တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ – စက်တင်ဘာလ ၂၆ ရက်ကနေ အောက်တိုဘာလ ၂ ရက်အထိ၊ ၂၀၂၆
စက်တင်ဘာလ ၂၆ ရက်ကနေ အောက်တိုဘာလ ၂ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ်မှာ စစ်ဘေးနဲ့ ရေဘေး၊ မြေပြိုတဲ့ဘေးအန္တရာယ်ကို တပြိုင်တည်း ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေ ထိခိုက်သေကြေပျက်စီးတဲ့သတင်းတွေက မြန်မာသတင်းမီဒီယာတွေမှာ မှတ်တမ်းတင်ထားခဲ့ကြပါတယ်။
အဲဒီလိုသတင်းတွေထဲက မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို ထိခိုက်ကြေကွဲစေတဲ့ ဝမ်းနည်းစရာဖြစ်ရပ်တခု ကတော့ ရခိုင်ပြည်၊ ကျောက်တော်မြို့က စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူစည်ကားရာ ဈေးတခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်တဦးဟာ မီးလောင်ပြင်မှာ ဝမ်းဗိုက်ပွင့်ထွက်ပြီး၊ သန္ဓေသားပါ မီးလောင်သေဆုံးခဲ့တဲ့ ဖြစ်ရပ်ပါ။
စစ်တပ်ရဲ့ အဆုံးစွန်ရက်စက်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို ကမ္ဘာက ပိုမိုအာရုံစိုက်မိစေတဲ့ ဒီလေကြောင်းဗုံးကြဲမှုမှာ အရပ်သား ၅၀ ကျော် သေဆုံးခဲ့ရပြီး အဖွဲ့အစည်းအသီးသီးနဲ့ ကုလသမဂ္ဂ ထိပ်တန်း တာဝန်ရှိသူတွေကပါ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချထားပါတယ်။
တနိုင်ငံလုံး စစ်ရေးပဋိပက္ခမီးတောက်လောင်နေချိန် တိုင်းနဲ့ပြည်နယ်အသီးသီးကနေ စစ်ဘေး၊ သဘာဝဘေးဒဏ်က တိမ်းရှောင်နေသူတွေခိုလှုံနေကြတဲ့ ရန်ကုန်လို မြို့ကြီးပေါ်မှာ လူငယ်လူရွယ်အမျိုးသားတွေကို ပေါ်တာဆွဲတဲ့ ဖြစ်စဉ်တွေ အဆက်မပြတ်ဖြစ်နေတဲ့ကြားက အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ ပြန်ပေးဆွဲမှုတွေ ဖြစ်လာ ဆိုတဲ့သတင်းကလည်း လူထုကို ထိတ်လန့်တုန်လှုပ်စေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။ မလုံခြုံတဲ့ နေ့စဉ်လူမှုဘဝတွေကို ဒီသတင်းမှာ မြင်တွေ့ရပါတယ်။
နောက်ထပ်သတင်းတပုဒ်ကတော့ သာမန် စစ်ရေးသတင်း မဟုတ်ဘဲ နွေဦးတော်လှန်ရေးရဲ့ နောက်ကွယ်က “ငွေကြေးစီးဆင်းမှုနဲ့ ဒစ်ဂျစ်တယ်စစ်ပွဲကို ဖော်ပြထားတဲ့ “PRF အစီအစဉ်ကနေ PDF ကို ထောက်ပံ့သူ ၂၀ ကျော်ကို ဖမ်းဆီးထားတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်”တဲ့သတင်းပါ။
ပြည်တွင်းမှာ စိုးရိမ်ထိတ်လန့်မှုတွေကြားကနေ ဘဏ္ဍာငွေ ထောက်ပံ့နေကြသူတွေ၊ NUG Pay, Wave Pay စတဲ့ ငွေကြေး လည်ပတ်မှုယန္တယားကို အသုံးပြုနေသူတွေအတွက် လုံခြုံရေးအရ တိုက်ရိုက် သက်ရောက်မှုရှိတဲ့ သတိပေးချက်တခု ဖြစ်သွားခဲ့တယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် အခြေခံထားတာ ဖြစ်တဲ့အတွက် “ဒီအချက်အလက်တွေက သတင်းပေးတွေကြောင့် ပေါက်ကြားတာလား” ဒါမှမဟုတ် “နည်းပညာဆိုင်ရာ ဒေတာကျိုးပေါက်မှုကြောင့်လား”ဆိုပြီး စိုးရိမ်ဝေဖန်နေကြသလို တဖက်မှာလည်း စစ်ကောင်စီရဲ့ ခြောက်လှန့်မှုတခုသာဖြစ်တယ်လို့ ဝေဖန်နေသူတွေလည်း ရှိပါတယ်။
နောက်ဆုံးသတင်းကတော့ “မန်တုံ၊ နားအော်အုပ်စုထဲက မသန်စွမ်း အမျိုးသမီးကို တရွာတည်းနေ အမျိုးသားက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့” ဆိုတဲ့သတင်းဖြစ်တယ်။
တအာင်း (TNLA) ထိန်းချုပ်ဒေသလို စစ်ရေးအရ ရှုပ်ထွေးနေတဲ့ နယ်မြေမှာ စကားမပြောနိုင်၊ အကြားအာရုံ ချို့တဲ့သူ မသန်စွမ်း အမျိုးသမီးတဦးအပေါ် ကျူးလွန်ခဲ့တဲ့ “ကျား/မ အခြေပြု အကြမ်းဖက်မှုက စစ်ပွဲကြားက ပိုမိုထိခိုက် လွယ်သူတွေရဲ့ ဘဝနဲ့ လုံခြုံရေး အခြေအနေကို ပရိသတ်တွေ ပိုမို သတိထားမိစေခဲ့ပါတယ်။
ဒီသတင်းတွေအပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း ၁၇ ပုဒ်ကို စုစည်းဖော်ပြလိုက်ပါတယ်။
- ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ ၅၀ ဦးထဲမှာ ကလေးမွေးနေရင်း ဗုံးဒဏ်သင့်ပြီး မိခင်နဲ့ကလေး မီးလောင်သေဆုံး
- မန်တုံ နားအော်အုပ်စုထဲက မသန်စွမ်း အမျိုးသမီးကို တစ်ရွာတည်းနေ အမျိုးသားက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့
- PRF အစီအစဉ်ကနေ PDF ကို ထောက်ပံ့သူ ၂၀ ကျော်ကို ဖမ်းဆီးထားတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်
- တောင်ငူမှာ မိခင်ကို မူးယစ်ဆေးစွဲနေတဲ့သားက ဓားနဲ့ခုတ်
- ရန်ကုန်တွင် အမျိုးသမီးများကို ပစ်မှတ်ထားသည့် ပြန်ပေးဆွဲမှုများ ဖြစ်လာ
- ရေဘေးသင့် သရက်ချောင်းမြို့နယ်မှာ မရွေ့မပြောင်းနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ပိတ်မိနေ
- ရခိုင် ၃ မြို့ကို စစ်တပ် ညပိုင်းဗုံးကြဲလို့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံး ထိခိုက်သူရှိ
- တအိမ်တယောက်အမိန့်ကြောင့် သက်ကြီးပိုင်းနဲ့ အမျိုးသမီးတွေပါ SNA ပြည်သူ့စစ်သင်တန်း တက်နေရလို့ဆို
- ဒလက ဆန်ဆိုင်ပိုင်ရှင်လင်မယားကို သတ်ခဲ့သူ ၂ ဦး ကြိုးမိန့်ချခံရ
- ထားဝယ်ကပ်ဘေးမှာ သီလရှင်တပါး၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၄၀ ကျော်အထိ ရှိလာ
- ကောလင်း၊ ဝန်းသိုမှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ အရပ်သား ၁ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အပါ ဒဏ်ရာရသူ ၄ ဦးရှိ
- စစ်အစိုးရတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သား (၇) ဦး ထိခိုက်ဒဏ်ရာရ
- ဒီးမော့ဆိုကို ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင် သားအဖနှစ်ဦး ထိခိုက်
- မကွေးမှာ တတိယနှစ်ကျောင်းသူအလောင်း ဧရာဝတီမြစ်အတွင်းတွေ့
- ကန့်ဘလူ ဗုံးကြဲခံရမှု ၁၀ နှစ်သမီးနဲ့ အမျိုးသမီး ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ
- ဆောနယ်မှာ လေကြောင်းကဗုံးကြဲခံရလို့ အမျိုးသမီး (၂) ဦးသေဆုံးပြီး (၆) ဦးဒဏ်ရာရ
- ရေကြည်၊ ရွာသစ်ကြီးမှာ မိုင်းနင်းမိလို့ အမျိုးသမီးတဦး သေဆုံး
မန်တုံ နားအော်အုပ်စုထဲက မသန်စွမ်း အမျိုးသမီးကို တစ်ရွာတည်းနေ အမျိုးသားက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့
Source – ရွှေဖီမြေ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နားအော်အုပ်စုထဲက ကျေးရွာတခုမှာ မသန်စွမ်း အမျိုးသမီးတစ်ဦးကို တစ်ရွာတည်းနေ အမျိုးသားတစ်ဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရပါတယ်။
အသက် ၃၀ ကျော်အရွယ်ရှိ ဦးညမ်ပေဆိုသူဟာ တစ်ရွာတည်းနေ အသက် ၄၀ ဝန်းကျင်အမျိုးသမီးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယအပတ်က အဲဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိသွားကြောင်း ရွာခံတွေ သတိထားမိခဲ့တာပဲ ဖြစ်တယ်။
အဲဒီနောက် ၎င်းကို အဓမ္မပြုကျင့်တဲ့ အမျိုးသားကို ရွာခံတွေက လိုက်ပြခိုင်းရာကနေ တရွာတည်းနေ ဦးညမ်ပေဆိုသူ ဖြစ်ကြောင်း သိရှိခဲ့တာလို့ နားအော်အုပ်စုမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဓမ္မပြုကျင့်မှု ကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ ဦးညမ်ပေဆိုသူဟာ အိမ်ထောင်ရှိသူဖြစ်ပြီး အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးဟာ စကားမပြောတတ်ဘဲ အကြားအာရုံ ချို့တဲ့သူဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာ အဓမ္မပြုကျင့်မှုနဲ့ စွပ်စွဲခံရတဲ့ ဦးညမ်ပေဆိုသူကို တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အခုလို မသန်စွမ်း အမျိုးသမီးကို အဓမ္မပြုကျင့်တဲ့အပေါ် ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်လို့ ဒေသခံတွေက တောင်းဆိုနေကြ ပါတယ်။
ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ ၅၀ ဦးထဲမှာ ကလေးမွေးနေရင်း ဗုံးဒဏ်သင့်ပြီး မိခင်နဲ့ကလေး မီးလောင်သေဆုံး
Source – ရွေဖီမြေ
အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၀ ဦးထဲ ၉ လ ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးလည်း ပါဝင်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက် ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်တယ်။
“ကလေးက မွေးခါနီးပါ။ ဗုံးကြဲတဲ့ထဲ ပါသွားတော့ ကိုယ်ဝန် ၉ လနဲ့အတူ မီလောင်နေတဲ့အချိန်လို့ ပြောရမယ်၊ အဲမှာပဲ ကလေးလည်း မွေးတော့ ကလေးကအပါ မီးထဲ ပါသွားတဲ့သဘောပါ။ သေဆုံးသူစာရင်း ထပ်တိုးနိုင်ပါတယ်၊ ဘာလို့ဆို အလောင်းတွေ မီးထဲ ပြာဖြစ်သွားတာနဲ့ စာရင်းမရတာနဲ့ဆိုတော့လေ”
ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ ကျောက်တော်မြို့ ပိုက်သည်ရွာက အသက် ၃၂ နှစ်အရွယ် ဒေါ်ခင်မာနွယ်ပဲ ဖြစ်တယ်။
ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်ခံရမှုထဲမှာ ဒဏ်ရာပြင်းထန်တဲ့သူ နောက်ထပ် အမျိုးသား ၁ ဦးလည်း ဒီနေ့ စက်တင်ဘာ ၂၉ ရက်မှာ ထပ်သေဆုံးတာကြောင့် သေဆုံးသူ ၅၀ ဦးအထိ တိုးလာပါတယ်။ စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ကြောင့် သေဆုံးသူအပြင် ဒဏ်ရာရရှိသူ ၆၀ နီးပါး ရှိပါတယ်။
PRF အစီအစဉ်ကနေ PDF ကို ထောက်ပံ့သူ ၂၀ ကျော်ကို ဖမ်းဆီးထားတဲ့အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်
Source – BBC
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တွေကို အဓိကထောက်ပံ့တဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့အစီအစဉ်(PRF)မှာ ပြည်တွင်းကနေ ငွေကြေးထည့်ဝင်သူလို့ ဆိုသူ ၂၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။
ဒီထဲကမှ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက အမျိုးသမီးတွေပါဝင်တဲ့ ငွေကြေး ထောက်ပံ့သူ ၂၁ ဦးကို ဖမ်းဆီးထားတယ်လို့ နေပြည်တော်က သတင်းထုတ်တာဖြစ်တယ်။ ငွေကြေးထောက်ပံ့သူ ၂,၇၀၀ ကျော်ရဲ့အချက် အလက်ရထားကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
Wave Pay က ထောက်ပံ့သူ ၇၀၀ ခန့်၊ NUG ငွေပေးချေမှုစနစ် (NUG Pay)က ၁,၀၀၀ ခန့်နဲ့ နွေဦးဘဏ်(SDB)က ထောက်ပံ့သူ ၁,၀၀၀ ခန့်ရဲ့အချက်အလက်ကို သတင်းပေးတွေရဲ့ပြောပြချက်အရ ရရှိထားတာလို့ သိရပါတယ်။
PRF Website ကနေ ထုတ်ပြန်တဲ့အချက်အလက်အရ စက်တင်ဘာလအတွက် ထောက်ပို့သူ တစ်သောင်းခွဲကျော်ဆီ ကနေ အမေရိကန်ဒေါ်လာ ၅ သိန်းကျော်ရထားတာတွေ့ရပါတယ်။ PRF အစီအစဉ်ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်တွေကို အဓိကထောက်ပံ့တဲ့အစီအစဉ်ဖြစ်တယ်။
တောင်ငူမှာ မိခင်ကို မူးယစ်ဆေးစွဲနေတဲ့သားက ဓားနဲ့ခုတ်
Source – BBC
ပဲခူးတိုင်း၊ တောင်ငူမြို့မှာ စီမံကိန်းဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းစံကို အသက် ၂၂ နှစ်အရွယ် သားဖြစ်သူ ဟန်ထူးအောင်က ဓားနဲ့ခုတ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ တောင်ငူလူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
ဟန်ထူးအောင်ဟာ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တဲ့ အခြေအနေတွေ ရှိနေတဲ့အတွက် မိဘတွေက အမျိုးသား နှစ်ယောက်ကို စောင့်ရှောက်ကြည့်ရှုစေခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၃၀ ရက်မှာ ဖခင်ဖြစ်သူက အလုပ်ကိုအသွား၊ စောင့်ရှောက်ပေးသူ အမျိုးသားတစ်ယောက်က မနက်စာသွားဝယ်နေသလို နောက်တစ်ယောက်ကလည်း အိမ်ခဏ ပြန်ချိန်မှာ မိခင်ဖြစ်သူကို ထင်းခုတ်ဓားနဲ့ ခုတ်သတ်တာဖြစ်တယ်လို့ တောင်ငူလူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောပြပါတယ်။
ဓားခုတ်ခံရမှုကြောင့် မိခင်ဖြစ်သူ ဒေါ် ငြိမ်းငြိမ်းစံဟာ လက်၊ မျက်နှာ၊ ခေါင်း၊ တွေမှာ ဒဏ်ရာတွေရရှိပြီး တောင်ငူဆေးရုံကြီးကိုပို့ချိန်မှာ လမ်းမှာသေဆုံးသွားတာလို့လည်း သိရပါတယ်။
ဓားနဲ့ခုတ်ခဲ့တဲ့ ဟန်ထူးအောင်ကို အမှတ် ၁ တောင်ငူမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။
ရန်ကုန်တွင် အမျိုးသမီးများကို ပစ်မှတ်ထားသည့် ပြန်ပေးဆွဲမှုများ ဖြစ်လာ
Source – Myanmar Pressphoto Agency
ရန်ကုန်မြို့မှာ အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ ပြန်ပေးဆွဲ ငွေညှစ်မှုတွေ ဖြစ်လာနေကြောင်း သိရပါတယ်။
စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေကို ပြန်ပေးဆွဲ ဖမ်းဆီးရုံတင်မကဘဲ အမျိုးသမီးတွေကိုပါ ကားပေါ် ဆွဲတင် ပြန်ပေးဆွဲ တာတွေပါ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး ဖြစ်လာနေတယ်လို့ ရန်ကုန်မြို့ ရဲသတင်းရင်းမြစ်ထံကနေ သိရပါတယ်။
“ကားနဲ့ လိုက်ဆွဲနေကြတာပါ၊ အခု စစ်မှုထမ်းအတွက် လိုက်ဆွဲနေတဲ့ ပျူလူမိုက်တွေပဲလို့ ကျနော်တို့ သိထားတယ်၊ ရတဲ့ လူဆွဲပြီး ငွေရှာကြတာ၊ လူမပြတ်ရင်တောင် အလစ်မှာ ကားပေါ်ဆွဲတင်တယ်၊ကားပေါ်မှာ ဓားထောက်ပြီး KPay ထဲကို သိန်းရာချီ ထည့်ခိုင်းတယ်၊ လက်ဝတ်လက်စားနဲ့ ငွေ အကုန်လုတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ပြန်ပေးသမားတွေဟာ ငွေကြေး တတ်နိုင်တယ်လို့ ယူဆရတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲနေ ကြတာ ဖြစ်တယ်။
“ကျနော်တို့ လူမှုကွန်ရက်ပေါ် တက်လာတဲ့ ရာဇဝတ်မှုတွေကို စောင့်ကြည့်တာ အဲဒီလို တွေ့ရတယ်၊ရဲစခန်း တိုင်သလား ဆိုတော့ မတိုင်ကြဘူး၊ အဲဒါကြောင့် အမှု ဘယ်နှစ်မှု ရှိသလဲဆိုတာတော့ မပြောနိုင်ဘူး သေချာတာကတော့ ပြီးခဲ့တဲ့လ (စက်တင်ဘာ) ကစပြီး တွေ့ရတာ များလာတယ်” လို့ သူက ဆက်ပြောပါတယ်။
အမျိုးသမီးတွေအနေနဲ့ တက္ကစီငှားတဲ့အခါ Grab ကားကိုပဲ ငှားစီးကြဖို့နဲ့ လူပြတ်တဲ့နေရာမှာတင် မဟုတ်ဘဲ လူစည်ကားတဲ့ နေရာတွေမှာပါ သတိထားပြီး သွားလာကြဖို့လည်း သူက အကြံပြုပါတယ်။
ရေဘေးသင့် သရက်ချောင်းမြို့နယ်မှာ မရွေ့မပြောင်းနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ပိတ်မိနေ
Source – BBC
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ကျေးရွာ ဒါဇင်နဲ့ ချီရေနစ်မြုပ်နေပြီး သက်ကြီးရွယ်အိုတွေ နေအိမ်တွေထဲ ပိတ်မိနေတယ်လို့ မိသားစုဝင်တချို့က ပြောပါတယ်။
သရက်ချောင်းမြို့နယ်၊ ရောင်းမော်ရွာတောင်ပိုင်း၊ ညောင်ပင်ကြီးရွာရှင်နတ်ကွန်းအနီး တောင်ပိုင်းလမ်း အိမ်အမှတ် ၁၃၅ မှာဆိုရင် အသက် ၈၉ နှစ်ရွယ် အဘွားအိုတစ်ဦး၊ လမ်းမလျှောက်နိုင်တဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၅ နှစ်အရွယ်ကလေးတစ်ဦး ပိတ်မိနေတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။
ဒီရွာဟာ ထားဝယ်က နာမည်ကြီး ရှင်ကိုးရှင်ဘုရားထဲက ရှင်မုတ္ထီးရွာရဲ့မျက်နှာချင်းဆိုင်ရွာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရေက အခုမနက်မှ ရုတ်တရက်တက်လာတာဆိုတော့ ပြောင်းရွှေ့ဖို့ ဘယ်လိုမှ မမှီလောက်ဘူး။ အိမ်က နှစ်ထပ်အိမ်ပါ။ သူတို့က ခြေမသန်ကြတော့ အောက်မှာပဲနေကြပါတယ်။ အပေါ်ကိုတက်ဖို့ ဘယ်လိုမှ အဆင်ပြေမယ်မထင်ဘူး။ သားတွေကလည်း အကုန်နိုင်ငံခြားမှာပါ” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ရခိုင် ၃ မြို့ကို စစ်တပ် ညပိုင်းဗုံးကြဲလို့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံး ထိခိုက်သူရှိ
Source – BBC
စစ်တပ်ဟာ လူအစုလိုက်အပြုံလိုက် သေဆုံးတဲ့ ကျောက်တော် ဗုံးကြဲမှု ဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ ရခိုင်မြို့နယ် ၃ ခုကို မနေ့ ညပိုင်းက ထပ်မံဗုံးကြဲလို့ လူ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့တို့ကို စစ်တပ်က ဂျက်ဖိုက်တာ ၁ စင်း မကသုံးပြီး ဗုံးကြဲခဲ့တယ်လို့ မြို့ခံတချို့ရဲ့ပြောပြချက်တွေအရ သိရပါတယ်။
စစ်တပ်ဗုံးကြဲမှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်ပြီး အရပ်သား ၁ ဦး သေဆုံးပြီး နောက်ထပ် ၈ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တအိမ်တယောက်အမိန့်ကြောင့် သက်ကြီးပိုင်းနဲ့ အမျိုးသမီးတွေပါ SNA ပြည်သူ့စစ်သင်တန်း တက်နေရလို့ဆို
Source – Kachinwaves
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ၊ နန်းမွန်မြို့မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းမှာ စက်တင်ဘာ ၂၃ ရက်နေ့က ရှမ်းနီအမျိုးသားတပ်မတော် (SNA) ရဲ့ ဦးဆောင်မှုနဲ့ ရှမ်းနီပြည်သူ့စစ်သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲကို ပြည်သူ့စစ်ဦးရေ (၄၀၀) ကျော်နဲ့ပြုလုပ်ခဲ့သလို အဲ့ဒီထဲမှာ အမျိုးသမီး (၁၀၀) ကျော်ပါဝင်တယ်လို့ သိရပါတယ်။
စစ်သင်တန်းတက်ရောက်ခဲ့သူတွေထဲမှာ သက်ကြီးရွယ်အိုတွေအများဆုံးပါဝင်ပြီး နန်းမွန်မြို့နဲ့ လွယ်ပုန်းလေး၊ လက်ပံဆိပ်၊ မိုင်းနောင်၊ မမုန်ကိုင်၊ လုံတုံ စတဲ့ ကျေးရွာက ပြည်သူတွေကို တစ်အိမ်တယောက် မဝင်မနေရစနစ်နဲ့ စုဆောင်းရေးဆွဲ ခံထားရတဲ့သူတွေဖြစ်တယ်လို့ အင်းတော်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
SNA တပ်က တစ်အိမ်တစ်ယောက်၊ မဝင်မနေရလို့ဆိုပြီး စုဆောင်းရေးဆွဲတာကြောင့် လူငယ်တွေက ထွက်ပြေးတိမ်းရှောင် ခဲ့ရတဲ့အတွက် နေအိမ်မှာကျန်ရစ်တဲ့ မိဘတွေက သင်တန်းတွေတက်ခဲ့ကြရတာလို့လည်း သူက ဆက်ပြောပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အဖွဲ့ဟာ ကချင်ပြည်နယ်အတွင်းက မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ အင်းတော်ကြီး စတဲ့ဒေသတွေမှာ အာဏာသိမ်းတပ်နဲ့ပေါင်းပြီး စစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်တယ်။
ဒလက ဆန်ဆိုင်ပိုင်ရှင်လင်မယားကို သတ်ခဲ့သူ ၂ ဦး ကြိုးမိန့်ချခံရ
Source – BBC
ရန်ကုန်တိုင်း၊ ဒလမြို့ပေါ် ရာဇသင်္ကြန်ရပ်ကွက်၊ အုတ်လှငယ်လမ်းပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပြည့်ဝ ဆန်ဆိုင်ပိုင်ရှင် လင် မယားကို သတ်ခဲ့တဲ့ တရားခံနှစ်ဦးကို မသေမချင်းကြိုးကွင်းစွပ် သတ်ဖို့ အမိန့်ချမှတ်လိုက်ကြောင်း ဒလဒေသခံတွေဆီ ကနေ သိရပါတယ်။
လူသတ်မှုကျူးလွန်သူ ဘိုထီး(ခ) မျိုးဇော်နဲ့ မျိုးဇော် (ခ) မျိုးဇော်အောင်တို့ကို ရာဇသတ်ကြီးဥပဒေနဲ့ တရားစွဲဆိုခဲ့ပြီး ကြိုတင်ကြံစည်လူသတ်မှုကျူးလွန်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (က) အရ သေဒဏ်ချခံရကာ လုယက်မှုပုဒ်မ ၃၉၂ အရ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်ချမှတ်နိုင်ပါတယ်။
နေအိမ်နဲ့ဆန်ဆိုင် တွဲဖွင့်ထားတဲ့ အဲဒီလင်မယားဆီက ငွေချေးရာကနေ မရတာကြောင့်ဆိုကာ ဇွန်လလကုန်ပိုင်းမှာ လုပ်ကြံသတ်ဖြတ်ခဲ့ကြတာပါ။ လူသတ်မှုအတွက်ပူးပေါင်းကြံစည်တာဖြစ်ကြောင်းလည်း တရားခံ အမျိုးသားနှစ်ဦးက ကနဦးကတည်းက ထွက်ဆိုခဲ့ကြပါတယ်။
ထားဝယ်ကပ်ဘေးမှာ သီလရှင်တပါး၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၄၀ ကျော်အထိရှိလာ
Source – Dawei Watch
ထားဝယ်ခရိုင် မြို့နယ် ၃ ခုမှာ ရေကြီး၊ တောင်ပြိုမှု ကပ်ဘေးကြီးကြောင့် သီလရှင်တပါး၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် သေဆုံးသူ ၄၁ ဦးထက်မနည်း ရှိလာကြောင်း သိရပါတယ်။
ခရိုင်အတွင်းက မြို့နယ် ၄ ခုအနက် လောင်းလုံး၊ သရက်ချောင်းနဲ့ ထားဝယ်မြို့နယ် ၃ ခုမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာ ၁၂၀ ကျော်လောက် ကပ်ဘေးဒဏ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရတာပါ။
တောင်ပြိုမှုဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ လောင်းလုံးမြို့နယ် လောင်းလုံးမှာ ရပ်ကွက်နဲ့ ကျေးရွာ ၄၅ ခုထက်မနည်း ပျက်စီးထိခိုက်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့အထိ စာရင်းတွေအရ သေဆုံးသူ ၃၁ ဦးအထိ ရှိလာခဲ့ပါတယ်။
ကဒက်ငယ်ထိန်ရွာမှာ ၁၅ ဦးအထိ သေဆုံးခဲ့ရပြီး ထိခိုက်သေဆုံးမှု အများဆုံးရွာ ဖြစ်ခဲ့တယ်။ တောကျဲရွာမှာ သီလရှင်တစ်ပါးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ဒုတိယ သေဆုံးသူ အများဆုံး ရွာဖြစ်တယ်။
သဗျာရွာမှာ မိသားစုဝင် ၃ ဦး သေဆုံးပြီး ကဒက်ကြီး၊ ညောပြင်၊ ကျောက်နီမော်ရွာတွေမှာ ၂ ဦးစီ သေဆုံးခဲ့ပါတယ်။
ဇလွတ်ပြင်ကြီးနဲ့ မင်းရပ်ကျေးရွာတွေမှာ ၁ ဦးစီ သေဆုံးကာ တီဇစ်ရွာမှာဆိုရင်လည်း လမ်းတွေ မြေစာပိပြီး ပိတ်ဆို့နေတာကြောင့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦးဟာ အချိန်မီ ဆေးကုသခွင့် မရဘဲ သေဆုံးခဲ့ရပါသေးတယ်။
တနင်္သာရီမြို့နယ်မှာ လက်ရှိလည်း ရေကြီးနေပြီး ကျေးရွာ ၅၀ ကျော်က ဒေသခံသောင်းနဲ့ချီ ရေဘေးသင့်နေတာဖြစ်တယ်။
ကောလင်း၊ ဝန်းသိုမှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ အရပ်သား ၁ ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အပါ ဒဏ်ရာရသူ ၄ ဦးရှိ
Source – Kachinwaves
စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ဝန်းသိုမြို့နယ်မှာ အာဏာသိမ်းတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အပါ ဒဏ်ရာရသူ (၄) ဦးရှိခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါ တယ်။
စက်တင်ဘာ ၂၇ ရက်၊ မနက် ၁၀ နာရီ ၁၄ မိနစ်မှာ ဝန်းသိုမြို့နယ်၊ အင်းပြင်အိုင်ကျေးရွာမှာရှိတဲ့ ရွှေလုပ်ကွက်ကုမ္ပဏီတခု ကို စုစုပေါင်း တိုက်လေယာဉ် လေးစီးနဲ့ ဗုံးကြဲခဲ့တယ်လို့ နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးထံမှ သိရပါတယ်။
တံတားဦးတက် A-5 Bomber အမျိုးအစား တိုက်လေယာဉ် (၂) စင်း၊ ဟုမ္မလင်းတက် K-8W တိုက်လေယာဉ် (၂) စင်း ကိုသုံးပြီး ပေါင် (၃၀၀) ရှိတဲ့ ဗုံးသီးတွေနဲ့ ဗုံးကြဲခဲ့တဲ့အပြင် လေယာဉ်ပါရော့ကတ်နဲ့ ပစ်ခတ်မှုပြုလုပ်ခဲ့တာဖြစ်တယ်။
စစ်အစိုးရတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သား (၇) ဦး ထိခိုက်ဒဏ်ရာရ
Source – ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း (ကေးလျားမြို့နယ်) မှာ စစ်အစိုးရတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သြဂုတ် လနဲ့ စက်တင်ဘာလ (၂) လအတွင်း အမျိုးသမီးတွေအပါအဝင် အရပ်သား (၇) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။
“စစ်ကောင်စီရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် မနေ့က တယောက် အပါအဝင်ဆို ဒီ ၂ လအတွင်း စစ်ဘေးရှောင် (၇) ယောက် ထိခိုက်ဒဏ်ရာရတယ်။” လို့ စစ်ရှောင်ကော်မတီတဦးက ပြောပါတယ်။ ထိခိုက် ဒဏ်ရာရာရသူတွေမှာ အမျိုးသား (၃) ဦးနဲ့ အမျိုးသမီး (၄) ဦး ဖြစ်တယ်။
ဒီးမော့ဆိုကို ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင် သားအဖနှစ်ဦး ထိခိုက်
Source – ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၁၁ နာရီ ကျော်အချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာ မိသားစုတခုတည်းက အသက် ၆၁ နှစ်အရွယ် ဖခင်ဖြစ်သူရဲ့ ညာဘက်ဝမ်းဗိုက်မှာ ထိမှန်ခဲ့ ပြီး အသက် ၃၁ နှစ်အရွယ် သမီးဖြစ်သူကတော့ ရင်ဘတ်မှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အမျိုးသမီးက ရှင်းပြပါ တယ်။
မကွေးမှာ တတိယနှစ်ကျောင်းသူအလောင်း ဧရာဝတီမြစ်အတွင်းတွေ့
Source – မြေလတ်အသံ
မကွေးမြို့၊ မြင်းကင်းရွာက တတိယနှစ်ကျောင်းသူတဦးရဲ့ အလောင်းကို ယမန်နေ့ စက်တင်ဘာ (၂၇) ရက် မနက်က တွေ့ရှိခဲ့တယ်လို့ Magway Rescue လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ မြင်းကင်းရွာက အသက် (၂၄) နှစ်အရွယ် မနန္ဒာမင်း ဆိုသူဖြစ်ပြီး မကွေးတက္ကသိုလ်မှာ အဝေးသင်တက်ရောက်နေတဲ့ တတိယနှစ် သင်္ချာကျောင်းသူဖြစ်ကြောင်း သိရပါတယ်။
“မြင်းကင်းအရပ်မှာ အမျိုးသမီးတယောက် အလောင်းတလောင်းတွေ့တယ်လို့ သတင်းပေးလို့ သွားပြီးတော့ ခေါ်တာပါ။ ပြီးတော့ကျ ဆေးရုံရင်ခွဲရုံကို ပို့ပေးတယ်။ ရင်ခွဲရုံပို့ပြီးမှ စစ်ဆေးလိုက်တော့ ကောင်မလေးက သတ်ခံရတယ်လို့ ပြောတာ။” လို့ M-Rescue အဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
သတ်ခံရကြောင်း ရင်ခွဲရုံစစ်ဆေးချက်အရ သိရပေမယ့် လူမှုကူညီရေးအသင်း ရောက်ရှိချိန်မှာ ရုပ်အလောင်းက အပုပ်နံ့ထွက်နေပြီး ပြင်ပဒဏ်ရာ မတွေ့ရှိခဲ့ရတာကြောင့် ဖြစ်စဉ်အသေးစိပ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါတယ်။
ကန့်ဘလူ ဗုံးကြဲခံရမှု ၁၀ နှစ်သမီးနဲ့ အမျိုးသမီး ၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ
Source – မြေလတ်အသံ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးကာ ၉ ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၁ နာရီခန့်က တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ ကျေးရွာထဲက ပြည်သူတွေရဲ့ နေအိမ်တွေအပေါ်ကို ဗုံးကြဲပစ်ခတ်သွားတာလို့ ဆိုပါတယ်။
ဗုံးကြဲပစ်ခတ်မှုအတွင်း အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနဲ့ အသက် ၄၀ ကနေ ၆၀ ကြားအရွယ် အမျိုးသမီး ၃ ဦးတို့ နေရာမှာပင် သေဆုံးသွားတာ ဖြစ်တယ်။ ဒါ့အပြင် ကလေးငယ် ၂ ဦးနဲ့ သက်လတ်ပိုင်းအမျိုးသား အမျိုးသမီး ၇ ဦး ဒဏ်ရာရသွားပြီး နေအိမ် ၃ လုံးလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဆောနယ်မှာ လေကြောင်းကဗုံးကြဲခံရလို့ အမျိုးသမီး (၂) ဦးသေဆုံးပြီး (၆) ဦးဒဏ်ရာရ
Source – မြေလတ်အသံ
မကွေးတိုင်း၊ ဆောမြို့နယ်၊ ငှက်ချောင်ကျေးရွာကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီး (၂) ဦးသေဆုံးပြီး (၆) ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ (၂၇) ရက် ယမန်နေ့ ညနေ (၄) နာရီကျော်ခန့်မှာ မကွေးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာက ငှက်ချောင်ကျေးရွာကို ဗုံး (၃) လုံး၊ ကျင်းလိမ်ကျေးရွာကို (၂) လုံးကြဲချသွားတယ်လို့ ဆိုပါတယ်။
ဗုံးထိမှန်တာကြောင့် ငှက်ချောင်ရွာသားတွေဖြစ်တဲ့ အသက် (၂၂) နှစ်အရွယ်နဲ့ အသက် (၄၅) နှစ်အရွယ် အမျိုးသမီး (၂) ဦးဟာ နေရာမှာပင် သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အသက် (၁၀) နှစ်အရွယ် မိန်းကလေးငယ်နဲ့ အသက် (၄၀) ကနေ (၅၀) ကြားအရွယ်ရှိ အမျိုးသမီး (၃) ဦးနဲ့ အမျိုးသား (၂) ဦးဒဏ်ရာရခဲ့ပြီး နေအိမ် (၃) လုံးလည်းပျက်စီးခဲ့တယ်လို ဆိုပါတယ်။
ရေကြည်၊ ရွာသစ်ကြီးမှာ မိုင်းနင်းမိလို့ အမျိုးသမီးတဦး သေဆုံး
Souce – Delta News Agency
ဧရာဝတီတိုင်း ၊ ကျုံပျော်ခရိုင် ၊ ရေကြည်မြို့နယ်ထဲက ရွာသစ်ကြီး ရွာမှာ စက်တင်ဘာ ၃၀ ရက်နေ့က ဒေါ်အေးလို့ခေါ်တဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။
ရွာအနီးမှာ ရှိတဲ့ သူမရဲ့ ခြံကို ပေါင်းခြုံတွေ ရှင်းလင်းဖို့ သွားရာကနေ မိုင်းနင်မိခဲ့တာ ဖြစ်ပါတယ်။
“စိုက်ခင်းလို့ မသွားတာကြာလို့ သွားကြည့်ပြီး ခြုံတွေရှင်းတာမှာ မိုင်းထိတာလို့ သိရပါတယ်။ စစ်တပ်ထိုင်ခဲ့တဲ့နေရာတွေ၊ တိုက်ပွဲတွေလည်း ဖြစ်ကြသေးတယ် အဲဒီနားမှာ” လို့ အာရက္ခတပ်တော် (AA)နဲ့ နီးစပ်တဲ့ ဒေသခံသတင်း ရင်းမြစ်တဦးက ပြောပါတယ်။
ရွာသစ်ကြီးရွာဟာ ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ်(အမတ ၃၄၄)နဲ့ လေးမိုင်ဝန်းကျင်အကွာ၊ ပုသိမ် – မုံရွာလမ်းအနီး ရိုးမတောင်ခြေမှာ တည်ရှိတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ နှစ်လယ်ပိုင်း၊ ၃၄၄ တိုက်ပွဲပြင်းထန်ခဲ့ တုန်းက ရွာသစ်ကြီးရွာတဝိုက်မှာ နှစ်ဖက်တိုက်ပွဲတွေ ရှိနေခဲ့ပါတယ်။
ရွာသစ်ကြီးရွာအပြင် အဲဒီအနီးဝန်းကျင်ကျေးရွာတွေမှာ မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်၊ သေဆုံးတဲ့သတင်းတွေ မကြာခဏ ကြားရတယ်လို့ အမတ ၃၄၄ အနီး နေထိုင်သူတဦးက ပြောပါတယ်။
“ရွာသစ်ကြီးသတင်း ကြားလိုက်ပါတယ်။ သေသေချာချာမသိဘူး။ ဒီရွာတွေမှာက မိုင်းအန္တရယ်ရှိတယ်။ မိုင်းထိတာလည်း မကြာခဏကြားရတယ်။ တိုက်ပွဲကတော့ မရှိတာ နည်းနည်းကြာပြီ။ ဒါပေမယ့် တောင်ပေါ်တွေ တက်လို့မရ သေးဘူး။ မရှိဆင်းရဲတဲ့သူတွေကတော့ ထင်းရှာဖို့ ထွက်ကြတယ်” လို့ သူက ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ စစ်တပ်ရဲ့ မိုင်းအပြင် လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း သေဆုံး ၊ထိခိုက်သူတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ စစ်တပ်ရဲ့ လက်နက်ကြီး အထိုင်ချစခန်းတွေကနေ ပစ်ခတ်တာကြောင့် ဘုရားကြီးကျေးရွာက ဒေသခံပြည်သူနှစ်ဦး သေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ် ရာရခဲ့ပါတယ်။
လက်ရှိမှာ ရေကြည်မြို့နယ်နဲ့ သာပေါင်းမြို့နယ်အစပ်တွေမှာ တိုက်ပွဲအချို့ ရှိနေပြီး စစ်ဘေးရှောင်တွေ ထပ်တိုးလာနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
စစ်တပ်ဟာ ရိုးမတောင်ခြေတလျှောက် ရေကြည်၊ သာပေါင်း၊ ရွှေသောင်ယံမြို့နယ်တွေကနေ တဆင့် ရခိုင်ပြည်နယ် တောင်ပိုင်းဆီ စစ်ကြောင်းထိုး၊ တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာဖြစ်ပြီး AA နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါတယ်။










