ငါ့မျက်လုံး ပြုတ်ကျသွားပြီ၊ ငါ့ကိုရှာပေးပါဦး
လူမှုဘဝဆောင်းပါး
ရိုးမြူ
“ဗုန်း” ဆိုတဲ့အသံနဲ့အတူ နှင်းဝေ*တယောက် လေပေါ်မြောက်တက်သွားတယ်။
ပြန်ကျလာတော့ နာသလိုလို ခံစားရတယ်။ ပြီးတော့ တကိုယ်လုံး မီးရှို့ခံထားရသလို တဖြည်းဖြည်း ပူလောင်လာတယ်။ မိုင်းထိသွားပြီဆိုတာ သူသိလိုက်တယ်။
“သားရေ အမေ့ကိုတော့ မိုင်းထိသွားပြီ၊ တဲက သား ဦးငယ်နဲ့ အကြီးကိုသွားခေါ်၊ အမေကြီးမိုင်းထိတယ်လို့လည်း ပြောလိုက်” လို့ နှင်းဝေက သူ့သားကိုပြောလိုက်တယ်။
သူ့သားက မသွားဘဲ အနားမှာ “ အမေကြီးရယ်၊ အမေကြီးရယ်” ဆိုပြီး ငိုနေတယ်။
နှင်းဝေရဲ့မျက်လုံး ၂ ဘက်စလုံးလည်း ဘာကိုမှ မမြင်ရတော့ပါဘူး။ သူ့ခြေထောက်ကို စမ်းကြည့်တော့ ခြေထောက်က တွဲလောင်းဖြစ်နေပြီး၊ ကျန်ခြေထောက်ရဲ့ ပေါင်မှာလည်း ဒဏ်ရာတွေကို စမ်းမိတယ်။ တကိုယ်လုံး သွေးတွေက ရွှဲလို့၊ ဝတ်ထားတဲ့ဘောင်းဘီအတိုလည်း မွနေပြီ။ ပြီးတော့ သူ့ဗိုက်ကို စမ်းကြည့်လိုက်တယ်။ အသားတုံးတွေ စမ်းမိတယ်၊ လိုက်စမ်းကြည့်ရင်း သူ့ရဲ့လက်ဟာ ဗိုက်ပေါက်ထဲ ဝင်သွားတယ်၊ ဗိုက်က ဟောင်းလောင်းဖြစ်နေတယ်။ အဲဒီအချိန် တဲမှာ ကျန်ခဲ့တဲ့ သူ့မောင်နဲ့မိန်းမဖြစ်သူ အပြေးရောက်လာတယ်။
“အမရေ၊ ညီမလေးကတော့ မရတော့ဘူး၊ အူတွေတော့ထွက်သွားပြီ၊ သေမှာ” လို့ နှင်းဝေ ကပြောရင်း ဘောင်းဘီကိုကျွတ်ပြလိုက်တော့ ဗိုက်ပေါက်ကာ အူထွက်နေပါပြီ။
ယောင်းမဖြစ်သူက ညီမလေး ဘာမှမဖြစ်ပါဘူးလို့ အားပေးတယ်။ မျက်လုံးတွေ မမြင်ရတော့ဘူးဆိုတဲ့အတွက် ယောင်းမဖြစ်သူက မျက်လုံးနှစ်ဖက်စလုံးကို ဖြဲကြည့်တယ်။ မျက်လုံး ၂ ဘက်စလုံးဟာ ဖွေးလို့နေပါပြီ။ နှင်းဝေဟာ သတိမေ့တာ၊ သတိလစ်တာမျိုး ဖြစ်မသွားပါဘူး။ စကားပြောဆိုသံတွေ၊ လှုပ်ရှားနေတဲ့အသံတွေကို ကြားနေရတယ်လို့ ဆိုပါတယ်။
အဲဒီမိုင်းထိတဲ့အချိန်မှာ သေဖို့အတွက်ပဲ တွေးနေပြီး “သေသွားလည်း ငါမကြောက်ဘူး၊ သေချင်တယ်” လို့ သေဘေးကနေ လွတ်လာခဲ့တဲ့ လွန်ခဲ့တဲ့ ၃နှစ်နီးပါးက ခံစားချက်ကို ပြန်ပြောင်းပြောပြပါတယ်။
Landmine and Cluster Munition Monitor အဖွဲ့ရဲ့ ၂၀၂၅ ထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးဒဏ်ရာရခဲ့သူဟာ ၂၀၂၁ မှာ ၃၆၈ ယောက်၊ ၂၀၂၂ မှာ ၅၄၅ ယောက်၊ ၂၀၂၃ မှာ ၁၀၀၃ ယောက်၊ ၂၀၂၄ မှာ ၂၀၂၉ ယောက်အထိ မြင့်တက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က မြန်မာ့သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကိုစောင့်ကြည့်လေ့လာ မှတ်တမ်းတင်ထားမှုတွေအရ မြန်မာနိုင်ငံတဝှမ်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့ကြတဲ့ အမျိုးသမီး ဦးရေဟာ ၂၀၂၄ မေလကနေ ဒီဇင်ဘာထိ သေဆုံးသူ ၇ဦး၊ ဒဏ်ရာရရှိသူ ၄၂ ဦး၊ ၂၀၂၅ တနှစ်လုံးမှာ သေဆုံးသူ ၁၃ ဦး၊ ဒဏ်ရာ ရရှိသူ ၄၁ ဦး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ကနေ ဇွန်လထိဆို သေဆုံးသူ ၁ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၆ဦး ရှိခဲ့တယ်လို့ သိရှိရပါတယ်။
ဘယ်သတင်းစာမျက်နှာပေါ်ကိုမှမတက်ခဲ့တဲ့ သူ့အဖြစ်အပျက်ဟာ ဒီလိုကိန်းဂဏာန်းတွေထဲမှာ သူ့ဖြစ်စဉ်ပါ၊ မပါ နှင်းဝေတယောက်မသိပါဘူး။
နှင်းဝေဟာ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အပိုင် ကျေးရွာတရွာကပါ။ အခုဆိုရင် သူ့အသက်က ၃၂ နှစ်ပါ။ သူဟာ အသက် ၁၅ နှစ်အရွယ်မှာ သူနဲ့ သက်တူရွယ်တူ အမျိုးသားတယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ သား ၁ ယောက်၊ သမီး ၂ ယောက်ရဲ့ မိခင်ပါ။
၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်အချိန်က သူနေထိုင်ရာ ကျေးရွာဟာ သာသာယာယာနဲ့ နေချင်စဖွယ် ကောင်းပါတယ်။ ဘယ်အချိန် ဘယ်သွားသွား သွားလို့ရတယ်၊ လိုအပ်တဲ့ပစ္စည်းကို အချိန်မရွေး ကျောက်ကြီး မြို့ပေါ် တက်ဝယ်လို့ရပါတယ်။ သူတို့ဟာ ထင်းခုတ်၊ ဝါးခုတ်၊ စပါးတိုက်၊ ပဲတိုက်စတဲ့ အလုပ်တွေအပြင် ကြုံရာနေ့စား အလုပ်တွေကိုလည်း လုပ်ကိုင်ကြတယ်။ အဲဒီအချိန်က မိသားစုစားဝတ်နေရေးဟာ အဆင်ပြေ ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ စစ်တပ်နဲ့ နီးနီးကပ်ကပ်နေထိုင်ရတဲ့ သူတို့ရွာဟာ မတည်မငြိမ်ဖြစ်လာတယ်။ အရင်က ညဘက်တွေမှာ ဘယ်သွားသွား၊ ဘယ်အချိန်ပြန်ပြန် သွားလာလို့ရတဲ့ သူတို့ရွာမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ညဘက် ထွက်လို့မရတော့ပါဘူး။ ညဘက်တွေမှာ ဓာတ်မီးထိုးဖို့ မဆိုထားနဲ့ ကျွဲတွေ ခြင်မကိုက်အောင် မီးဖိုဖို့အတွက်တောင် မီးဖိုခွင့်မရှိတော့ပါဘူး။
မီးရောင်မြင်ရင် စစ်တပ်က သေနတ်နဲ့လှမ်းပစ်သလို ကျွဲမီးဖိုပါကလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တာမျိုး လုပ်တတ်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်တာမျိုးမဟုတ်ပေမယ့် ညဘက်တွေမှာ စစ်ကောင်စီတပ်ရင်းထဲက လက်နက်ကြီး ပစ်ခတ်သံတွေက ညတိုင်းကြားနေရတယ်လို့ ဆိုပါတယ်။
“အာဏာသိမ်းပြီးတုန်းကဆိုရင် ၆ နာရီလောက်ကနေ စပစ်ပြီ၊ ကတုတ်ကျင်းထူးထားတယ်၊ နောက်တော့ မကြောက်တော့ဘူး၊ တောထဲသွားပြီဆိုရင် သူတို့ ညဘက်ပစ်ထားတာတွေကို တွေ့ရတယ်” လို့ နှင်းဝေက ရှင်းပြပါတယ်။
တောထဲမှာ အလုပ်သွားလုပ်တဲ့ရွာသားတွေ ပြန်လာတဲ့အခါဆိုရင်လည်း စစ်ကောင်စီတပ်သားတွေဟာ အဲဒီရွာသားတွေကို အိမ်မှာလာခေါ်ပြီး တောထဲမှာ မြင်ခဲ့၊ ကြားခဲ့ရတာတွေကို စစ်ဆေးမေးမြန်းတာမျိုးတွေ လုပ်လာကြပါတယ်။
အဲဒီလို နယ်မြေမတည်ငြိမ်မှုတွေအပြင် ဈေးနှုန်းတွေကလည်းကြီးမြင့်လာပါတယ်။ အရင်က ထင်းလှည်းတစီးကို ၇,၅၀၀ ကျပ်နဲ့ ရောင်းနေရာက တစီးကို ၁၅,၀၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပါတယ်။ နောက်ပိုင်း လျှပ်စစ်မီး မရတာ၊ တောထဲသွားဖို့ ခက်ခဲလာတာတွေကြောင့် ထင်းလှည်းတစီးကို ကျပ် တစ်သိန်းအထိ ဈေးမြင့်လာခဲ့ ပါတယ်။ တဖက်မှာလည်း ဆီဈေး၊ ဆန်ဈေးတွေက ဆက်တိုက်မြင့်တက်လာတယ်။
ဒီလိုကြပ်တည်းမှုတွေနဲ့အတူ နောက်ထပ်အခက်အခဲတခုကတော့ စစ်မှုထမ်းဥပဒေပါ။ ယောက်ျားဖြစ်သူ စစ်မှုထမ်းမပါဖို့အတွက် နှင်းဝေဟာ လစဉ် စစ်တပ်တောင်းတဲ့ ပိုက်ဆံကို ထည့်ပေးနေရပါတယ်။
သူတို့နေထိုင်ရာဒေသထဲက က ခလရ ၆၀ နဲ့ ခမရ ၃၅၁ မှာ တပ်အင်အားတွေဖြည့်တင်းမယ်ဆိုတဲ့သတင်းကြောင့် တောထဲက လက်နက်ကိုင်အင်အားစုတွေက စစ်တပ်လာမယ့်လမ်းကြောင်းတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ကြတယ်။ စစ်တပ်ဘက်ကလည်း သူတို့တပ်ရင်းအနီးဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေ ထောင်ခဲ့ကြတယ်။ ကျေးရွာသူ၊ ကျေးရွာသားတွေကိုလည်း မိုင်းထောင်ထားတဲ့အကြောင်းနဲ့ တပ်ပိုင်မြေထဲ မဝင်ရောက်ဖို့ အသိပေးထားပါတယ်။
“သူတို့မိုင်းကွဲရင် တလုံး (ကျပ်) ၅သိန်း ပြန်လျှော်ပေးရတယ်၊ ဒါကြောင့် ရွာသားတွေက ဝါးမခုတ်၊ ထင်းမခုတ် ဘူး၊ မျှစ်မချိုးဘူး၊ တချို့ကျတော့ ဒီအလုပ်ပဲလုပ်တာဆိုတော့ သွားကြတယ်၊ အဲတော့ မိုင်းထိကြတယ်” လို့ နှင်းဝေ က ရှင်းပြပါတယ်။
ဒါကြောင့် နှင်းဝေ တို့ရဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေဟာ မြို့ပေါ်တွေကို ပြောင်းရွေ့ကြတယ်။ တချို့က ထိုင်းဘက်ကို ပြောင်းရွှေ့သွားကြပါတယ်။ နှင်းဝေ တို့ကတော့ ရွာကနေ မိနစ် ၃၀ ခန့် လမ်းလျှောက်သွားရတဲ့ သူတို့ရဲ့ တောင်ယာထဲကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ရွာထဲမှာ ကျန်ခဲ့သူ အများစုဟာ တခြားသော ကျေးရွာတွေကနေ စစ်ဘေးရှောင်ထွက်ပြေးလာကြသူတွေပါ။
နှင်းဝေ ကို မိုင်းထိခဲ့တာဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ သူတို့မိသားစု ရွာထဲကနေ တောင်ယာထဲပြောင်းရွှေ့ပြီး ၁ လကျော်မှာ ဖြစ်ခဲ့တာပါ။ အနီးဝန်းကျင်မှာ မိုင်းတွေထောင်ထားကြတာကို သူသိပါတယ်။ သူ မိုင်းမထိခင် တရက်အလိုကလည်း သူတို့တဲနဲ့ မလှမ်းမကမ်း တောစပ်နားက ပေါက်ပန်းပင်အောက်မှာ မိုင်းကွဲခဲ့ပါသေးတယ်။ အမျိုးသား ၁ ဦးနဲ့ ကလေးငယ် ၁ ဦး မိုင်းထိပြီး ခြေထောက်နဲ့ လက်တွေ ပြတ်သွားခဲ့ပါတယ်။
မိုင်းထိလူနာတွေကို နှင်းဝေ ရဲ့အမျိုးသားကိုယ်တိုင်ကတွေ့ခဲ့တာကြောင့် သူနဲ့ ကလေးတွေကို တောထဲ မသွားဖို့၊ ကျွဲပျောက်ရင်လည်း လိုက်မရှာဖို့ မှာထားပါတယ်။
ဒါပေမဲ့ နှင်းဝေ မိုင်းထိမယ့်နေ့ မနက် ၈ နာရီလောက်မှာ တဲအနီးကြိုးချည်ထားတဲ့ ကျွဲ ၂ ကောင်လွတ်သွား ခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ်သားအကြီးဆုံးက လွတ်သွားတဲ့ကျွဲတွေကို ရှာဖို့ထွက်သွားခဲ့ပါတယ်။ နှင်းဝေ ကလည်း သားကို စိတ်မချတာကြောင့် နောက်ကနေ လိုက်သွားခဲ့တယ်။
လယ်ကွင်းထဲမှာ သားကိုတွေ့တဲ့အခါ မိုင်းတွေရှိတာကြောင့် ပြန်လာဖို့ ခေါ်ပါတယ်။ သားဖြစ်သူက အရင် ရက်တွေကလည်း ဒီအနားမှာ ကျွဲရှာခဲ့သေးတယ်လို့ဆိုတာကြောင့် နှင်းဝေ စိတ်ထဲ စိုးရိမ်စိတ်လျော့သွားတယ်။ ဒီနေရာမှာ မိုင်းတွေ လာမထောင်သေးဘူးလို့ ထင်သွားတယ်။ အဲဒီအချိန်မှာပဲ ရှေ့ကသွားနေတဲ့သားဖြစ်သူက မိုင်းတွေကို မနင်းခဲ့မိပေမယ့် နှင်းဝေ ကတော့ မိုင်းကို တည့်တည့် နင်းမိလိုက်ပါတော့တယ်။
“ထိထိချင်းကို သတိရတယ်၊ မျက်စိက မမြင်တော့ဘူး၊ ထထိုင်သေးတယ်၊ ထိုင်လို့ကို မရတော့တာ” လို့ သူက ဆိုပါတယ်။
မိုင်းထိသွားတဲ့အချိန် ခံစားရတဲ့ ခံစားမှုကိုလည်း သူက အခုလိုပြောပြပါတယ်။
“မီးရှို့လိုက်သလိုပဲ ပူရှိန်းပူရှိန်းနဲ့၊ အနာတွေကလည်း ကိုက်တက်လာတာ၊ ပိုပူလာတာ၊ ပြောမယ်ဆိုရင် ငရဲအိုးထဲ ကျသလိုမျိုးကို ထင်တယ်”
သူ့ကို စစ်ကောင်စီနယ်မြေထဲက ဆေးရုံ၊ ဆေးခန်းတွေကို ခေါ်သွားတာမဟုတ်ဘဲ တော်လှန်ရေးလက်နက်ကိုင် နယ်မြေထဲက ဆေးရုံ၊ ဆေးခန်းတွေဆီကို ခေါ်သွားကြပါတယ်။ ဆေးခန်းရှိရာကို ရောက်ဖို့ လှည်းနဲ့လည်း သွားခဲ့ရတယ်။ ချောင်းတွေလည်း ဖြတ်ကူးခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ပထမရောက်တဲ့ဆေးခန်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အတွက် နောက်ထပ် ဆေးခန်းတခုကို ထပ်ပြောင်းခဲ့ရပါတယ်။ ပြီးတော့ ရထားတဲ့ဒဏ်ရာတွေကို ဆေးကုသပြီးပေမယ့် မျက်လုံးက ဒဏ်ရာကို ထပ်မံကုသဖို့အတွက် နောက်ထပ် ဆေးရုံတွေကို ထပ်သွားခဲ့ရပါသေးတယ်။
မိုင်းနင်းမိခဲ့တာကြောင့် နှင်းဝေဟာ ညာခြေထောက်တဖက်ပြတ်ပြီး ဘယ်ဘက် မျက်လုံးတလုံးထွက်သွားခဲ့ ပါတယ်။ ညာဘက်မျက်လုံးအိမ်ထဲကို မိုင်းစဝင်ခဲ့ပါတယ်။ ဒါ့အပြင် နှာခေါင်းရိုးကျိုးတာ၊ မေးစေ့ကွဲပြီး သွားတွေ ထိခိုက်သွားတာ၊ ဗိုက်ပေါက်တာ၊ ဘယ်ဘက်ပေါင်မှာ အသားတွေပဲ့ထွက်သွားတာ စတဲ့ဒဏ်ရာတွေ ရခဲ့ပါတယ်။
သူ့မျက်လုံးတဖက် မရှိတော့တဲ့အကြောင်း ချက်ချင်းမသိဘဲ အချိန်ကြာမြင့်တော့မှ သိရပုံကို နှင်းဝေက အခုလိုပြောပြပါတယ်။
သူဟာ မိုင်းထိပြီး ၂ လကျော်မှ မျက်လုံးတွေ ပြန်မြင်ခဲ့ရတာပါ။ ဆေးရုံတက်နေစဉ် မျက်စိယားယံလို့ မျက်လုံးကို လက်နဲ့ ပွတ်လိုက်တဲ့အခါ မျက်လုံးဟာ မျက်လုံးအိမ်ထဲက ထွက်ကျသွားပါတယ်။ အဲဒီအခါ လူနာစောင့် ပေးနေ တဲ့ကလေးမလေးကို “ကောင်မလေး ငါ့မျက်လုံး ပြုတ်ကျသွားပြီ၊ ငါ့ကိုရှာပေးပါဦး” ဆိုပြီး နှင်းဝေ က ငိုယိုကာ ရှာခိုင်းတယ်။ အဲဒီအခါ လူနာစောင့် ကလေးမလေးက မျက်လုံးလေးကို ကောက်လာပြီး သူ့ကိုပြပါတယ်။ မျက်လုံးက အဖြူရောင် ကော်မျက်လုံးတခုပါ။
“မျက်လုံးကြီးက ဟောင်းလောင်းကြီးပဲရှိတော့တယ်ဆိုပြီး (လူနာစောင့်ကလေးမက) ပြောတယ်၊ အဲဒါနဲ့ ဆရာမကိုသွားခေါ်လာတယ်၊ ဆရာမက အဲတော့မှ ရှင်းပြတယ်၊ မျက်လုံးမရှိတော့တဲ့အကြောင်းကို”
အဲဒီအခါမှ သူ့မျက်လုံးတဖက်ကန်းသွားမှန်းသိလိုက်ရပါတယ်။
“အဲတုန်းက မမြင်ရသေးတာလည်း မသိဘူး၊ မြင်ရတယ်လို့ပဲ ထင်နေတာ၊ ၂ဖက်လုံးမြင်နေရတယ်ပဲ ထင်နေတာ၊ အခုလိုနေရင် ၂ဖက်လုံးမြင်နေရသလိုပဲ၊ မျက်မှန်တပ်လိုက်ရင်တော့ တဖက်တည်းမြင်ရတယ်ဆိုတာ သိတယ်” လို့ သူက ရှင်းပြပါတယ်။
သူဟာ ကျန်တဲ့မျက်လုံးတဖက်ကန်းသွားမှာကို စိတ်ပူတဲ့အတွက် အထူးပဲ ဂရုစိုက်နေရတယ်လို့ဆိုတယ်။ သူ့အနားမှာ ဆေးလိပ်သောက်တာမျိုးဆိုရင် မီးပွားနဲ့ ပြာမှုန့်တွေဝင်မှာ စိုးရိမ်တဲ့အတွက် အနားမှာ ဆေးလိပ် မသောက်ခိုင်းဘူးလို့ ဆိုတယ်။
သူဟာ ပြတ်သွားတဲ့ ညာခြေထောက်နဲ့အသားကျဖို့လည်း ကြိုးစားခဲ့ရပါသေးတယ်။ ဝှီးချဲအသုံးပြုနေတဲ့ အချိန်တုန်းက ခြေထောက်မရှိတာကို သတိမေ့ပြီး ကုတင်ပေါ်က ဆင်းကာ ဝှီးချဲရှိရာလမ်းလျှောက်ဖို့ ကြိုးစား ခဲ့စဉ် ကုတင်ပေါ်ကနေ ပြုတ်ကျခဲ့ရပါသေးတယ်။
ညဘက်ရောက်တဲ့အခါ ခြေထောက်က ယားယံတာ၊ ကိုက်ခဲတာ၊ ခြေထောက်ကို ချိုးထားသလို ခံစားရတာ စတာတွေ ခံစားရပါတယ်။ ဒါပေမဲ့ ခြေထောက်က မရှိတော့ပါဘူး၊ ဘယ်အနားကို ကုတ်ရမှန်း မသိပါဘူး။
“ဒီဘက်ခြေထောက် ခြေသည်းနီဆိုရင် သူ(ညာခြေထောက်)ပါဆိုးချင်တယ်၊ အပြင်သွားလို့ ခြေထောက်ပေးရင် သူပါ ခြေဆေးချင်တာ၊ ခြေထောက်ထိပ်ကို ဆေးပေးလိုက်ရတယ်၊ သူက ဆေးချင်နေတာ၊ ဆပ်ပြာတိုက်ရင် သူပါတိုက်ချင်တာ” လို့ နှင်းဝေ က ပြတ်နေတဲ့ ညာဘက်ခြေထောက်ကို ကိုင်ပြရင်း ရှင်းပြတယ်။
ဝှီးချဲ၊ ချိုင်းထောက်တွေကို အသုံးပြုပြီးနောက် ခြေတုတပ်တဲ့အခါမှာလည်း ချောက်ကို ကျော်ရတာ၊ လှေကား အတက်အဆင်းလုပ်ရတာတွေမှာ ခြေတုကပဲ သူ့ကို သင်ကြားပေးသွားတယ်လို့ ဆိုတယ်။
ခြေထောက်တဖက်နဲ့ မျက်လုံးတဖက်ကို ရုတ်တရက် စွန့်လွှတ်လိုက်ရတာကြောင့် စိတ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုယ်ကို လက်ခံနိုင်ဖို့လည်း အချိန်ယူခဲ့ရပါသေးတယ်။ ဆေးရုံဝင်းထဲက အဆောင်မှာ နေရတဲ့အခါ အပြင်မထွက်ဘဲ ငိုနေခဲ့တယ်။
“ဆရာမတွေက မျက်လုံးက အခုမှ ကောင်းတာ၊ မငိုနဲ့၊ မျက်လုံးဒဏ်ဖြစ်မယ်ဆိုပြီးပြောတယ်၊ မျက်လုံး ထိခိုက်မယ်၊ မျက်လုံးက သိပ်မကျက်သေးဘူး၊ အနာတွေ ထိခိုက်မယ်ဆိုပြီးပြောတယ်” လို့ သူက ဆိုပါတယ်။
နောက်ရက်တွေမှာ အနားမှာရှိတဲ့သူတွေက နှင်းဝေ ကို ဝှီးချဲပေါ်တင်ပြီး အပြင်ထုတ်ပါတယ်။ အဲဒီအခါ မျက်လုံး ၂ ဘက်မမြင်တဲ့လူနာတယောက်နဲ့ နှုတ်ဆက်ဖြစ်တယ်။ သူက နှင်းဝေ ရဲ့အသံကို မှတ်မိပြီး ပြန်နှုတ်ဆက်ပါတယ်။ အဲဒီလူဟာ သီချင်းတွေ အမြဲသီဆိုနေလေ့ရှိတယ်။
“မျက်လုံး ၂လုံးစလုံးမမြင်တဲ့သူတောင် သီချင်းတွေဆိုနေတာ၊ ငါ့မှာက တလုံးကျန်သေးတယ်ဆိုပြီး တွေးမိတယ်၊ ကိုယ့်ကိုယ့်ကို လက်ခံနိုင်ဖို့ ကြိုးစားနိုင်ခဲ့တယ်” လို့ နှင်းဝေ က ဆိုပါတယ်။
ကိုယ့်မှာ မျက်လုံးတလုံး၊ ခြေထောက်တဖက်နဲ့ လက် ၂ဖက်ကျန်သေးတဲ့အတွက် အများကြီး လုပ်နိုင်သေးတာကို တွေးမိသွားတယ်။ လက်တွေ၊ ခြေထောက်တွေ မရှိတော့တဲ့သူတွေထက်စာရင် သူက ချိုင်းထောက် အကူအညီ၊ ခြေတုအကူအညီနဲ့ သွားချင်တဲ့နေရာသွားလို့ရနေသေးတယ်ဆိုတာ တွေးမိလာတယ်လို့ နှင်းဝေ က ပြောပြတယ်။
“ပထမတော့ ကိုယ့်ကိုယ်ကို သေတာပဲကောင်းတယ်၊ ငါဒီလိုဘဝမျိုးနဲ့ မနေရဲဘူးဆိုပြီး တွေးမိတယ်၊ နောက်မှ ငါမသေချင်သေးဘူး၊ ငါသေလို့ မဖြစ်သေးဘူး၊ ငါ့မှာ ကုသိုလ်တွေ မရှိသေးဘူးဆိုပြီးတွေးမိတယ်” လို့ ကိုယ့်ကိုယ်ကို တဖြည်းဖြည်း အားပြန်မွေးရတဲ့အဖြစ်ကို သူက ဆက်ပြောပြပါတယ်။
နှင်းဝေ ဟာ ငယ်ငယ်တုန်းကဆိုရင် ပြတ်နေတဲ့ခြေထောက်တွေကို မြင်ရတဲ့အခါ ကြောက်တတ်ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှ ရွာထဲက ခြေပြတ်နေတဲ့အသိတယောက် အလုပ်တွေမလုပ်နိုင်တဲ့အခါ ပျင်းလို့ မလုပ်တာဆိုပြီး ပြောဆိုခဲ့ဖူးတယ်လို့ ဆိုပါတယ်။
အခုကိုယ်တိုင်ခြေတဖက်ပြတ်လို့ အနိမ့်အမြင့်တွေကို အတက်အဆင်းလုပ်ဖို့ ခက်ခဲတဲ့အခါ ရွာထဲက ခြေတဖက် မရှိတဲ့အသိကို သတိရမိခဲ့တယ်။ ဆေးကုသပြီး ရွာပြန်ရောက်တဲ့အခါ အဲဒီအသိအစ်ကိုကို ရင်ဖွင့်ပြောပြဖြစ် တယ်လို့ သူကဆိုပါတယ်။
သူရွာကိုပြန်ရောက်တဲ့အခါ သူ့လို ခြေပြတ်၊ လက်ပြတ်သူတွေ ပိုများလာတာကို သတိထားမိတယ်။ အမျိုးသား၊ အမျိုးသမီး အသက်အရွယ် အကြီးအငယ်အစုံပါ။ နှင်းဝေရဲ့အစ်ကိုဖြစ်သူဟာလည်း သူမိုင်းမထိခင် တလလောက် က စစ်တပ်က သေနတ်နဲ့ပစ်လို့ ခြေပြတ်ထားသူတယောက်ပါ။ သူတို့တရွာတည်းမှာတင် အရင်တုန်းက ပြတ်ထားတဲ့လူဟောင်းတွေ အများကြီးရှိသလို အသစ်ထပ်ပြတ်သူမှာလည်း ၄ ယောက်ခန့်တွေ့ရ တယ်လို့ ဆိုပါတယ်။
နှင်းဝေတယောက် ရွာကိုပြန်ရောက်တဲ့အခါ အရာရာကို သတိရနေပြီး သူ့ရဲ့လက်ရှိဘဝနဲ့အသားမကျနိုင်ဖြစ်နေခဲ့ တယ်လို့ ဆိုပါတယ်။
“ရွာပြန်ရင် နေရာတိုင်းက သတိရစရာတွေ ချည်းပဲ၊ ကိုယ်ကောင်းတုန်းက သွားလာခဲ့တဲ့နေရာတွေလေ၊ အဲဒါတွေကိုပြန်တွေ့ရင် သတိရတယ်၊ အခုတော့ မသွားရဲ၊ မမောင်းရဲ ကြောက်သွားတယ်၊ ငါ့ခြေထောက်လေးရှိ ရင်ကောင်းမှာပဲ၊ ဆံပင်တွေက ကတုံး တုံးပြီးရင် ပြန်ထွက်တယ်၊ ငါ့ခြေထောက်က ဘာလို့ပြန် မထွက်တာလဲ ကတုံးတုံးလို့ ဆံပင်တွေ ပြန်ထွက်သလိုဖြစ်ရင် ကောင်းမှာပဲလို့ တွေးမိတယ်” လို့ နှင်းဝေ က ရွာမှာ နေရတဲ့ ခံစားချက်ကို ပြောပြပါတယ်။
သူဟာ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို သားသမီး ၃ယောက်နဲ့အတူ ပြောင်းရွှေ့လာခဲ့ ပါတယ်။ ယောက်ျားဖြစ်သူကတော့ စိုက်ပျိုးထားတဲ့ ပဲတွေ၊ နနွင်းတွေကို လက်စသပ်ရိတ်သိမ်းရောင်းချပြီး တဲ့အခါ လိုက်လာဖို့ မှာထားခဲ့ပါတယ်။
ရွာမှာ ကျောင်းမတက်ရဘဲ နေနေရတဲ့ သူ့ကလေးတွေ ကျောင်းတက်ပြီး စာဖတ်တတ်ဖို့သာ ခေါင်းထဲမှာရှိတဲ့ အကြောင်း နှင်းဝေက အခုလိုပြောပြပါတယ်။
“ဒီဘက်ရောက်တာနဲ့ကလေးတွေကျောင်းထားဖို့ကိုလုပ်တယ်၊ ကျန်တာ ခေါင်းထဲ မထည့်ဘူး။”
ကျောင်းနဲ့နီးတဲ့ အိမ်ကိုငှားရမ်းပြီး သူ့ကလေးတွေကို မြန်မာရွှေ့ပြောင်းကျောင်းမှာ ကျောင်းထားပါတယ်။ ၉နှစ်အရွယ်နဲ့ ၇ နှစ်အရွယ် သမီးလေးတွေဟာ ထိုင်းကျောင်းထားလို့ရနိုင်ပေမယ့် ငွေကြေးမတတ်နိုင် တာကြောင့်လည်း မြန်မာရွှေ့ပြောင်း ကျောင်းမှာပဲ ထားဖြစ်တယ်လို့ ဆိုပါတယ်။
“ကလေးတွေကို ပညာရေးပဲ လုပ်ခိုင်းချင်တာပါ၊ အဲဒါကြောင့် ဒီကျောင်းအနားမှာနေတယ်၊ ကိုယ်က ကျောင်း မပို့နိုင်တော့ ကျောင်းရှေ့မှာနေတယ်၊ ကျောင်းပြောင်းရင် လိုက်ပြောင်းမယ်လို့ ဆရာမကိုပြောထားတယ်” လို့ နှင်းဝေ က သူ့အစီအစဉ်ကို ပြောပြပါတယ်။
အခုတော့ နေရာသစ်မှာ ဘဝသစ်နဲ့အသားကျနေပါပြီ။ သေသူတယောက်လို ဖြစ်ခဲ့ရတဲ့အခြေအနေ ကနေ ဆရာဝန်တွေ၊ သူနာပြုတွေက သူ့ရဲ့ ဘဝအသစ်တခုကို ပြန်လည်မွေးဖွားပေးခဲ့သလိုခံစားရတယ်လို့ နှင်းဝေက ဆိုပါတယ်။ အခုတော့ အသစ်ပြန်လည် မွေးဖွားပေးလိုက်တဲ့ဘဝတခုကို သူ စတင်နေပါပြီ။
လွန်ခဲ့တဲ့ ၄ လက သူ့ယောက်ျားကို လှမ်းခေါ်လိုက်တယ်။ အခုတော့ ယောက်ျားဖြစ်သူက ထိုင်းနိုင်ငံ မဲဆောက် ဘက်မှာ အလုပ်ဝင်နေပါပြီ။ သူကိုယ်တိုင်လည်း တဖက်တလမ်းက ဝင်ငွေရအောင် အလုပ်တခုလုပ်ချင်နေပေမဲ့ ယောက်ျားဖြစ်သူက သူ့ကို အိမ်မှာပဲနေဖို့သာ အကြံပြုပါတယ်။
“ကိုယ်က လုပ်ချင်စိတ်ရှိတယ်၊ ဒါပေမဲ့ သူက မခိုင်းဘူး၊ သူ့ကို ခိုင်းစားတယ်ပြောမှာ စိုးလို့၊ အရင်ကလည်း အလုပ်မခိုင်းဘူး၊ သူပဲထွက်လုပ်တယ်၊ အခုဆိုတော့ ပိုဆိုးတာပေါ့” လို့ သူ့အိမ်ထောင်ဘက်ရဲ့ သူ့အပေါ်ငဲ့ညှာတဲ့ သဘောထားကို နှင်းဝေက ပြောပြပါတယ်။
အဲဒီလိုပြောတဲ့အတွက် သူဟာ အိမ်ထောင်တခုမှာ မှီခိုသူအဖြစ်နေထိုင်တဲ့ မသန်စွမ်းအမျိုးသမီးတယောက်တော့ မဟုတ်ပါဘူး။ ကိစ္စတခုလုပ်မယ် ဆိုရင် သူ့ယောက်ျားက သူ့ကို တိုင်ပင်ပြီးမှ လုပ်တယ်၊ သူကိုယ်တိုင်လည်း ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ဆိုပါတယ်။
သူတို့ဟာ ချစ်လို့ကြိုက်လို့ ယူခဲ့ကြတဲ့ ငယ်လင်ငယ်မယားတွေပါ။ နှင်းဝေ အခုလိုဖြစ်သွားတဲ့အခါ အိမ်ထောင် ဘက်က သူ့အပေါ် အရင်ကလို ချစ်ပါ့တော့မလား၊ သည်းခံနိုင်ပါ့တော့မလားဆိုပြီး အခုလို စမ်းသပ်ဖူးတယ်လို့ ဆိုပါတယ်။
“မချစ်တော့လို့ ငါ့ကိုပစ်ထားခဲ့မယ်ဆိုလည်း စားစရိတ်တော့ပေးနော်၊ ငါ့မျက်နှာကို မထောက်လည်း ကလေးတွေ မျက်နှာထောက်ဦး”
အဲဒီလိုပြောတဲ့အခါ ယောက်ျားဖြစ်သူက သူ့စိတ်ထဲ အဲဒီလိုသဘောမျိုးရှိနေရင် သူ့နောက်လိုက်မလာဘဲ ရွာမှာပဲ နေမှာသာဖြစ်ကြောင်း ပြန်ပြောတတ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နှင်းဝေစိတ်ထဲတော့ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ အရာအားလုံးကို ကြိုတွေးထားပါတယ်။ အခုအချိန်ထိ ယောက်ျားက သူ့ပေါ်မှာ အရင်ကထက် ပိုပြီးဂရုစိုက်၊ ပိုပြီးအလိုလိုက်ပြီး သူ့ကိုစိတ်ချမ်းသာ အောင် ထားပါတယ်။
“အခုအချိန်ထိတော့ ဘာမှ ပြောင်းလဲ မဖောက်ပြန်သေးပါဘူး၊ ဘယ်အချိန် ဘယ်ကာလမှ ဖောက်ပြန်မလဲပေါ့၊ အဲအချိန်ဖောက်ပြန်ခဲ့ရင် ကိုယ်က ကြိုတွက်ရတာပေါ့၊ ခံနိုင်ရည် အရည်အချင်းရှိအောင်၊ တချိန်ချိန်မှာ ငါ့ကိုထား ခဲ့မှာပဲလေဆိုတဲ့ အတွေးမျိုး၊ ပုံစံမျိုးတွေးထားတယ်၊ အများကြီးတွေးထားတယ်” လို့ ဖြစ်လာမယ့် အခြေအနေကို ခံနိုင်ရည်ရှိရှိရင်ဆိုင်နိုင်အောင် ကြိုတွေးထားတဲ့ နှင်းဝေတယောက် အခုတော့ ဒီအကြောင်းကို ပြောနေရင်း ငိုချလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှင်းဝေ တို့လို ဘဝတွေဆုံးရှုံးခဲ့ရတဲ့ သာမန်အရပ်သူအရပ်သား ဘဝတွေဟာ ဒုနဲ့ဒေးပါ။ ဘယ်အချိန် တိုင်းပြည်ပြန်ကောင်းပြီး အိမ်ပြန်ရမလဲဆိုတာလည်း မတွေးနိုင်သေးပါ။ ဖြစ်ခဲ့ရတဲ့ ဒုက္ခတွေအတွက်လည်း ဘယ်သူ့ကိုမှလည်း မပြစ်မတင်ချင်ဘူးဆိုတဲ့ နှင်းဝေအတွက်တော့ ရလာတဲ့လက်ရှိဘဝ ကို အသားကျအောင်ကြိုးစားပြီး မိသားစုဘဝရှေ့ဆက်ဖိ့်နဲ့ ကလေးတွေ ပညာရေး ကောင်းမွန်ဖို့အတွက်သာ ခေါင်းထဲရှိတယ်လို့ ဆိုပါတယ်။
အခုလို မိုင်းထိခဲ့တာနဲ့ပတ်သက်လို့လည်း သူက “ကိုယ့်နောက်ကြောင်းမကောင်းလို့ ကိုယ့်ဝဋ်ကြွေးပေါ့၊ ဒီဘဝဒီမျှနဲ့ပဲ ကိုယ့်ဝဋ်ကြွေးကုန်အောင်ဆပ်မယ်” ပြောပါတယ်။
မွေးရာပါ ခြေထောက်တဖက်နဲ့ မျက်လုံး တလုံးကို ဆုံးရှုံးလိုက်ရတာတောင် ဘယ်သူကိုမှ အပြစ်တင်လိုခြင်းမရှိ၊ အတိတ်ဘဝကိုသာ အပြစ်ဆိုနိုင်စွမ်းရှိတဲ့ သာမာန်လူတဦးရဲ့ စကားလုံးတွေဟာ စစ်နဲ့သက်ဆိုင်ခြင်းမရှိသူ သာမာန် အရပ်သားတွေ ပြည်တွင်းစစ်ကြားမှာ ဘဝပေး၊ အသက်ပေး စတေးခံနေရတဲ့ အခြေအနေတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။
အခုတော့ သူဟာ ရှေ့ဆက်မယ့်အနာဂတ်အတွက် စဉ်းစားထားတာတွေရှိပါတယ်။ တခုက ခေတ်ကာလ အခြေအနေပြန်ကောင်းလို့ သူ့ဇာတိကိုပြန်ရရင် မုန့်ပဲချိုချဉ် လုပ်ရောင်းမယ်လို့ တွေးထားတယ်။ ပြီးတော့ လက်ရှိမှာလည်း စက်ချုပ်သင်တန်းတခုတက်ရောက်ဖို့ သူကြိုးစားနေပါတယ်။ သင်တန်းလျှောက်ထားပေမဲ့ တက်ခွင့်ရ၊ မရကို သူမသိသေးပါဘူး။
“စက်ချုပ်သင်တန်းတက်မယ်ဆိုပြီး၊ လုပ်နေတာ၊ အခုက အကြောင်းမပြန် သေးလို့” လို့ နှင်းဝေက သူဆက်လျှောက်မယ့် အနာဂတ်အစီအစဉ်နဲ့ မျှော်လင့်ချက်ကို ပြောပြပါတယ်။
*ကာယကံရှင်၏ လုံခြုံရေးအရအမည်လွှဲအသုံးပြုထားပါသည်။










