လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၁လအတွင်း အသက်မပြည့်သေးသူတွေအပါအဝင် အမျိုးသမီး ၄၉ဦးသေဆုံး၊ ရခိုင်က အများဆုံးဖြစ်
ဒေဝီ
ယခုနှစ် အောက်တိုဘာလအတွင်း စစ်အုပ်စုရဲ့ လေကြောင်းနဲ့မြေပြင် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံ တဝှမ်း အမျိုးသမီး ၄၉ ဦး အသက် ဆုံးရှုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရသူ ၄၅ ဦးရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) က နိုဝင်ဘာ ၁၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၆ ခု၊ အောက်တိုဘာ ၁ရက်ကနေ ၃၁ရက် အတွင်း BWU က သတင်းမီဒီယာတွေထဲ အချက်အလက်စောင့်ကြည့်လေ့လာမှတ်တမ်းတင်မှုအရ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသူ ၄၇ ဦးရှိခဲ့ပြီး၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၁ဦး နဲ့ မတရားသတ်ဖြတ်ခံရသူ ၁ဦးရှိခဲ့ပါတယ်။ ဒီအထဲ အသက် ၁၈နှစ်အောက် အမျိုးသမီးငယ် ၉ဦးပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး ၃၉ဦး ၊လက်နက်ကြီးပစ်ခတ်မှုကြောင့် ၆ဦး ရှိခဲ့ပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး ၄၀ကျော်ထဲမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းတို့ ပါဝင်နေပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ဖို့အတွက် အားကောင်းပြီး တိကျသေချာတဲ့ အကူအညီနဲ့ လက်တွေ့လုပ်ဆောင်ချက်တွေကို မြန်မာပြည်သူတွေအရေးတကြီး လိုအပ်လျက်ရှိတယ်လို့ BWU ကဆိုပါတယ်။မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) ရဲ့ စာရင်းဇယားတွေအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာအထိ အာဏာသိမ်းစစ်အုပ်စုရဲ့ လေကြောင်းနဲ့မြေပြင် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံတဝန်း အမျိုးသမီး ၄၇၁ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၄၆၈ဦးရှိခဲ့တယ်လို့ သိရပါတယ်။










