Watercolor illustration of soldiers, weapons, a burning house, a tied-up figure, and a woman covering her face while gripped by a monstrous clawed creature, symbolizing the trauma of war and sexual violence

အမေ … ဟိုစစ်သားကြီး ပြန်လာရင် သမီးကို သေနတ်နဲ့ ပစ်သတ်လိုက်တော့နော်

ရှင်ငြိမ်း

မှောင်မဲနေတဲ့ အခန်းဒေါင့်တနေရာမှာ တယောက်တည်း ခေါင်းစိုက်ထိုင်ရင်း ခန္ဓာကိုယ်ကို ကုတ်ဖဲ့နေတဲ့ အသက် ၁၄ နှစ်အရွယ် ဝါဝါဆီက ထွက်လာတဲ့ စကားတခွန်းကြောင့် မိခင်ဖြစ်သူ ဒေါ်သီတာမှာ အံ့ဩဝမ်းနည်းစိတ်နဲ့ အတူ မျက်ရည်တွေ ကျခဲ့ရပါတယ်။

ဝါဝါဟာ စစ်ပဋိပက္ခတွေကြား ထွက်ပြေးရင်း စစ်သားတဦးရဲ့အဓမ္မပြုကျင့်မှုကို ခံခဲ့ရတာကြောင့် ပြင်းထန် စိတ်ဒဏ်ရာရနေတဲ့ မိန်းကလေးငယ်လေးတဦးဖြစ်တယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ အဲ့ဒီနေ့မနက်ခင်းမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး လေယာဉ်တွေနဲ့ သူတို့ရွာနား ဗုံးလာကြဲချိန်မှာ ဝါဝါဟာ မိဘတွေနဲ့အတူ စစ်ဘေးစစ်ဒဏ်ကနေ အသက်လုထွက်ပြေးခဲ့ရတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ဝါဝါတို့ နေထိုင်တဲ့ရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံရွာသားတွေဟာ ဘေးလွတ်ရာထွက်ပြေးရင်း လူစုကွဲသွားတဲ့ သူတို့မိသားစုဟာ ကင်းပုံးဝပ်နေတဲ့ စစ်အုပ်စုနဲ့ထိပ်တိုက်တွေ့ခဲ့ကြတော့တယ်။

စစ်သားတွေဟာ ဖမ်းလာတဲ့ ရွာသားတွေကို အမျိုးသမီးနဲ့ အမျိုးသားခွဲခြားလိုက်ပြီး အမျိုးသမီးတွေကို အစောင့် တဲဆီ ခေါ်သွားခဲ့တယ်။ ဖမ်းဆီးခံရသူတွေကတော့  ဝါဝါရဲ့ မိခင်အပါအဝင် အမျိုးသမီးကြီးက ၅ ဦး၊ ၅ နှစ် ဝန်းကျင် ကလေးငယ် ၃ ဦးနဲ့ အသက် ၁၄ နှစ်အရွယ် ဝါဝါတို့ဖြစ်ကြပါတယ်။

အဲဒီနောက် ဝါဝါကို တဲထဲမှာ ထားခဲ့ပြီး အခြားသူတွေကို သစ်ပင်မှာ ခြေနဲ့လက်တွေကို ကြိုးနဲ့ ချည်နှောင်ထား ပါတယ်။

“အဲ့ဒီမှာတင် တဲထဲက စစ်သားက သမီးလေးကို အဓမ္မကျင့်တော့တာပဲ၊ စစ်သားက ၂ယောက်ပဲ ရှိတာ၊ တယောက်က တဲဝမှာ သေနတ်နဲ့ စောင့်နေတာ”လို့ ဒေါ်သီတာက လွန်ခဲ့တဲ့ ၃နှစ်တိတိက သူမြင်တွေ့ခဲ့ရတဲ့  ဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။

အဲ့ဒီအချိန်မှာ ပစ်ခတ်သံတွေ မကြားရတော့ပေမဲ့ လေယာဉ်တွေဖြတ်သွားတဲ့အသံတွေ၊ လက်နက်ကြီးကျရောက် ပေါက်ကွဲသံတွေကို သူကြားနေခဲ့ရပါတယ်။

သူဟာ သမီးဖြစ်သူကို မတရား ပြုကျင့်နေတာကို မြင်တဲ့အတွက် ငိုယိုတောင်းပန်ပြီး သမီးဖြစ်သူကို ကာကွယ်ဖို့ အသည်းအသန် ကြိုးစားခဲ့တယ်။

ဒါပေမဲ့ လက်နက်ကိုင်ထားတဲ့ စစ်သားက သေနတ်ဒင်နဲ့ ဒေါ်သီတာကို ၃ချက်လောက် ရိုက်လိုက်တဲ့အချိန်မှာ သတိလစ်သွားခဲ့တယ်။ ကျန်တဲ့ အမျိုးသမီးတွေဟာ ဒေါ်သီတာလိုပဲ ရိုက်ခံရမှာကြောက်တာကြောင့် ဘာမှ မတတ်နိုင်ဘဲ နှုတ်ဆိတ်နေခဲ့ကြရပါတယ်။

၁ နာရီလောက်ကြာတဲ့အချိန်မှာ တခြားစစ်သားတွေ၊ ဖမ်းဆီးခံအမျိုးသားတွေ ပြန်လာတဲ့အသံကြားတော့ စောစောက စစ်သားတွေဟာ ဝါဝါကို လွတ်ပေးလိုက်ပါတယ်။ စစ်သားတွေရဲ့  လိင်အကြမ်းဖက်မှုကို ခံလိုက်ပြီး၊ ရိုက်နှက်ခံထားရလို့ မျက်နှာတခုလုံး ဖူးယောင်နေသလို လက်တွေမှာလည်း အညိုအမည်းစွဲဒဏ်ရာတွေနဲ့ ဝါဝါကို မိခင်နဲ့အတူ ဖမ်းချုပ်ထားလိုက်ပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းလောက်မှာ ဖမ်းထားတဲ့စစ်ရှောင်အားလုံးကို စစ်သားတွေရဲ့ ရှေ့ကသွားခိုင်းပြီး ရွာမှာ ပြန်ထား ခဲ့ပြီး ပြန်ထွက်သွားကြပါတယ်။

ဝါဝါဟာ မုဒိမ်းပြုကျင့်ခံရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်သွားခဲ့ရသလို သူ့အမူအကျင့်တွေဟာ လည်း သိသိသာသာ ပြောင်းလဲသွားခဲ့တယ်။

“အရင်က ဝါဝါ အရမ်းသွက်တယ်၊ ဖအေလည်း အရမ်းချစ်တာ၊ ခုအိမ်ရောက်လို့ သူ့အဖေနဲ့ မျက်နှာချင်းဆိုင်ဖို့ ကြောက်တယ်၊ သွား.. သွားနဲ့ အော်တာ၊ သူ မတွေ့ချင်သူလာရင်လည်း ကျမနောက်မှာပုန်းနေပြီး အော်ထုတ် တာ”လို့ အဲဒီဖြစ်စဉ်နောက်ပိုင်း ပြောင်းလဲသွားတဲ့ သမီးဖြစ်သူရဲ့ အခြေအနေကို ဒေါ်သီတာက ပြောပြပါတယ်။

ဖခင်ဖြစ်သူကတော့ ဒီဖြစ်စဉ်မှာ တရားမျှတမှုရရှိဖို့ ခက်ခဲတာ၊ အပြစ်ရှိသူကို အပြစ်မပေးနိုင်တာတွေကြောင့် သမီးဖြစ်သူကို မကာကွယ်နိုင်ခဲ့တဲ့ သူ့ကိုယ်သူ အပြစ်တင်နေပါတယ်။

ဝါဝါကို အဓမ္မကျင့်သူကို ရဲဘော်တွေက တပ်ခွဲမှူးလို့ ခေါ်တဲ့အသံကို ဒေါ်သီတာ ကြားခဲ့ပါတယ်။

“အဲ့ဒီတပ်ခွဲမှူးဆိုသူကို ရွံ့လို့တဲ့၊ ကိုယ့်ကိုကိုယ် ကုတ်ဖဲ့နေတာလေ၊ သေနတ်ပေးလို့လည်း တောင်းတယ်၊ လက်ကို သေနတ်ပုံစံလုပ်ပြီး ပစ်ပြသေးတာ”လို့ ဒေါ်သီတာက ဆိုပါတယ်။

ဒါ့အပြင် ရွယ်တူယောက်ျားလေးတွေ သူ့မြင်ကွင်းကနေ ဖြတ်သွားတာ တွေ့ရင်လည်း တကိုယ်လုံး တုန်ရီလာ တာ၊ အသက်ရှူကြပ်တာ၊  ရင်ဘတ်ကို ဖိပြီး ထိတ်လန့်တကြား အော်ဟစ်ငိုကြွေးနေတာမျိုးအထိ သမီးဖြစ်သူ ခံစားနေရတဲ့အကြောင်းကို ဒေါ်သီတာက ပြောပြပါတယ်။

ထရံကာ ဝါးအိမ်လေးထဲမှာ တဦးတည်းထိုင်ကာ တယောက်တည်း စကားတွေ ပြောနေပြီး ခန္ဓာကိုယ်ကို ကုတ်ဖဲ့ နေတတ်တဲ့ သမီးဖြစ်သူရဲ့ အဲ့ဒီလိုပြုမူပုံတွေကို တားဆီးရင်း ရင်ခွင်ထဲ ပွေ့ဖက်ကာ မျက်ရည်ကျခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ဒေါ်သီတာတယောက် နေ့စဉ်နေ့တိုင်း ရင်ဆိုင်နေရတယ်။

စစ်တပ်ဟာ  ပြည်တွင်းစစ် ကာလတလျှောက်လုံးနဲ့  ၂၀၂၁ တကျော့ပြန်အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့အထိ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တော်လှန်ရေးကာလအတွင်း တိုင်းရင်းသားဒေသ၊ ပဋိပက္ခဒေသတွေမှာ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV – Conflict-Related Sexual Violence) တွေကို စစ်လက်နက်တခုလို အသုံးချပြီး စဉ်ဆက်မပြတ် ကျူးလွန်ခဲ့တဲ့ သက်သေအထောက်အထားပေါင်းများစွာ ရှိပါတယ်။

ဝါဝါတို့သားအမိတွေ ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရတာတွေဟာ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV – Conflict-Related Sexual Violence) ဖြစ်ပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ စစ်ဘေးဒဏ်ပြင်းပြင်းထန်ထန် ခံနေရတဲ့ ရွာလေးတရွာက အသက် ၁၅ နှစ်အရွယ် စုစု ဆိုတဲ့ မိန်းကလေးငယ်တဦးဟာလည်း ဝါဝါလိုပဲ  ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသူပါ။

စုစုတို့ရွာနီးဝန်းကျင်မှာ တိုက်ပွဲမကြာခဏဖြစ်ပွားနေတာကြောင့် ဒေသခံရွာသားတွေဟာ တောစပ်တနေရာမှာ တိမ်းရှောင်တာ ရှိသလို၊ တချို့လည်း မြို့ပေါ်က ဆွေမျိုးအိမ်တွေမှာ စစ်ရှောင်တာရှိကြတယ်။

စုစုတို့မိသားစုဟာ တောစပ်နားက စစ်ရှောင်စခန်းတခုမှာ ခိုလှုံနေထိုင်လာခဲ့တာ ၄ နှစ်ကျော်ရှိပါြပီ။ စုစုတို့ အရွယ် မိန်းကလေးငယ်အုပ်စုဟာ မိသားစု အသက်ရှင်ရပ်တည်ရေးမှာ အခြေခံလိုအပ်တဲ့ ရေနဲ့ လောင်စာ ဖြည့်တင်းဖို့ ရေခပ်တာ၊ ထင်းကောက်တာ စတာတွေအတွက် အနီးဝန်းကျင်က တောစပ်ကို အားကိုးကြရပါ တယ်။

“စစ်သားတွေ တပ်စွဲထားတာ သိပေမဲ့ ကလေးဆိုတော့ ထင်းကောက်ရင်း ဆော့ကြမှာပေါ့၊ အဲ့မှာ လူကွဲသွားတဲ့ စုစုကို စစ်သားက ဆွဲခေါ်ပြီး အဲ့လိုလုပ်လိုက်တာ၊ အဲ့ဒါ ကြားရတုန်းက ကျမဖြင့် ကမ္ဘာပျက်သွားသလိုပဲ” လို့ စုစုရဲ့ မိခင် ဒေါ်ခင်မွန်က ပြောပြပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေ့ကစလို့ မလုံမခြုံမိုးထားတဲ့ သစ်၊ ဝါးထရံကာထားတဲ့ တဲအိမ်လေးထဲမှာ စုစုတယောက်ထဲ မလှုပ်မယှက် ထိုင်နေတတ်တာဟာ  ၂၀၂၅ ခုနှစ်၊ ဇွန်လထဲက ဆိုရင် လက်ရှိမှာ ၁ နှစ်ကျော်ကာလရှိလာခဲ့ပါပြီ။

သူဟာ ဝါဝါလို ခန္ဓာကိုယ်ကို ကုတ်ဖဲ့မနေပါဘူး။ သူဟာ အဲ့ဒီအခင်းဖြစ်ပြီးနောက် ဘယ်သူကိုမှ အတွေ့မခံတော့ သလို၊ ပတ်ဝန်းကျင်အားလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး ငိုတာ၊ ရယ်မောတာ ဘာမှမရှိ၊ ဘယ်သူ့ကိုမှ ဘာစကားမှ မပြောတော့ဘဲ ငူငူငိုင်ငိုင်ထိုင်နေတတ်တာပါ။

“သူတယောက်ထဲ ပြန်လာတော့ ဘာဖြစ်လဲ မေးတာ ချက်ချင်းမပြောဘူး၊ အမေ့ကိုပဲ ဖက်ပြီး တရစပ် ထုရိုက်နေ တာ၊ နောက်ပြီး ဘာကြောက်မှန်းမသိ ကြောက်နေတဲ့ပုံစံ မြင်ရုံနဲ့တင် ကျမ ရင်ကျိုးရတယ်”လို့ ဒေါ်ခင်မွန်က ဆိုပါတယ်။

ဝါဝါနဲ့ စုစုတို့ရဲ့ ဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် စစ်ပဋိပက္ခကြားမှာ မိန်းကလေးငယ်တွေ ရင်ဆိုင်နေရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ စိတ်ဒဏ်ရာဟာ တယောက်နဲ့ တယောက်ပြသတဲ့ အမူအယာ မတူကြပေမဲ့၊ သူတို့ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာနာကျင်မှုကတော့ အတူတူပဲ ဖြစ်တာကို တွေ့ရပါတယ်။

ဝါဝါက ဒေါသနဲ့ ကြောက်ရွံ့မှုကို အပြင်ထုတ်ပြီး ရုန်းကန်နေရချိန်မှာ၊ စုစုကတော့ ဒီကြောက်ရွံ့မှုကို ရင်ထဲမှာပဲ သိမ်းထားရင်း သေဆုံးနေတဲ့ သက်ရှိလူသားလိုဖြစ်နေပါတယ်။

စစ်ပဋိပက္ခ ဖြစ်လာရင် “ကလေးဆိုတာ ကလေးပဲ” လို့ ယေဘုယျ ပြောလေ့ရှိကြပေမဲ့ ကျား၊ မ (Gender)အရ ကြည့်ရင် မိန်းကလေးငယ်တွေ ရင်ဆိုင်ရတဲ့ အန္တရာယ်ဟာ ယောက်ျားလေးတွေနဲ့ မတူဘူးလို့ ကလေးသူငယ် အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

ယောက်ျားလေးတွေဟာ စစ်ပွဲအတွင်း အဓမ္မ စစ်သားစုဆောင်းခံရတာ၊ လက်နက်ကိုင် ပဋိပက္ခထဲ ပါဝင်လာစေဖို့ ဖိအားပေးခံရတာတွေ ကြုံရတတ်ပါတယ်။

မိန်းကလေးငယ်တွေကျတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အသက်မပြည့်သေးဘဲ အဓမ္မ အိမ်ထောင်ချထား ခံရတာ၊ ပညာရေးကနေ လုံးဝစွန့်လွှတ်လိုက်ရတာ၊ မိသားစုတာဝန်တွေကိုထမ်းရင်း အန္တရာယ်နဲ့ ရင်ဆိုင်ကြ ရတာမျိုးတွေ ကြုံတွေ့ရပါတယ်။

ဒီလို အမျိုးမျိုးသော ဖိစီးမှုတွေဟာ မိန်းကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြင်းပြင်းထန်ထန် ရိုက်ခတ် စေတယ်လို့ အမျိုးသမီးနဲ့ ကလေးသူငယ်အရေးလှုပ်ရှားသူ နန်းကလျာက ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံအတွင်း ပဋိပက္ခကြောင့် စစ်ဘေးရှောင်နေရတဲ့ ကလေးသူငယ် ၁ ဒဿမ ၅ သန်းကျော်ရှိပြီး၊ ပဋိပက္ခဒေသတွေမှာရှိတဲ့ ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဟာ အစားအသောက်နဲ့ ဆေးဝါးနည်းတူ အရေးကြီးတဲ့ အသက် ကယ် ဝန်ဆောင်မှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မိန်းကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာနဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှု အန္တရာယ်က ကာကွယ်ပေးတာဟာ အရေးပေါ်လိုအပ်ချက်ဖြစ်ပါတယ်။

ပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေကြောင့် သင်ယူမှုနဲ့ အာရုံစူးစိုက်မှုပိုင်းတွေ ပျက်စီးပြီး ကလေးရဲ့ ဉာဏ်ရည်နဲ့ စိတ် ဓာတ်ဖွံ့ဖြိုးမှုကို ရေရှည်ထိခိုက်သွားစေတယ်လို့ စိတ်ကျန်းမာရေးနှင့် စိတ်ပညာရှင် ဦးမြင့်က သတိပေးပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှာကို အမြဲစိုးရိမ်ပူပန်သောကရောက်နေကြရသလို၊ ကိုယ့်ကိုကိုယ်ရွံ့ရှာတယ် ဆိုတဲ့ စိတ်ဒဏ်ရာတွေကို ပြင်းထန်စွာ ခံစားရလေ့ရှိကြပါတယ်။

ဒါ့အပြင် နန်းကလျာကလည်း “သေနတ်သံကြားတာနဲ့ နေစရာမရှိအောင် ကြောက်နေတဲ့ မိန်းကလေးငယ်တွေရဲ့ စိတ်ဓာတ်ကိုပါ တွဲပြီး ပံ့ပိုးပေးဖို့လိုတယ်၊ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေကို တပြိုင်နက်တည်း မလုပ်ပေးနိုင်ရင် ဒီကလေးတွေဟာ နာတာရှည် စိတ်ဒဏ်ရာတွေကို ထမ်းထားရလိမ့်မယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က စစ်မှုထမ်းဥပဒေကို ကျင့်သုံးလာတာနဲ့ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ကလေး ငယ်တွေအပေါ် ကျူးလွန်တဲ့ ချိုးဖောက်မှုတွေဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာတယ်လို့ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ (CAAC) ရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာတွေအရလည်း ပဋိပက္ခဒေသတွေမှာ ကလေးသူငယ်တွေအပေါ် ကြီးလေးတဲ့ ချိုးဖောက် မှုတွေ စံချိန်တင် မြင့်တက်ခဲ့ပြီး၊ ဒီအထဲက ၃ပုံ ၁ပုံခန့်ဟာ မိန်းကလေးငယ်တွေဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါတွေကို ကုစားဖို့နဲ့ ကာကွယ်ဖို့အတွက် ချက်ချင်းလုပ်ဆောင်ရမယ့် အချက်တွေနဲ့ ပတ်သက်လို့ ဦးမြင့်က အခုလို ရှင်းပြပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ မိန်းကလေးငယ်တွေအတွက် သီးသန့် စိတ်ချလုံခြုံပြီး စိတ်လက်ပေါ့ပါးစွာ နားခိုနိုင် မယ့် နေရာလေးတွေ ဖန်တီးပေးဖို့၊ စိတ်ကျန်းမာရေး ကျွမ်းကျင်သူတွေ၊ လူမှုအသိုင်းအဝိုင်း ကူညီစောင့်ရှောက် ရေးအဖွဲ့တွေနဲ့ စိတ်ဒဏ်ရာတွေကို စနစ်တကျ ကုစားပေးဖို့လည်း လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။

“မိန်းကလေးငယ်တွေကို စာသင်ကျောင်းနဲ့ ကင်းကွာမသွားစေဘဲ ပညာဆက်သင်ခွင့်ပေးတာဟာ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ မျှော်လင့်ချက်နဲ့ လုံခြုံမှုကို ပြန်လည် ပျိုးထောင်ပေးတာပါ” ဟု သူက ထောက်ပြပါတယ်။

စစ်ပဋိပက္ခဆိုတာ ရုပ်ဝတ္ထုတွေကို ပျက်စီးစေရုံတင်မကဘဲ အနာဂတ်မျိုးဆက်သစ်တွေရဲ့ စိတ်နှလုံးကိုပါ ဝါးမြို ပစ်နေတာဖြစ်ရာ အထူးသဖြင့် Gender အရ ပိုမို ထိခိုက်လွယ်တဲ့ မိန်းကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံ ရေးဟာ အားလုံးနဲ့ တိုက်ရိုက် သက်ဆိုင်နေကြောင်း လှုပ်ရှားသူ အသီးသီးက တိုက်တွန်းထားကြပါတယ်။

စစ်ပွဲထဲမှာ အကြမ်းဖက်ခံရတဲ့ အသက် ၁၃နှစ်နဲ့ ၁၅ နှစ်အရွယ် ဝါဝါနဲ့ စုစုတို့လို့ မိန်းကလေးငယ်တွေရဲ့ ဖြစ်ရပ်တွေဟာ လိင်အကြမ်းဖက်မှုရဲ့ နောက်ဆက်တွဲအဖြစ် စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်ထိ ထိခိုက်ဒဏ်ရာရစေတယ်ဆိုတာကို ဖော်ပြနေတဲ့ နမူနာတွေထဲက တချို့ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ဒဏ်ရာတွေဟာ အခင်းဖြစ်ပွားတဲ့နေ့မှာ ပြီးသွားတာမဟုတ်ဘဲ ကာယကံရှင်ရော၊ မိသားစုတွေရဲ့ နေ့စဉ်ဘဝတွေအထိဆက်ပါလာနေတာကို သူတို့မိခင်တွေရဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေက ပြောပြနေပါတယ်။  

“အမေ … ဟိုစစ်သားကြီး ပြန်လာရင် သမီးကို သေနတ်နဲ့ ပစ်သတ်လိုက်တော့နော်” လို့ သူ့ကိုယ်သူ အမြဲကုပ်ဖဲ့နေတဲ့ ဝါဝါက သူ့အမေကို တောင်းဆိုတဲ့ စကားတခွန်းပါ။

ဒါက အသက် ၁၃နှစ်အရွယ်၊ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းနေရမယ့် ကလေးမလေးတယောက်ရဲ့  စိတ်ဒဏ်ရာအတိမ်အနက်ကို ထင်ထင်ရှားရှားမြင်နေရတဲ့ စကားတခွန်းလည်းဖြစ်ပါတယ်။