးအတွက် မြေမြှုပ်မိုင်းရှင်းလင်းခြင်း၊ နေရာထိုင်ခင်းများ သေသေချာချာ ရှိရန်နှင့် စားဝတ်နေ ရေး အခြေအနေရရှိမှသာလျှင် နေရပ်ပြန်ရေးအစီအစဉ်များ ချမှတ်ရန်၊ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများ ကို အစိုးရနှင့်တိုက်ရိုက်ဖြစ်စေ၊ နယ်စပ်ဖြတ်ကျော်၍ တိုက်ရိုက်ကူညီထောက်ပံ့ပေးရန် ထည့်သွင်း ဆွေးနွေး သွားမည်ဖြစ်ကြောင်းပြောသည်။

မူးယစ်ဆေးဝါးကြောင့် နောက်ဆက်တွဲအနေဖြင့် အမျိုးသမီးများ ပိုမိုထိခိုက်နေရသဖြင့် အမျိုးသမီးများဘဝ ပြန်လည်ထူထောင်ရန်အတွက် မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှုအပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းချမှုများ ရပ်တန့်ရန်အတွက် မူးယစ်ဆေးဝါးနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက် နေသူများ၊ အဖွဲ့အစည်းများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်တို့ကို တိုင်းရင်းသားခေါင်းဆောင် များနှင့် အစိုးရတို့တွေ့ဆုံဆွေးနွေးမှုတွင် ထည့်သွင်းဆွေးနွေးရန် တိုက်တွန်းသွားမည်ဟု ဂျူလီယာ မရစ်ပ်က ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်မထိုးသေးသော အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ညီလာခံဖြစ်မြောက်ရေးကော်မတီက မိုင်ဂျာယန် အစည်းအဝေးတက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၂၁)ဖွဲ့အပြင် ပြည်တွင်းအင်အားစုများဖြစ်သော စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် ညီနောင်တိုင်းရင်းသားဖက်ဒရေးရှင်း (NBF)နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)တို့ကို ကိုယ်စားလှယ်(၅)ဦးစီ တက်ရောက်ရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇူလိုင်လ(၈)ရက်နေ့က ကျင်းပသောအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

WLB ၏ တတိယအကြိမ် မူဝါဒဦးဆောင်အဖွဲ့အစည်းအဝေးမှ ဆက်လက်ကျင်းပသွားမည့် အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးဆွေးနွေးပွဲများတွင် WLB မှ ပါဝင်နိုင်ရေးအတွက် မဟာ ဗျူဟာများ ချမှတ်ခဲ့ပြီး ပြည်တွင်းရှိ အရပ်ဘက်လူထုအခြေပြုအဖွဲ့အစည်းများ ဖိုရမ်တွင် ပူးပေါင်းဆောင်ရွက် သွားရန်နှင့် အမျိုးသမီးရေးနှင့် ကျားမရေးရာ တန်းတူမှုအတွက် လုပ်ဆောင်လျက်ရှိကြသော အဖွဲ့အစည်း များ အားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန်လည်း မဟာဗျူဟာများလည်း ချမှတ်ခဲ့သည်ဟု သူကပြော သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မျက်နှာစုံညီ အစည်းအဝေးတွင် WLB သည် ပထမဆုံးအကြိမ် ကိုယ်စားလှယ်အဖြစ်ပါဝင်ရန် ဖိတ်ခေါ်ခံရခြင်းဖြစ်ပြီး ချင်းမိုင်မြို့တွင် ဇူလိုင်လ(၁၃)ရက်မှ (၁၅)ရက်အထိ သုံးရက်ကြာ ကျင်းပသော WLB မူဝါဒရေးရာ ဦးဆောင်ကော်မတီအစည်းအဝေး၌ မိုင်ဂျာယန်တွင် ကျင်း ပမည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင် တက် ရောက်မည့် ကိုယ်စားလှယ်(၅)ဦးကိုလည်း ရွေးချယ်ခဲ့သည်။ WLB သည် အမျိုးသမီးများ၏ အခွင့်အရေး ရရှိရေးအတွက် တိုက်ပွဲဝင်နေခြင်းတစ်ခုတည်းလုပ်ဆောင်နေခြင်း မဟုတ်ဘဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အပါအဝင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ဂျူ လီယာမရစ်ပ်က ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) ကို မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)၊ ကချင်အမျိုးသမီး အစည်းအရုံး(ထိုင်းနိုင်ငံ) – KWAT၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)၊ ကယန်းအမျိုးသမီးအစည်းအရုံး(KYWO)၊ ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO)၊ လားဟူအမျိုုးသမီးအစည်းအရုံး(LWO)၊ ပလောင်အမျိုးသမီးအစည်းအရုံး(PWO)၊ ပအိုဝ်းအမျိုး သမီးသမဂ္ဂ(PWU)၊ ရခိုင်အမျိုးသမီးအစည်းအရုံး (RWU)၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင် ရွက်ရေးအသင်း(SWAN)၊ ထားဝယ်အမျိုးသမီးသမဂ္ဂ(TWU)နှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာနှင့် အခွင့်အ ရေးများ ဆိုင်ရာအဖွဲ့(WRWAB) စသည့် အမျိုးသမီးအဖွဲ့အစည်း(၁၃)ဖွဲ့ပါဝင်လျက်ရှိသည်။

Related Articles