စစ်ဝါဒ၊ ဖိုဝါဒနှင့် ၂၀၂၁ အတွေးအခေါ်တော်လှန်ရေး
HI အာဘော်
၂၀၂၁ စစ်အာဏာသိမ်းမှုနှင့်အတူ တခဲနက်အုံကြွပေါ်ပေါက်လာခဲ့သော လူထုတော်လှန်ရေးကို မျိုးဆက်သစ်လူငယ်များက အတွေးအခေါ်တော်လှန်ရေးဟု ကနဦးကပင် ကြွေးကျော်ခဲ့ကြသည်။
မြန်မာနိုင်ငံသည် စစ်ခရီးရှည်ကြီးကို နှစ်ပေါင်း ၇၀ကျော် ဖြတ်သန်းလာခဲ့ရသည်။ သို့သော် လက်ရှိအချိန်အထိ တိုင်းရင်းသားတို့၏ အမျိုးသားတန်းတူရေးပြဿနာကို အဖြေမရှာနိုင်သေးသည့်အပြင်၊ စစ်ဝါဒလွှမ်းမိုးမှုနှင့် ဒီမိုကရေစီ ဆိတ်သုဉ်းမှုတို့၏ ဆိုးကျိုးများကိုလည်း ပြည်သူတရပ်လုံး နှစ်ပေါင်းရှည်ကြာ ခံစားလာခဲ့ကြရ သည်။
၂၀၂၁ လူထုနွေဦး တော်လှန်ရေးသည် ဤသို့သော စစ်ပွဲများအောက်မှ မပြောင်းလဲသော အခြေအနေများနှင့် အတွေးအခေါ် ဟောင်းများအားလုံး အဆုံးသတ် ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီ အခြေခံအတွေးသစ် အမြင်သစ်ဖြင့် လူ့အဖွဲ့အစည်းအသစ်ကို တည်ဆောက်ရန် ရည်ရွယ်သည်။
အတွေးအခေါ်တော်လှန်ရေး၏အခြေခံမှာ စစ်ဝါဒ၊ ဖိုဝါဒ၊ လူမျိုးကြီးဝါဒတို့ လွှမ်းမိုးနေသော အတွေးအမြင် ဟောင်းများအားလုံး အလုံးစုံပြောင်းလဲရေး ဖြစ်သည်။ လက်နက်ကိုင်ဗိုလ်ကျအနိုင်ကျင့်မှုကို အားပေးသော စစ်ဝါဒနှင့် နှစ်ပေါင်းထောင်ချီလွှမ်းမိုးထားသည့် ဖိုဝါဒအောက်မှ လိင်ဖိနှိပ်မှု၊ လိင်အကြမ်းဖက်မှုနှင့် လိင်ကွဲ ပြားမှုများအပေါ် စနစ်အရ၊ ဓလေ့အရ ခွဲခြားဆက်ဆံမှုများအားလုံး ကင်းစင်ပပျောက်ရန်ဖြစ်သည်။ ထို့အ ပြင် တိုင်းရင်းသားပေါင်းစုံ အတူယှဉ်တွဲနေထိုင်သည့် မြန်မာနိုင်ငံတွင် လူမျိုးကြီးဟု ခံယူထားသူများက အခြားတိုင်းရင်းသားလူမျိုးစုများအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဖိနှိပ်ဖယ်ကျဉ်ထားသည့် လူမျိုး ကြီးဝါဒကို အဆုံးသတ်ရန်လည်း ပါဝင်သည်။
၂၀ ရာစုအထိ အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှုများအဆုံးသတ်ရေး ကြိုးပမ်းခဲ့ကြသည့် မြန်မာ အပါအဝင် အာရှဒေသမှ ဖီးမင်းနစ် (Feminist) များသည် အများအားဖြင့် မိမိကိုယ်ကို ဖီးမင်းနစ်ဟု မခံယူ ကြပဲ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများအဖြစ်သာ ရပ်တည်ခံယူခဲ့ကြသည်။
သို့သော် ၂၁ ရာစုသို့ရောက်ရှိချိန်တွင် ကမ္ဘာ့ Feminist လှုပ်ရှားမှု၏ လမ်းကြောင်းနှင့် သဘောတရားတို့သည် ပိုမိုကျယ်ပြန့်သော ရှုထောင့်အသစ်ဖြင့် ဝင်ရောက်လာသည်။ နိုင်ငံတကာမှ Feminist များနှင့် ပညာရှင်များသည် ရှုထောင့်အမျိုးမျိုး၊ အသွင်သဏ္ဍာန်အမျိုးမျိုး၊ လမ်းကြောင်းအမျိုးမျိုးဖြင့် ဖိုဝါဒကြီးစိုးမှုကို ဖော်ထုတ်လာကြသည်။ ဤသည်မှာ ပြောင်းလဲလာသော အခြေအနေများနှင့် ကြုံတွေ့လာရသည့် ပြဿနာအသစ်များကိုပါ လွှမ်းခြုံနိုင်မည့် အယူအဆအသစ်၊ နည်းလမ်းအသစ်များ တွေ့ရှိလာခြင်းဖြစ်သည်။
အနှစ်ချုပ်ရလျှင် ယခုအတွေးအခေါ်တော်လှန်ရေးကြီးသည် စစ်အာဏာရှင်စနစ် တခုတည်းကို ဆန့်ကျင် ခြင်းထက် ကျော်လွန်လေးနက်ပြီး မတရားမှုများဖြင့် အခိုင်အမာတည်ဆောက်ထားသည့် စနစ်ကြီး တခုလုံး ကို တွန်းလှန်တိုက်ပွဲဝင်ခြင်းဖြစ်သည်။
အနာဂတ်တွင် ငြိမ်းချမ်းသာယာ၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ စနစ်သစ် တည်ဆောက်နိုင်ရေးအတွက် အတွေးအခေါ်ဆိုင်ရာတော်လှန်ရေးသည်သာ စစ်ဝါဒ၊ ဖိုဝါဒတို့ကို ပျက်သုဉ်းစေပြီး မြန်မာ့ လူမှုအသိုက်အဝန်းတခုလုံးအတွက် စစ်မှန်သောအပြောင်းအလဲကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပေသည်။











