တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (စက်တင်ဘာ ၁၉ ရက်ကနေ ၂၅ အထိ)
စက်တင်ဘာ ၁၉ ရက်ကနေ ၂၅ အထိတပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information ကစုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ်မှာလည်း ထုံးစံအတိုင်း မြန်မာပြည်ထဲမှာ အမျိုးသမီးငယ်တွေ မုဒိမ်းကျင့်ခံရတာနဲ့ ဆက်စပ်တဲ့ သတင်းတွေ၊ စစ်ဇုန်ထဲက အကူအညီလိုအပ်နေတဲ့အမျိုးသမီးငယ်တွေရဲ့သတင်းက နေရာယူထားဆဲဖြစ် ပါတယ်။
ဒီတပတ်မှာ သတင်းဌာနတွေနဲ့ ရခိုင်လူမှုအဖွဲ့အစည်းတွေအပါအဝင် လူမှုကွန်ရက်တခွင်မှာ လူထု စိတ်နှလုံး ထိခိုက်စရာဖြစ်စေတဲ့ အကြောင်းအရာတခုက ကိုယ်ခန္ဓာတခုလုံး အရေပြားပျက်စီးပြီး မျက်စိအမြင်အာရုံပါ ဆုံးရှုံးလာသည့် ပုဏ္ဏားကျွန်းက ၉ နှစ်အရွယ် မိန်းကလေး ရဲ့ သတင်းဓာတ်ပုံလေးတပုံဖြစ်ပါတယ်။
အင်တာနက်နဲ့တယ်လီဖုန်းလိုင်းတွေမရတာများလို့ ကမ္ဘာနဲ့ရော၊ လူ့အဖွဲ့အစည်းနဲ့ပါ အဆက်အသွယ် ပြတ်တောက်ပြီး သတင်းအမှောင်ထုထဲရောက်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှောင်ကလေးငယ်တွေ စစ်ရဲ့ဆိုးကျိုး တွေကို ဘယ်လိုရင်ဆိုင်နေရတယ်ဆိုတာကို လှစ်ပြနေတဲ့သတင်းတွေထဲ ဒီသတင်းဓာတ်ပုံတပုံက စိတ်နှလုံး မခိုင်သူတွေအဖို့ ထိတ်လန့်တုန်လှုပ်ဖွယ် ဖြစ်ပါတယ်။
နောက်ထပ်တပုဒ်ကတော့ “ရည်းစားနှင့် ချိန်းတွေ့သည့် အမျိုးသမီး နေအိမ်ဖျက်ဆီးခံရ၊ ရိုက်နှက် ခံရပြီး ရွာကိုလည်း ပြန်တောင်းပန်ရ” ဆိုတဲ့ သတင်းကတော့ ရပ်ရွာဓလေ့ထုံးတမ်း စည်းမျဥ်းစည်းကမ်းတွေက အမျိုးသမီးတဦးရဲ့ ကိုယ်ရေးလွတ်လပ်ခွင့်နဲ့ တရားမျှတမှုအပေါ် ဘယ်လောက်ထိ လွှမ်းမိုးနေလဲဆိုတာ မေးခွန်း ထုတ်စရာဖြစ်ခဲ့ပါတယ်။
ဒီသတင်းမှာဆိုရင် ရည်းစားနဲ့ချိန်းတွေ့တဲ့ အမျိုးသမီးကို ကျေးရွာစည်းကမ်းဖောက်ဖျက်တယ်ဆိုပြီး နေအိမ် ဖျက်စီး တဲ့အပြင် ရိုက်နှက်ခဲ့တာ၊ဒီသတင်း လူမှုကွန်ယက်ပေါ် ပျံ့နှံ့ချိန်မှာလည်း အမျိုးသမီးကို ပြည့်တန်ဆာလို့ ထပ်မံစွပ်စွဲကာ နောက်ဆုံး နစ်နာသူ အမျိုးသမီးမှာ ကျေးရွာသူကြီးအဖွဲ့ကို ကန်တော့တောင်းပန်ခဲ့ရတာက ဒီအမျိုးသမီးအတွက် အကြိမ်ကြိမ်နစ်နာအောင် ရပ်ရွာက ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။
ရွာစည်းကမ်းက လူတဦးရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံမှုကို ထိပါးစေတဲ့ အထိဖြစ်ခဲ့ရတာ၊ ရိုက်နှက်ဖို့နဲ့ အိမ်ဖျက်စီးဖို့ ဆိုတဲ့ အကြမ်းဖက်အပြစ်ပေးမှုတွေက အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးရေးပျက်ယွင်းနေတာကို မီးမောင်းထိုးပြနေတဲ့အပြင် နေရာအချို့မှာ အရာရာခေတ်နောက်ပြန်ဆွဲပြီး ရှေးရိုးစွဲ အယူအဆတွေ ပြန်လည် ကျင့်သုံးနေတာကိုလည်း ပြသနေပါတယ်။
ဒါ့အပြင် အမျိုးသမီးက ရည်းစားနဲ့ချိန်းတွေ့တာကြောင့် အပြစ်ပေးတယ်လို့ ဆိုပေမယ့် အတူချိန်းတွေ့ခဲ့တဲ့ အမျိုးသားကို ဘယ်လိုအရေးယူခဲ့လဲဆိုတာမတွေ့ရတာကြောင့် အမျိုးသမီးနဲ့အမျိုးသား ဖြစ်ရပ်တခုတည်း ကြုံရတာတောင် နောက်ဆုံး အမျိုးသမီးတွေကိုသာ ပိုဖိနှိပ်ခံရတာကလည်း လူမှု့အသိုင်းအဝိုင်းမှာ ဖိုဝါဒကြီးစိုးမှုဘယ်လောက်ရှိနေလဲဆိုတာ လေ့လာဆန်းစစ်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုအနောက်ခြမ်းမှာ ကိုယ်ဝန်၈လရှိနေပြီဖြစ်တဲ့အမျိုးသမီးတဦး အဆုံးစီရင်ခဲ့တာကြောင့် မိခင်ရော ဗိုက်ထဲက ကလေးပါသေဆုံးရတဲ့ သတင်းကလည်း ဝမ်းနည်းဖွယ်ဖြစ်ရပ်ဖြစ်သလို စစ်ဘေးသင့် ဒေသတွေကပြည်သူတွေရဲ့ ကြပ်တည်းမှုတွေ၊ မိခင်နဲ့ ကလေးတွေရဲ့ စိတ်ကျန်းမာရေးအခြေအနေတွေကို ဂရုပြုဖို့လိုနေပြီဖြစ်ပါတယ်။
ဒီသတင်းတွေအပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း (၁၇) ပုဒ်ကို ပြန်လည်စုစည်းဖော်ပြအပ်ပါတယ်။
–ကိုယ်တစ်ခုလုံး အရေပြားပျက်စီးပြီး မျက်စိအမြင်အာရုံပါ ဆုံးရှုံးလာသည့် ပုဏ္ဏားကျွန်းက ၉ နှစ်အရွယ် မိန်းကလေး ဆေးကုသမှုအကူအညီလိုအပ်နေ
–ပြင်ဦးလွင် ၆ ထပ်ဈေးအပေါ်ဆုံးထပ်မှ အမျိုးသမီးငယ် ၁ ဦး ခုန်ချသေဆုံး
-ဂွတွင် ၃ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အမျိုးသားနှစ်ယောက်က အရက်သေစာသောက်စားပြီး အဓမ္မပြုကျင့်
-ရည်းစားနှင့် ချိန်းတွေ့သည့် အမျိုးသမီး နေအိမ်ဖျက်ဆီးခံရ၊ ရိုက်နှက်ခံရပြီး ရွာကိုလည်း ပြန်တောင်းပန်ရ
-ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌနေရာ အမျိုးသမီး ခန့်အပ်
–ကလေးမြို့ ကွန်ပျူတာဆိုင်မီးလောင်မှု အမျိုးသမီး ၃ ဦး သေဆုံး
-ဒီးမော့ဆိုအနောက်ခြမ်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးမှုဖြစ်ပွား
-ရန်ကုန်မှာ ၁၆ နှစ်မိန်းကလေးကို သေနတ်အတုနဲ့ ငွေညှစ်၊ အဓမ္မပြုကျင့်သူကို ဖမ်းမိ
-SCEF ရဲ့ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင်မှာ ကိုယ်စားလှယ်တွေ စေလွှတ်သွားမယ်
-PDF တွေက မသွားဖို့ တားမြစ်ထားတဲ့ လမ်းပိုင်းက သွားတဲ့အမျိုးသမီး ၃ ဦး မိုင်းထိလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရ
-ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ် ကျင်းပပြီးစီး၊ အမျိုးသမီး ၁၄၀ ကျော် ပါဝင်တက်ရောက်
-ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး ‘Free Her’ ကမ်ပိန်း စတင်
-နွားထိုးကြီးမှာ လေကြောင်းကနေဆက်တိုက်ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးသေဆုံး
-နမ့်ဆန်မှာ လက်ဖက်ခူးရင်း ပျားတုပ်ခံရတဲ့ အမျိုးသမီး ၂ ဦး သေဆုံး
-စစ်ရေးပဋိပက္ခ တွေရပ်တန့်ပြီး အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ကျပန်း စကားပြော ပြိုင်ပွဲပြုလုပ်
– လှည်းကူးမှာ ၆ နှစ်အရွယ် သီလရှင်ဆရာလေးကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ အသက် ၆၀ ကျော် အမျိုးသား တစ်ဦးကို လက်ရဖမ်းမိ
စစ်အုပ်စုကြောင့် ပဲခူးဒေသတွင် ၃ လအတွင်း အမျိုးသမီး ၁၂ ဦးအပါအဝင် ပြည်သူ ၂၇ ဦး သေဆုံး
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌနေရာ အမျိုးသမီး ခန့်အပ်
Source -People’s Spring
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဌ နေရာအတွက် အမျိုးသမီး တစ်ဦးကို ရွေးချယ်ကာ အလုပ်အမှုဆောင်အဖွဲ့ကို ဒီကနေ့ ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။
စက်တင်ဘာ ၁၉ရက်က ပြုလုပ်တဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (၂၇) ကြိမ်မြောက် အပတ် စဉ်ပုံမှန် အစည်းအဝေးမှာ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လစ်လပ်တဲ့ ဥက္ကဋ္ဌနေရာအပြင် ကောင်စီရဲ့ အလုပ် အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊လစ်လပ်နေတဲ့ ဥက္ကဌနေရာကို ကရင်နီပြည်အမျိုးသမီးများအင်အားစုက မူအန်းဂျာလာရွေးချယ်ခံရပြီ ဒု-ဥက္ကဋ္ဌက ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက ခူးထဲဘူး ဖြစ်လာပါတယ်။
ဒါ့အပြင် အထွေထွေအတွင်းရေးမှူးအဖြစ် ကရင်နီပြည်အမျိုးသမီးများအင်အားစုက ဆိုဖီယာဒေးမြာ၊တွဲဖက် အတွင်းရေးမှူး အဖြစ်ကရင်နီပြည်လူငယ်အင်အားစုက ခိုးလ်ပက်ထရစ်၊အလုပ်အမှုဆောင်အဖွဲ့ဝင်နေရာတွေမှာ ကရင်နီပြည်ကြားကာလ လွှတ်တော်က အယ်ဗလင်း၊ ဦးဌေးအောင်နဲ့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေး အဖွဲ့က စောကလိုမှူးတို့ ကိုရွေးချယ်တာဝန်ပေးပါတယ်။
ကရင်နီ အတိုင်ပင်ခံကောင်စီ KSCC ရဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကြောင့် ဥက္ကဌနေရာနဲ့ အလုပ်အမှုဆောင် အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဥက္ကဌအဖြစ်ရွေးချယ်ခံရတဲ့ မူအန်းဂျလာက KSCC ရဲ့နောက်ဆုံး အကြိမ်ညီလာခံမှာ တွဲဖက်အတွင်းရေးမှူးနဲ့ တာ၀န်ယူခဲ့သူဖြစ်သလို ဒီမတိုင်ခင်ကအမျိုးသမီးနဲ့ လူငယ်သမဂ္ဂ အဖွဲ့အစည်းတွေ မှာ အထွေထွေအတွင်း ရေးမှူးအနေနဲ့ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။
ကလေးမြို့ ကွန်ပျူတာဆိုင်မီးလောင်မှု အမျိုးသမီး ၃ ဦး သေဆုံး
Source -မဇ္ဈိမ
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာ ကွန်ပျူတာနှင့် မိတ္တူကူးဆိုင် မီးလောင်မှုဖြစ်ပွားပြီး ဆိုင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရပါတယ်။
ညပိုင်းတွင် မီးသတ်ကားသံများနှင့် ပေါက်ကွဲသံများ ကြားခဲ့ရပြီး စက်တင်ဘာ ၂၂ ရက် နံနက်တွင် မီးလောင်မှုကြောင့် ဆိုင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးသုံးဦး သေဆုံးခဲ့ကာမီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ အမျိုးသမီးများ သေဆုံးရတဲ့ အကြောင်းရင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ
သေဆုံးခဲ့တဲ့ အမျိုးသမီးသုံးဦးကို မီးသတ်တပ်ဖွဲ့များ၊ ကရုဏာလူမှုကူညီရေးအသင်းတို့နဲ့ ပူးပေါင်းကာ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ပုညကုသလ လူမှုကူညီရေးအသင်းက အသိပေးထား ပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးမှုဖြစ်ပွား
Source -ကန္တာရဝတီတိုင်း ( မ် )
ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ဘေးရှောင်နေရာတခုမှာ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက ကိုယ်ဝန်ရှစ်လ ကျော်ရှိတဲ့ အမျိုးသမီးတဦး မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
သေဆုံးသူဟာ အသက် ၂၂ နှစ်အရွယ်ဖြစ်ပြီး နေပြည်တော်ဇာတိဖြစ်ကာ သူမရဲ့ခင်ပွန်းဖြစ်သူကတော့ ရန်ကုန် ဇာတိ ဖြစ်ပါတယ်။အိမ်နီးချင်းတွေရဲ့ ပြောပြချက်အရ မနက်ပိုင်းမှာ သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ အိမ်သာကနေ ပြန်လာ ချိန်မှာ ဖြစ်စဉ်ကို တွေ့ရှိခဲ့ပြီး အော်ဟစ်သံကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်ကို အိမ်နီးချင်းတွေ သိရှိပြီးနောက် ပရဟိတအဖွဲ့တခုက ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဆေးရုံရောက်ချိန်မှာ မိခင်နဲ့အတူ ဗိုက်ထဲက သန္ဓေသားပါ သေဆုံးသွားခဲ့တယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။
ဂွတွင် ၃ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အမျိုးသားနှစ်ယောက်က အရက်သေစာသောက်စားပြီး အဓမ္မပြုကျင့်
Source -နိရဉ္စရာ
အာရက္ခပြည်၊ ဂွမြို့နယ်၊ ရဟိုင်းဖျားကျေးရွာမှာ အသက် ၃ နှစ်နဲ့ ၃ လအရွယ် မိန်းကလေးငယ်တစ်ယောက် အဓမ္မပြုကျင့် ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီမိန်းကလေးငယ်ကို မိသားစုဝင်တွေမရှိချိန် ဦးခင်မောင်ဌေး (၅၅)နှစ်နဲ့ ဦးစည်သူဝင်း(၃၆)နှစ်တို့က အရက် သေစာ သောက်စားပြီး စက်တင်ဘာလ ၂ဝ ရက်မှာ ကျူးလွန်ခဲ့တာဖြစ်ကာ၊နောက်တစ်နေ့ စက်တင်ဘာလ ၂၁ ရက်မှာ ကျူးလွန်ခံရ သူမိန်းကလေးငယ်ရဲ့မိခင်က တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)ဆီ သွားရောက် တိုင်ကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူနှစ်ယောက်ကို ဒီလပ်က ဖမ်းဆီးစစ်ဆေးနေပြီး မုဒိမ်းမှုပုဒ်မ ၃၇၆ နဲ့ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် ကျူးလွန်တဲ့ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မှာ ၁၆ နှစ်မိန်းကလေးကို သေနတ်အတုနဲ့ ငွေညှစ်၊ အဓမ္မပြုကျင့်သူကို ဖမ်းမိ
Source -BBC
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို စက်တင်ဘာ ၁၆ ရက်ညပိုင်းက ငွေညှစ်၊ အဓမ္မပြုကျင်တဲ့ တရားခံ သီဟအောင်ကို နောက်တစ်ရက် မှာ ဖမ်းမိတယ်လို့ နိုင်ငံပိုင်သတင်းစာက ကြေညာပါတယ်။
အသက်မပြည့်သေးတဲ့ မိန်းကလေးဟာ စက်တင်ဘာ ၁၆ ရက်ညပိုင်းမှာ သူငယ်ချင်းနဲ့အတူ ဟော့ပေါ့စားပြီး ပြန်လာတဲ့လမ်းမှာ ဒီဖြစ်စဥ်ကြုံရတာပါ။ဟော့ပေါ့ဆိုင်ကနေ လမ်းလျှောက်ပြန်လာတဲ့ မိန်းကလေး ၂ ဦးကို တရားခံက အသက်ဘယ်လောက်ရှိပြီလဲ၊ ဘယ်ကပြန်လာလဲလို့မေးပြီး အသက်မပြည့်သေးတဲ့အတွက် အိမ်ပြန် ပို့ပေးမယ်လို့ ယုံကြည်အောင်ပြောကာ ကားနဲ့ခေါ်ဆောင်ခဲ့တာလို့ မိန်းကလေးတွေဘက်က ထွက်ဆိုပါတယ်။
ဒါပေမဲ့ အိမ်ပြန်မပို့ပေးဘဲ ကားပတ်မောင်းနေပြီးမှ ပါလာတဲ့သေနတ်နဲ့ ဓားပြကာ ငွေ ၁၀ သိန်းတောင်းခဲ့ပြီး၊ ငွေရမှ အိမ်ပြန်ပို့ပေးမယ်လို့ မိဘတွေဆီ ဖုန်းနဲ့ဆက်သွယ်ခဲ့ပါတယ်။ ည ၁၁ နာရီဝန်းကျင်မှာတော့ အသက် ၁၈ နှစ်အရွယ်မိန်းကလေးကို မြောက်ဒဂုံ၊ ၃၃ ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်းမှာချထားခဲ့တယ်လို့ မိန်းကလေး တွေက ထွက်ဆိုပါတယ်။
ဒါပေမဲ့ ၁၆ နှစ်အရွယ် မိန်းကလေးကိုတော့ နှစ်ကြိမ်အဓမ္မပြုကျင့်ပြီး မနက် ၄ နာရီဝန်းကျင်မှာ အဲဒီလမ်းမှာ ထားခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၁၇ ရက်ညပိုင်းက တရားခံသီဟအောင်ကို ဖမ်းဆီးရမိချိန်မှာတော့ မိန်းကလေးတွေကို တင်ခေါ်ခဲ့တဲ့ကားနဲ့အတူ ခြိမ်းခြောက်ရာမှာသုံးခဲ့တဲ့ ကော် သေနတ်နဲ့ ဓားတို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြင်ဦးလွင် ၆ ထပ်ဈေးအပေါ်ဆုံးထပ်မှ အမျိုးသမီးငယ် ၁ ဦး ခုန်ချသေဆုံး
Source -DVB
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး ၆ ထပ်ဈေး အပေါ်ဆုံးထပ်ကနေ စက်တင်ဘာ ၂၂ ရက် ဒီမနက် ၉ နာရီလောက်က အမျိုးသမီးငယ်တယောက် ခုန်ချပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဈေးအပေါ်ဆုံးထပ် ၆ လွှာမှာရှိတဲ့ GOGO Park အားကစားကွင်းမှာ အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်ဝန်းကျင် အရွယ် မစန္ဒီပြည့်စုံကျော်ဟာ ၆ လွှာကနေ ခုန်ချခဲ့တာဖြစ်ပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဝဲ၊ ယာ ပေါင်ကျိုးဒဏ်ရာနဲ့ ကျောပြင်ပွန်းခြစ်ဒဏ်ရာတွေရရှိပြီး သေဆုံးသွားခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်ဦးလွင်မြို့မရဲစခန်းက အခင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကာ ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းက အလောင်းကို ပြင်ပလူနာဌာနကတဆင့် ရေခဲတိုက်ကို ပို့ဆောင်ကူညီပေးခဲ့ ပါတယ်။
SCEF ရဲ့ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင်မှာ ကိုယ်စားလှယ်တွေ စေလွှတ်သွားမယ်
Source – သံလွင်တိုင်းမ်
ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ရဲ့ အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်မှာ အမျိုးသမီးနိုင်ငံရေး အဖွဲ့အစည်း အခြေပြု ကိုယ်စားပြုမှုအဖြစ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းများ ပေါင်းစပ်စုဖွဲ့မှုတို့ကနေ ကိုယ်စားပြုပြီး ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်သွားဖို့ ရှိနေပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့က SCEF ရဲ့ အမျိုးသမီးမဏ္ဍိုင်ဖော်ဆောင်ရေးအတွက် SCEF အတွင်းရေးမှူးအဖွဲ့နဲ့ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီ ကော်မတီတို့ အစည်းအဝေးလုပ်ခဲ့ပြီး အဲဒီဆွေးနွေးချက်တွေကနေ SCEF ရဲ့ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင်မှာ အမျိုးသမီး နိုင်ငံရေးအဖွဲ့အစည်းအခြေပြု ကိုယ်စားလှယ်တွေ ပါဝင်သွားမှာဖြစ်ပြီး ညှိနှိုင်းဆွေးနွေးရမယ့် အကြောင်းအရာတွေကို ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြတာပါ။
အစည်းအဝေးမှာ SCEF အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးမဏ္ဍိုင်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပြင်ဆင်ချက်တွေကို SCEF အတွင်းရေးမှူးအဖွဲ့က ဒေါ်ဇူးပဒုမ္မာနဲ့ SCEF အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်ဖွဲ့စည်းရေး ယာယီကော်မတီက ဒေါ်အေးဆောင်၊ နော်ဆဲဆဲတို့ တင်ပြခဲ့ကြ ပါတယ်။
SCEF ကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီး ကိုယ်စားပြု/ ကိုယ်စားလှယ်များမဏ္ဍိုင် သုံးရပ်ကို အခြေခံ ကာ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်နေ့မှာ ဖွဲ့စည်း ခဲ့တာဖြစ်ပြီး ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့ ရှိနေကာ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်မှာတော့ KIO ၊ KNU ၊ CNF နဲ့ ကရင်နီပြည်တို့ ပါဝင်ကြပါတယ်။
လက်ရှိမှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်မှာ အညာဒေသအခြေစိုက် စစ်ကိုင်း ဖက်ဒရယ်ယူနစ် နဲ့ မကွေးဖယ်ဒရယ်ယူနစ် အပါအဝင် မန္တလေးဒေသတို့လည်း SCEF အဖွဲ့ဝင်အဖြစ် စုဖွဲ့လာနိုင်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် SCEF ရဲ့ လစ်လပ်နေတဲ့ အမျိုးသမီးကိုယ်စားပြု/ကိုယ်စားလှယ်များမဏ္ဍိုင်မှာ အမျိုးသမီး နိုင်ငံရေး အဖွဲ့အစည်း အခြေပြု ကိုယ်စားပြုမှုအဖြစ် ကိုယ်စားလှယ်တွေ ပါဝင်ဖို့ အခုလို အစည်းအဝေးလုပ်ဆောင်ခဲ့တာ ပါ။
PDF တွေက မသွားဖို့ တားမြစ်ထားတဲ့ လမ်းပိုင်းက သွားတဲ့အမျိုးသမီး ၃ ဦး မိုင်းထိလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရ
Source -မြေလတ်အသံ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ PDF တွေက မသွားဖို့ တားမြစ်ထားတဲ့ လမ်းပိုင်းကသွားခဲ့မိတဲ့ အမျိုးသမီး ၃ ဦး မိုင်းထိလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရတယ်လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်မှာ ထနောင်းဝင်း-ကျောက္ကာ-ရေနံကုန်း လမ်းပိုင်းပေါ်က ထနောင်းဝင်း ကျေးရွာအကျော်နားမှာ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသမီး ၃ ဦး တိုက်မိုင်းထိခဲ့တာဖြစ်ပြီး တိုက်မိုင်း ထိ တာကြောင့် မုံရွာတောင် ရပ်ကွက်နေ အသက် ၃၀ အရွယ် ဒေါ်ဝေဝေဖြိုး(ခ)မီးမီးမှာ နေရာမှာပင်သေဆုံးခဲ့ကာ၊ အသက် ၅၀ အရွယ် ဒေါ်စိုးစိုးဝင်းနဲ့ အသက် ၁၃ နှစ်အရွယ် မရွှေရတီတို့မှာ ဒဏ်ရာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကို မုံရွာမြိုအတွင်းက လူမှုကူညီရေးအသင်းတွေက လာရောက်ကောက်ယူပြီး မုံရွာမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ် ကျင်းပပြီးစီး၊ အမျိုးသမီး ၁၄၀ ကျော် ပါဝင်တက်ရောက်
Source -မဇ္ဈိမ
ထိုင်းနိုင်ငံ တနေရာတွင် လူတွေ့နဲ့ အွန်လိုင်းမှတဆင့် ပြုလုပ်တဲ့ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ ဖိုရမ်ကို စက်တင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသမီးဦးရေ ၁၄၄ ဦး ပါဝင်တက်ရောက်ခဲ့ တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က စက်တင် ဘာ ၂၃ ရက်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရေးအခြေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် အမျိုးသမီးများရဲ့ ပါဝင်မှု အခန်းကဏ္ဍ အားကောင်းလာစေရန် ရည်ရွယ်၍ “ငြိမ်းချမ်းရေးအတွက်အတူတကွ၊ အားလုံး တူယှဉ် ပါဝင်ရေး” ဆောင်ပုဒ်ဖြင့် ဖိုရမ်ကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ နောက်ခံအမျိုးမျိုးမှ အမျိုးသမီးများအကြား အတွေ့အကြုံများ ဖလှယ်နိုင်ရန်၊ အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်မှုနဲ့ ခေါင်းဆောင်မှုအတွက် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခွင့်အလမ်းတွေကို ဖိုရမ်အတွင်း ပြန်လည်သုံးသပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်ဆိုင်ရာ အကြောင်းအရာများ၊ အမျိုးသမီးတွေရဲ့ နိုင်ငံရေး ကိုယ်စားပြုမှု ပုံစံနဲ့ တရားဝင်ဖြစ်မှုများ စသည်တို့ကို ရလဒ်များ ထွက်ပေါ်လာတဲ့အထိ ရှုထောင့်ပေါင်းစုံမှ ဆွေးနွေးခဲ့ကြတယ် လို့ သိရပါတယ်။
ဖိုရမ်မှ ဆွေးနွေးရရှိခဲ့တဲ့ အကြောင်းအရာ၊ တွေ့ရှိချက်များနဲ့ အကြံပြုချက်တွေကို စုစည်းမှတ်တမ်းတင်၍ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေမှာ ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်တယ်လို့ WLB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုယ်တစ်ခုလုံး အရေပြားပျက်စီးပြီး မျက်စိအမြင်အာရုံပါ ဆုံးရှုံးလာသည့် ပုဏ္ဏားကျွန်းက ၉ နှစ်အရွယ် မိန်းကလေး ဆေးကုသမှုအကူအညီလိုအပ်နေ
Source -Western News
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာမှ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ ငယ်စဉ် ကတည်းက အရေပြားရောဂါခံစားနေရပြီး လက်ရှိတွင် ခန္ဓာကိုယ်တစ်ခုလုံး အရေပြားများ ပျက်စီးကာ နေ့စဉ်နာကျင်မှုခံစားနေရတဲ့ အပြင် မျက်စိအမြင်အာရုံလည်း ထိခိုက်ဆုံးရှုံးလာတာကြောင့် ဆေးကုသမှု အကူအညီ လိုအပ်နေတယ်လို့ မိသားစုဝင်တွေထံမှ သိရပါတယ်။
အဆိုပါမိန်းကလေးမှာ မွေးပြီး ၃ လအရွယ်ခန့်မှစ၍ အရေပြားပျက်စီးသည့် လက္ခဏာများ စတင်ပေါ်လာခဲ့ပြီး အသက် ၁ နှစ်မပြည့်မီကတည်းက အရေပြားများကို နေ့စဉ်ခွာပေးနေရတဲ့ အခြေအနေ ဖြစ်လာခဲ့သလို လက်ရှိ တွင် မိန်းကလေးငယ်ရဲံ ခန္ဓာကိုယ်တစ်ခုလုံး အရေပြားများ အကွက်လိုက်၊ အထပ်လိုက် ကွာကျနေပြီး နေ့စဉ် အရေပြားများကို ခွာပေးနေရတဲ့အပြင် ရာသီဥတုပူပြင်းချိန်တွင် ယားယံခြင်းနဲ့ နာကျင်မှု ပိုမိုခံစားရကြောင်း သိရပါတယ်။
မိန်းကလေးငယ်မှာ အသက် ၃ နှစ်အရွယ်ခန့်အထိ မျက်စိမြင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အမြင်အာရုံ တဖြည်းဖြည်း ကျဆင်းလာကာ လက်ရှိတွင် ညာဘက်မျက်လုံး လုံးဝမမြင်ရတော့တာအပြင် ဘယ်ဘက် မျက်လုံးမှာလည်း မှုန်ဝါးဝါးသာ မြင်ရတယ်လို့သိရပါတယ်။
မိသားစုဝင်များအနေဖြင့် မိန်းကလေးငယ်၏ အရေပြားနှင့် မျက်စိအခြေအနေကို အထူးကုဆရာဝန်များဖြင့် စစ်ဆေးကုသနိုင်ရန်နှင့် လိုအပ်ပါက ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ရေးအတွက် အကူအညီ လိုအပ်နေပြီး ငွေကြေးအခက်အခဲကြောင့် ယခင်က စနစ်တကျ ဆေးကုသမှုမရရှိခဲ့တဲ့ ကလေးငယ်အတွက် လက်ရှိ အခြေအနေမှာ လိုအပ်တဲ့ ဆေးစစ်ဆေးမှုနဲ့ ကုသမှုတွေ ရရှိနိုင်ရေး အကူအညီများ လိုအပ်နေတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး ‘Free Her’ ကမ်ပိန်း စတင်
Source -မဇ္ဈိမ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး “Free Her” ကမ်ပိန်း စတင်ပြီဖြစ်ကြောင်း All In One Piece Movement က စက်တင်ဘာ ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြသရန် လုပ်ဆောင်ခဲ့တဲ့ Proof of life ကမ်ပိန်းရဲ့ နောက်တဆင့်အနေဖြင့် Free Her ကမ်ပိန်းကို စတင်ပြီဖြစ်ပြီး ကမ်ပိန်းအား ဒေါ်အောင်ဆန်းစုကြည်နဲ့ ၎င်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းတို့ ဗီဒီယိုကောလ် မှတဆင့် တွေ့ဆုံခွင့်ရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းနဲ့ လူသားဆန်တဲ့ ဆက်ဆံမှုရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး၊ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးတို့အတွက် ရည်မှန်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
တောင်းဆိုချက်တွေကို ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အတူတူ တောင်းဆိုသွားမှာဖြစ်ပါတယ်လို့ All In One Piece Movement ကပြောပါတယ်။
အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ဖမ်းဆီးထားတဲ့ မိခင်ဖြစ်သူနဲ့ တွေ့ဆုံခွင့်ပေးရန် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ထံ စာတစောင်ရေးပြီး လန်ဒန်ရှိ မြန်မာသံရုံးမှတဆင့် သွားပေးခဲ့ကြောင်း ကင်မ်အဲရစ်ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။
စစ်အုပ်စုက ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)နဲ့ တွေ့ဆုံခွင့်ပေးခဲ့သော်လည်း ၎င်း၏ ရှေ့နေများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ကိုမူ ဖြတ်တောက်ထားဆဲဖြစ်ပါတယ်။
နွားထိုးကြီးမှာ လေကြောင်းကနေဆက်တိုက်ပစ်ခတ်ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးသေဆုံး
Source -မြေလတ်အသံ
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မန်လည်ကျေးရွာမှာစက်တင်ဘာလ ၂၂ ရက်နေ့ညနေက တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီး၊ MI 35 တစီး၊ စက်တပ်လေထီး ၃ စီးတို့က ကျေးရွာထဲကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်တာကြောင့်သက်ကြီး အမျိုးသမီး ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ရွာခံတွေထံက သိရပါတယ်။
ဗုံးပေါက်ကွဲစတွေ ထိမှန်တာကြောင့် အသက် (၆၅) နှစ်အရွယ်နဲ့ အသက် (၇၀) ကျော်အရွယ် အမျိုးသမီး (၂) ဦးနေရာမှာပင် သေဆုံးသွားခဲ့သလို အသက် (၄၀) ကနေ (၆၀) ကြား အမျိုးသား (၂) ဦးနဲ့အမျိုးသမီး (၁) ဦးတို့ဒဏ်ရာရပြီး နေအိမ် (၆) လုံးလည်းပျက်စီးသွားတယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ မန်လည်ကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိသလို PDF တပ်ဖွဲ့ဝင်တွေ နေထိုင်တာ မျိုးလည်းမရှိပဲ အကြောင်းမဲ့သက်သက်လာရောက် ဗုံးကြဲပစ်ခတ်တာဖြစ်ပြီး လေကြောင်း တိုက်ခံရလို့ ညကျေးရွာနေ ပြည်သူတွေဟာ ရွာလုံးကျွတ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာမှာ လက်နက်ကြီးကျပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
နမ့်ဆန်မှာ လက်ဖက်ခူးရင်း ပျားတုပ်ခံရတဲ့ အမျိုးသမီး ၂ ဦး သေဆုံး
Source -ရွှေဖီမြေ
တအာင်းဒေသ နမ့်ဆန်မြို့နယ်မှာ စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက လက်ဖက်ခြံအတွင်း လက်ဖက် ခူးနေတဲ့ အမျိုးသမီး ခေါင်းပေါ် ပျား ပြုတ်ကျတာနဲ့ လိုက်တုပ်တာကြောင့် ကွမ်ဟယ်ရွာမှာ နေထိုင်တဲ့ ဒေသခံ အမျိုးသမီး ၂ ဦး ပျားပိတုန်း တုပ်ခံရပြီး အဆိပ်သင့်ကာ သေဆုံးသွားပါတယ်။
ပျားတုပ်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ အမျိုးသမီး ၂ ဦးဟာ အသက် ၄၉ နှစ်အရွယ် ဒေါ်မြိုင်နဲ့ ၅၀ နှစ်အရွယ် အပျိုကြီးဆိုသူဖြစ်ပြီး တုပ်ခံရပြီးနောက်တစ်ရက် ၁၉ရက်နေ့မှာသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ကွမ်ဟယ်ရွာမှာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ပျားပိတုန်းကောင် တုပ်ခံရပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
ရည်းစားနှင့် ချိန်းတွေ့သည့် အမျိုးသမီး နေအိမ်ဖျက်ဆီးခံရ၊ ရိုက်နှက်ခံရပြီး ရွာကိုလည်း ပြန်တောင်းပန်ရ
Source -သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၀နှစ် အရွယ်ရှိ အမျိုးသမီးတဦးမှာ ချစ်သူနဲ့ ချိန်းတွေ့မှုကြောင်း နေအိမ်ဖျက်ဆီး၊ ရိုက်နှက်ခံရပြီး ကျေးရွာကိုလည်း ပြန်လည်တောင်းပန်ရတယ်လို့သိရပါတယ်။
စက်တင်ဘာ ၁၆ရက်က ပင်လောင်းမြို့နယ် တောင်လေးကျေးရွာတွင်နေထိုင်တဲ့ အသက် ၂၀အရွယ်ရှိ အမျိုးသမီးမှာ ၎င်းရဲ့ ရည်းစားနဲ့ ချိန်းတွေ့ခဲ့မှုက ကျေးရွာစည်းကမ်းကို ဖောက်ဖျက်တယ်လို့ ကျေးရွာရှိသူကြီးက ပြောဆိုကာ အဆိုပါ အမျိုးသမီးရဲ့ နေအိမ်ကို ဖျက်ဆီးလိုက်တဲ့အပြင် ရိုက်နှက်ခြင်းလည်း ပြုလုပ်ခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ပင်လောင်းဒေသခံ အမျိုးသားတဦးကပြောပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ဝေဖန်မှု မြင့်တက်လာချိန် ကျေးရွာသူကြီးအဖွဲ့က ယင်းအမျိုးသမီးက ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူဟု စွပ်စွဲထုတ်ပြန်ခဲ့သလို ရိုက်နှက်ခံပြီး စွပ်စွဲခံရတဲ့ အမျိုးသမီးက ကျေးရွာသူကြီးအဖွဲ့ကို စက်တင်ဘာ ၂၂ ရက်တွင် ကန်တော့ကာ တောင်းပန် ကျေအေးရပြန် တယ်လို့သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တဝှမ်းမှာ ရိုးရာဓလေ့ ထုံတမ်း ဉပဒေက မြင့်တက်လာပြီး အမျိုးသမီးတွေကို ဖိနှိပ်မှုပိုကြီးလာကြောင်း၊ ရည်းစားနဲ့ ချိန်းတွေ့တဲ့ အမျိုးသမီး အိမ်ကို ပျက်စီးပြီး၊ ၎င်းကိုပါရိုက်နှက်ခြင်းက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ သျှမ်းပြည်တောင်ပိုင်း အမျိုးသမီး အရေး လုပ်ဆောင်နေသူ ပြောပါတယ်။
အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ရဲ့ စစ်မှုထမ်းဉပဒေနဲ့ ပအိုဝ်းပြည်သူ့စစ် PNOရဲ့ စစ်မှုထမ်းဉပဒေ တွေကြောင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များမှာ နေရပ်ကို စွန့်ခွာပြီး ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမား လုပ်ကြတာကြောင့် ကျေးရွာတွေထဲ အသက်ကြီးသူ ရှေ့ရိုးစွဲသူများသာကျန်ရှိပြီး ထိုသူများက ကျေးရွာသူကြီးများ ပြန်လည်လုပ်ဆောင်နေကြတာလို့သိရပါတယ်။
စစ်ရေးပဋိပက္ခ တွေရပ်တန့်ပြီး အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲပြုလုပ်
Source – HI- Honest Information
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) ကပြုလုပ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကို ပဋိပက္ခပြင်းထန်တဲ့ဒေသတွေက အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ အသိပညာ ပေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေသူတွေ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး၊ စစ်ရေးပဋိပက္ခ တွေ ရပ်တန့်ကာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ဆိုတဲ့ အမြင်သဘောထားနဲ့ အဓိကထားဆွေးနွေးယှဉ်ပြိုင်ခဲ့ကြ တယ်လို့ BWU မှ သိရှိရပါတယ်။
ဒီ ကျပန်းစကားပြောပြိုင်ပွဲမှာ အမျိုးသမီး၊ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဖြစ်စဉ် တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင် လာနိုင်ဖို့ အဓိကထားဆွေးနွေးခဲ့ကြသလို၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အမျိုးသမီးတွေရဲ့ အသံ၊ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ကျပန်းစကားပြောပြိုင်ပွဲကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတည်ဆောက်ရာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ အရေးပါမှုကို ပိုပြီးနားလည်လက်ခံလာစေရန်၊ ပဋိပက္ခဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ယုံယုံကြည်ကြည် ပါဝင်နိုင်စေရန်၊ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒချမှတ်ခြင်းနဲ့ ဆွေးနွေးညှိနှိုင်းမှု တွေမှာ အမျိုးသမီးတွေရဲ့ အသံနဲ့ အမြင်တွေကို ပိုမိုထည့်သွင်းစဉ်းစားလာစေရန်လည်း ရည်ရွယ်ကျင်းပခဲ့တာ ဖြစ်တယ်လို့ BWU ကဆိုပါတယ်။
ဒီပြိုင်ပွဲကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်နီပြည်တို့အပါအဝင် ဒေသအသီးသီးက ပြိုင်ပွဲဝင် ၁၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပထမဆုကို စစ်ကိုင်းတိုင်းကမဂျူးဂျူးကေက “အနာဂတ်ငြိမ်းချမ်းရေး တည်ဆောက်သူများပေါ်ပေါက်ရေး၊ အမျိုးသမီးများကို စွမ်းအားပေး” ခေါင်းစဉ်ဖြင့် ရရှိခဲ့ပါတယ်။
ဒုတိယဆုကို ပဲခူးတိုင်းက Kelly က “ငြိမ်းချမ်းရေး၏အခြေခံ၊ အမျိုးသမီးများ၏ရင်တွင်းအသံ” ၊ တတိယဆုကို မကွေးတိုင်းမှ ခင်ခင်က “အမျိုးသမီးများ အခက်အခဲမှန်သမျှ အကုန်ကျော်လွှား၊ ယုံကြည်မှုကို မြဲမြဲကိုင်ထား၊ ငြိမ်းချမ်းရေးဆီ ရောက်အောင်သွား” ၊ နှစ်သိမ့်ဆုကို စစ်ကိုင်းတိုင်းကမိစိုးက “ငြိမ်းချမ်းရေး၏အခြေခံ၊ အမျိုးသမီးများ၏ရင်တွင်းအသံ” ခေါင်းစဉ်တို့ဖြင့် အသီးသီးရရှိခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို နှစ်စဉ် စက်တင်ဘာ ၂၁ မှာ ကျင်းပလေ့ရှိပြီး ဒီနှစ်လည်း ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ အသံဖော်ထုတ်မှုကို အလေးပေးတဲ့အနေနဲ့ ဒီပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
လှည်းကူးမှာ ၆ နှစ်အရွယ် သီလရှင်ဆရာလေးကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ အသက် ၆၀ ကျော် အမျိုးသား တစ်ဦးကို လက်ရဖမ်းမိ
Source – CJ Platform
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ဆွမ်းဆန်စိမ်းခံကြွရင်း နေ့လယ်ဆွမ်းစားနားတဲ့အိမ်မှာ အသက် ၆ နှစ်အရွယ် သီလရှင်ဆရာလေးတစ်ပါးကို မုဒိမ်းပြုကျင့်ခဲ့တဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို အခင်းဖြစ်ပွား ရာ နေရာမှာတင် ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့က လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ လူကြီးမင်းလမ်းမှာ ရှိတဲ့ အိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့တာပါ။ အတူပါလာတဲ့ သီလရှင်ဆရာကြီးက အိမ်အောက်ထပ်မှာ ဆွမ်းခံရရှိတဲ့ နဝကမ္မငွေတွေကို သိမ်းဆည်းနေတုန်း၊ ၆ နှစ်အရွယ် သီလရှင်ဆရာလေးဟာ ကြောင်နောက်ကို လိုက်ဖမ်း ကစားရင်း အိမ်အပေါ်ထပ်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာ အိမ်မှာရှိနေတဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားက အခန်းတံခါးကို ဂျက်ချပြီး သီလရှင် ဆရာလေးကို မုဒိမ်းပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။ ဆရာလေးရဲ့ အော်ဟစ်သံကြောင့် အတူပါလာတဲ့ သီလရှင် ဆရာကြီး၊ ကျူးလွန်သူဆိုသူရဲ့ သမီးဖြစ်သူနဲ့ အနီးနားက ဒေသခံတွေက အခန်းတံခါးကို ဝိုင်းဝန်းထုရိုက် ဖွင့်လှစ်ခဲ့ကြပြီး ကျူးလွန်သူကို အခင်းဖြစ်တဲ့နေရာမှာပဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် သီလရှင်ဆရာလေးမှာ ထိခိုက်ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး သီလရှင်ဆရာကြီး ဒေါ်သုစိန္တီက “လှည်းကူးက ဆွမ်းဆန်ရပ်သွားတဲ့ ၆ နှစ်အရွယ် သီလရှင်လေးကို နေ့လယ်ဆွမ်းစားနားတဲ့ အိမ်ကလူကြီးက မုဒိမ်းကျင့်တာပါ။ ကလေးကို ဆရာဝန်က ၃ ချက် ပြန်ချုပ်ပေးရတယ် လို့ သိရပါတယ်။ သီလရှင်ငယ်လေးတွေရဲ့ ဆရာတွေ ပိုဂရုစိုက်ကြပါ” လို့ လူမှုကွန်ရက်မှာ သတိပေး ရေးသား ထားပါတယ်။
လက်ရှိမှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် သီလရှင်ငယ်လေးတွေ ဆွမ်းခံကြွတဲ့အခါ အုပ်ထိန်းသူတွေအနေနဲ့ အနီးကပ် သေချာစွာစောင့်ရှောက် ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားကြပါတယ်။
စစ်အုပ်စုကြောင့် ပဲခူးဒေသတွင် ၃ လအတွင်း အမျိုးသမီး ၁၂ ဦးအပါအဝင် ပြည်သူ ၂၇ ဦး သေဆုံး
Source- မဇ္ဈိမ
ပဲခူးဒေသတွင် ဇူလိုင်လမှ စက်တင်ဘာလအတွင်; စစ်အုပ်စုတပ်လုပ်ရပ်တွေကြောင့် အမျိုးသမီး ၁၂ ဦးအပါအဝင် ပြည်သူ ၂၇ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရပါတယ်။
AAPPရဲ့ အချက်အလက်တွေအရ ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၂၄ ရက်အထိ ပဲခူးဒေသတွင် စစ်အုပ်စုတပ် ကြောင့် အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၁၅ ဦး စုစုပေါင်း ၂၇ ဦး သေဆုံးခဲ့ကြောင်း အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီးသေဆုံးသူတွေအနက် အသက် ၁၈ နှစ်အောက် ကလေးငယ် ငါးဦး ပါဝင်တယ်လို့ AAPP က ဖော်ပြထားပါတယ်။
သေဆုံးရတဲ့ အကြောင်းရင်းအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၀ ဦးအထိ ရှိသလို၊အဆိုပါကာလအတွင်း သေဆုံးခဲ့တဲ့ အရပ်သား ၁၀ ဦးရဲ့ အမည်စာရင်းကိုလည်း သီးခြားကောက်ယူထားပြီး အချက်အလက်တွေကို ထပ်မံအတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလစစ်တပ်က အာဏာသိမ်းယူခဲ့သည့်အချိန်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၄ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အုပ်စုတပ်နဲ့၎င်းရဲ့ လက်ပါးစေတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပါအဝင် ပြည်သူ စုစုပေါင်း ၈,၄၂၃ ဦး သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။





