ဆယ်ကျော်သက်မိန်းခလေးငယ်တစ်ဦး ဂိမ်းကစားနေပုံ

အကြမ်းဖက်ဂိမ်းတွေစွဲလန်းပြီး အမေ့ကို ခဲတံချွန်တဲ့ဓားနဲ့ ရွယ်ဖူးတယ်  

မိန်းကလေးငယ်တဦးကို ချုပ်နှောင်ပြီး စိတ်ကြိုက် နှိပ်စက်ညှင်းပမ်းရတဲ့ ဂိမ်းတခုက ကလေးတွေနဲ့ ဆယ်ကျော်သက် ကျောင်းသူအရွယ်တွေကြားမှာ ရေပန်းစားနေပါတယ်။

အဲဒီဂိမ်းထဲမှာ ချုပ်နှောင်ထားတဲ့မိန်းကလေးငယ်ကို ဓား၊ သေနတ်၊ လွှ၊ ဆေးထိုးအပ် စတာတွေ သုံးပြီး စိတ်ကြိုက် နှိပ်စက်ရပါတယ်။ အဲဒီအခါ  Energy(အမှတ်)တွေ ရလာပါတယ်။ Energy တွေစုဆောင်းပြီး  Tool(ကိရိယာ)နဲ့  Outfit (အထူးဝတ်စုံ)လို Item အသစ်တွေဝယ်ပြီး Unlock (အဆင့်တက်)လို့ရတယ်။

လူတယောက်ကို   အကြမ်းဖက်ရတဲ့  ဇာတ်ကောင်နဲ့ဂိမ်းတွေ၊ သွေးထွက် သံယိုနဲ့ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်တာတွေပါဝင်တဲ့ ဂိမ်းတွေ၊ လိင်အသားပေးပြကွက်တွေပါတဲ့ 18+ game စီးရီးတွေကလည်း ဆယ်ကျော်သက် လူငယ်တွေကြား ပျံ့နှံ့နေတာကြာပါပြီ။

ဒီလို ဂိမ်းတွေက အကြမ်းဖက်မှု၊ သတ်ဖြတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာပြကွက်တွေကို အခြေခံထားတာကြောင့် အသက်ငယ်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် မသင့်တော်ဘူးလို့ အများကသတ်မှတ်ထားကြပါတယ်။

ဒီလိုဂိမ်းတွေက ကျောင်းနေအရွယ် ဆယ်ကျော်သက်တွေကြားမှာ ခေတ်မှီအောင် အပြိုင်အဆိုင်တင်ကြတာကနေ  ပျံ့ နှံနေတာ ဖြစ်တယ်လို့ ပြည်တွင်းရှိ အိုင်တီကုမ္ပဏီတခုက ဆော့ဖ်ဝဲနဲ့ အိုင်တီကျွမ်းကျင်သူ တဦးကဆိုပါတယ်။

အဲဒီလိုဂိမ်းတွေက အပျင်းပြေရုံ ဖျော်ဖြေရေးသက်သက်မဟုတ်ဘဲ စိတ်ကြမ်းတမ်းခက်ထန်စေတယ်လို့ လူအများက သတ်မှတ်ထားတဲ့ အပြုအမှုတွေပါဝင်သလို၊ ဒီလိုနှိပ်စက်တာတွေကိုပဲ တစ်တော့လို လူမှုကွန်ယက်တွေမှာ ကပ်ရှင် အမျိုးမျိုးနဲ့ ပြန်တင်တာတွေက ခေတ်ရေစီးသဖွယ် ဖြစ်လာပါတယ်။

အဲဒီခေတ်ရေစီးကြောင်းထဲမှာ မျောပါခဲ့ဖူးသူလူငယ်လေးတွေထဲက တဦးကတော့ အသက် ၁၆နှစ်အရွယ် ၁၁တန်း ကျောင်းသူ  မဖြိုးဖြိုး(အမည်လွှဲ)ပါ။

ဇာတ်ကောင်မိန်းကလေးကို စိတ်ကြိုက်သတ်ဖြတ်ရတဲ့ ဂိမ်းကို တစ်တော့မှာ တခြားသူတွေတင်တာကို မြင်တွေ့ရာကနေ စိတ်ဝင်စားပြီးဆော့ကစားခဲ့တာဖြစ်ပြီး အတန်းထဲက သူငယ်ချင်းတော်တော်များများလည်း ကစားကြတယ်လို့ သူက ဆိုပါတယ်။

ဂိမ်းထဲက ဇာတ်ကောင်မိန်းကလေးကို ကျောင်းမှာ ရန်ဖြစ်ခဲ့တဲ့ အတန်းဖော်လို့ စိတ်ကူးပုံဖော်ကာ သူ့လက်တွေကို ပုဆိန်နဲ့ လှီးဖြတ်၊ ဓားတွေနဲ့ ထိုးနေရင်း ရုန်းကန်ကြောက်ရွံ့မှုတွေကိုကြည့်ပြီး ခဏတာအနိုင်ရလိုက်သလို၊ ဖြိုးဖြိုးတယောက် စိတ်ကျေနပ်မှု ရှာဖွေခဲ့ပါတယ်။

 “စဆော့တုန်းကတော့ ပြင်ပမှာ ကိုယ့်ကို မကောင်း ပြောဖူးတဲ့၊ အနိုင်ကျင့်ဖူးတဲ့ မိန်းကလေးတွေကို စိတ်ထဲက စိတ္တဇဆန်ဆန် ကလဲ့စားချေလိုက်ရသလိုမျိုး၊ စိတ်ထွက်ပေါက် ရလိုက်သလို ခံစားရတယ်”လို့ သူက ဆိုပါတယ်။

အတန်းထဲမှာ တယောက်ယောက်နဲ့ ရန်ဖြစ်တာ မကျေနပ်တာကြုံလာတိုင်း ဂိမ်းထဲက ဇာတ်ကောင်မိန်းကလေးကို မကျေနပ်တဲ့သူအဖြစ် မြင်ယောင်နှိပ်စက်ညှင်းပမ်းရင်း သူ့စိတ်ထဲ သက်သာပျော်ရွှင်ရသလို၊ စိတ်ထဲတေးမှတ်ပြီး ဂိမ်းထဲမှာ အသေသတ်မယ်ဆိုတဲ့ အတွေးမျိုးလည်း မကြာခဏ ဝင်လာလေ့ ရှိပါတယ်။

“မိန်းကလေးအချင်းချင်း စကားများ အနိုင်ကျင့်လာရင်လည်း ‘ဒီကောင်မကို ဂိမ်းထဲကအတိုင်းသာ လုပ်ပစ်လိုက်ရင် ကောင်းမယ်’ ဆိုတဲ့ ဒေါသက ခေါင်းထဲ ရုတ်တရက် ဝင်လာတတ်တာမျိုးတော့ ဖြစ်ခဲ့ဖူးတယ်”လို့ ဖြိုးဖြိုးက ဝန်ခံပါတယ်။

သူ သတိထားမိသလောက်လည်း ဒီလိုဂိမ်းတွေကို ဆော့ကစားသူအများစုက     အနိုင်ကျင့်ခံရ၊ အနှိမ်ခံရတဲ့သူတွေက စိတ်ထွက်ပေါက်အဖြစ် ဆော့ကစားတယ်လို့ ယူဆမိသလို ကိုယ်တိုင်လည်း အတန်းထဲမှာ တခြားသူတွေရဲ့  စနောက်ခံရတာ၊  အနိုင်ကျင့်တာမျိုးကြုံရပြီး ဒီလိုဂိမ်းဆော့လိုက်ချိန်မှာ နှစ်အကြာကြီး ထမ်းထားရတဲ့ဟာကြီး ပျောက်သွားသလို စိတ်လက်ပေါ့ပါးသွားတယ် လို့ ရင်ဖွင့်ပါတယ်။

လူတဦးတယောက်ကို နှိပ်စက်ညှင်းပန်းတာကိုအသားပေးတဲ့ ဂိမ်းတွေက လူငယ်တွေနဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ ကြားမှာ ပျံ့နှံ့နေပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်တာကြောင့်  မိဘတွေအကြားမှာ  သတိပြုစရာ၊ အသိပေးစရာ ဖြစ်လာနေပါတယ်။

တကယ်လက်တွေ့ပြင်ပမှာလည်း ဆယ်ကျော်သက်လူငယ်တွေကြား ကျောင်းတွင်းအကြမ်းဖက်မှုတွေ၊ အုပ်စုဖွဲ့ အနိုင်ကျင့်မှု ဖြစ်စဉ်တွေက မကြာခဏ ဖြစ်ပေါ်နေတာကြောင့် ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ဂိမ်းတွေနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ အန္တရာယ်က စိတ်ပိုင်းဆိုင်ရာ အပြုအမှုတွေအပေါ်  သက်ရောက်လာမှာ၊ အတုယူမှားမှာကို မိဘတွေမှာ ပူပန်ကြရပါတယ်။

သာမန်ကာတွန်းဇာတ်ကောင်လို့ ဆိုပေမယ့် ညှင်းပန်းနှိပ်စက်တာ၊ မလုံ့တလုံံအဝတ်အစားတွေနဲ့ ယောကျာ်းလေး၊ မိန်းကလေး နမ်းတာ၊ ချစ်ခင်ကြောင်းပြတာကို ပြကွက်တွေကို ဂိမ်းပုံစံဆော့ကစားတာ တစ်တော့မှာ ပြန်တင်တာတွေက အထိန်းအကွပ်မရှိ ပြန့်နှံ့နေတာကြောင့် ငယ်ရွယ်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်ကလေးတွေ မကြာခဏတွေ့မြင်ပြီး ဒါက ပုံမှန်လို မထူးဆန်းတဲ့ဖြစ်စဉ်၊ သူတပါးကို နာကျင်အောင်လုပ်လို့ရတယ်ဆိုတဲ့ အတွေးဝင်သွားမှာ စိုးရိမ်မိတယ်လို့ မန္တလေးမြို့မှာနေထိုင်တဲ့ အသက်၇နှစ်အရွယ် ကလေးတဦးမိခင် မကေသီက ပြောပါတယ်။

ဒီလို ဂိမ်းတွေရှိနေတာ ကြာပြီဖြစ်သလို၊  ဝဘ်ဆိုဒ်တွေထဲကနေ Download  လုပ်ယူပြီး ဆော့ကစားရတာမျိုးဖြစ်တဲ့အတွက် အလွယ်တကူရရှိနိုင်တာမျိုးမဟုတ်ပေမယ့် အခုနောက်ပိုင်းမှာ တယ်လီဂရမ်၊ တစ်တော့ စတဲ့ လူမှုကွန်ရက် ပလက်ဖောင်း တွေမှာ ပြန်တင်ကြတဲ့အတွက်  လူငယ်တွေ ကြားမှာပျံ့နှံ့နေတာ ဖြစ်တယ်လို့ အသက်၂၀ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ကိုခန့်က ပြောပါတယ်။

“တယ်လီဂရမ်က အဆိုးဆုံးပဲ၊ ဂရုပေါင်းစုံထဲ ဆယ်ကျော်သက်တွေ မမြင်ချင်မှအဆုံး” လို့ သူကပြောတယ်။

ဂိမ်းထဲမှာ အနိုင်ရဖို့ အင်အားသုံး တိုက်ခိုက်လိုက်ရတဲ့အခါ ယောက်ျားလေးတွေရဲ့ အောင်နိုင်လိုစိတ်ကို ပိုပြီး လှုံ့ဆော်ပေး သလို ၊ ပြင်ပမှာ စိတ်ရှုပ်စရာ ကြုံလာရင်လည်း စကားပြော ဖြေရှင်းတာထက် အင်အားသုံး ဖြေရှင်းတာကို အားကိုးချင်စိတ် ပိုပြီး ဖြစ်လာစေတယ်လို့ ကိုခန့်က ဆိုတယ်။

ဂိမ်းအများစုမှာ ဇာတ်ကောင်တွေကို သန်သန်မာမာ၊ လက်နက်မျိုးစုံ ကိုင်ဆောင်ထားပြီး ရန်သူတွေကို သတ်ဖြတ်နိုင်မှ၊ တိုက်ခိုက်နိုင်မှ လူစွမ်းကောင်းဆိုတဲ့ ပုံစံမျိုးနဲ့ သရုပ်ဖော်လေ့ရှိသလို၊ မိန်းကလေးတွေဆိုရင်လည်း ရုပ်ရည်ချောချော မောမော၊ ခန္ဓာကိုယ်အမိုက်စား ပုံစံနဲ့ ဆွဲဆောင်မှုရှိရှိပုံဖော်တာ၊ အမျိုးသားတွေကို ဝိုင်းလုတာ စသဖြင့် ပုံဖော်လေ့ရှိကြ တယ်။

ဒါ့အပြင်  ဂိမ်းတွေအများစုကလည်း အကြမ်းဖက်မှုနဲ့ ဖြေရှင်းတာကသာ ယောကျာ်းဆန်တယ်၊ အလျော့ပေးဖြေရှင်းတာက မိန်းမဆန်တယ်ဆိုတဲ့ ဖိုဝါဒလွှမ်းမိုးတဲ့ အမြင်မျိုး ဖြစ်လာစေတယ်လို့ LGBT အရေးလုပ်ဆောင်သူတဦးဖြစ်တဲ့ စောဇင်မောင်စိုးက သူ့အမြင်ကို ပြောဆို ပါတယ်။

“မိန်းကလေးတွေဆို ကိုယ့်ဘော်ဒီကို လိင်ပိုင်းဆိုင်ရာအဖြစ်  ဒီဂိမ်းတွေကပြနေတာ၊ ဂိမ်းတွေမှာ ရင်ကြီးကြီးနဲ့ Sexy ဆန်ဆန် မြင်နေတော့ ကိုယ့်လက်ရှိ ရှိပြီးသားခန္ဓာကိုယ်ကို မတင်းတိမ်တော့ပဲနဲ့ လိင်ပိုင်းဆိုင်ရာ ကုန်ပစ္စည်း၊ ဆွဲဆောင်မှု အဖြစ်သာ တန်ဖိုးဖြတ်တဲ့ပုံစံ ဖြစ်စေတယ်၊ ကိုယ့်ခန္ဓာကိုယ်ကို ယုံကြည်မှုလျော့ကျစေနိုင်တယ်လို့ ယူဆတယ် ”လို့ သူကဆိုတယ်။

ဒါ့အပြင် ဂိမ်းတွေရဲ့သက်ရောက်မှုအနေနဲ့ ယောကျာ်းလေးတွေက အကြမ်းဖက်နည်းနဲ့ ဖြေရှင်းကြသလို၊ မိန်းကလေးတွေ မှာတော့အချင်းချင်း မကျေနပ်တဲ့အခါ အုပ်စုထဲကနေ ဖယ်ထုတ်ပစ်တာ၊ စကားမပြောဘဲ မသိကျိုးကျွံ ပြုတာ၊ အတင်းပြောတာ၊ Social Media ပေါ်မှာဖြစ်ဖြစ် ဆဲဆိုတာ၊ လှောင်ပြောင်အရှက်ခွဲတာမျိုး လုပ်လေ့ရှိကြတယ်လို့ သူက ပြောပါတယ်။

ဆယ်ကျော်သက်လူငယ်တွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ကျောင်းတွင်းရန်ပွဲတွေဟာ သာမာန်ထက်ပိုလာပြီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားရုံတင်မက အနိုင်ကျင့်၊ အကြမ်းဖက်တဲ့ အပြုအမှုတွေများလာတယ်လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ အသက် ၁၀နှစ်နဲ့ ၆နှစ်အရွယ်ကလေး၂ဦးတို့ရဲ့ ဖခင်ဖြစ်သူ ကိုသူက သူမြင်တွေ့နေရတဲ့ လက်တွေ့မြေပြင် အခြေအနေတွေအပေါ် မူတည်ပြီး ပြောပါတယ်။

ကျောင်းသားအချင်းချင်းရန်ပွဲတွေက အကြမ်းဖက်မှုအသွင်ဖြစ်လာပြီး လူသေဆုံးတဲ့အထိ အနိုင်ကျင့်မှုတွေ ကြုံရတာ၊ ကျောင်းသူတွေမှာလည်း အချင်းချင်းအုပ်စုဖွဲ့ပြီး အကြမ်းဖက်ရိုက်နှက်တာတွေကလည်း သတင်းတွေမှာ မကြာခဏ တွေ့လာရပါတယ်။

ကလေးတွေဟာ သာမန်ဂိမ်းတွေဆော့တာတင် စာအပေါ်အာရုံစိုက်မှုအားနည်းမှာကို စိတ်ပူနေရချိန် ဒီလိုအကြမ်းဖက်တဲ့ ဂိမ်းတွေ၊ 18+ဂိမ်းတွေ ဆော့ကစားတဲ့အခါ စာရိတ္တပိုင်းဆိုင်ရာ ပိုပျက်စီးမှာကို ထည့်စဉ်းစားလာရတယ်လို့ သူကဆိုတယ်။

ကိုသူရဲ့ သားအကြီးဆိုရင် ဆယ်ကျော်သက် အရွယ်ဖြစ်တာကြောင့် ကျောင်းကားပေါ်မှာ အရွယ်မတူတဲ့ အတန်းကြီးတွေ ဆီက ဂိမ်းအကြောင်း၊ ရုပ်ရှင်တွေအကြောင်း၊ တယ်လီဂရမ်ဂရုတွေအကြောင်း သိလာသလို  အွန်လိုင်းကနေ ဂိမ်းချိန်းဆော့ ကစားတာမျိုးတွေလည်း ရှိလာတယ်။

ဂိမ်းတွေက သိသူ၊ မသိသူ အချင်းချင်းချိတ်ဆက်ကစားလို့ရတာကြောင့် မသိတဲ့သူတွေနဲ့ မသမာသူတွေရဲ့ လွှမ်းမိုးမှု၊ သွေးဆောင်ခံရတဲ့ အန္တရာယ်တွေကိုလည်း သတိပြုရသေးတယ်လို့ မိဘတွေကဆိုပါတယ်။

အသက် ၁၀နှစ်အရွယ် သမီးတဦးမိခင်ဖြစ်တဲ့ မဝေက သမီးဖြစ်သူက အသက်အရွယ်အလိုက် ပညာရေးဂိမ်းတွေတင်မက၊ ဇွန်ဘီဂိမ်းတွေ တိုက်ခိုက်လူသတ်ရတဲ့ဂိမ်းတွေပါ ဆော့လာသလို၊ အဆိုးဆုံးက အွန်လိုင်းမှာ သူစိမ်းတွေနဲ့ ချိတ်ဆက်ကစားတာတွေပါ လုပ်လာလို့ အနီးကပ်စောင့်ကြည့်နေရတယ်လို့ ပြောပြပါတယ်။

ဂိမ်းဆော့ဖော် လူစိမ်းတွေက  အပြင်မှာတွေ့ဆုံဖို့ချိန်းဆိုတာ၊ ဆယ်ကျော်သက်တွေနဲ့ ကလေးသူငယ်တွေကို ပစ်မှတ်ထားပြီး သွေးဆောင်တဲ့ ဖြစ်ရပ်တွေလည်း လူမှုကွန်ယက်မှာ တွေ့လေ့ရှိတာကြောင့် သမီးဖြစ်သူကို အပြင်မှာ ခင်မင်တာမဟုတ်ရင် မသိတဲ့သူတွေနဲ့ ချိတ်ဆက်မဆော့ဖို့ စကားပြန်မပြောဖို့၊ ကိုယ့်အကြောင်း၊ နေတဲ့နေရာနဲ့ ဖုန်းနံပါတ်တွေကိုမပြောဖို့ ဆုံးမထားရပါတယ်။

ကလေးတွေကြားခေတ်စားနေတဲ့  တချို့အွန်လိုင်းဂိမ်းတွေထဲ ချိတ်ဆက်ဆော့ကစားတဲ့  ခင်မင်သူ သူစိမ်းက တိုက်ပေါ်က ခုန်ချခိုင်းလို့ သေဆုံးသွားရတာတွေ၊ အသက်မပြည့်သေးတဲ့ ကလေးတွေကို သွေးဆောင်ဖျားယောင်းပြီး ငွေကြေး တောင်းတာ၊ အပြင်မှာ တွေ့ဆုံဖို့ချိန်းဆိုပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်တာ၊ ရာဇဝတ်မှုကျူးလွန်တာတွေကို နိုင်ငံတကာ သတင်းတွေမှာ မကြာခဏတွေ့ရလေ့ရှိပါတယ်။

ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ပညာရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးတွေမှာ ဆိုးကျိုး သက်ရောက်မှုတွေရှိလာနိုင်တာကြောင့် နိုင်ငံအချို့မှာ အွန်လိုင်းဂိမ်းကစားမှုတွေနဲ့ ဆိုရှယ်မီဒီယာကို အသက်၁၈နှစ်အောက် အရွယ်တွေမှာ အချိန်အကန့်သတ်နဲ့ တားမြစ်တာတွေ ရှိလာပါတယ်။ ကမ္ဘာတဝှမ်းမှာလည်း ကလေးသူငယ်တွေကို ဒီလို ဆိုးကျိုးတွေက ကာကွယ်ဖို့ အသက်ကန့်သတ်ချက်တွေ ပြုလုပ်လာကြပြီး၊ သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာဆို အသက် ၁၆နှစ် အောက်ကလေးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို ဥပဒေနဲ့ တားမြစ်ပိတ်ပင်ထားပါတယ်။

တချို့လေ့လာချက်တွေက ဆက်နွယ်မှုရှိတယ်လို့ ပြောပေမယ့်၊ တချို့က အကြမ်းဖက်မှုကို တိုက်ရိုက်ဖြစ်စေတယ်ဆိုတဲ့ အထောက်အထားမလုံလောက်ဘူးလို့ သုံးသပ်ထားတာတွေလည်း ရှိပါတယ်။

အသက် ၅၀ကျော်အရွယ် CDM ဆရာမဖြစ်တဲ့ ဒေါ်မို့မို့က လက်ရှိ လူငယ်ကျောင်းသားတွေကြားမှာဖြစ်ပွားတဲ့ ရန်ပွဲတွေ အနိုင်ကျင့်မှုတွေ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ကလည်း ဂိမ်းတွေ ဆိုရှယ်မီဒီယာတွေကို အလွန်အကျွံသုံးစွဲမှု  နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ဖြစ်လာတာလို့  သူ့အမြင်ကို သုံးသပ်ပါတယ်။

ကျောင်းတွေမှာလည် ကျောင်းသူကျောင်းသားအချင်းချင်း ဂိမ်း Level တွေ ပြိုင်ဆိုင်တာကစလို့ ရည်းစားကိစ္စပြဿနာ တွေမှာလည်း အသက်အန္တရာယ်ဖြစ်တဲ့ထိ ရိုက်နှက်တာ၊ အချင်းချင်းအနိုင်ကျင့်တာ၊ ဘော်ဒါဆောင်တွေလို နေရာမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာအထိဖြစ်နေတာတွေက သာဓကပဲလို့  သူကဆက်ပြောတယ်။

ဒီအတွက်လည်း မိဘဆရာထိန်းကျောင်းမှုတင်မက တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကပါ ဆိုရှယ်မီဒီယာ အသုံးပြုမှုတွေကို ဥပဒေအမိန့်တွေနဲ့ တားမြစ်ပိတ်ပင်တာမျိုး ပြုလုပ်စေချင်ပြီး ဒီလိုမှသာ ဆယ်ကျော်သက် ကျောင်းသားလူငယ်တွေကြား ကြုံနေရတဲ့ ဆိုရှယ်မီဒီယာအပါအဝင် Screen Time နဲ့ဆိုင်တဲ့ ပြဿနာတွေလျော့ပါးသွားမယ်လို့ ဆရာမကဆိုတယ်။

အပေါင်းအသင်းနဲ့ ခေတ်ရဲ့လွှမ်းမိုးမှုတွေကြကြောင့်ဖြစ်စေ၊  စူးစမ်းစိတ်နဲ့ ဆော့ကစားကြတာဖြစ်တဲ့အတွက် အတင်းအကြပ် တားဆီးတာထက် နည်းပညာပိုင်းနဲ့ ထိန်းချုပ်တာ၊ အားကစားနဲ့ လက်မှုပညာလို လက်တွေ့ပြင်ပမှာရှိတဲ့ ပျော်စရာတွေနဲ့သာ ရင်းနှီးစေဖို့ လုပ်‌ဆောင်သင့်တယ်လို့ အိုင်တီပညာရှင်တဦးက အကြံပြုပါတယ်။

လူသတ်ဂိမ်း၊ သွေးထွက်သံယိုဖြစ်အောင် ညှင်းပန်းနှိပ်စက်ရတဲ့ ဂိမ်းတွေကိုစွဲစွဲလန်းလန်း ဆော့ကစားနေမှုက  ရန်လိုစိတ် များတာ၊ စရိုက်ကြမ်းတမ်းတာ၊ စာနာစိတ်ကင်းမဲ့တာ စသဖြင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကြုံရနိုင်တယ်လို့ စိတ်ပညာ ကျွမ်းကျင်သူတွေကလည်း သတိပေးလေ့ရှိပါတယ်။

လူတွေကို ညှင်းပမ်းနှိပ်စက်တာ၊ သတ်ဖြတ်တာတွေကို ထပ်ခါထပ်ခါ ကြည့်ပြီး ဆော့ကစားနေတဲ့အခါ အစပိုင်းမှာ ထိတ်လန့်တာ၊ စိတ်မကောင်းဖြစ်တာတွေ ရှိနိုင်ပေမယ့်တဖြည်းဖြည်းနဲ့ “ဒါက ပုံမှန်ပဲ” လို့ ခံစားလာနိုင်သလို သူတပါး နာကျင်မှုကို စာနာနိုင်စွမ်း (empathy) လျော့လာနိုင်တယ်လို့ CETA Mental Health Counselor မှ Trainer  တဦး ဖြစ်တဲ့ မချယ်ရီစိုးမြင့်က ဆိုတယ်။

“လူတိုင်းမှာ ဖြစ်တာမဟုတ်ပေမယ့် အချို့ဆယ်ကျော်သက်တွေမှာ တွေ့ရနိုင်ပါတယ်၊ Aggressive Thinking( ရန်လိုတဲ့ အတွေး) ပိုင်းကို ပိုများစေနိုင်ပါတယ်” သူကဆိုတယ်။

ကိုယ်တိုင်လည်း အကြမ်းဖက်ဂိမ်းတွေကို စွဲလန်းခဲ့ဖူးတဲ့ ၁၁တန်းကျောင်းသူ မဖြိုးဖြိုးက ဒီလိုဂိမ်းတွေဟာ မိန်းကလေးချင်းကြားမှာလည်း မကြိုက်ရင်၊ ရန်လိုရင် နှိပ်စက်လို့ရတယ်ဆိုတဲ့ အကြမ်းဖက်မှုကို သာမန်အရာလို လက်ခံသွားစေပြီး အပြင်မှာ တကယ်ရန်ဖြစ်၊ အကြမ်းဖက်လာအောင် စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးနေတာ အမှန်ပဲလို့ သူ့အတွေ့အကြုံပေါ် မူတည်ပြီး ပြောပါတယ်။

ဆယ်ကျော်သက်အများစုအတွက်တော့ ဒီလိုဂိမ်းဆော့တာက တကယ့်အကြမ်းဖက်မှုကို ဖြစ်စေတယ်လို့ မဆိုနိုင်ပေမယ့်၊ Trauma(စိတ်ဒဏ်ရာ)၊ ဒေါသ၊ အထီးကျန်မှု၊ အာရုံစိုက်ခံချင်မှု စတဲ့ အခြားအချက်တွေ ပေါင်းစပ်လာတဲ့အခါ အန္တရာယ် ပိုများလာနိုင်ချေ ရှိတယ်လို့ မချယ်ရီစိုးမြင့်က ဆက်ပြောပါတယ်။

“ဒါက သူတို့အတွက် စိတ်ဖိစီးမှုကို ဖောက်ထုတ်တဲ့ Fantasy(စိတ်ကူးယဉ်စရာ) ဖြစ်တဲ့နည်းလမ်းလို့ တွေးတာလည်း ဖြစ်နိုင်ပါတယ်” လို့ သူကဆိုပါတယ်။

အကယ်၍ ဆယ်ကျော်သက်ကလေး တယောက်မှာ အကြမ်းဖက်ဂိမ်းတွေကို အလွန်အကျွံစွဲလမ်းလာတာ၊ စကားပြောပုံ၊ အပြုအမူတွေ ပိုကြမ်းတမ်းလာတာ၊ သူများနာကျင်မှုကို ရယ်စရာလို ပြောလာတာ၊ TikTokလို ဆိုရှယ်မီဒီယာတွေမှာ ညှင်းပမ်းနှိပ်စက်မှု၊ သတ်ဖြတ်မှုကို အားပေးတဲ့ အကြောင်းအရာတွေ တင်လာတယ် ဆိုရင် မိဘတွေမှာ သတိထားစောင့်ကြည့်ဖို့လိုပါတယ်လို့ မှတ်ချက်ပြုပါတယ်။

ဒီအခါမှာလည်း  ဂိမ်းမကစားဖို့ပိတ်ပင်တာထက် ဒီအပြုအမူရဲ့ နောက်ကွယ်အကြောင်းအရင်းကို သိဖို့လိုသလို၊ အပြစ်တင် ဆူပူတာထက် ဘာကြောင့် ဒီလိုဂိမ်းတွေကို စွဲစွဲလန်းလန်း ဆော့ရတာလဲဆိုတာကို လူကြီးမိဘတွေက နားလည်အောင် အဖြေရှာသင့်တယ်လို့ဆိုတယ်။

“အပြစ်တင်တာထက် နားလည်အောင် မေးခွန်းတွေမေးကြည့်လို့ ရပါတယ်၊ သူတို့ဘာကြောင့် ဒီဂိမ်းကိုဆော့တာလဲ ဘာကိုကြိုက်တာလဲ စသဖြင့်ပေါ့”လို့ သူကဆက်ပြောတယ်။

ဒီလိုအကြမ်းဖက်ညှင်းပန်းတဲ့ဂိမ်းတွေကို စွဲလန်းနေတယ်ဆိုရင် ဂိမ်းကစားချိန်ကို အချိန်ကန့်သတ်ပေးတာအပြင် စာနာစိတ် အထောက်အပံ့ဖြစ်စေမယ့် လှုပ်ရှားမှုလုပ်ဆောင်စေတာ၊ တိရိစ္ဆာန်လေးတွေကို ချစ်ခင်လာအောင် အချိန်ပေးခိုင်းတာ၊ အများကို ကူညီတဲ့ စေတနာ့ဝန်ထမ်း အလုပ်တွေမှာ ဝင်ပါခိုင်းတာ စသဖြင့် ပြုလုပ်‌ပေးလို့ရသလို အကြမ်းဖက်တဲ့ လက္ခဏာ အပြုအမှုတွေ ရှိလာရင်တော့ ကျွမ်းကျင်သူတွေရဲ့ အကူအညီရယူသင့်ပြီလို့ မချယ်ရီစိုးမြင့်က အကြံပြုပါတယ်။

ကိုယ်တိုင် ဒီလိုဂိမ်းရေစီးကြောင်းထဲ ၂နှစ်တာကာလနီးပါး မျောပါခဲ့ဖူးတဲ့မဖြိုးဖြိုးကတော့ အစောပိုင်းမှာ မကျေနပ်တဲ့သူကို နှိပ်စက်ရတဲ့အတွက် စိတ်ဖြေစရာဖြစ်ပေမယ့် ကိုယ်တိုင်လည်း စိတ်ဆိုးဒေါသ ထွက်လွယ်ပြီး တခုခုဆို လက်ပါတာ၊ မိသားစုက ဆူပူရင်တောင်  ပြန်ခံပြောတာ၊ ပြန်ခံလုပ်တာမျိုးတွေ ဖြစ်လာတဲ့အထိ စိတ်ပိုင်းဆိုင်ရာ အရှုပ်အထွေး ဖြစ်တဲ့အထိ ကြုံလာရတယ်လို့ ဆိုပါတယ်။

အဲ့ဒါဆော့ပြီး နောက်ပိုင်း အမေက အဝတ်မလျှော်သေးလို့ လာပြောတာကို နားငြီးတယ်လို့ပြောလိုက်တယ်၊ အဲ့ဒါကို အမေက ဆက်ပြောနေတော့ ခဲတံချွန်တဲ့ဓါးနဲ့ အမေကို ရွယ်မိတာပေါ့၊ အဲ့ဒါကို ညီမဘာသာ မသိလိုက်ဘူး၊ အမေက မျက်လုံးကြီးပြူးကြည့်ပြီး သမီး၊ သမီးနဲ့အော်မှ သတိပြန်ဝင်သွားတာ” လို့ ဖြိုးဖြိုးက သူ့ကိုယ့်တွေ့ကြုံခဲ့ရဖူးတဲ့ ဖြစ်ရပ်ကို ပြန်ပြောပြပါတယ်။

သူ့စိတ်ကလည်းကြမ်းတမ်းလာတော့ မဆော့ချင်တော့တာ၊ ဆော့တာကြာတာနဲ့ စိတ်တွေလေးလံပြီး ငြီးငွေ့လာတဲ့အတွက် ၂နှစ်နီးပါဆော့ကစားလာတဲ့ ဒီဂိမ်းကိုဖျက်လိုက်တာ ၃လရှိနေပါပြီ။

ဂိမ်းမဆော့တော့ပေမယ့်လည်း ဂိမ်းထဲက ရက်စက်တဲ့ ပုံရိပ်တွေ၊ ပြကွက်တွေ ခေါင်းထဲမှာ စိုးမိုးနေတဲ့အတွက် စိတ်ကိုကြိုးစားပြီး ထိန်းချုပ်ရသလို၊ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်နဲ့ ပန်းချီဆွဲတာမျိုး၊ သူငယ်ချင်းတွေနဲ့အတူ ကြက်တောင်ရိုက်တာအားကစားအတူတူလုပ်တာမျိုးနဲ့ စိတ်ထဲဖျောက်ဖျက်ရပါတယ်။

ဒီလိုနည်းလမ်းတွေနဲ့ ဂိမ်းကနေ ကင်းဝေး‌အောင် လုပ်ဆောင်တဲ့နောက်မှာတော့ ခေါင်းထဲရှင်းပြီး ပေါ့ပါးလာသလို၊ စိတ်အခြေအနေလည်း သိသိသာသာ ကောင်းမွန်လာတယ်လို့ ဖြိုးဖြိုးကဆိုတယ်။

“အရင်လို ဆတ်ဆတ်ထိမခံတာမျိုးမဖြစ်တော့ဘူး၊ အဓိကကတော့ ကိုယ်ကိုတခုခု မခံချင်အောင် ပြောနေရင်တောင် အရင်လိုစိတ္တဇဆန်တဲ့အတွေးမျိုး မရှိတော့ဘူးပေါ့၊ အဲ့တာတော့ အတော်လေးသိသာတယ်” လို့ဖြိုးဖြိုးကပြောပါတယ်။

လူမှုကွန်ယက်နဲ့ တစ်တော့တွေမှာ ရက်စက်ကြမ်းတမ်းတဲ့ ဂိမ်းတွေက နည်းအမျိုးမျိုးနဲ့ စိတ်ဝင်စားအောင် ဆွဲဆောင်နေတဲ့အခါ အပျော်ဖြစ်စေ၊ စိတ်ထွက်ပေါက်ဖြစ်စေ ကစားမိရာကနေ စိတ်ရောကိုယ်ပါ ကြမ်းတမ်းစေ တယ်ဆိုတာက ကိုယ်တွေ့ကြုံရတာဖြစ်တဲ့အတွက်  ငယ်ရွယ်တဲ့ ဆယ်ကျော်သက်‌တွေဆို အစလုပ်မကစားဖို့ တားဆီးချင်တယ်လို့ သူကဆက်ပြောပါတယ်။

“သူများကို သွေးထွက်သံယိုဖြစ်အောင် မတရားနှိပ်စက်ရတဲ့ဂိမ်းက တကယ်တော့ ဖျော်ဖြေရေးမဟုတ်တော့ဘူး၊ ကစားသူရဲ့ စိတ်ကို ဖျက်စီးနေတာမျိုးဖြစ်နေတယ်” လို့ ဖြိုးဖြိုးကဆိုတယ်။

ကျောင်းမှာဖြစ်စေ၊ သူငယ်ချင်းတွေကြားမှာဖြစ်စေ စိတ်ပိုင်းဆိုင်ရာ မကျေနပ်တာ၊ မွန်းကြပ်တာ၊ အားမလိုအားမရ ဖြစ်တာတွေ ကြုံရတဲ့အခါ စိတ်ထွက်ပေါက်အဖြစ် ဒီလိုကြမ်းတမ်းရက်စက်တဲ့ ဂိမ်းတွေဆော့တာမျိုး မလုပ်စေချင်ဘူးလို့ ဖြိုးဖြိုးကဆိုပါတယ်။

အဲဒီအစား အားကစားလုပ်တာ၊ သီချင်းနားထောင်တာ၊ စိတ်ခွန်အားဖြစ်စေတဲ့စာအုပ် ဖတ်တာမျိုးစတဲ့နည်းလမ်းတွေသုံးပြီး ကိုယ့်စိတ်ကို သက်သာရာရဖို့ကြိုးစားလုပ်သင့်တယ်ဆိုတဲ့ အချက်က ဖြိုးဖြိုးတယောက် အရွယ်တူ ဆယ်ကျော်သက်တွေကို ပေးချင်တဲ့ အကြံဉာဏ်ကောင်းပဲဖြစ်ပါတယ်။