Home သတင်း အမျိုးသား ဥယျာဉ် စီမံကိန်း ဒေသခံများအတွင်း သဘောထားကွဲလွဲ

အမျိုးသား ဥယျာဉ် စီမံကိန်း ဒေသခံများအတွင်း သဘောထားကွဲလွဲ

ကချင်မလေး။

ကချင်ပြည်နယ်ရှိ မြစ်ဆုံဒေသတွင် “အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်” ပြုလုပ်မှုအပေါ် ဒေသခံ ပြည်သူများကြား သဘောထားကွဲလွဲနေကြောင်း သိရပါတယ်။

မြစ်ဆုံတန်ဖဲ(ဧရာဝတီ)မြစ်(၁)မိုင်အကွာမှစပြီး အင်ခိုင်ဘွမ်တောင်တန်း ၇၄၂၆၀ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် ၅၂/၂၀၁၄အရ “အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်” အဖြစ်သတ်မှတ်ရန် ကြေးတိုင်အရာရှိက ယခုလ (၁)ရက်နေ့က ထုတ်ပြန်ခဲ့ပါ တယ်။

IMG_00030002

မြစ်ဆုံဒေသခံများက မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မူလရွာနဲ့ တောင်ယာမြေတွေကိုစွန့်ခဲ့ရပြီး ယခုထပ်မံ အမျိုးသားဥယျာဉ် စီမံကိန်းထပ်မံရောက်လာတာကြောင့် အမျိုးသမီးတွေအတွက် စားဝတ်နေရေး ပိုမိုခက်ခဲနိုင်ကြောင်း ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

“ကျမတို့က မြစ်ဆုံစီမံကိန်းကြောင့် တခါအိမ်ရာ၊ ခြံမြေတွေ သိမ်းခံလိုက်ရပြီ၊ အခုထပ်ပြီးအမျိုးသားဥယျာဉ်ဆို ကျမတို့ လုပ်ကိုင်စားသောက်ဖို့နေရာ ပိုပြီးခက်ခဲ စေလာနိုင်တယ်”

“အခုမြစ်ဆုံစီမံကိန်းကြောင့် ကျွဲ၊ နွာ စားကျက်မြေမရှိအခက်အခဲပြဿနာတွေရှိတယ်၊ ကျနော်တို့ ကျွဲ၊ နွဲ တွေက သွားနေကျ စားကျက်ဖြစ်တဲ့ နဂိုစားကျက်မြေဖြစ်တဲ့ မြစ်ဆုံစီမံကိန်းဆိုက်ကိုဝင်တော့ ကျွန်တော်တို့ ပိုက်ဆံပေးပြီး ရွေးနေရတယ်” လို့ ဒေသခံတောင်သူ တဦးကပြောပါတယ်။

ထုတ်ပြန်ကြေငြာချက်တွင် အဆိုပါစီမံကိန်းနယ်မြေအတွင်းရှိ သဘာဝသယံဇာတပစ္စည်း၊ သစ်တောထွက် ပစ္စည်းများအပေါ် လုပ်ကိုင်ရန် စိတ်ဝင်စားသူများက ဆိုင်ရာဆိုင်ခွင့် (လုပ်ကိုင်ခွင့်) ရရှိရေးအတွက်နှင့်  ဒေသခံများ၏တောင်ယာ၊ ခြံမြေများကို  ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့တွင် သစ်တောကြေးတိုင်း အရာရှိ ထံသို့ ကိုယ်စား(သို့) လူကိုယ်တိုင်လျှောက်ထား နိုင်ကြောင်းလည်းပါရှိတယ်။
001
“စီမံကိန်းအတွင်းမှာရှိနေတဲ့ လယ်မြေတွေ အတွက်ဆိုင်ရာဆိုင်ခွင့်လျှောက်ထားနိုင်တယ်လို့ပြောပေမယ့်လည်း ကျမတို့ရွာသားတွေလုပ်ကိုင်စားဖို့ ဧရာဝတီအနောက်ဘက် ဆွမ်ပရာဘွမ် လမ်းတလျှောက် ဘယ်ကနေဘယ်အထိ သတ်မှတ်ပေးလိုက်ရင်ပိုပြီးကောင်းတယ်လို့” မိခင်တဦးကပြောပါတယ်။

အောင်မြင်သာအုပ်ချုပ်ရေးမှူးဦးမုတ်လုံးကတော့ အမျိုးသားဥယျာဉ်နဲ့ပတ်သက်ပြီး “ စီမံကိန်းအတွင်းမှာ ကျရောက်သွားတဲ့ ဘိုးဘွားပိုင်ကတည်းကလုပ်စားနေတဲ့ လယ်မြေ၊ ခြံမြေတွေကို ဆိုင်ရာဆိုင်ခွင့်ပြန်လည် လျှောက်ထားနိုင်တာပါတဲ့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းဖို့ လုပ်တာက ကောင်းပါတယ်” လို့ပြောပါတယ်။

အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်အပြီးသတ် အမိန့်ကြေညာစာထုတ်ပြန်ပြီးပါက အစိုးရက ပြဌာန်းထားသည့် ဥပဒေအရ၊ အာဏာရသစ်တော အရာရှိ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း၊ သဘာဝနယ်မြေအဖြစ် ကြေညာ သည့် အမိန့်ကြေညာစာအရ ခွင့်ပြုချက်အရဖြင့် ဆောင်ရွက်ခြင်းနှင့် အမိန့်ကြေညာစာအရ ဆိုင်ရာဆိုင်ခွင့် များအရ ဆောင်ရွက်ခြင်းမဟုတ်ပဲ စီမံကိန်းအတွင်း အဆောက်အဦးဆောက်လုပ်ခြင်း၊ မုဆိုးလိုက်ခြင်း၊ မြေတူးခြင်း၊ သစ်ပင်သီးနှံစိုက်ပျိုးခြင်း၊ လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်း၊ စားကျက်မြေအဖြစ် အသုံပြုခြင်း၊ မီးရှို့ခြင်း၊ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်း၊ သဘာဝအပင်နှင့် သစ်တောထွက်ပစ္စည်းများ ဖျက်ဆီး၊ ခုတ်လှဲခြင်း၊ ထုတ်ယူခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေအရ ပြစ်ဒဏ်၊ လျော်ကြေးကို တရားရုံးက စီရင်ဆုံးဖြတ်ပြီး အရေးယူခံရမည်ဟု ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

“သဘာဝသစ်တောနှင့် ပတ်ဝန်းကျင်းထိန်းသိမ်းရေးဆိုတာ မူတော့ကောင်းပါတယ်  လက်တွေ့ဖြစ်ဖို့လိုတယ်၊ အမျိုးသားဥယျာဉ်စီမံကိန်းဟာလည်း မြစ်ဆုံရေကာတာစီမံကိန်းနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့် ဒေသခံတွေကို ထပ်ဆင့်ဆိုးကျိုးပေးတာမျိုး မဖြစ်သင့်ဘူး”လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့မှ ပြောရေးဆိုခွင့်သူ ကိုစာဂျီက ပြောပါတယ်။
လက်တွေ့မှာတော့ ကချင်ပြည်က ကြိုးဝိုင်း၊ ဟူးကောင်းကမ္ဘာ့ကျားထိန်းသိမ်းရေးစခန်းနှင့် နမ့်ဝါကြိုးဝိုင်း တွေလို့သာ သတ်မှတ်ပေမယ့် သတ္တုတူးဖော်ရေးနှင့် အကြီးစားစီမံကိန်းကုမ္ပဏီတွေကို အကွက်ချ ရောင်းချနေတယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့က စောင့်ကြည့်ပြီး သုတေသနထုတ်ထားတဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

Related Articles