တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ-ဩဂုတ်လ ၂၁ ကနေ ၂၈ ရက်အထိ၊ ၂၀၂၆
🔳 ဩဂုတ်လ ၂၁ ကနေ ၂၈ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ် အမျိုးသမီးနဲ့ ဂျဲန်ဒါဆိုင်ရာ သတင်းတွေထဲကနေ ဒေသအသီးသီးက အမျိုးသမီးတွေ ကြုံတွေ့ နေရတဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ တရားမျှတမှုနဲ့ လူထုငွေကြေးကြပ်တည်းခြင်းဆိုင်ရာ စိန်ခေါ်မှုတွေ ကို အဓိကမီးမောင်းထိုးပြထားတဲ့ သတင်း ၃ ပုဒ်အပေါ် လူထုရဲ့ တုံ့ပြန်မှုနဲ့ သုံးသပ်ချက်တွေကို စုစည်း တင်ပြပေးချင်ပါတယ်။
မြစ်ကြီးနားက Date Girls ချိတ်ဆက်ရှာဖွေမှုတွေမှာ အထက်တန်းကျောင်းသူတွေလည်း ပစ်မှတ် ဖြစ်လာတယ်ဆိုတဲ့ သတင်းကတော့ လူထုအပေါ် စိုးရိမ်မှု ဖြစ်စေခဲ့တဲ့ ထူးခြားတဲ့ သတင်းတပုဒ်ပါ။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိင်ဝန်ဆောင်မှု ချိတ်ဆက်ရှာဖွေပေးသူပွဲစားတွေက အထက်တန်းကျောင်းသူတွေ အပါအဝင် မိန်းကလေးငယ်တွေကို ပစ်မှတ်ထားပြီး လိင်ဝန်ဆောင်မှုပေး (Date Girls) လောကထဲ စည်းရုံးသိမ်းသွင်း အမြတ်ထုတ်နေကြတယ်ဆိုတဲ့သတင်းဟာ တိုင်းပြည်ရဲ့ လူမှုစီးပွားအခြေအနေကိုထင်ဟပ်နေတာကို ထိတ်လန့်ဖွယ်တွေ့မြင်ရသလို၊ အမျိုးသမီးတွေရဲ့ လူမှုစီးပွားအခြေအနေကို တစိတ်တဒေသဖော်ပြနေတဲ့သတင်းလို့ ဆိုနိုင်ပါတယ်။
မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့အခြေအနေကို ထင်ဟပ်နေတဲ့ နောက်ထပ် သတင်းကတော့ အိုးဘိုထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကျွေးလို့ အစာငတ်ခံဆန္ဒပြမှု ပြေလည်မှုမရသေးဘူးဆိုတဲ့သတင်းပါ။ ဒါဟာ အမျိုးသမီးတွေဟာ အကျဉ်းထောင်အတွင်းမှာ ဖိနှိပ်မှုတွေကိုခံစားနေရတဲ့အခြေအနေကို သိရစေပြီး အမျိုးသမီးတွေဟာ အကျဉ်းထောင်ထဲမှာလည်း ဖိနှိပ်မှုတွေကိုဆက်လက်တွန်းလှန်နေတာကို မီးမောင်းထိုးပြနေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။
နောက်ထပ် တပုဒ်ကတော့ သက်ငယ်အဓမ္မပြုကျင့်မှုကို အသက် ၁၂ နှစ်အောက် သတ်မှတ်မယ်လို့ ULA ပါတီရုံးကပြောဆိုတဲ့သတင်းဖြစ်ပါတယ်။
ဒီသတ်မှတ်ချက်မှာ အသက် ၁၂ နှစ်အောက် အမျိုးသမီးငယ်တဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်တာက သက်ငယ်အဓမ္မပြုကျင့်မှုဖြစ်ပြီး၊ အသက် ၁၆ နှစ်အောက် အမျိုးသမီးတဦးကို သဘောတူသည် ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပါက မုဒိမ်းမှုမြောက်တယ်လို့ ULA ပါတီရုံးက ပြောဆိုထားပါတယ်။
အလားတူ ရက်သတ္တပတ်တိုင်းမှာ မဖြစ်မနေ ပါဝင်နေဆဲဖြစ်သတင်းတွေကတော့ မြန်မာပြည်အနှံ့က ပဋိပက္ခဒေသတွေ အပေါ် စစ်တပ်က ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ထိခိုက်သေဆုံးတဲ့ သတင်းတွေဖြစ်ပါတယ်။
ဒါ့အပြင်ဩဂုတ်လ ၁၇ ရက်က ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာမှာ ကိုယ်ဝန် ၉ လနဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့အမျိုးသမီးမှာ လက်ရှိအချိန်ထိ ဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ကျန်းမာရေးအခြေအနေအပြင် ဆေးကုသစရိတ်အတွက်ပါ အခက်အခဲတွေ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းအပါအဝင် သတင်းမီဒီယာအသီးသီးမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးနဲ့ ဆက်စပ်သတင်း သတင်း ၁၅ ပုဒ်ကို ပြန်လည် စုစည်းဖော်ပြလိုက်ပါတယ်။
- မြစ်ကြီးနားက Date Girls ချိတ်ဆက်ရှာဖွေမှုတွေမှာ အထက်တန်းကျောင်းသူတွေ လည်း ပစ်မှတ် ဖြစ်လာတယ်လို့ဆို
- တပ်သားစုဆောင်းမှုကြောင့် ရေသန့်ဘူးပို့သည့်အလုပ်ကို အမျိုးသမီးများ အစားထိုး လုပ်ကိုင်နေရ
- ဖူးခက်တွင် နေ့ကလေးထိန်း မြန်မာတစ်ဦး ဖမ်းဆီးခံရ
- စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ကျွဲထိန်းကုန်းရွာက အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရ
- ထိုင်းမြေပေါ် မြန်မာမိခင်များ ၁၃၁,၀၀၀ ကျော် မွေးဖွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
- အိုးဘိုထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကျွေးလို့ အစာငတ်ခံဆန္ဒပြမှု ပြေလည်မှုမရသေး
- ကျောက်ကြီးမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၁ဦးသေဆုံး
- ဆားလင်းကြီးမြို့နယ် စစ်တပ် ဗုံးကြဲမှု အမျိုးသမီး ၂ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ
- လိင်တူချင်း ချစ်ကြိုက်မှုဖော်ပြထားတဲ့ စာအုပ်တွေ ရောင်းချတဲ့ ဖေ့စ်ဘုတ် စာမျက်နှာ ၉ ခုကို အရေးယူမယ်လို့ စစ်အုပ်စု ထုတ်ပြန်
- အိမ်ထောင်သည် အသက် ၅၀ အရွယ် ပျူစောထီးက ၈ တန်းကျောင်းသူလေးကို ကျောင်းကနေခေါ်သွားပြီး ခိုးယူပေါင်းသင်း
- ရွေးကောက်ပွဲအလွန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် အမျိုးသမီး တစ်ဦးမျှ မပါဝင်ဟု Burma Monitor ဆို
- အဓမ္မပြုကျင့်မှုများကို ပြစ်ဒဏ်ချမှတ်ရန် အထူးတရားရုံးဖွဲ့ထားဟု ULA ပြော
- မောင်တော အောင်သုခရွာက သက်ငယ်မုဒိမ်းမှု အမိန့်မချနိုင်သေး
- သက်ငယ်အဓမ္မပြုကျင့်မှုကို အသက် ၁၂ နှစ်အောက် သတ်မှတ်ဟု ULA ပါတီရုံးပြော
- မြောက်ဦး ပေါက်ပင်ကွင်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ဆေးကုသမှုခံယူနေရဆဲ ဖြစ်ပြီး အကူအညီများလိုအပ်နေ
မြစ်ကြီးနားက Date Girls ချိတ်ဆက်ရှာဖွေမှုတွေမှာ အထက်တန်းကျောင်းသူတွေလည်း ပစ်မှတ် ဖြစ်လာတယ်လို့ဆို
Source – Kachin Wave
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လိင်ဝန်ဆောင်မှု ချိတ်ဆက်ရှာဖွေပေးသူပွဲစားတွေက အထက်တန်း ကျောင်းသူတွေ အပါအဝင် မိန်းကလေးငယ်တွေကို ပစ်မှတ်ထားပြီး လိင်ဝန်ဆောင်မှုပေး (Date Girls) လောကထဲ စည်းရုံးသိမ်းသွင်း အမြတ်ထုတ်နေကြတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
မြစ်ကြီးနားမြို့က KTV ၊ စားသောက်ဆိုင်၊ တည်ခိုခန်းတွေမှာ လိင်ဖျော်ဖြေရေးကိုပါ တွဲထည့်လာကြ ပြီးနောက် လိင်ဝန်ဆောင်မှုပေး(Date Girls) လောကထဲ အမျိုးသမီးငယ်တွေ အများအပြား ဝင်ရောက် လာကြပြီး ပွဲစားတွေက ကျောင်းသူမိန်းကလေးငယ်တွေကို မက်လုံးပေး ဆွဲဆောင်နေကြတယ်လို့ သိရပါတယ်။
လိင်ဝန်ဆောင်မှု ချိတ်ဆက်ရှာဖွေရေး ပွဲစားတွေဟာ Facebook၊ Messenger၊ Tik Tok၊ Telegram စတဲ့ လူမှုကွန်ယက်တွေကနေတဆင့် ‘အမျိုးသမီးငယ်တွေ အလုပ်ကောင်းရနိုင်ကြောင်း၊ လစာကောင်း ကြောင်း၊ တစ်ညတည်းနဲ့ ဘယ်လောက်ရှာဖွေနိုင်ကြောင်း’ Content ရေးသားထားတဲ့ ဗီဒီယိုတွေနဲ့ အလုပ်အကိုင် ရှာဖွေပေးတဲ့ပုံစံမျိုး ဆွဲဆောင်ဖြားယောင်နေကြကြောင်း မြစ်ကြီးနားဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
အဆိုပါ ဆွဲဆောင်ဖြားယောင်းမှုတွေကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲရှိသူတွေနဲ့ ကျောင်းသူ မိန်းကလေးတွေအထိပါ လိင်ဝန်ဆောင်မှုပေး (Date Girls) လောကထဲ ဝင်ရောက်လာတွေ မြင်တွေ့ နေရကြောင်း သိရပါတယ်။
တပ်သားစုဆောင်းမှုကြောင့် ရေသန့်ဘူးပို့သည့်အလုပ်ကို အမျိုးသမီးများ အစားထိုးလုပ်ကိုင်နေရ
Source – Mizzima
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ ရပ်ကွက်၊ လမ်းပေါ်တွေအထိ နေ့၊ ညမရွေး တပ်သားစုဆောင်း ဖမ်းဆီးမှုတွေရှိနေတဲ့အတွက် အရင်ကအမျိုးသားတွေလုပ်ကိုင်တဲ့ သောက်ရေသန့်ဘူး ပို့ဆောင်တဲ့ အလုပ်ကို အမျိုးသမီးတွေက အစားထိုး လုပ်ကိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစတင်ပြီး တပ်သားစုဆောင်းမှု ခပ်စိပ်စိပ်ရှိလာပြီး အခုလအတွင်း ပိုမို ဖမ်းဆီးလာရာ ၂လကျော်အတွင်း အမျိုးသားဦးရေ ၄၀ အထက် ရှိနိုင်တယ်လို့ စစ်ကိုင်းမြို့က သတင်းအရင်းမြစ်ကပြောပါတယ်။
ဒီအရေအတွက်ဟာ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး မြေပြင်လက်တွေ့မှာ အဲ့ဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့် မြို့တွင်း ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်း တွေ၊ ကုန်ပစ္စည်းပို့ဆောင်ခြင်းနဲ့ လီတာ ၂၀ ရှိတဲ့ သောက်ရေသန့်ဘူး ပို့ဆောင်တဲ့ အလုပ်အကိုင်တွေကို အမျိုးသားတွေက မလုပ်ကိုင်ရဲကြတော့ဘူးလို့ဆိုပါတယ်။
ဖူးခက်တွင် နေ့ကလေးထိန်း မြန်မာတစ်ဦး ဖမ်းဆီးခံရ
Source – Dawei Watch
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်မှာ အခန်းထဲ နေ့ကလေးထိန်းပေးနေတယ်လို့ဆိုကာ မြန်မာ အမျိုးသမီးတစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါ တယ်။
ဩဂုတ်လ ၂၆ ရက်က ဖူးခက်မြို့ ဖိချစ်ဒေသမှာ မြန်မာအမျိုးသမီးတစ်ဦးက ကလေးတွေကို အခန်းထဲ မှာ ထိန်းပေးနေတယ်လို့ တိုင်ကြားချက်ရရှိတဲ့အတွက် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မြန်မာ အလုပ်သမားတွေရဲ့ ကလေးငယ် ၈ ဦးနဲ့အတူ အသက် ၄၀ နှစ်အရွယ် မကေသီလှိုင်အမည်ရှိ မြန်မာ အမျိုးသမီးကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
ကလေးငယ် တစ်ဦးကို ဘတ် တစ်ထောင်နဲ့ နေ့ဘက် မိဘတွေ အလုပ်သွားနေချိန် ထိန်းပေးနေခြင်း ဖြစ်ပြီး အခုလိုလုပ်ဆောင်နေတာ လေးလခန့်သာရှိသေးတယ်လို့ မြန်မာအမျိုးသမီးက ထွက်ဆို ပါတယ်။
ခွင့်ပြုချက်မရှိဘဲ ငွေကြေးရယူပြီး ကလေးထိန်း ဝန်ဆောင်ပေးမှုကို လုပ်ကိုင်နေတဲ့အတွက် တရားမဝင် ကလေးထိန်းဝန်ဆောင်ပေးမှု၊ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုနဲ့ ရဲတပ်ဖွဲ့က မြန်မာအမျိုးသမီးကို အမှုဖွင့်ကာ ဖိချစ်ရဲစခန်းကို ခေါ်ယူခဲ့တယ်လို့ဖော်ပြထားပါတယ်။
စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် ကျွဲထိန်းကုန်းရွာက အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရ
Source – Dawei Watch
စစ်အာဏာရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာမှာ ကျရောက်ပေါက်ကွဲပြီး အသက် ၆၆နှစ် အရွယ်အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU-မြိတ်-ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့ဟာ ကျောက်ပုံတောင် မှာတပ်စွဲထားသလို ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၆၁ခြေမြန်တပ်ရင်းလည်းရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါ တယ်။
လက်နက်ကြီးကျည်စထိမှန်ပြီး ကျွဲထိန်းကုန်းရွာခံ အမျိုးသမီးကြီးတစ်ဦးလည်း လက်မှာ ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိုင်းမြေပေါ် မြန်မာမိခင်များ ၁၃၁,၀၀၀ ကျော် မွေးဖွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
Source – သျှမ်းသံတော်ဆင့်
ထိုင်းနိုင်ငံအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံသူ မိခင်တွေက မွေးဖွားခဲ့တဲ့ ကလေး အရေအတွက် စုစုပေါင်း ၁၃၁,၈၆၀ ဦးအထိ ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဒေတာစင်တာက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၀၂၁ ခုနှစ်မှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ ကလေး ၁၈,၉၀၅ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၈,၇၂၈ ဦး ရှိခဲ့ပြီး၊ နောက်ပိုင်းနှစ်တွေမှာ ကလေးမွေးဖွားမှု နှုန်းထားတွေ သိသာစွာ မြင့်တက်လာခဲ့ရာ ၂၀၂၃ ခုနှစ်မှာ ၂၄,၁၅၄ ဦးနဲ့ ၂၀၂၄ ခုနှစ်မှာ ၂၅,၀၈၇ ဦးအထိ ရှိလာခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ ၂၈,၈၆၉ ဦးအထိ ဆက်လက်မြင့်တက်ခဲ့ပြီး၊ ငါးနှစ်တာ ကာလအတွင်း တစ်နှစ်တာ စုစုပေါင်း မွေးဖွားမှု အရေအတွက်တွေအနက် အမြင့်ဆုံး စံချိန် ဖြစ်ခဲ့ပါတယ်။
ယခု ၂၀၂၆ ခုနှစ်အတွက် ဩဂုတ်လ ၂၁ ရက်အထိ စာရင်းတွေအရ မွေးကင်းစကလေး ၁၆,၁၁၇ ဦး မွေးဖွားခဲ့ပြီးဖြစ်တယ်လို့မှတ်တမ်းဝင်ထားပါတယ်။
အိုးဘိုထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကျွေးလို့ အစာငတ်ခံဆန္ဒပြမှု ပြေလည်မှုမရသေး
Source – People’s Spring
မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတဲ့အတွက် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစု ဝင်တွေက ပြောပါတယ်။
အမျိုးသမီးယာယီဆောင်မှာ အသိုးနံ့ထွက်နေတဲ့ ထမင်းတွေကျွေးနေပြီး ပြင်ပကလည်း ဝယ်စားခွင့် မပေးတာမို့ ဩဂုတ်၂၀ ရက်က တစ်ဆောင်လုံး အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧည့်တွေ့ ကန့်သတ်မှုလည်းပြုလုပ်နေပြီး မူးယစ်နဲ့ တခြားရာဇဝတ်မှုတွေကိုသာ လွတ်လပ်ခွင့် ပေးထားတယ်လို့ ဆိုပါတယ်။
ကျောက်ကြီးမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၁ဦးသေဆုံး
Source – People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို) မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့တယ်လို့ KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၇ရက်မှာ နတ်သံကွင်း အခြေစိုက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ ကျောက်ကြီးမြို့နယ် သောင်ပုရွာအတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သား သေဆုံးမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ဟာ ကျောက်ကြီးမြို့နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။
ဆားလင်းကြီးမြို့နယ် စစ်တပ် ဗုံးကြဲမှု အမျိုးသမီး ၂ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ
Source – People’s Spring
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်း တိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ဩဂုတ် ၁၈ရက် မနေ့က ညနေ ၃နာရီခွဲမှာ ရေခါးကျေးရွာလယ်ခေါင်ကို ဂျက်ဖိုက်တာ၂စီးနဲ့ ဗုံးကြဲခဲ့တာ မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။
ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲပြီးနောက် ဝမ်ပေါင်စီမံကိန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လိင်တူချင်း ချစ်ကြိုက်မှုဖော်ပြထားတဲ့ စာအုပ်တွေ ရောင်းချတဲ့ ဖေ့စ်ဘုတ် စာမျက်နှာ ၉ ခုကို အရေးယူမယ်လို့ စစ်အုပ်စု ထုတ်ပြန်
Source – CJ Platform
စစ်အုပ်စုရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက လိင်တူအချင်းချင်း ချစ်ကြိုက်တဲ့ BL (Boys’ Love) နဲ့ GL (Girls’ Love) စာအုပ်တွေကို အွန်လိုင်းမှာ ကြော်ငြာ ရောင်းချနေတယ်လို့ ဆိုကာ စာအုပ်ဆိုင်နဲ့ စာပေ ဖေ့စ်ဘုတ် စာမျက်နှာ (Facebook Page) ၉ ခုကို တည်ဆဲ ဥပဒေတွေနဲ့အညီ တရားစွဲဆို ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ဒီကနေ့ ဩဂုတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်စုက အရေးယူ ဆောင်ရွက်မယ့် စာရင်းမှာ ပါဝင်တဲ့ စာပေနဲ့ စာအုပ်ဆိုင်တွေကတော့ ရွှေအိမ် စာပေ၊ ဆူးခေတ်စာပေ၊ Chi စာပေ၊ ဘဝထက်စာပေ၊ ဧရိပ် – A Yeik၊ Alora Eleven Book House၊ Libra Book Shop (Chuu Sein)၊ Nway Oo Kant Kaw – နွေဦးကံ့ကော် စာအုပ်ဆိုင် နဲ့ Z For Zodiac တို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ စာမျက်နှာတွေဟာ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေပါ ပြဋ္ဌာန်းချက် တွေကို ဖောက်ဖျက်တဲ့အပြင် မြန်မာ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်း မရှိဘဲ လူငယ်တွေရဲ့ တွေးခေါ် မျှော်မြင်မှုကို လွဲမှားစေနိုင်တဲ့ စာအုပ်တွေကို ရောင်းချနေတဲ့ တရားမဝင် စာမျက်နှာတွေ ဖြစ်တယ်လို့ စစ်အုပ်စုက စွပ်စွဲထားတာပါ။
အိမ်ထောင်သည် အသက် ၅၀ အရွယ် ပျူစောထီးက ၈ တန်းကျောင်းသူလေးကို ကျောင်းကနေ ခေါ်သွားပြီး ခိုးယူပေါင်းသင်း
Source – မြေလတ်အသံ
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က ပျူစောထီးအဖွဲ့ဝင်တဦးက အလယ်တန်းကျောင်းသူ တဦးကို ခိုးယူပေါင်းသင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါင်းတည်မြို့နယ် ဘုရားငါးဆူအုပ်စု ဘုရားငါးဆူရွာ ခရေပင်လမ်းက အသက် ၅၀ ခန့်ရှိ ပျူစောထီး အဖွဲ့ဝင် ဝင်းကိုဆိုသူက ရွာထဲက အလယ်ကျောင်းမှာ ပညာသင်ကြားနေတဲ့ အသက် ၁၅ နှစ်ဝန်းကျင် Grade- 9 ကျောင်းသူကို ဩဂုတ်လ ၁၆ ရက်နေ့က ခိုးယူပေါင်းသင်းခဲ့တာလို့ ဆိုပါတယ်။
ပျူစောထီးဝင်းကိုဟာ သေနတ်တလက်နဲ့ လက်ပစ်ဗုံးတလုံးကို အမြဲဆောင်ထားလေ့ရှိသလို ကြံ့ခိုင်ရေးဟောပြောပွဲတွေကိုလည်း သူ့ရဲ့နေအိမ်မှာ လက်ခံကျင်းပလေ့ရှိသူတဦးဖြစ်ပြီး အိမ်ထောင် ရှိသော်လည်း မိန်းမကိစ္စ ရူပ်ပွေသူတဦးဖြစ်တဲ့အတွက် မိဘတွေက စိတ်ပူနေတယ်လို့ သူကဆက်ပြော ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိန်းကလေးအတွက် အမှုဖွင့်ဖို့လိုအပ်ပေမယ့် မိဘတွေဘက်က အမှုဖွင့်ထား၊ မထား မသိရသေးဘူးလို့ ဒေသခံနောက်တဦးက ဆိုပါတယ်။
ရွေးကောက်ပွဲအလွန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် အမျိုးသမီး တစ်ဦးမျှ မပါဝင်ဟု Burma Monitor ဆို
Source – DMG
အာဏာသိမ်းစစ်တပ်က ဦးစီးကျင်းပခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှာ အမျိုးသမီးတစ်ဦးမှ မပါဝင်ဘူးလို့Burma Monitor က ထုတ်ပြန်တဲ့ “အတုအယောင် ရွေးကောက်ပွဲတွင်းမှ အမျိုးသမီးများ – 2025 Critical Report” မှာဖော်ပြထားပါတယ်။
ရွေးကောက်ပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ဖွဲ့စည်းပုံကို လေ့လာရာမှာ ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှာ အမျိုးသား ၁၀ ဦး ပါဝင်သော်လည်း အမျိုးသမီးတစ်ဦးမျှ မပါဝင်ဘူးလို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့မှာလည်း အမျိုးသမီးပါဝင်မှု မရှိဘူးလို့ဆိုပါတယ်။
Burma Monitor ရဲ့ စာရင်းအရ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ စုစုပေါင်း ၁၅၂ ဦး ရွေးချယ်ထားတဲ့ အနက် အမျိုးသမီးမှာ ၁၂ ဦးသာ ပါဝင်ပြီး အချိုးအားဖြင့် ၁၀ ပုံ ၁ ပုံခန့်ရှိတယ်လို့ဖော်ပြထားပါတယ်။
အဓမ္မပြုကျင့်မှုများကို ပြစ်ဒဏ်ချမှတ်ရန် အထူးတရားရုံးဖွဲ့ထားဟု ULA ပြော
Source – DMG
အာရက္ခတပ်တော် ထိန်းချုပ်ဒေသတွေမှာ သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့် လူသတ်မှုနဲ့ လူသတ်မှုတွေ လို ပြစ်မှုကြီးတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့အတွက် အထူးတရားရုံးဖွဲ့ထားတယ်လို့ ULA အစိုးရက ပြောဆိုလိုက်ပါတယ်။
အဆိုပါ အထူးတရားရုံးကို ဩဂုတ်လမှ စပြီး ဖွဲ့စည်းထားခြင်းဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့်မှုနဲ့ လူသတ်မှု ကျူးလွန်သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်တွေကို အမြန်ဆုံးချမှတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။
သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးနဲ့ ကျူးလွန်သူတွေကို အချိန်ကြန့်ကြာ မှုမရှိဘဲ ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ရေး ကဏ္ဍနှစ်ရပ်ကို အဓိကထား ဆောင်ရွက်နေကြောင်း ULA ကဆိုထားပါတယ်။
မောင်တော အောင်သုခရွာက သက်ငယ်မုဒိမ်းမှု အမိန့်မချနိုင်သေး
Source – DMG
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာက သက်ငယ်မုဒိမ်းမှုကို ယခုထိ အမိန့်မချနိုင် သေးဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွေ့ဆိုင်းခံနေရတဲ့အတွက် အမှုကြန့်ကြာလာနေတယ်လို့ နစ်နာသူ မိသားစုဝင်တွေထံက သိရပါတယ်။
တရားခံပြ သက်သေတွေ မရောက်တဲ့အတွက် ရုံးချိန်းကြိမ်ကြိမ်ရွှေ့ဆိုင်းနေရတဲ့အတွက် အမှုကြန့်ကြာ နေတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က မောင်တောမြို့နယ်၊ အောင်သုခကျေးရွာမှ အသက် (၂) နှစ်အရွယ် ကလေး ငယ်တစ်ဦးကို တစ်ရွာတည်းနေ အသက် (၁၇) နှစ်အရွယ် မောင်ပေါက်စချေဆိုသူက အဓမ္မပြုကျင့် သတ်ဖြတ်ကာ အလောင်းဖျောက်ရန် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
ကျူးလွန်သူ မောင်ပေါက်စချေကို အဓမ္မပြုကျင့်မှု၊ အလောင်းပျောက်မှု၊ လူသတ်မှုတို့နဲ့ တရားစွဲဆို ထားတယ်လို့ နစ်နာသူမိသားစုဝင်တွေထံကသိရပါတယ်။
သက်ငယ်အဓမ္မပြုကျင့်မှုကို အသက် ၁၂ နှစ်အောက် သတ်မှတ်ဟု ULA ပါတီရုံးပြော
Source – Western News
ULA/AA ရဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သက်ငယ်အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး အသက် ၁၂ နှစ်အောက် အမျိုးသမီးငယ်တွေအပေါ် ကျူးလွန်ပါက သက်ငယ်အဓမ္မပြုကျင့်မှုအဖြစ် သတ်မှတ် ထားတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ပါတီဗဟိုရုံးမှ ဒေါ်လှမြခိုင်က ပြောပါတယ်။
အသက် ၁၂ နှစ်အောက် အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပါက သက်ငယ် အဓမ္မပြုကျင့်မှုဖြစ်ပြီး အသက် ၁၆ နှစ်အောက် အမျိုးသမီးတစ်ဦးကို သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပါက မုဒိမ်းမှုမြောက်တယ်လို့သူကဆိုပါတယ်။
အာဆီယံဒေသတွင်းနဲ့ နိုင်ငံတကာမှာလည်း အသက် ၁၆ နှစ်မပြည့်သေးသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဖြစ် အကာအကွယ် ပေးတဲ့ ဥပဒေနဲ့သတ်မှတ်ချကတွေရှိနေတယ်လို့သူကပြောပါတယ်။
အဓမ္မပြုကျင့်မှုအတွက် ပုဒ်မ ၃၇၆ အရ ထောင်ဒဏ်အနှစ် ၂၀ ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့သိရပါတယ်။
မြောက်ဦး ပေါက်ပင်ကွင်းက ကိုယ်ဝန်ဆောင်အမျိုးသမီး ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး အကူအညီ များလိုအပ်နေ
Source – Western News
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာမှာ ဩဂုတ်လ ၁၇ ရက်က ကိုယ်ဝန် ၉ လနဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့အမျိုးသမီးမှာ လက်ရှိအချိန်ထိ ဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ကျန်းမာရေးအခြေအနေအပြင် ဆေးကုသစရိတ်အတွက်ပါ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
အဓမ္မပြုကျင့်ခံရပြီးနောက် အမျိုးသမီးဟာ ဝမ်းဗိုက်နာကျင်ခြင်း၊ အသက်ရှုမဝခြင်းတွေ ခံစားနေရ သော်လည်း ဝမ်းတွင်းကလေး အခြေအနေမှာ လက်ရှိမှာကောင်းမွန်တယ်လို့ ဆရာဝန်က ပြောထား တယ်လို့ဆိုပါတယ်။
လက်ရှိအမျိုးသမီးမှာ ကိုယ်ဝန်ကို ဆက်လက်ထိန်းသိမ်းထားရပြီး ကျန်းမာရေးအခြေအနေနဲ့ ကလေးမီးဖွားရေးအတွက် စိုးရိမ်နေရဆဲဖြစ်တယ်လို့ မိသားစုဝင်တွေကဆိုပါတယ်။










