Home ဆောင်းပါး အမျိုးသမီးတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ကြိုးစားကြစို့ဆိုတဲ့ ကိုယ်ဝန်ဆောင် ကချင်အမျိုးသမီး အမှတ်လောင်း နှင့် တွေ့ဆုံခြင်း

အမျိုးသမီးတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ကြိုးစားကြစို့ဆိုတဲ့ ကိုယ်ဝန်ဆောင် ကချင်အမျိုးသမီး အမှတ်လောင်း နှင့် တွေ့ဆုံခြင်း

ကိုယ်ဝန်ဆောင် ကချင်အမျိုးသမီးအမှတ်လောင်း ဆိုင်းနူးပန်

ကိုယ်ဝန်ဆောင် ကချင်အမျိုးသမီးအမှတ်လောင်း ဆိုင်းနူးပန်

ကချင်ပြည်နယ် မံစီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို ကိုယ်စားလှယ်လောင်း ၈ဦး ဝင်ရောက်ယှဉ်ပြိုင် မည ်ဖြစ်သည်။ အဆိုပါ ၈ ဦးထဲတွင် အမျိုးသမီး ကိုယ်စားလှယ် တဦးသာ ပါဝင်သည်။

ထူးခြားသည်ကတော့ အမျိုးသမီးကိုယ်စားလှယ်လောင်းမှာ ကိုယ်ဝန် ၇ လ လွယ်ထားသူ ဆိုင်းနူးပန် ဖြစ်သည်။

ဒေါ်ဆိုင်းနူးပန်သည်အင်အားကြီးပါတီ(၂)ပါတီနှင့် အခြားတိုင်းရင်းသား ပါတီပေါင်း (၅)ပါတီမှ အမျိုးသားကိုယ်စားလှယ်လောင်း များ၏ အကြား ဝင်ရောက်ယဉ်ပြိုင်သွားမည်ဖြစ်သည်။

ဆိုင်းနူးပန်ကို ဦးယော်ထုန်နှင့် ဒေါ်ဒွဲလိန်တို့က ကချင်ပြည်နယ် မံစီမြို့တွင် မွေးဖွားခဲ့ပြီး အထက်တန်းပညာကိုလည်း အ.ထ.က(မံစီ) ကသာ အောင်မြင်ခဲ့သူဖြစ်သည်။ အသက်(၂၆)နှစ် ဥပဒေဘွဲ့ရ၊ အထက်တန်းရှေ့နေအမျိုးသမီးငယ်တဦးလည်း ဖြစ်သည်။ ကလောင်ရှင် “ကချင်မလေး”က ဆိုင်းနူးပန်ကို တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ နိုင်ငံရေးလောကကို မဝင်သေးတဲ့အချိန်တုန်းက ဘာအလုပ်တွေ လုပ်ခဲ့သလဲ။ ဘယ်လိုလုပ်ပြီး ကချင်ဒီမိုကရက်တစ်ပါတီမှ ဝင်ရောက်ယဉ်ပြိုင်ဖို့ဘယ်လိုအချက်တွေကြောင့် ရွေးချယ်ဆုံးဖြတ်ခဲ့လဲ။                                                                                   ဖြေ။ ။ ဥပဒေအထောက်အကူပြုကွန်ယက် (Legal Aid Network) အဖွဲ့မှာ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလလောက်ကတည်းက ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ ကျေးရွာတွေ၊ မြို့ငယ်လေးတွေက လူထုကို တရားဥပဒေတွေနဲ့ ပတ်သက်ပြီး ပညာပေး၊ အမြင်ဖွင့်သင်တန်းတွေ၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မီဒီယာနဲ့ပတ်သက်တဲ့ ပညားပေးသင်တန်းတွေကို လုပ်ဆောင်းနေရင်းပဲ နိုင်ငံရေးကို စိတ်ဝင်စားလာခဲ့တယ်။ (ကချင်) ဒီမိုကရက်တစ်ပါတီကို ဘာဖြစ်လို့ ရွေးခဲ့လဲ ဆိုရင်တော့ အဓိကတော့ ပါတီရဲ့မူဝါဒကို ကြိုက်လို့။ ပါတီရဲ့ မူဝါဒ၊ ရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့်ရရှိရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်လာစေရေး ဆိုတဲ့အချက်တွေကိုကြိုက်လို့၊ တကယ်တမ်းလက်ရှိမြန်မာ နိုင်ငံရေးပြဿသနာကို လည်း ဖက်ဒရယ်စနစ်ဖြင့် ဖြေရှင်းမှရမယ်။ စစ်မှန်တဲ့ဖက်ဒရယ်စနစ်ကြီးကိုလည်း ပေါ်ထွန်းစေခြင်တဲ့အတွက် အကြောင့်၊ နောက်ပြီးတော့ ကျွန်မလေးစားရတဲ့ ဆရာနော်မိန်း (၂၀၁၂ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ) ကလည်း ဒီပါတီမှာ ရှိနေတာတွေကြောင့် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မေး။ ။ အခုတလော ကချင်ဒီမိုကရက်တစ်ပါတီမှ မဲဆွယ်စည်းရုံးရေးဆင်းတဲ့လုပ်ငန်းစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ ကြားတယ်၊ မံစီမြို့နယ်ဘက်မှာကော ဘယ်လိုလုပ်ငန်းစဉ် လုပ်နေပြီလဲ။
ဖြေ။    ။ ဟုတ် ပါတီကနေတော့ တခြားမြို့နယ်တွေမှာ မဲဆွယ်စည်းရုံးရေးဆင်းတဲ့ လုပ်ငန်းတွေ စလုပ်နေပါပြီ။ ဒါပေမယ့် အားလုံးပဲ သတင်းစာ၊ မီဒီယာတွေကနေ ကြားကြမယ်လို့ထင်တယ် အဲတာကတော့ ကျွန်မတို့ မံစီမြို့နယ်မှာ စစ်ပွဲတွေ တော်တော်ပြင်းထန် နေတယ်။ အများစုက ဗန်းမော်ဘက်ကို ထွက်ပြေးတိမ်းရှောင်ပြီး နေကြတယ်။   နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေ အာဏာပိုင်တွေကလည်း သွားရေးလာရေးတွေ သတိထားပါဆိုပြီး ပြောထားတာတွေရှိတော့ ကျမတို့လည်း စည်းရုံးရေးကို ကြီးကြီးမားမားတော့ ဘာမှ မလုပ်နိုင်ဘူး၊ မံစီမြို့ပေါ်က ရပ်ကွက်တချို့ တွေမှာလောက်သာ   ဟောပြောစည်းရုံးတာတွေပဲရှိတယ်။

မေး။ ။ လက်ရှိကိုယ်ဝန်ကလည်း လရင့်လာတဲ့အပေါ် အလုပ်ပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိလဲ။
ဖြေ။ ။ ဟုတ်တယ် အခုကိုယ်ဝန်ကလည်း လရင့်လာတော့သွားရေးလာရေးတွေ၊ အလုပ်တွေက အစ ကိုယ်ထင် ထားသလောက် ခရီးမပေါက်ဘူးဖြစ်နေတယ်။ တခြားကျန်းမာရေး ဖျားတာ၊ နာတွေက မရှိဘူး။ ပြီးတော့ ပါတီကိစ္စတွေမှာလည်း တခြားပြည်သူ့ကိုယ်စားလှယ်နှစ်ယောက်ကိုပဲ အားထားနေရတယ်။ ကျွန်မကိုယ်စား ကိုယ်စားလှယ်ကိုလည်း တင်ထားတယ်။ သူလည်းအခု ရန်ကုန်ရောက်နေတယ် အဲတာကလည်း အခက်ခဲတခုဖြစ်နေတယ်။ သူ့နာမည်က မဂျာနူးနန်လို့ခေါ်တယ်။ အသက်က (၂၈)နှစ်ပဲရှိသေးတယ်။

မေး။ ။ ခင်ပွန်းသည်နှင့် မိသားစုက အခုလိုပါတီနိုင်ငံရေးမှာ ဝင်လုပ်နေတဲ့အပေါ် ဘယ်လိုမြင်ကြလဲ။ အားပေးကူညီထောက်ပံ့ပေး မှုတွေကော ရှိလား။
ဖြေ။   ။ကျွန်မခင်ပွန်းက ဦးဆွမ်းလွတ် ဂမ်အောင်ပါ။ သူက စီးပွားရေးသမားပေါ့။ သူက ကျွန်မအလုပ်အပေါ် နားလည်ပေးရုံမကဘူး၊ ကျွန်မခုဗန်းမော်မြို့မှာ နေနေပါတယ်။ ဗန်းမော်ကနေ မံစီမြို့က (၁၁)မိုင်လောက်ဝေးတယ်။ အဲဒီကို ပါတီစည်းရုံးရေးတွေ ဆင်းတဲ့အချိန်တွေဆို ယောက်ျားက သူအားရင် အားသလို ကားမောင်းပြီးလိုက်ပို့ပေးပါတယ်။ ပါတီရုံးက စာပို့တာတို့ဆိုလည်း သူပဲ သွားယူ၊သွားပို့တာတို့ လုပ်ပေးပါတယ်။ ကျွန်မဘက်က ဆွေမျိုးအသိုင်းအဝိုင်းက သိပ်သဘောမကျဘူး ဘာဖြစ်လို့လဲဆိုတော့ သူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ်(NLD)ပါတီ ဘက်ကများတယ်။ သူတို့နဲ့တွေ့ပြီးဆိုရင်တော့ ငြင်းကြ၊ ခုန်ကြပေါ့။ မိဘ၊ ညီအစ်ကိုမောင်နှမတွေက ဘာပဲဖြစ်ဖြစ် ကချင်ပါတီတခုမှာ လုပ်တာဆိုတော့လည်း ကောင်းပါတယ်။ နင်တတ်နိုင်သမျှ လုပ်ပါ၊ ကြိုးစားပါလို့ အားပေးကြပါတယ်။ တခြားပါတီလုပ်ငန်းတွေ ကို ကူညီလုပ်ကိုင်တာမျိုးတော့မရှိဘူး။

မေး။ ။ အမျိုးသမီးတွေကို ဘယ်လိုအားပေးစကားပြောချင်လဲ။ လူထုကိုလည်း ဘာတွေများ ပြောချင်တာရှိလဲ။
ဖြေ။ ။ကျွန်မတို့အမျိုးသမီးတွေကို ပြောချင်တာကတော့ ကျမတို့နိုင်ငံက တခြားနိုင်ငံတွေနဲ့ ယဉ်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေး၊ လွတ်တော်အခန်းကဏ္ဍမှာ အမျိုးသမီးပါဝင်မှုတွေဟာ အရမ်းနည်းတယ်၊ ပြီးတော့ စစ်ပွဲတွေမှာလည်း ပိုပြီး ဒုက္ခရောက်ရတာ၊ အဓမ္မပြုကျင့်ခံရတာတွေ၊ လူမှုရေးနယ်ပယ်တွေမှာရော နေရာမရတွေက ကျွန်မတို့အမျိုးသမီးတွေပဲ၊ အဲတာကြောင့် အမျိုးသမီးတွေ စည်းလုံးကြပါ၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အားကြိုးမှန်တက်ဖြင့် ရအောင်ယူကြပါလို့ ပြောချင်ပါတယ်။မြန်မာနိုင်ငံမှာ တကယ်ပဲလိုအပ်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးကိုလည်း အားလုံးပူးပေါင်းပါဝင် ကြိုးစားကြရအောင် လို့ပြောချင်ပါတယ်။

ဆိုင်းနူးပန်ကတော့ သူ့အနေနဲ့ ရွေးကောက်ပွဲမှာ အောင်နိုင်မယ်လို့ မျှော်လင့်ထားပြီး မွေးလာမည့်ကလေးကို လွှတ်တော်ကိုခေါ် သွားမယ်လို့ပြေပါသည်။

 

Related Articles