Home ဆောင်းပါး ယုံလို့လည်း မပုံလေနဲ့

ယုံလို့လည်း မပုံလေနဲ့

သွေး (စစ်ကိုင်း)

sex_ed_tcf_rect(Credit: iStockphoto/ericsphotography)

“အရေးပေါ်တားဆေးသောက်တဲ့ အခါလည်းသောက်တယ်၊ မသောက်တဲ့အခါလည်းမသောက်ဘူး။ ညီမကို လက်ထပ် ယူမယ်လို့ ထင်မိခဲ့တာကိုး”

နောင်တတွေနဲ့ ပြောပြနေတာကတော့ အသက် ၂၁ နှစ်အရွယ် မသန္တာ (အမည်လွှဲ)ပါ။

“မင်းကိုပဲ ကိုယ်လက်ထပ်မှာပါ” ဆိုတဲ့ ချစ်သူရဲ့စကားကိုယုံကြည်ခဲ့ပြီး အခုတော့ စူထွက်လာနေတဲ့ ကိုယ်ဝန်ကို ငုံ့ကြည့်ရင်း မျက်ရည်ဝဲနေပါတယ်။

ချစ်သူနဲ့အတူနေတဲ့အခါတိုင်း အကာအကွယ်မပါဘဲ လိင်ဆက်ဆံခဲ့မိပါသတဲ့။ ကွန်ဒုံးသုံးဖို့ သူ့ချစ်သူက ငြင်းဆန်ခဲ့သ လို ကိုယ်ဝန်ရှိသွားရင် တာဝန်ယူမယ်ဆိုတဲ့ စကားကို ယုံခဲ့မိတာက သူ့ဘဝကို အမှောင်ထဲ တွန်းပို့ခဲ့တာလို့ မသန္တာက ပြောပါတယ်။

အမျိုးသမီးတွေရဲ့ ရှင်သန်မှုမှာလုံခြုံမှု ရှိဖို့ အရေးကြီးပါတယ်။

“ဘဝလုံခြုံမှု” ရှိမှသာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှု ပိုမိုမြင့်မားလာပြီးပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းကို တည် ဆောက်နိုင်မှာပါ။ အထူးသဖြင့် ဘဝလုံခြုံမှုဆိုရာမှာ လိင်သဘာဝအရအနိုင်ကျင့် စော်ကားခံရမှု၊ မလိုချင်တဲ့ ကလေးကိုယ်ဝန် ဆောင်ရမှုတွေကနေကျော်လွှားနိုင်တဲ့ လုံခြုံမှုပါ ပါဝင်နေပါတယ်။

မြန်မာ့ယဉ်ကျေးမှုအရသမီးမိန်းကလေးတွေကိုမိဘတွေက Sex Education (လိင်ပိုင်းဆိုင်ရာအသိပညာပေးရေး) ပြောပြတာ အလွန်နည်းပါးပါတယ်။ ကျောင်းတွေမှာလည်း အခုချိန်တိုင် Sex Education က မသင်သလောက်ပါပဲ။ လိင်ကိစ္စကို ပြောဆိုဖို့က ရှက်စရာလို့ ယူဆနေကြတာကလည်း အချက်တချက်အနေနဲ့ ပါဝင်နေတာပါ။ တကယ်တမ်း လိင်ပိုင်းဆိုင်ရာစော်ကားမှု ဖြစ်လာရင် လူ့အသိုင်းအဝိုင်းမှာ မိန်းကလေးတွေက ပိုနစ်နာရတာ အမှန်တရားပါ။

ချစ်သူနဲ့အတူနေလို့ပဲဖြစ်ဖြစ်၊ အဓမ္မပြုကျင့်ခံရလို့ပဲဖြစ်ဖြစ် မလိုချင်တဲ့ ကိုယ်ဝန်ရသွားတာက အခက်ခဲဆုံး ပြဿနာပါ။ တခြားနိုင်ငံတွေမှာ မလိုချင်တဲ့ ကိုယ်ဝန်ရသွားခဲ့ရင် တရားဝင် ဖျက်ချပိုင်ခွင့်ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ မရှိသေး ပါဘူး။ အဓိက စဉ်းစားသင့်တာက မိန်းကလေးတွေဟာ သူတို့အတွက် အရှက်တကွဲ ဖြစ်ရမယ့်ကိုယ်ဝန် (အဓမ္မပြု ကျင့်ခံရလို့ရတဲ့ကိုယ်ဝန်) ကို ဖျက်ချခွင့် မရှိဘူးလားဆိုတဲ့ အချက်ပါ။

မသန္တာကတော့ ဘဝမှာ တခါမှ ချစ်သူမထားခဲ့ဖူးသူမို့ သူ့ကို “ချစ်လှပါတယ်” လို့ အထပ်ထပ်အခါခါ ဆိုလာတဲ့ သီဟကျော် (အမည်လွှဲ) ကိုယုံကြည်ခဲ့မိတယ်။

“သန္တာ ဝတ်ချင်တဲ့ အဝတ်အစားတွေ ဝယ်ပေးတာ၊ ရန်ကုန်မြို့က ကောင်းပေ့ဆိုတဲ့ ကော်ဖီဆိုင်တွေ၊ စားသောက် ဆိုင်တွေမှာ ထိုင်ရတာကို ကျေနပ်မိခဲ့တယ်” လို့ ပြောပြရှာပါတယ်။

“အရေးပေါ် တားဆေးသောက်တဲ့အခါလည်း သောက်တယ်၊ မသောက်တဲ့အခါလည်း မသောက်ဘူး။ ညီမကို လက် ထပ်ယူမယ်လို့ ထင်မိခဲ့တာကိုး”

ကလေးတယောက် ယူလိုက်ရင် သူ့အပေါ် သစ္စာရှိရှိနဲ့ ချစ်မှာပဲ၊ ဖခင်မေတ္တာစိတ်နဲ့ တွယ်တာမှာပဲလို့ မျှော်လင့် ယုံကြည်မိတာက သန္တာ့ရဲ့ အမှားတကာ့ အမှားဆုံးလို့ ဆိုရမှာပါ။

“အစောပိုင်းက ကိုယ်ဝန်ဖျက်ချပစ်ဖို့အထိ စိတ်ကူးခဲ့မိပါတယ်။ ဒါပေမယ့် နောက်တော့ ဘာမှအပြစ်မရှိတဲ့ ကလေး တယောက်ကို သတ်ပစ်ရင် ညီမက လူသတ်သမားဖြစ်မှာလေ။”

ဒီတော့ မလိုချင်ဘဲရလာတဲ့ ကိုယ်ဝန် (Unwanted Pregnancy) ကို ဖျက်ချခဲ့ရင် ကျန်းမာရေးအရ ဘယ်လို ဆိုး ကျိုးတွေ ဖြစ်လာနိုင်သလဲဆိုတာ စဉ်းစားကြည့်ရအောင်ပါ။ “သန္ဓေကာတာ” ဆိုတဲ့ စာအုပ် ရေးသားထုတ်ဝေခဲ့သူ၊ ကျန်းမာရေးဆောင်းပါးတွေ အမြဲမပြတ်ရေးသားနေတဲ့ ဆရာဝန် စာရေးဆရာမဒေါက်တာနိုက်တင်ဂေးလ်က အခုလို ရှင်းပြပါတယ်။

“ဆရာဝန် အများစုက ကိုယ်ဝန်ကို လုံး၀ ဖျက်ချမပေးပါဘူး။ လက်သည်တွေ၊ ရမ်းကုတွေက သေချာပိုးသတ်ထား ခြင်းမရှိတဲ့ ပစ္စည်းတွေနဲ့ ထိုးထိုးပြီး ဖျက်ချကြတာဆိုတော့ အများဆုံး ဖြစ်တတ်တာက ပိုးဝင်ခြင်း (Infection) ပါပဲ။ ဒါ့ထက် ပိုဆိုးရင် Septicemic လို့ခေါ်တဲ့ တကိုယ်လုံးသွေးမန်းတက်ပြီး ရှော့ခ် (septicaemic shock) ရတတ်လို့ အချိန်မီအသက်ကယ် ကုသနိုင်ခြင်း မရှိရင် အသက်ဆုံးနိုင်ပါတယ်”

တခါ ၃ လကျော်တဲ့ ကိုယ်ဝန်တွေကို နားလည်တတ်ကျွမ်းသူ မဟုတ်တဲ့ လက်သည်တွေနဲ့ ဖျက်ချခဲ့မယ်ဆိုရင် သွေး ထွက်များပြီး သွေးလွန်သွားနိုင် ပါတယ်လို့ ဒေါက်တာနိုက်တင်ဂေးလ်က ဆက်ပြောပါတယ်။ သွေးထွက်လွန်တဲ့ လူနာ ကို အချိန်မီကုသပေးနိုင်မှု မရှိရင် Renal Failure လို့ ခေါ်တဲ့ ကျောက်ကပ်ပျက်စီးပြီး အသက်ဆုံးရှုံးနိုင်တယ်၊ ပြီးတော့ မလိုချင်ဘဲ မွေးဖွားလာရတဲ့ ကလေးအတွက်ရော မိခင်အတွက်ပါ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေ ရစေနိုင်တယ်လို့ ရှင်းပြပါတယ်။

မိန်းကလေးတွေအနေနဲ့ လက်မထပ်ခင် ချစ်သူနဲ့ အတူနေတာကို ခေတ်မီတယ်လို့ မယူဆစေချင်ပါဘူး။ “အပျိုစင်” ဘဝကို ထိန်းသိမ်းတာဟာ ပန်းကောင်းတပွင့် မကြွေလွင့်စေဖို့ ထိန်းသိမ်းယုယတာနဲ့ အတူတူပါ။ လူ့အဖွဲ့အစည်း အနေနဲ့လည်း အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးတယောက်မှာ ကိုယ်ဝန်ရှိခဲ့ရင် ကဲ့ရဲ့ရှုံ့ချတာမျိုးမလုပ်ဘဲ ဖေးမကူညီ ပေးသင့်ပါတယ်။

အရေးကြီးတာက မလိုချင်တဲ့ ကိုယ်ဝန် မရအောင် မိန်းကလေးတွေရဲ့ လုံခြုံမှုအတွက် အကာအကွယ် ပေးသင့်သလို မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး အခြေခံကျကျ ပညာပေးမှုတွေ ပြုလုပ်ပေးတာအကောင်းဆုံးပါပဲ။

ဒေါက်တာနိုက်တင်ဂေးလ်က “ဒီလိုမျိုးဆိုးကျိုးတွေ မကြုံရလေအောင် အမျိုးသမီးတွေ ဓမ္မတာရာသီလာခြင်း အကြောင်း နဲ့ သားဆက်ခြားနည်းအမျိုးမျိုးအကြောင်းကို အလယ်တန်းကျောင်းသူအရွယ်ကစလို့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးသင့်ပါတယ်”လို့လည်း အကြံပြုပါတယ်။

တချို့နိုင်ငံတွေမှာမလိုချင်တဲ့ ကလေးကို ကိုယ်ဝန် ၃ လအတွင်း တရားဝင်ဖျက်ချခွင့်ရှိပြီး၊ တကယ်တတ်ကျွမ်းနား လည်တဲ့ ဆရာဝန်တွေက ပိုးသတ်ထားတဲ့ ခေတ်မီ ကိရိယာတွေနဲ့ စနစ်တကျ လုပ်ဆောင်ပေးပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေအရ၊ ယဉ်ကျေးမှုအရ တရားဝင် ခွင့်ပြုမထားသေးတာကြောင့် မလိုချင်တဲ့ ကိုယ်ဝန်မရအောင် အသိနဲ့ရော သတိနဲ့ရော ရှောင်ရှားနိုင်ရင် အကောင်းဆုံးပါပဲ။

ဒါကြောင့် အမျိုးသမီးထုအတွင်း Sex Education ကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့ လိုသလို လိင်ပိုင်းဆိုင်ရာ အသိအမြင်ရှိလာတဲ့အခါ အမျိုးသမီးများအတွက် သတိရော အသိနဲ့ပါ ချင့်ချိန်စဉ်းစားနိုင်ပြီး သူတို့ကိုယ်တိုင် စိတ်ပိုင်း ဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော လုံခြုံစိတ်ချရတဲ့ ဘဝကိုယ်စီကို ဖန်တီးတည်ဆောက်နိုင်မှာပါလို့ ယုံကြည် ယူဆမိပါတယ်။

မသန္တာကတော့ တခြားအမျိုးသမီးတွေကို သင်္ခန်းစာယူစေချင်ပါတယ်လို့ ပြောပါတယ်။

“မသန္တာ့လိုအမှားမျိုး တခြားမိန်းကလေးတွေ မမှားပါစေနဲ့လို့ပဲဆုတောင်းပါတယ်”

Related Articles