ဒိုက်ဦးအကျဉ်းထောင်က ထောင်အာဏာပိုင်တွေကို စုံစမ်းစစ်ဆေးပေးရန် WOPP တောင်းဆို
ခင်ဘုန်းမို့
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေအပေါ် အာဟာရပြတ်လပ်အောင် ပြုလုပ်တာ၊ ကျန်းမာရေးထိခိုက်အောင် ဖိနှိပ်တာ၊ ငွေကြေးလိမ်လည်မှုတွေကို ပြုလုပ်နေကြတဲ့ အမျိုးသမီးဆောင် ဦးစီးအရာရှိအပါအဝင် အကျဉ်းဦးစီးဌာန အမျိုးသမီးဆောင်ဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စောင့်ကြည့်လေ့လာကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ယနေ့ စက်တင်ဘာလ ၇ရက်နေ့မှာ တောင်းဆိုချက်တရပ်ထုတ်ပြန်လိုက်ပါတယ်။
မိသားစုတွေကပို့ပေးတဲ့ စားသောက်ကုန်တွေကို အပြည့်အဝမရရှိတာ၊ အကျဉ်းထောင်ထဲမှာ ရောင်းချနေတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်မားတဲ့အတွက် နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ လုံလောက်တဲ့ အာဟာရရှိတဲ့ အစားအစာတွေကိုစားသောက်နိုင်ဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြ ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကျဉ်းထောင်ဝန်ထမ်းတွေနဲ့အဆင်မပြေတဲ့ နိုင်ကျဉ်းသူတွေကို မိသားစုဝင်တွေက ထောင်ဝင်စာ ကနေတဆင့် ဟင်းတပိသာ ပို့ပေးပေမယ့် ထောင်ထဲကို ၂၅ ကျပ်သား ခန့်သာရောက်ရှိပြီး ကျန်တဲ့ ဟင်းတွေကို ဝန်ထမ်းတွေက ကြားဖြတ်ယူကာ ပြန်ရောင်းစားနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် မိသားစုဝင်တွေက ပို့ပေးတဲ့ဆေးဝါးတွေကို ရုံးခန်းမှာသိမ်းဆည်းထားပြီး တခါထုတ်ရင် ဆေး ၁ကဒ်သာပေးတာ၊ အကျဉ်းသူတွေ အမှန်တကယ်လိုအပ်လို့တောင်းတဲ့အခါ ပျောက်ဆုံးသွားတယ်လို့ ဆိုပြီး အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ ဆေးဝါးကိုင်ဆောင်ခွင့်ရထားတဲ့ အခြားအမှုအကျဉ်းသူတွေက အဲ့ဒီဆေးတွေကို အကျဉ်းထောင်ထဲမှာ ဈေးနှုန်းကြီးကြီးနဲ့ပြန်ရောင်းစားနေကြတယ်လို့လည်း ဖော်ပြထားပါတယ်။
အကျဉ်းထောင်တွေကို တိုက်ရိုက်ဝင်ရောက်ကြည့်ရှုခွင့် ရထားတဲ့ ICRC အနေနဲ့ ထောင်ဝင်စာ ပါဆယ်ပေးပို့ရာမှာ လွတ်လပ်ခွင့်ရဖို့၊ အကျဉ်းထောင်အတွင်း ဥပဒေမဲ့ ဖိနှိပ်မှုတွေ၊ အာဟာရပြတ်လပ် အောင် ပြုလပ်နေမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို နည်းလမ်းမျိုးစုံနဲ့ဖိအားပေးဖို့ တောင်းဆို တိုက်တွန်းထားတယ်လို့ WOPP ရဲ့ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က HI- Honest Information ကိုပြောပါတယ်။
အများပြည်သူနဲ့ မီဒီယာတွေကလည်း အကျဉ်းထောင်တွင်းက အခြေအနေတွေကို မပြတ်စောင့်ကြည့် လေ့လာပေးဖို့၊ မိသားစုဝင်တွေနဲ့ ထောင်ဝင်စာပေးပို့သူတွေဟာ အကျဉ်းထောင် အာဏာပိုင်တွေ ဘက်က ပိတ်ပင်တားဆီးမှုတွေကို အမျိုးမျိုးသော နည်းလမ်းအသုံးပြုပြီး နိုင်ကျဉ်းသူတွေကို ဆက်လက်ထောက်ပံ့ပေးကြဖို့၊ ထောင်တွင်းမတရားမှုတွေကို တတ်နိုင်သမျှ မှတ်တမ်းတင်ထားဖို့ကို တောင်းဆိုချင်တယ်လို့ သူက ပြောပါတယ်။
“နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့လည်း အစီရင်ခံစာတွေ ထုတ်ပြန်ချက်တွေ ထုတ်နေရုံတင်မဟုတ်ပဲ အကျဉ်းထောင်အာဏာပိုင်တွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ အရှိန်မြင့်ပြီး ဖိအားပေးလုပ်ဆောင်ဖို့ တောင်းဆိုချင်ပါတယ်”လို့ WOPP ရဲ့ပြန်ကြားရေးတာဝန်ခံ မဆုမြတ်က ပြောပါတယ်။
အစားအသောက်နဲ့ဆေးဝါးတွေအပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကိုလည်း မိသားစုကို ပို့ခွင့် မပေးတာ၊ အကျဉ်းထောင်ကပေးတဲ့လစဉ်သုံးပစ္စည်းတွေကလည်း အရည်အသွေးညံ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသူတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးအခြေအနေတွေ ခက်ခဲနေတယ်လို့ WOPP ကဆိုပါတယ်။
ဒါ့အပြင် ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရှည်တွေလို တကိုယ်ရေသုံးသန့်ရှင်းရေးပစ္စည်းတွေကို သွင်းခွင့် ပိတ်ထားပြီး အကျဉ်းဦးစီးအရာရှိက ဘေထုတ်အဖြူရောင်အကျီ၊ လက်ရှည် အကျီတွေကို တထည် ကျပ် ၂သောင်းနဲ့ပြန်လည်ရောင်းချနေပြီး အကျဉ်းသူတွေကို အဝတ်အစား (၆)လ တစုံပေးသွင်းခွင့် ရှိတယ်လို့ သတ်မှတ်ထားသော်လည်း အကြောင်းအမျိုးမျိုးပြပြီး ပေးသွင်းခွင့်မပေးပဲ မိသားစုတွေက ပေးပို့တဲ့ အဝတ်အထည်တွေကို အကျဉ်းထောင်ဝန်ထမ်းတွေက ကြားဖြတ်ယူပြီး အကျဉ်းထောင် အတွင်းမှာ ပြန်လည်ရောင်းချမှုတွေရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီလိုမျိုး ပါဆယ်တွေကန့်သတ်တာဟာ ၂၀၂၅ ခုနှစ်အောက်တိုဘာလကနေ ဒီနေ့အချိန်အထိဖြစ်တယ်လို့ WOPP ကဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသူတွေကို မြောင်းဆွဲတာ၊ ပန်းရံလုပ်ခိုင်းတာ၊ ရေညှိတွေတိုက်ခိုင်းတာ၊ ထုံးသုတ်ခိုင်းတာ၊ တောင်ယာအလုပ်နဲ့သန့်ရှင်းရေးလုပ်ငန်းတွေကို နေပူ၊ မိုးရွာထဲမှာ အတင်းအဓမ္မ ခိုင်းစေနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အမျိုးသမီးအကျဉ်းသူတွေရဲ့ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ကိုယ်ဝန်ဆောင်မှုစတဲ့ အခြေအနေတွေကိုထည့်သွင်းမစဉ်းစားပဲ အလုပ်ကြမ်းတွေကို အဓမ္မခိုင်းစေနေတဲ့အပေါ် စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ WOPP ကဆိုပါတယ်။
“ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေ ရကြဖို့လည်း ကျမတို့အပြင်ကိုလွတ် မြောက်လာသူ၊ အပြင်မှာ ရှိနေသူတွေမှာ တာဝန်တွေအများကြီးရှိနေပါတယ်၊ ဆက်ပြီး သူတို့ရဲ့ ယုတ်မာမှုတွေကို ဖော်ထုတ်နိုင်ဖို့ နဲ့ အထဲမှာရှိနေကြတဲ့နိုင်ကျဉ်းတွေကိုလည်း ရတဲ့ဘက်ကကူညီသွားကြဖို့ ကြိုးစားကြရမှာပါ”လို့ နိုင်ငံရေးအကျဉ်းသူဟောင်းတဦးက မှတ်ချက်ပြုပါတယ်။
ဒိုက်ဦးအကျဉ်းထောင်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေကြောင့် အကျဉ်းသူတွေရဲ့အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို တိုက်ရိုက်ခြိမ်းခြောက်နေပြီး လူ့အခွင့်အရေးနဲ့ အကျဉ်းထောင်စည်းမျဉ်းတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်၊ လာဘ်စား၊ ကိုယ်ကျိုးရှာနေတဲ့ အထောက်အထားတွေဖြစ်တယ်လို့ WOPP ကထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁)ရက်နေ့က ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့အထိ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရတာ၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရတာ၊ သဘာဝဘေးအန္တရာယ်စတဲ့ အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသူ စုစုပေါင်း (၄၃) ဦး ကျဆုံးခဲ့တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW)ရဲ့စာရင်းတွေမှာဖော်ပြထားပါတယ်။










