Illustration of a soldier grabbing a terrified woman while other women and a child cry amid a war-torn, bombed-out city background

စစ်ဝါဒ၊ ဖိုဝါဒအခြေခံ လိင်အကြမ်းဖက်မှုနှင့်ဆက်နွယ်နေသော စစ်ရာဇဝတ်မှုများ

Advertorial

ဖိုဝါဒသည် စစ်ဝါဒအတွက် လိုအပ်သော လူသားအရင်းအမြစ်နှင့် စိတ်ဓာတ်ရေးရာ အခြေခံအုတ်မြစ်ကို ဖန်တီးပေး ပြီး၊ စစ်ဝါဒကလည်း လက်နက်အင်အားဖြင့် ဖိုဝါဒ၏ အာဏာတည်မြဲမှုကို ပြန်လည်အကာအကွယ်ပေးသည်။

ဖိုဝါဒနှင့် စစ်ဝါဒသည် အထက်အောက်အမိန့်ပေးစနစ်နှင့် လွှမ်းမိုးချုပ်ကိုင်မှုအပေါ် အခြေခံထားပြီး ဖိုဝါဒက မိသား စုနှင့် လူမှုအသိုင်းအဝိုင်းအတွင်းတွင် အမျိုးသားများက အမျိုးသမီးများနှင့် အခြားသူများအပေါ် ဦးဆောင်ချုပ်ကိုင်ရမည်ဟု သတ်မှတ်သကဲ့သို့ စစ်ဝါဒကလည်း နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွင်းတွင် အင်အားကြီးသူနှင့် လက်နက်ကိုင်ဆောင်သူ များက အုပ်ချုပ်ရမည်ဟူသည့် အယူအဆကို ပုံဖော်ပါသည်။ စစ်ဝါဒရှင်သန်ရန် ဖိုဝါဒ၏ယောကျ်ားပီသမှုစံနှုန်းများဖြစ်သည့် ကြမ်းတမ်းခြင်း/အကြမ်းဖက်တိုက်ခိုက်ရဲခြင်း၊ အမိန့်နာခံခြင်း၊ ခံစားချက်ကင်းမဲ့ခြင်းတို့ကို ဂုဏ်တင်၍ ယောက်ျားပီသမှုနှင့် စစ်ရေးစွမ်းရည်ကို ချိတ်ဆက်မှုပြုသည်။

ဖိုဝါဒသည် အမျိုးသားများကို ဦးဆောင်သူ၊ အာဏာရှိသူနှင့် ဆုံးဖြတ်ချက်ချမှတ်သူများအဖြစ် သတ်မှတ်ပြီး အမျိုးသမီးများကို မှီခိုသူ၊ အားနည်းသူနှင့် နာခံရမည့်သူများအဖြစ် ပုံသွင်းသည်။ စစ်ဝါဒသည် ပြဿနာများကို အင်အားသုံး ဖြေရှင်းခြင်း၊ လက်နက်ကိုင်အာဏာကို ကိုးကွယ်ခြင်းနှင့် “ယောက်ျားပီသမှု (Masculinity)” ကို တိုက်ခိုက်နိုင်စွမ်း၊ ကြမ်းတမ်းမှုတို့ဖြင့်တိုင်းတာသည့် အယူအဆဖြစ်သည်။ ဖိုဝါဒနှင့် စစ်ဝါဒတို့ ပေါင်းစပ်သွားသောအခါ စစ်ပွဲများအတွင်း အမျိုးသားများကို “ကာကွယ်စောင့်ရှောက်ပေးရမည့် သူရဲကောင်း (Protectors)” များအဖြစ်ပုံဖော်ပြီး၊ အမျိုးသမီးများကိုမူ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းနှင့် ခုခံနိုင်စွမ်းမရှိဘဲ “အကာအကွယ်ပေးခံရမည့် အားနည်းသူများ (Protected/ Victims)” အဖြစ်သာ ရှုမြင်လာကြသည်။ ထိုသို့ ရှုမြင်ခြင်းကြောင့်လည်း စစ်ပွဲအတွင်း အမျိုးသမီးများ၏ နိုင်ငံရေးအခန်း ကဏ္ဍနှင့် ဦးဆောင်မှုများကို ဖယ်ကြဉ်ထားလေ့ရှိသည်။

ဖိုဝါဒကြီးစိုးသော လူ့အဖွဲ့အစည်းများတွင် မိသားစု၊ လူမျိုးစု သို့မဟုတ် နိုင်ငံတော်၏ “ဂုဏ်သိက္ခာ (Honor)” နှင့် “ယဉ်ကျေးမှု၊ သန့်စင်မှု” တို့ကို အမျိုးသမီးများ၏ ခန္ဓာကိုယ်နှင့် လိင်ပိုင်းဆိုင်ရာ စောင့်ထိန်းမှုအပေါ်တွင် တင်စားပုံဖော်ထား လေ့ရှိသည်။ ထို့ကြောင့် အမျိုးသမီးတစ်ဦးအပေါ် ကျူးလွန်ခြင်းသည် ထိုအမျိုးသမီးတစ်ဦးတည်းကို ထိခိုက်စေရုံသာမက၊ သက်ဆိုင်ရာမိသားစုနှင့် အသိုင်းအဝိုင်းတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ချိုးဖောက်ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟူသော အယူ အဆက အမြစ်တွယ်နေပါသည်။

မြန်မာပြည်တွင် အာဏာရှင်စစ်တပ်သည် ဖိုဝါဒနှင့် စစ်ဝါဒတို့သာမက လူမျိုးကြီးဝါဒကိုပါ ကျင့်သုံးနေကြောင်း တိုင်းရင်းသားအင်အားစုများက ပြည်တွင်းစစ် ကာလတလျှောက်လုံး ထောက်ပြခဲ့ကြသည်။ စစ်တပ်သည် ပြည်တွင်းစစ် ကာလတလျှောက်လုံးနှင့် ၂၀၂၁ တကျော့ပြန်အာဏာသိမ်းပြီးနောက်ပိုင်း ယနေ့တိုင်ဖြစ်ပွားနေသည့် လက်နက်ကိုင် တော်လှန်ရေးကာလအတွင်း တိုင်းရင်းသားဒေသများနှင့် ပဋိပက္ခဒေသများတွင် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV – Conflict-Related Sexual Violence) များကို စစ်လက်နက်တခုသဖွယ် အသုံးချကာ စဉ်ဆက် မပြတ် ကျူးလွန်ခဲ့သည်။

ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV – Conflict-Related Sexual Violence) သည် စစ်ပွဲအတွင်း ဖြစ်ပွားတတ်သည့် မတော်တဆ ဘေးထွက်ဆိုးကျိုး (Collateral Damage) သို့မဟုတ် စစ်သားများ၏ စိတ်လိုက်မာန်ပါ ကျူးလွန်မှုသက်သက်မဟုတ်ပါ။ ရန်သူ့ဘက်မှ အမျိုးသားများသည် ၎င်းတို့၏ အမျိုးသမီးများကိုပင် မကာကွယ်နိုင်တော့ကြောင်းပြသခြင်းဖြင့် ရန်သူ့အသိုင်းအဝိုင်း၏စိတ်ဓာတ်ကို ရိုက်ချိုးရန်၊ အရှက်ရစေရန်၊ လူမှုအသိုင်း အဝိုင်းပြိုကွဲစေရန်နှင့် နယ်မြေစွန့်ခွာထွက်ပြေးစေရန် ရည်ရွယ်ချက်ရှိရှိ ဗျူဟာမြောက်အသုံးပြုသည့် စစ်ဆင်ရေး နည်း လမ်းတစ်ခုဖြစ်သည်။ တနည်းအားဖြင့် အမျိုးသမီးများ၏ ခန္ဓာကိုယ်သည် စစ်အောင်နိုင်ရေးအတွက် တိုက်ခိုက်သိမ်းပိုက် ရမည့် “စစ်မြေပြင် (Battleground)” တစ်ခုသဖွယ် ဖြစ်သွားရခြင်းကို ဆိုလိုသည်။

ဤသည်မှာ ဖိုဝါဒ (Patriarchy) နှင့် စစ်ဝါဒ (Militarism) တို့ ပေါင်းစပ်သွားသည့်အခါ အမျိုးသမီးများအပေါ် သက် ရောက်လာသည့် ဖွဲ့စည်းပုံဆိုင်ရာ အကြမ်းဖက်မှု (Structural Violence)နှင့် အာဏာနိုင်ငံရေးယန္တရားများကို အနှစ်ချုပ် တင် ပြခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်မြောက်ဘက်ခြမ်းဒေသတွင်ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများအတွင်း အရပ်သားထောင်ပေါင်းများစွာ သတ်ဖြတ်ခံရ၊ ပျောက်ဆုံးခဲ့ရကာ၊ လူ ၁ သန်းနီးပါး အတင်းအကြပ် နေရပ်စွန့်ခွာခဲ့ရခြင်း၊ ရွာပေါင်းရာချီ ဖျက်ဆီးခံရခြင်း၊ အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အပါအဝင် အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု (CRSV)များကို ရိုဟင်ဂျာများအပေါ် ခြိမ်းခြောက်ရန်၊ ကြောက်လန့်စေရန် သို့မဟုတ် အပြစ်ပေးရန်ရည်ရွယ်သည့် စစ်ပွဲ နည်းလမ်းတစ်ခုအဖြစ် မြန်မာစစ်တပ်မှ တမင်တကာအသုံးပြုခဲ့သည်ဟု ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေး မစ်ရှင်က အတည်ပြုထားသည်။

ယင်းဖြစ်စဉ်များသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများဖြစ်ကြောင်း ဂမ်ဘီယာနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ(မြန်မာစစ်တပ်)အပေါ် တရားစွဲဆိုထားသည်။

ပြည်တွင်းစစ်ကာလတလျှောက်လုံး ယနေ့အချိန်အထိ ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV – Conflict-Related Sexual Violence)ကို ကျူးလွန်လျှက်ရှိသည့် မြန်မာနိုင်ငံ(မြန်မာစစ်တပ်)သည် လိင်အကြမ်း ဖက်မှုဆိုင်ရာစစ်ရာဇဝတ်မှုများပါဝင်သော လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာပဋိဥာဥ်ကို လိုက်နာရန် ပျက်ကွက်မှုဖြင့် တရားစွဲဆိုခြင်းခံထားပြီး၊ ယင်းရာဇဝတ်မှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ချမှတ်မည့် ဆုံးဖြတ်ချက်သည် မြန်မာစစ်တပ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့်အတူ တရားမျှတမှုနှင့် အမှန် တရားပေါ်ပေါက်ရေးတို့အတွက် အရေးပါသော ဆုံးဖြတ်ချက်ဖြစ်မည်ဟုမျှော်လင့်ပါသည်။