တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
အောက်တိုဘာလ ၁၇ ရက်ကနေ ၂၃ ရက်အထိ တပတ်တာအတွင်း အမျိုးသမီးဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်း အရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ်မှာလည်း ထုံးစံအတိုင်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်နဲ့ ပစ်ခတ်မှုတွေကြောင့် မြန်မာပြည်အနှံ့ ပဋိပက္ခဒေသတွေက အမျိုးသမီးတွေထိခိုက်သေဆုံးကြရတဲ့ သတင်းတွေနဲ့ ရန်ကုန်မြို့လယ်ခေါင်မှာတောင် မလုံခြုံတော့တဲ့ အမျိုးသမီးတွေရဲ့ဘဝကို ထင်ဟပ်နေတဲ့သတင်းတွေက နေရာယူထားဆဲဖြစ်ပါတယ်။
ဒီလိုအခြေအနေကြားထဲ လူထုစိတ်အားတက်စရာ အမျိုးသမီးသတင်း ၂ပုဒ်လည်း ရှိခဲ့ပါတယ်။
ဒီတပတ်မှာ လူထုအကြား စိတ်ဝင်စားဖွယ် သတင်းတွေထဲက သတင်းတပုဒ်က စစ်တပ်အာဏာသိမ်းပြီး ၆ နှစ်နီးပါးအထိ အပြင်လောကနဲ့ အဆက်အသွယ် ပြတ်တောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်အဲရစ်တို့ မိနစ် ၂၀ လောက် ဖုန်းပြောခွင့်ရခဲ့တဲ့ သတင်းပဲ ဖြစ်တယ်။
သားဖြစ်သူရဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုနဲ့ နိုင်ငံတကာဖိအားတွေကြောင့် ရလာတဲ့သက်ရောက်မှုအဖြစ် သားအမိ တွေ လေလှိုင်းပေါ်ကပြန်လည်ဆုံဆည်းခွင့်ရတဲ့အပေါ် လူထုကကိုယ်ချင်းစာစိတ်နဲ့ ဝမ်းမြောက်ခဲ့ကြပါတယ်။ တဖက်မှာ လည်း သားဖြစ်သူ ကင်မ်အဲရစ် တောင်းဆိုခဲ့သလိုမျိုး မိခင်ဖြစ်သူကို ဓားစာခံအဖြစ် အသုံးမချဖို့နဲ့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်တခုအဖြစ် အသုံးမချသင့်ကြောင်းကိုလည်း လူထုက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ထောက်ပြကြပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပဋိပက္ခကြောင့် ထိခိုက် ခံစားရသူတွေကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ မဲဆောက်အခြေစိုက် မယ်တော် ဆေးခန်း (Mae Tao Clinic – MTC) တည်ထောင်သူနဲ့ ဒါရိုက်တာ ဒေါက်တာ စင်သီယာမောင်က ဂျပန်နိုင်ငံမှ ပေးအပ် ချီးမြှင့်တဲ့ အိုကီနာဝါ ငြိမ်းချမ်းရေးဆု (Okinawa Peace Prize)တက်ရောက်ရယူတဲ့သတင်းကလည်း ဂုဏ်ယူစရာ သတင်းတပုဒ်ဖြစ်ပါတယ်။
စစ်ရေးပဋိပက္ခတွေကြား ဒုက္ခအတိရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို နှစ်ပေါင်း ၃၅ နှစ်ကြာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ မယ်တော်ဆေးခန်းဟာ ယခင် ဂျပန်အခြေစိုက်အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကိုသာ ၂ နှစ် ၁ ကြိမ်သာ အဓိက ရွေးချယ်ချီးမြှင့်လေ့ရှိတဲ့ အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို ယခုနှစ် ၁၃ ကြိမ်မြောက်မှာ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် မြန်မာနိုင်ငံသားအစုအဝေးအလိုက် လူမှုဒုက္ခနဲ့ စီးပွားရေးအကြပ်အတည်းတွေကို ခါးစည်းခံနေရတာကို သိသာထင်ရှားစေတဲ့ပြယုဒ်သတင်း တပုဒ်က ရန်ကုန်က အထည်ချုပ်စက်ရုံ ၄ရုံပိတ်သိမ်းမှာမို့ အမျိုးသမီးအလုပ်သမား ၁သောင်းနီးပါး အလုပ်လက်မဲ့ဖြစ်တော့မယ့်သတင်း ဖြစ်ပါတယ်။
လက်ရှိ စီးပွားရေးနဲ့ ကုန်ဈေးနှုန်း အကျပ်အတည်းတွေကြားမှာ အခြေခံအထည်ချုပ် အမျိုးသမီး အလုပ်သမားတွေနဲ့ မှီခိုနေရတဲ့ မိသားစုဝင်သိန်းနဲ့ချီအတွက် စိုးရိမ်စရာကောင်းတဲ့ သတင်းတခု ဖြစ်တယ်။
ဒီသတင်းတွေအပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီး နဲ့သက်ဆိုင်တဲ့ သတင်း ၁၅ ပုဒ်ကို ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
- ရန်ကုန်အထည်ချုပ်စက်ရုံ ၄ ရုံ ပိတ်သိမ်းဖို့ပြင်၊ အမျိုးသမီးအလုပ်သမား ၁ သောင်းနီးပါး လက်မဲ့ဖြစ်နိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူတို့ ၅နှစ်ကျော်ကြာပြီး နောက် စကားပြောခွင့်ရ
- ရန်ကုန်မြို့လယ်မှာ EV ကားနဲ့အမျိုးသမီး ၁ဦးကို လူငယ် ၃ဦးက ပြန်ပေးဆွဲသွားလို့ဆို
- ရခိုင်လူမျိုး မရည်မွန်မြတ် ဂျပန် SV လိဂ် ဘော်လီဘော အဖွင့်ပွဲစဉ်မှာ လက်စွမ်းပြပြီး MVP ဆု ဆွတ်ခူး
- ဒေါက်တာ စင်သီယာမောင် အိုကီနာဝါ ငြိမ်းချမ်းရေးဆု တက်ရောက်ယူ
- ရန်ကုန်မှာ ကိုရီးယားဇနီးမယားအဖြစ် ရောင်းစားဖို့စီစဉ်သူ အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ
- ဘန်ကောက်သွားမယ့် အမျိုးသမီးတွေအပါအဝင် မြန်မာလူငယ် ၂၇ ဦး ချင်းမိုင်ဘူတာ၌ အဖမ်းခံရ
- အမျိုးသမီး ၂၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ထိုင်းအစိုးရက ကော့သောင်းသို့ ပြန်ပို့
- လေးမျက်နှာတွင် အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး
- ရေစကြို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅ ဦးအပါအဝင် ၁၂ ဦး သေဆုံး
- ဘုတလင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၆ ဦး သေဆုံး
- ပခုက္ကူမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ အမျိုးသမီး ၃ ဦးအပါအဝင် ၄ ဦးသေဆုံး
- ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီးနှစ်ဦး ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရရှိ
- ပင်လောင်း အမျိုးသမီးတဉီး ငရုတ်ခြံတွင် အသတ်ခံရ
- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်
ရန်ကုန်အထည်ချုပ်စက်ရုံ ၄ ရုံ ပိတ်သိမ်းဖို့ပြင်၊ အမျိုးသမီး အလုပ်သမား ၁ သောင်းနီးပါး လက်မဲ့ဖြစ်နိုင်
Source – ဧရာဝတီ
ရန်ကုန်မြို့ရှိ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာနဲ့ မှော်ဘီမြို့နယ်က အထည်ချုပ်စက်ရုံ ၄ ရုံမှာ ကုန်ကြမ်းနဲ့ အပ်ထည် အမှာစာလျော့နည်းလာလို့ ယခုအောက်တိုဘာလအတွင်း ပိတ်သိမ်းဖို့ ရှိနေတာကြောင့် အလုပ်သမား တသောင်းနီးပါး အလုပ်အကိုင် ဆုံးရှုံးနိုင်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS – TUsF) က ထုတ်ပြန်ပါတယ်။
လက်ရှိပိတ်သိမ်းဖို့ ပြင်နေတဲ့ စက်ရုံတွေထဲက ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄) ရှိ အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိတဲ့ အထည်ချုပ်စက်ရုံမှာ အောက်တိုဘာ ၂၁ ရက်မှာ ပိတ်သိမ်းဖို့ စီစဉ်ထားပြီး လှိုင်သာယာစက်မှုဇုန်ရှိ အလုပ် သမား ၁,၀၀၀ ဝန်းကျင်ရှိတဲ့ အထည်ချုပ်စက်ရုံမှာ အောက်တိုဘာ ၂၂ ရက်မှာ ပိတ်သိမ်းမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မှော်ဘီမြို့နယ်၊ ရန်ကုန်- ပြည်လမ်းမကြီးပေါ်ရှိ အလုပ်သမား ၅,၀၀၀ ကျော်ရှိတဲ့ အထည်ချုပ်စက်ရုံမှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ကာ အလုပ်သမား လျှော့ချမှုများ ပြုလုပ်ခဲ့ပြီး ယခု အောက်တိုဘာ ၃၀ ရက်မှာ ပိတ်သိမ်းမည်ဖြစ်တဲ့အပြင် မင်္ဂလာဒုံစက်မှုဇုန်ရှိ အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိတဲ့ အထည်ချုပ်စက်ရုံ တရုံလည်း ပိတ်သိမ်းဖို့ ရှိနေကြောင်း သိရပါတယ်။
အခုလို အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းတာကြောင့် ် အလုပ်သမား တသောင်းနီးပါး အလုပ်အကိုင်ဆုံးရှုံးနိုင်တဲ့အတွက် စက်ရုံ ပိတ်သိမ်းရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ကူညီဆောင်ရွက်ပေးနေကြောင်း အလုပ်သမားအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူတို့ ၅နှစ်ကျော်ကြာပြီး နောက် စကားပြောခွင့်ရ
Source – HI
ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခေါ်)ကင်မ်အဲရစ်တို့ ၅နှစ်ကျော်ကြာပြီးမှ ပထမဆုံးအကြိမ် စကား ပြောခွင့်ရခဲ့တယ်လို့ ကင်မ်အဲရစ်က အောက်တိုဘာ၂၂ရက်က သူ့ရဲ့ လူမှုကွန်ရက်ကနေ အသိပေးပြောဆိုခဲ့သလို အာဏာသိမ်းအစိုးရကလည်း ဓာတ်ပုံနဲ့တကွထုတ်ပြန်ခဲ့ပါတယ်။
“ဒီနေ့ ၅နှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြား ရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်” လို့ ကင်မ်က ရေးသားခဲ့ပါ တယ်။
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၎င်းဘက်မှ ရပ်တည်အားပေးကြသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ မိခင်ဖြစ်သူ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေး ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံအဖြစ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ပေးရေးနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးမချသင့်ဘူးလို့ ကင်မ်အဲရစ်က ရေးသားထားပါတယ်။
သားဖြစ်သူ ကင်မ်အဲရစ်က မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြ ဖို့ Proof Of Life ကမ်ပိန်းအပြင် မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့ အတွက် Free Her ကမ်ပိန်းတွေကို ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်က ဗြိတိန်ဘုရင် ချားလ်စ်က ဒေါ်အောင်ဆန်းစုကြည် ကို စာအုပ် ၂ အုပ်နဲ့ အိတ်ပိတ် စာတစောင်နဲ့ သံတမန်ရေးရာစာတစောင်ပေးပို့ခဲ့တယ်လို့ တအိတ် ပေးပို့ခဲ့ပါသေးတယ်။
၂၀၂၆ သြဂုတ်လက ICRC ကိုယ်စားလှယ်တဦးနဲ့တွေ့ဆုံခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သလို၊ အာဆီယံက ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိလွှတ်ပေးဖို့တောင်းဆိုခဲ့ပေမယ့် စစ်အုပ်စုက ပယ်ချခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ရက်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ လက်ရှိမှာ ထိန်းသိမ်းခံထားရတာ ၆နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ်အဲရစ် တို့ အောက်တိုဘာလ ၂၂ ရက်၊ နေ့လယ် ၂ နာရီခွဲအချိန်ကစပြီး ၂နာရီ ၅၀ အထိ မိနစ်၂၀ အကြာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးက တဆင့် တယ်လီဖုန်း ပြောဆိုခဲ့တယ်လို့ အာဏာသိမ်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့လယ်မှာ EV ကားနဲ့အမျိုးသမီး ၁ဦးကို လူငယ် ၃ဦးက ပြန်ပေးဆွဲသွားလို့ဆို
Source – People’s Spring
ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်ရှေ့က MG EV Charging Station မှာ အမျိုးသမီး ၁ဦးကို လူငယ် ၃ဦးက ပြန်ပေးဆွဲခေါ် ဆောင်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“လူငယ်တွေလို့ သိရတယ်။ တစ်ယောက်က ကားကို မောင်းသွားတယ်။ နှစ်ယောက်က ကားပေါ်ကိုခေါ်တင်သွားတယ်” လို့ CCTV မှတ်တမ်းတွေအရ သိရတယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးနေသူဟာ မနှင်းလဲ့လဲ့ပိုင် ဖြစ်ပြီး အောက်တိုဘာ ၂၁ရက် ညနေ ၆ နာရီခွဲလောက်မှာ EV ကားအားသွားသွင်း ရင်း အဆက်အသွယ်ပြတ်တောက်ကာ ကားရောလူပါ ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေကလည်း လူမှုကွန်ရက် မှာ အကူအညီတောင်းခံထားကြပါတယ်။
ကားအမျိုးအစားက Dongfeng Nammi EV ဖြစ်ပြီး ကားနံပါတ်က HH-4713 ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ပျောက်ဆုံးသူကYP Educationတည်ထောင်သူဖြစ်ပြီးကူညီရှာဖွေပေးကြဖို့YP Education ရဲ့ပေ့ချ်မှာ အောက်တိုဘာ၂၂ ရက်မှာ တင်ထားပါတယ်။ “လောလောဆယ်အထိတော့ရှာဖွေတုန်းပါ” လို့ YP Education ကိုဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားပါတယ်။
ပျောက်ဆုံးသူကိုတွေ့ရှိရင် 09254065870 ၊ 09972429048 တွေကိုဆက်သွယ်နိုင်တယ်လို့ YP Education က အသိပေး ထားပါတယ်။
ရခိုင်လူမျိုး မရည်မွန်မြတ် ဂျပန် SV လိဂ် ဘော်လီဘော အဖွင့်ပွဲစဉ်မှာ လက်စွမ်းပြပြီး MVP ဆု ဆွတ်ခူး
Source – Dawei Watch
ဂျပန်နိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ရခိုင်လူမျိုး အသက် ၁၉ နှစ်အရွယ် မရည်မွန်မြတ်ဟာ ၂၀၂၆-၂၇ ရာသီ “Daido Life SV.LEAGUE WOMEN” ဘော်လီဘောပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ Denso Airybees အသင်းရဲ့ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့တယ်။
အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ ပြိုင်ဘက် Saitama Ageo Medics အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ခဲ့ရာမှာတော့ Denso Airybees အသင်းက ၂ ပွဲစလုံး အနိုင်ရရှိခဲ့ပြီး တာထွက်လှခဲ့ပါတယ်။
ဒီပွဲစဉ်တွေမှာ ကျောနံပါတ် ၁၇ ပိုင်ရှင် မရည်မွန်မြတ်က တိုက်စစ်ပိုင်းကနေ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့တာကြောင့် အောက်တိုဘာ ၁၇ ရက် ပထမပွဲမှာတင် အကောင်းဆုံးကစားသမားဆု (MVP) ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၈ ရက် အကြိတ်အနယ်ကစားခဲ့ရတဲ့ ဒုတိယပွဲမှာလည်း သူတစ်ယောက်တည်း ၂၈ မှတ်အထိ ရယူပေးပြီး အသင်းကို အနိုင်ရအောင် ဦးဆောင်ပေးနိုင်ခဲ့တာပါ။
အရပ် ၅ ပေ ၁၀ လက်မဝန်းကျင်ရှိတဲ့ မရည်မွန်မြတ်ဟာ အားကစားမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး သူ့ရဲ့ဖခင် ဦးမြတ်သူဟာ မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမားဟောင်းတစ်ဦး ဖြစ်သလို၊ အစ်ကိုဖြစ်သူ ကိုကောင်းဇံမြ ကလည်း ဂျပန်ထိပ်တန်းကလပ် FC Machida Zelvia အသင်းမှာ ပရော်ဖက်ရှင်နယ် ဂိုးသမားအဖြစ် ရပ်တည်နေပါတယ်။
Denso Airybees အသင်းဟာ လာမယ့် အောက်တိုဘာ ၂၃ ရက်မှာ SAGA Hisamitsu Springs အသင်းနဲ့ အိမ်ကွင်း အဖွင်ပွဲ ဆက်လက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်။
ဒေါက်တာ စင်သီယာမောင် အိုကီနာဝါ ငြိမ်းချမ်းရေးဆု တက်ရောက်ယူ
Source – ဧရာဝတီ
မြန်မာနိုင်ငံမှစစ်ဘေးရှောင်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူတွေကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ မဲဆောက်အခြေစိုက် မယ်တော်ဆေးခန်း (Mae Tao Clinic – MTC) တည်ထောင်သူနဲ့ ဒါရိုက်တာ ဒေါက်တာ စင်သီယာမောင်က ဂျပန်နိုင်ငံမှပေးအပ်ချီးမြှင့်တဲ့ အိုကီနာဝါငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို တက်ရောက်ယူခဲ့ပါတယ်။
၂ နှစ် ၁ ကြိမ်သာပေးအပ်တဲ့ အိုကီနာဝါ ငြိမ်းချမ်းရေးဆုကို ယခင် ဂျပန်အခြေစိုက်အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေကိုသာ အဓိက ရွေးချယ်ချီးမြှင့်လေ့ရှိပြီး ယခုနှစ် ၁၃ ကြိမ်မြောက်မှာ “မယ်တော်ဆေးခန်း” က ပထမဦးဆုံးအကြိမ် ရရှိခဲ့တာဖြစ် တယ်။
ဒေါက်တာ စင်သီယာမောင်က “အလှူရှင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ ဝန်ထမ်းတွေ၊ စေတနာ့ ဝန်ထမ်းတွေနဲ့ ကျမတို့ ရဲ့လုပ်ငန်းတွေကို ကူညီပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒီအောင်မြင်မှုဟာ ၁၉၈၉ ခုနှစ်ကတည်းက မယ်တော် ဆေးခန်းနဲ့အတူ လက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ လူအများအပြားရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ပြသ နေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
မယ်တော်ဆေးခန်းအနေနဲ့ အကူအညီလိုအပ်နေသူတွေကို ဆက်လက်စောင့်ရှောက်သွားမယ်လို့လည်း အသိပေးထားပါ တယ်။
ရန်ကုန်မှာ ကိုရီးယားဇနီးမယားအဖြစ် ရောင်းစားဖို့စီစဉ်သူ အလုပ်နဲ့ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ
Source – BBC
ရန်ကုန်မြို့က အမျိုးသမီး ၁ ဦးကို ကိုရီးယားနိုင်ငံသားရဲ့ ဇနီးမယားအဖြစ် ရောင်းစားဖို့စီစဉ်ခဲ့သူကို အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းစာက ဒီကနေ့ထုတ်ပြန်ပါတယ်။
ရောင်းစားဖို့စီစဉ်ခဲ့သူလို့ဆိုတဲ့အမျိုးသမီးကို အလုံခရိုင်တရားရုံးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့တာလို့ ဖော်ပြပါတယ်။ ဒီလို ရောင်းစားဖို့ စီစဉ်ခဲ့သူ အမျိုးသမီး ၂ ဦးထဲမှာ ဖမ်းမိခဲ့သူ ၁ ဦးကို အခုလို အမိန့်ချလိုက်တာပါ။
ရောင်းစားခံရသူဟာ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် (ခ) ရပ်ကွက်၊ မြရတနာ (၅) လမ်းနေထိုင်တဲ့ အမျိုးသမီး ၁ ဦးဖြစ်တယ်။ ရောင်းစားဖို့ စီစဉ်ခဲ့သူ ၂ ဦးမှာ ၁ ဦးက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းရပ်ကွက်၊ ထီးတန်း ကမ်းနားလမ်းက ဖြစ်ပြီး နောက် ၁ ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကြည့်မြင်တိုင်မြို့နယ်၊ ဝဇီယာ ၆ လမ်းမှာ နေထိုင်သူပါ။
ကိုရီးယားနိုင်ငံသားကို လက်ထပ်ရင် သိန်း ၁၀၀ နဲ့ တင်တောင်းခံရမယ်၊ လစဉ်ထောက်ပံ့ကြေးရမယ့် အပြင် မိသားစုဝင် တွေကိုလည်း ကိုရီးယားမှာ အလုပ်အကိုင်ရရှိနိုင်တဲ့ အခွင့်အရေးတွေရမယ်လို့ အမျိုးသမီး ၁ ဦးကို သူတို့ ၂ ဦးက ဆွဲ ဆောင်စည်းရုံးခဲ့တာလို့ ဆိုပါတယ်။
ဘန်ကောက်သွားမယ့် အမျိုးသမီးတွေအပါအအဝင် မြန်မာလူငယ် ၂၇ ဦး ချင်းမိုင်ဘူတာ၌ အဖမ်းခံရ
Source – ဧရာဝတီ
ထိုင်းနိုင်ငံ ချင်းမိုင် ရထားဘူတာ ပလက်ဖောင်းတဝိုက်ကို ထိုင်း ရဲတပ်ဖွဲ့ယမန်နေ့က ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ရာ ဘန်ကောက်သို့ အလုပ်သွားလုပ်မည့် မြန်မာလူမျိုး ၂၇ ဦးအပါအဝင် ၃၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု ချင်းမိုင် မယ့်ပင်းရဲစခန်းက သတင်းထုတ်ပြန်သည်။
မယ့်ပင်းရဲစခန်းတာဝန်ရှိသူများသည် ပြစ်မှုကျူးလွန်မှုနှင့် ဥပဒေချိုးဖောက်မှုများကို ကာကွယ်နှိမ်နင်းရန်အတွက် ချင်းမိုင်မြို့နယ်၊ ချင်းမိုင် ရထားဘူတာ ပလက်ဖောင်းဧရိယာ၌ ပိတ်ဆို့ရှာဖွေသည့် စစ်ဆင်ရေးကို ပူးပေါင်းဆောင် ရွက်ခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိသည့် သံသယရှိသူ ၃၅ ဦးအနက် မြန်မာနိုင်ငံသား ၂၇ ဦးကို “ခွင့်ပြုချက်မရှိဘဲ (သို့မဟုတ် ပြည်ဝင်ခွင့် သက်တမ်းကုန်ဆုံး/ရုပ်သိမ်းခံရပြီးနောက်) ထိုင်းနိုင်ငံအတွင်း နေထိုင်မှု၊ ဥပဒေအရ အမိန့်များကို လိုက်နာရန် ပျက်ကွက်မှုတို့ဖြင့် အရေးယူခဲ့သည်။
အဆိုပါမြန်မာလူငယ်များမှာ ပွဲစားကို ငွေကျပ် ၃၅ သိန်းထိပေးကာ မယ်ဆိုင်မှတဆင့် ချင်းမိုင်နှင့် ချင်းမိုင်မှတဆင့် ရထားဖြင့် ဘန်ကောက်သို့ အလုပ်သွားလုပ်ရန် ခေါ်ဆောင်လာစဉ် အဖမ်းခံရခြင်းဖြစ်သည်။
ထို့နောက် တရုတ်နိုင်ငံသား ၂ ဦးအား နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူခဲ့ပြီး ထိုင်းနိုင်ငံသား ၄ ဦးကိုမူ “တရားမဝင် ပြည်ဝင်လာသူ နိုင်ငံခြားသားများ ကူညီပေးမှု” စွပ်စွဲချက်ဖြင့် အရေးယူခဲ့ကာ ဖမ်းဆီးရမိသူ အားလုံးကို ဥပဒေအရ ဆောင်ရွက်နိုင်ရန် စုံစမ်းစစ်ဆေးရေး အရာရှိထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အမျိုးသမီး ၂၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ထိုင်းအစိုးရက ကော့သောင်းသို့ ပြန်ပို့
Source – Dawei Watch
ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို အောက်တိုဘာ ၂၀ ရက်မှာ ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ရနောင်းလုံခြုံရေးဌာနထံမှ သိရပါတယ်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၁၅ ဦး၊ အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၁၃၇ ဦးကို ကလေးငယ်နှစ်ဦးနဲ့အတူ့ မြန်မာစစ်အစိုးရ ထံ့ ပြန်လွှဲပြောင်းခဲ့တာဖြစ်တယ်။
ယခု ပြန်ပို့မှုဟာ ၂၀၂၆ ခုနှစ်အတွင်း ၁၄ ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံသား ၁,၃၈၉ ဦးကို ကော့သောင်းသို့ လွှဲပြောင်းပြီး ဖြစ်ကြောင်း သိရပါတယ်။
လေးမျက်နှာတွင် အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး
Source – DVB
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဝါးတောကွင်းကျေးရွာက အမျိုးသမီးတယောက် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၈ ရက် မနက် ၁၀ နာရီလောက်က ဝါးတောကွင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် ဒေါ်လှလှရီဟာ ကျေးရွာအနီး တောထဲကို မျှစ်သွားရှာရင်း မြေမြှုပ်မိုင်းနင်းမိခဲ့တာ ဖြစ်တယ်။
ဒေသခံတယောက်က “တောထဲကို မျှစ်သွားရှာရင်း မိုင်းနင်းမိတာလို့ သိရတယ်၊ ခန္ဓာကိုယ်တခုလုံးမှာ ဒဏ်ရာတွေရရှိပြီး သေဆုံးသွားတာ၊ အခုလိုဖြစ်စဉ်တွေကြောင့် ဒေသခံတွေ အနေနဲ့ တောထဲသွားလာရမှာကို စိုးရိမ်နေကြရတယ်” လို့ ပြောပါတယ်။
ဝါးတောကွင်းကျေးရွာအနီးမှာ တောတောင်တွေရှိပြီး ဒေသခံတွေဟာ စားဝတ်နေရေးအတွက် တောထဲကို မျှစ်ရှာဖွေတာနဲ့ သဘာဝသစ်တောထွက်ပစ္စည်းတွေ ရှာဖွေတာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
ရေစကြို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅ ဦးအပါအဝင် ၁၂ ဦး သေဆုံး
Source – People’s Spring
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်ခံခဲ့ရလို့ အမျိုးသမီး ၅ ဦးနဲ့ ၁ နှစ်ခွဲကလေးငယ်အပါ အဝင် ၁၂ ဦးသေဆုံးခဲ့တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်း ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်။
သေဆုံးသူတွေဟာ မောင်အောင်ဖုန်းခန့် (၂၃ နှစ်)၊ ဒေါ်ညို (၈၀ နှစ်)၊ ဒေါ်ကြည်ဝင်း (၇၀ နှစ်)၊ ကိုသန်းလင်း (၃၀ နှစ်)၊ မအေးမြတ်သူ (၂၉ နှစ်)၊ မောင်ဆန်းလင်းအောင် (၂၅ နှစ်)၊ မအိသက်လျာမင်း (၁၈ နှစ်)၊ မအေးသန်းကြွယ်ရဲ့ကလေး ( ၁ နှစ် ၆ လ)၊ ကိုဖိုးချွန် (၃၅ နှစ်)၊ မောင်ရဲလင်းသူရိန် (၇ နှစ်)၊ ဒေါ်အေးသန်းကြွယ် (၃၉ နှစ်)၊ ဦးအောင်ဌေး (၆၅ နှစ်) တို့ဖြစ် ကြောင်း အထက်ပါကော်မတီက ထုတ်ပြန်ပါတယ်။ ဒေါ်အေးသန်းကြွယ်ဟာ (၁)နှစ်ခွဲကလေးရဲ့မိခင်ဖြစ်ပြီး သားအမိ ၂ဦးလုံး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ဘုတလင်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၆ ဦး သေဆုံး
Source – People’s Spring
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီနေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးခဲ့ရပါတယ်။
အောက်တိုဘာ ၂၀ ရက် နေ့လယ် ၂ နာရီခွဲခန့်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော် ပတာတစ်စီးဟာ ဘုတလင်မြို့နယ် ကွမ်းခြံကျေးရွာကို တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံး သွားကြောင်း ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရရှိပြီး နေအိမ်၂လုံးလည်း ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူအမျိုးသမီးတွေဟာ အသက် ၄၁ နှစ်အရွယ် ၁ဦး၊ အသက် ၁၇နှစ်အရွယ် ၁ဦး၊ အသက် ၁၅နှစ်အရွယ် ၁ဦး၊ အသက် ၁၃နှစ်အရွယ် ၁ဦးတို့ဟာ သားအမိ ၄ဦး မိသားစုလိုက် သေဆုံးခဲ့ရတာဖြစ်တယ်။
နောက်ပြီး သေဆုံးသူ အသက် ၂၂နှစ်အရွယ်နဲ့ အသက်၁၇နှစ်အရွယ် အမျိုးသမီး ၂ ဦးကလည်းညီအမ ၂ ဦးဖြစ်တယ်လို့ ဒေသခံ ကိုဇင်မင်းသန်းက ပြောပါတယ်။
ပခုက္ကူမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ အမျိုးသမီး ၃ ဦးအပါအဝင် ၄ ဦးသေဆုံး
Source – မြေလတ်အသံ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အုန်းတောကျေးရွာမှာ အရပ်သားတွေရဲ့ နေအိမ်တွေအပေါ်ကို စက်တပ်လေထီးနဲ့ ဗုံးကြဲခံရ လို့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၇၀ ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး နေရာတင် သေဆုံးသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။
အောက်တိုဘာလ ၁၈ ရက်၊ ညနေ ၄ နာရီခန့်မှာ ညောင်ဦးကနေ တက်လာတဲ့ စက်တပ်လေထီး ၃ စီးဟာ ကျေးရွာ အလယ်က ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂ လုံးနဲ့ ရွာမြောက်ပိုင်းက နေအိမ်တွေအပေါ် တနေရာကို ဗုံးသီး ၂ စီးနဲ့ စုစုပေါင်း ၄ လုံး ကြဲချခဲ့တာဖြစ်တယ်။
“အိမ်နှစ်လုံးပေါ် အတည့်ကျတာ၊ တလုံးက မီးလောင်တာ၊ အခုမနက်မှ ဆုံးတာ တယောက်၊ နေရာတင်ဆုံးတာ ၄ ယောက် အကုန်အပြတ်တွေပေါ့ ဟိုတနေရာ ဒီတနေရာ ကောက်ရတာပေါ့၊ အူတွေ အသည်းတွေတောင် လိုက်ကောက်နေရတုန်း” လို့ ရွာခံတဦးက ပြောပါတယ်။
ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီးနှစ်ဦး ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရရှိ
Source – မြစ်ကြီးနားသတင်းဂျာနယ်
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာမှာ ဒီကနေ့ မနက် ၄ နာရီခန့်က မိုးမလင်းဈေးသွားတဲ့ အမျိုးသမီးနှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းဆေးရုံကုန်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတပ်က အဲဒီအမျိုးသမီးနှစ်ဦးကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မိုးမလင်းဈေးသွားတာ သူတို့နေတဲ့နေရာနားမှာ ဆိုင်ကယ်ဓာတ်ဆီကုန်တော့ ဆိုင်ကယ်တွန်းသွားတဲ့အချိန် ပစ်တာတဲ့။ အဲဒီမှာ စစ်တပ်ကလာထိုင်နေတော့ ပြည်သူတွေ ကျီးလန့်စာစားနေကြရတယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
ဒီပစ်ခတ်မှုကို စစ်အုပ်စုဘက်က ပြုလုပ်တာလို့ ဒေသခံတွေက ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး၊
အဲဒီပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် မမိုးမိုးထွန်း ရင်ဘတ်ထိမှန်၊ မမြင့်မြင့်မိုး အသက် ၂၀ ကျော် ခြေသလုံးထိမှန် ဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် လက်ရှိ ဆေးကုသမှု ခံယူနေတယ်လို့လည်း သိရပါတယ်။
ပင်လောင်း အမျိုးသမီးတဉီး ငရုတ်ခြံတွင် အသတ်ခံရ
Source – သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ငရုတ်ခြံတခြံမှာ အမျိုးသမီး ဓားဒဏ်ရာများဖြင့် သေဆုံးနေတဲ့ ရုပ်အလောင်း တွေ့ရှိကြောင်း သတင်းရရှိပါတယ်။
ပြီးခဲ့သည့် (အောက်တိုဘာ ၁၉ ရက်) မနက်ပိုင်းတွင် ပင်လောင်းမြို့နယ် တံခါးယဉ်ကျေးရွာရဲ့အရှေ့ဘက် ၄ မိုင်ခန့်အကွာ ငရုတ်ခြံသို့ တဉီးတည်းသွားရောက်ခဲ့ပြီး နေအိမ်သို့ ပြန်မရောက်လာသဖြင့် မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာ ၂၀ ရက်) နေ့လယ် ၁၂ နာရီခွဲခန့်မှာ ဒီအမျိုးသမီးကို ငရုတ်ခြံအတွင်း ဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ပင်လောင်းမြို့နယ် ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
“ခြံသွားရင်း နဲ့ အသတ်ခံရတာပါ။ရှာလို့ပြန်တွေ့တော့လည်း ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ ကိုပဲ တွေ့ကြ။ ဘာကြောင့် အသတ်ခံရလဲဆိုတာလည်း မသိရဘူး။ကြည့်ရတာ ခြံသွားတဲ့နေ့ကလည်း အသတ်ခံရတဲ့ ပုံစံပါပဲ။” လို့ အမျိုးသားတဦးက ဆိုပါတယ်။
ဒါ့အပြင် သေဆုံးသူရဲ့ရွှေနားကပ်၊ ဖုန်းနဲ့ ပိုက်ဆံတွေလည်း ပျောက်ဆုံးတာမရှိဘဲ ကျန်ရှိခဲ့ပြီး ဘာကြောင့် သတ်တယ်ဆို တာ မသိရှိကြောင်း သူက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိပြီး ခင်ပွန်းနဲ့ ကလေး ၂ ဦးကျန်ရှိ ကြောင်း သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်
Source – DVB
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာစေရေးနဲ့ အမြန်ဆုံးလွတ် မြောက်ရေး အပတ်စဉ် အင်္ဂါနေ့တိုင်း ဆုတောင်းပွဲကို အောက်တိုဘာ ၂၀ ရက် ဒီကနေ့ မနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆုတောင်းပွဲမှာ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ၊ CDM ဝန်ထမ်းတွေ၊ NLD အဖွဲ့ဝင်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်ခဲ့ကြတယ်။
NLD တွံတေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က “ဗုဒ္ဓဘာသာ ယုံကြည်မှုအရ ပြင်းထန်လေးနက်တဲ့ ဆုတောင် ခြင်းဟာ အောင်မြင်မှုကို ဖြစ်စေပါတယ်။ ဒါပေမဲ့ ဆုတောင်းတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကို တခြားသော လှုပ်ရှားမှု မျိုးစုံကိုလည်း လုပ်ကြရမယ်” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ စစ်အာဏာရှင်ရဲ့ အကျဉ်းထောင်တွေကနေ အမြန်ဆုံးပြည်လည် လွတ်မြောက်ရေး အပတ်စဉ် အင်္ဂါနေ့တိုင်း ဆုတောင်းပွဲကို မဲဆောက်မြို့မှာ စက်တင်ဘာ ၁၅ ရက်က စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီကနေ့ ၆ ကြိမ်မြောက်ပြုလုပ်တာ ဖြစ်တယ်။




