စိတ်အကျဉ်းထောင်တွေထဲက လွတ်မြောက်ဖို့ – ထောင်ကလွတ်ပြီးပေမဲ့ မလွတ်မြောက်သေးတဲ့ နိုင်ကျဉ်းသူတွေရဲ့ စိတ်ဒဏ်ရာ
ဝါနုဖူးသစ်
နိုင်ငံရေးအကျဉ်းသူအတွက် ထောင်တံခါးပွင့်ပြီး အပြင်ကို ပြန်ထွက်လာတာဟာ အကျဉ်းသားဘဝကနေ လွတ်မြောက်ခြင်းတခု လို့ မြင်နိုင်ပေမယ့် ထောင်ထဲကိုမရောက်ခင် စစ်ကြောရေးကာလနဲ့ ထောင်ထဲမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကတော့ ထောင်တံခါးအပြင်ဘက်အထိ ထပ်ကြပ်မကွာလိုက်ပါလာတတ်ပါတယ်။
အထူးသဖြင့် စစ်ကြောရေးကာလမှာ ကြုံခဲ့ကြရတဲ့ လိင်ပိုင်းဆိုင်ရာထိပါးမှု၊ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေ ဟာ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ကစလို့ မိသားစုနဲ့ ဆက်ဆံရေး၊ လူမှုအသိုင်းအဝိုင်းနဲ့ ပြန်လည်နေထိုင်ရေးအထိ သက်ရောက်နေဆဲ ဖြစ်ပါတယ်။
အကျဉ်းထောင်ကနေလွတ်မြောက်လာတာ နှစ်ပေါင်း ၂၀ ဝန်းကျင် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အမှောင်ခန်းထဲကို ဝင်လိုက်ရတဲ့အခါဖြစ်စေ၊ အခန်းကျဉ်းကျဉ်းလေးထဲကို ဝင်လိုက်ရတဲ့ အခါ ဖြစ်စေ သူနေခဲ့ရတဲ့ အကျဉ်းထောင် ရဲ့ အခန်းကျဉ်းကျဉ်းလေးကို ပြန်တွေးမိရင်း သူ့စိတ်ထဲ အရမ်းမွန်းကြပ် လာတတ်တယ်လို့ မကလျာက ပြောပြပါတယ်။
နိုင်ငံရေးယုံကြည်ချက်ကြောင့် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က အကျဉ်းကျခဲ့ရတဲ့ မကလျာအဖို့ ဒီလို မွမ်းကြပ်မှုတွေအပြင် စစ်ကြောရေးငရဲခန်းထဲ ကြုံတွေ့ခဲ့ရတဲ့ ကြမ်းတမ်းတဲ့ အထိအတွေ့ နဲ့ ယုတ်ရင့်တဲ့ အပြောအဆိုတွေကလည်း တိုက်ဆိုင်မှုတွေရှိလာ ချိန်တိုင်းမှာ စိတ်ဒဏ်ရာတွေက အရိပ်လိုပြန်ပေါ်လာနေဆဲပါ။
ညဘက်တွေဆိုရင်လည်း ခွေးဟောင်သံကြားရင်တောင် နေစရာမရှိအောင် စိုးရိမ်တာ၊ အိမ်တံခါးလာခေါက်မှာကို စိုးရိမ်တာ အိပ်မပျော်တာမျိုးတွေဖြစ်တတ်ပါတယ်။ အိပ်ပျော်သွားရင်လည်း အိပ်မက်ထဲမှာ ပြေးနေရတယ် ဆိုတာမျိုးတွေ မက်တတ်တယ်လို့ သူက ဆိုပါတယ်။
မကလျာလိုပဲ မေ့ဖျောက်မရတဲ့ စိတ်ငရဲထဲမှာ ပိတ်မိနေဆဲ နောက်ထပ် နိုင်ငံရေးအကျဉ်းသူဟောင်း တယောက် ကတော့ မန္တလေးမြို့က မသန္တာပါ။
သူဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြဖို့ ဦးဆောင်သူအဖြစ် ဖမ်းဆီးခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာတာ ၃ နှစ်ကျော်ရှိလာပေမယ့် စစ်ကြောရေးငရဲခန်းက ပုံရိပ်တွေဟာ လက်တွေ့ လူနေမှု ဘဝကိုပါ လွှမ်းမိုးပြီး ဆက်ဆံရေးတည်ဆောက်ဖို့ ခက်ခဲတဲ့ အခြေအနေနဲ့ ကြုံနေရသူတဦးပါ။
စစ်ကြောရေးမှာ ဖမ်းဆီးစစ်ဆေးခံနေရချိန်က အသက် ၄၀ ဝန်းကျင် အိမ်ထောင်သည် အမျိုးသမီး၊ တောင့်တင်း တဲ့ ခန္ဓာကိုယ်ရှိတဲ့ သူ့ကို စစ်သားတွေက အဓမ္မပြုကျင့်မှုအထိ မကျူးလွန်ခဲ့ပေမယ့် ကိုယ်ကာယကို စိတ်ကြိုက် ထိပါး ကိုင်တွယ်ခဲ့ကြတာတွေက မေ့ဖျောက်လို့မရဘဲ စိတ်ငရဲမှာ အခုထိ ပိတ်မိနေဆဲပါ။
“အမကိုဆိုလည်း အသက်ကြီးပေမယ့် အလတ်ကြီးကွ၊ အလတ်ကြီးကွဆိုပြီး အဝတ် မချွတ်လိုက်တာပဲရှိတယ်၊ တယောက်ပြီးတယောက် တင်ပါးတွေ ရင်ဘတ်တွေကို လာပွတ်တာ၊ ငါ့ကိုတော့စော်ကားတော့မှာ စော်ကားတော့မှာနဲ့ စိတ်ထဲက ကြောက်နေတာ၊ ထောင်ထဲရောက်သွားတဲ့အထိ အဲ့ကြောက်စိတ်က မပြယ်ဘူး၊ ထောင်က လွတ်လာတော့လည်း အခုထိ အဲ့ကြောက်စိတ်က ရှိနေတုန်းပဲ၊ မှောင်ရင်ကို ကြောက်နေတာ” လို့ မသန္တာက ပြောပြပါတယ်။
ဒီစိတ်ဒဏ်ရာတွေဟာ ကိုယ်တွေ့ဖြစ်ရပ်ချင်းတူတဲ့ အချင်းချင်းကြားမှာတောင် အလွယ်တကူ ထုတ်ဖော်ပြော ဆိုဖို့ မရဲအောင် အရှက်ရတဲ့အတွက် မသန္တာတယောက်ဟာ အိမ်ထောင်ဘက် အမျိုးသားကို သူကြုံ တွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်မပြောနိုင်ခဲ့ပါဘူး။
“အဲဒီစစ်သား ၂ ယောက်က စစ်ဆေးမေးနေရင်းနဲ့ ကိုင်တာတွေ၊ မျက်နှာနားကို ကပ်ပြီး စကားပြောတာတွေက ဘယ်လိုမှ မေ့ဖျောက်လို့မရတဲ့ အိမ်မက်ဆိုးတွေပဲ၊ အမျိုးသားက အတူနေဖို့ အနားတိုး ကပ်လာရင် အဲဒီအဖြစ် အပျက်တွေကို မြင်ယောင်လာပြီး ဘယ်လိုမှ လက်မခံနိုင်ဘူးဖြစ်နေတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ဟာ ၂၀၂၁ ကစပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးထောင် ထဲထည့်ခဲ့တာကြောင့် ၂၀၂၆ စက်တင်ဘာလအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးခံခဲ့ရသူ ၃သောင်းကျော် ရှိခဲ့ပြီး အဲ့ဒီထဲမှာ အမျိုးသမီးက ၆,၆၀၀ နီးပါး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
ဒီအမျိုးသမီးအယောက်စီတိုင်းဟာ ငရဲခန်းတွေကို ဖြတ်သန်းခဲ့ရပြီး အခုထိလည်း စိတ်ငရဲမှာ အကျဉ်းကျနေကြ ဆဲပါ။ ဖမ်းဆီးထိန်းသိမ်းခံရစဉ်က အမျိုးသမီးဖြစ်တဲ့အတွက် အမျိုးသားတွေထက် ပိုမိုဆိုးဝါးတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို နည်းအမျိုးမျိုး ကြုံတွေ့ခဲ့ကြရပါတယ်။
ထောင်ထဲရောက်သွားတဲ့အခါ စစ်ကြောရေးကို ဖြတ်သန်းခဲ့ရတဲ့ ဘဝတူနိုင်ကျဉ်းသူတွေရဲ့ အတွေ့ အကြုံတွေကို လိုက်မေးကြည့်ချိန်မှာ တချို့အမျိုးသမီးငယ်လေးတွေဟာ သူတို့ကြုံခဲ့ရတာကို ပြန်ပြောပြရင်း ခန္ဓာကိုယ် တုန်ရီကာ ငိုချလိုက်တဲ့အထိ ထိခိုက်ခံစားခဲ့ကြရတာကို တွေ့လိုက်ချိန်မှာ မသန္တာတယောက် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။
“မိန်းကလေးတိုင်း နီးပါးဟာအနည်းဆုံးတော့ စိတ်ကြိုက် ကိုင်တာမျိုး ခံခဲ့ကြရတယ်” လို့ သူက ပြောပြတယ်။
နိုင်ကျဉ်းသူတွေဟာ အကျဉ်းထောင်က ထွက်လာချိန်မှာလည်း လူမှုဘဝထဲမှာ ထောင်ထွက်အဖြစ် အနှိမ်ခံရတာ၊ ခွဲခြားဆက်ဆံတာတွေကိုလည်း ရင်ဆိုင်ကြရပြန်ပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့ရပေမယ့် ထောင်ဆိုတာ ရာဇဝတ်သားတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့နေရာလို့ ပုံဖော်ထားတဲ့အတွက် ထောင်ကထွက်လာသူတွေကို ခွဲခြားဆက်ဆံမှုတွေရှိနေတာပါ။
လားရှိုးအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ မသွင်ကို ဘဝတူနိုင်ငံရေးအကျဉ်းသူဟောင်း တယောက်ဖြစ်တဲ့ အသိမိတ်ဆွေရဲ့ မိခင်က သူ့ကို စတွေ့တွေ့ချင်းမှာပဲ “ငါ့သမီးရဲ့ အသိဖြစ်လို့ပဲ နင်က ငါ့သမီးအသိသာမဟုတ်ရင် နင့်ကို စကားပြောမှာမဟုတ်ဘူး၊ အဖက် တောင်လုပ်မှာ မဟုတ်ဘူး” ဆိုတဲ့ ပြောဆိုမှုကို ခံခဲ့ရဖူးပါတယ်။
ထောင်ကထွက်လာပြီးတဲ့အခါ နိုင်ကျဉ်းတယောက်အဖြစ် လူမှုပတ်ဝန်းကျင်နဲ့ ဆက်ဆံပြောဆိုရချိန်မှာလည်း အတွေးအမြင်မတူတော့တာ၊ ပြောဆိုရခက်ခဲတာတွေအပြင် ပတ်ဝန်းကျင်က လူတွေက သူတို့အပေါ် ဆက်ဆံဖို့ ကြောက်တာ မျိုးတွေလည်း ကြုံကြရပါတယ်။
“ထောင်ကလွတ်လာရင် အဲ့ဒီလူကို ပတ်ဝန်းကျင်က ကြောက်တယ်၊ ဘာလို့လဲဆို အဲ့ဒီလူနောက် ထောက်လှမ်း ရေးက တချိန်လုံးလိုက်နေတာ၊ ဒီလူနဲ့ပတ်သက်မိရင် ထောက်လှမ်းရေးက ငါ့တို့ပါ အာရုံစိုက်မှာပဲ ဆိုပြီး ကြောက်တယ်၊ ကြောက်တော့ ခပ်ရှောင်ရှောင်ဆက်ဆံကြတယ်၊ အဲဒီလို လူတွေက ကိုယ့်ကို ခပ်ရှောင်ရှောင် ဆက်ဆံရင် အဲလူက ပိုပေါက်ကွဲတယ်၊ အဲတော့ ပိုပြီး အရွဲ့တိုက်တယ်” လို့ မကလျာက ပြောပါတယ်။
နိုင်ကျဉ်းတွေဟာ ထောင်ကထွက်လာချိန်မှာ ဘဝကို ပြန်လည်စတင်ဖို့ သာမန်လူတွေထက်ပို ရုန်းကန်ကြရပြီး ဒီလိုအခြေအနေမှာ မိသားစုနဲ့ ပတ်ဝန်းကျင်က ကူညီဖေးမမှု မရှိဘူးဆိုရင် ရပ်တည်နိုင်ဖို့ ခက်ခဲပြီး ကိုယ့်ဘဝ ကိုယ်ဖျက်ဆီးမိတဲ့အထိ ပတ်ဝန်းကျင်ကို အရွဲ့တိုက်ကြတယ်လို့ သူက ဆက်ပြောပါတယ်။
သာမန်ပြည်သူတဦးလို ဖြစ်မနေတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေက ခက်ခဲတာ၊ တကိုယ်ရည် လုံခြုံရေးအတွက် နေရာထိုင်ခင်း မကြာခဏရွေ့ပြောင်းနေထိုင်ရတာ စတဲ့ ဘဝကို အသစ်ကပြန်စရတဲ့ အခြေအနေတွေကြောင့် အခက်အခဲတွေရှိတယ်လို့ မသွင်က ဆိုပါတယ်။
အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က အကျဉ်းကျခဲ့ရတဲ့ မကလျာကလည်း “ကိုယ့်ကြောင့် မိသားစု ဘဝက ပျက်စီးသွားတယ်၊ ဒုက္ခရောက်ရတယ်၊ စီးပွားပျက်ရတယ်၊ ကိုယ်ထောင်က ထွက်လာတော့လည်း ရပ်တည်ဖို့အလုပ်ရှာရခက်တယ်၊ အဆင်မပြေမှုတွေများတဲ့အခါ စိတ်ဒဏ်ရာက ပိုပြင်း ထန်လာတယ်” လို့ မကလျာက သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပါတယ်။
အလားတူပဲ သူ့မြင်တွေ့ခဲ့တဲ့ အတွေ့အကြုံတွေအရ စိတ်ကို မထိန်းနိုင်ကြတဲ့ တချို့နိုင်ကျဉ်းတွေဆို အရက်အရမ်းသောက်တာ၊ အရွဲ့တိုက်ရင်း ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ဘဲ နောက်ဆုံး အသက်ဆုံးရှုံးတဲ့အထိ ရင်ဆိုင်သွားကြရတာတွေလည် ရှိတယ်လို့ မကလျာက ဆက်ပြောပြပါတယ်။
တကယ်တော့ ဒီလို စိတ်ဒဏ်ရာတွေဟာ တသက်လုံးသယ်ပိုးသွားရမယ့် အရာတွေမဟုတ်ဘဲ ကျွမ်းကျင်တဲ့ စိတ်ရောဂါဆိုင်ရာ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေး ကုသဖို့လိုအပ်နေတယ်လို့ ချင်းမိုင်မြို့မှာ စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေပေးနေတဲ့ ဆရာဝန်တဦးက ထောက်ပြပါတယ်။
သူက “ကြုံတွေ့ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ခံစားနေရတာတွေ အပေါ် လိုအပ်တဲ့ ကုသမှုတွေကို အချိန်ကာလ တခုပေးပြီး ခံယူလိုက်မယ်ဆို လုံးဝကို ပျောက်ကင်းနိုင်တယ်”လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ရဲ့ တာဝန်ရှိသူတဦးက နှစ်သိမ့်ဆွေးနွေး ပညာပေး (Counseling) အစီအစဉ်တွေကို လုပ်ဆောင်ပေးတာမျိုးရှိပေမယ့် ဖွင့်ထုတ် ပြောပြဖို့ရာခက်ခဲမှုတွေလည်း ရှိနေတယ်လို့ ပြောပြပါတယ်။
WOPP တည်ထောင်သူ မဇူးဇူးမေယွန်းက “စစ်ကြောရေးမှာ စစ်တပ်က အကြမ်းဖက်ပြီးမေးတာနဲ့ အပြင်မှာ အေးအေးဆေးဆေးမေးတာ ဒါပဲကွာတယ်၊ ဒီဒဏ်ရာတွေက ပြန်ပြန်ပြီးအစဖော်ရတာတွေ၊ ပိုပြီးတော့ နာကျင် ရတယ်၊ ဒါကြောင့်လဲ Counseling ထိရောက်မှု၊ မထိရောက်မှုတွေက ရှိနေတာပေါ့” လို့ ရှင်းပြပါတယ်။
WOPP ရဲ့ အစီအစဉ်အရ စိတ်ကျန်းမာရေးအတွက် နှစ်သိမ့်ဆွေးနွေးမှု (Counseling) ယူခဲ့ကြသူ ၁၀၀ မှာ ၇၅ ရာခိုင်နှုန်းလောက်က တဒင်္ဂမှာ ပေါ့ပါးသွားတာ၊ စိတ်ကျန်းမာလာတာတွေ ရှိခဲ့ပေမယ့် ရေရှည် ပျောက်ကင်း သွားတာမျိုးမဟုတ်ဘူး လို့ ရလာဒ်ကို သူက ပြောပြပါတယ်။
မကလျာဟာလည်း နှစ်သိမ့်ဆွေးနွေးပညာပေး Counseling လုပ်ဖို့ မယုံကြည်ခဲ့သူတွေထဲမှာ တဦးအပါ အဝင်ပါ။
“အမ Counseling မယူဘူး၊ ဘာလို့လဲဆိုတော့သိပ်မယုံလို့၊ ကိုယ်လုပ်ရမယ့်အလုပ်တွေပဲ လုပ်နေ လိုက်တယ်၊ သိပ်မတွေးမိအောင်လည်း နေတယ်” လို့သူကပြောပါတယ်။
ချင်းမိုင်မြို့မှာ စိတ်ကျန်းမာရေးကုသမှုပေးနေတဲ့ ဆရာဝန်ကတော့ Counseling မယူနိုင်သေးသူတွေ အတွက် စိတ်ဒဏ်ရာကို ကိုင်တွယ်နိုင်ဖို့ နေ့စဉ်ဘဝမှာ အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေ ရှိတယ်လို့ ဆရာဝန်က ပြောပြပါတယ်။
Counseling ကိုအယုံအကြည်မရှိလို့ ကိုယ့်စိတ်ဒဏ်ရာကို ကိုယ်တိုင်ကုစားမယ်ဆိုရင် ကိုယ်ယုံကြည်တဲ့ လူတွေနဲ့ နေဖို့ အားပေးသူတွေနဲ့အတူနေဖို့ ယုံကြည်တဲ့ဘာသာတရား၊ လူမှုရေးလုပ်ငန်းတွေ ကိုလုပ်ဖို့နဲ့ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ ပတ်ဝန်းကျင်နဲ့ ဝေးအောင်နေပြီး ကျန်းမာရေး လိုက်စားဖို့ အထက်ပါ ဆရာဝန်က အကြံပြုပါတယ်။
နိုင်ငံရေးအကျဉ်းသူတွေအဖို့ စိတ်ဒဏ်ရာတွေကိုသယ်ပိုးပြီးနေထိုင်ရတဲ့ နေ့စဉ်ဘဝမှာ မိဘ၊ ဆွေမျိုးနဲ့ ပတ်ဝန်းကျင်အသိုင်း အဝိုင်းရဲ့ ဖေးမကူညီမှုတွေဟာလည်း အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေတာကို တွေ့ရပါတယ်။
“သူတို့ကို ဝေဖန်အပြစ်တင်တာထက် ဘာမှမဖြစ်ဘူး၊ ငါတို့ရှိတယ်ဆိုတာမျိုးကို ခဏခဏပြောပေးရင် စိတ်ဒဏ် ရာရတဲ့သူတွေက အနည်းဆုံးတော့ စိတ်သက်သာရာ ရနိုင်မယ်” လို့ အထက်ပါ စိတ်ကျန်းမာရေးဆရာဝန်က ဆိုပါတယ်။
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေလျော့ပါးသက်သာစေဖို့ ကိုယ့်ဘာသာကိုယ် ထိန်းကျောင်းနိုင်တဲ့ နည်းလမ်းတွေ ရှိသလို၊ စိတ်ဒဏ်ရာနက်ရှိုင်းတဲ့အခါ ကျွမ်းကျင်သူတွေရဲ့ အကူအညီကို ရယူဖို့လည်း လိုအပ်တယ်လို့ ဆရာဝန်က အခုလို ပြောပြပါတယ်။
“စိတ်ဒဏ်ရာတွေက ကြီးရင်ကြီးသလို အထဲထဲမှာ နက်နက်ရှိုင်းရှိုင်း ဝင်နေတာဖြစ်တဲ့အတွက် ကိုယ့်ဘာသာ ဖြေရှင်းနိုင်ဖို့ခက်ခဲတယ်၊ ကိုယ့်ဘာသာကုသမယ်ဆို နည်းနည်းလေးသက်သာအောင်နေလို့ရတယ်၊ ဒါပေမဲ့ ကုသမှ ပျောက်ကင်းမယ်”










