ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque တို့တွေ့ဆုံခြင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုက စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်း ဖြစ်ကြောင်း AAPP ထုတ်ပြန်

ရှင်ငြိမ်း

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaude de Baqque တို့တွေ့ဆုံမှုသည် စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်း ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP ) က ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုက စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှု တစိတ်တပိုင်း ဖြစ်ကြောင်း AAPP ထုတ်ပြန်ချက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ယနေ့ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီသတင်းများ၌ဖော်ပြခဲ့သည်။

ICRC က ဒီတွေ့ဆုံမှုနဲ့ပတ်သက်၍ သတင်းထုတ်ပြန်ချက် မတွေ့ရသေးသော်လည်း အတည်ပြုပြောတယ်လို့ ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

အလားတူ ယခုကဲ့သို့ ထုတ်ပြန်လာသည့် ဓာတ်ပုံများကို ဉာဏ်ရည်တုနည်းပညာသုံး ဖော်ပြထားသည်ဟု အများပြည်သူ ကြား ဝေဖန်နေမှုနှင့်ပတ်သက်၍ “ICRC နဲ့တွေ့တဲ့ပုံကအစစ်ပါ၊ ဦးကျော်တင့်ဆွေအိမ်မှာ တွေ့တာပါ၊ သတင်းနဲ့ ဘာမှ မဆိုင်တဲ့ မွေးနေ့ကိတ်နဲ့ပုံတွေထည့်သုံးတာက လူတွေကို သက်သက်ဝေဝါးအောင်လုပ်တာ” ဟု နေပြည်တော် အခြေစိုက် သတင်းသမားအဖြစ် တာဝန်ယူဖူးသည့် သတင်းစာဆရာတဦးက HI – Honest Information သို့ ပြောသည်။

အဆိုပါတွေ့ဆုံမှုသည် ပြည်တွင်း၊ ပြည်ပနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ၏ စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာသည့် အောင်မြင်မှုတစိတ်တပိုင်းဖြစ်သော်လည်း စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်နိုင်ငံ့ခေါင်းဆောင် အဖြစ် အသိအမှတ်မပြုဘဲ အကျဉ်းသားတဦးအဖြစ်သာ ဆက်လက်သဘောထားနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဆိုသည်။

တွေ့ဆုံမှုနှင့် ပတ်သက်၍ ICRC ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကမူ စစ်ကောင်စီသည် ထိုတွေ့ဆုံမှုမှတဆင့် နိုင်ငံတကာ၏ တရားဝင်အသိ အမှတ်ပြုမှုကို ရယူရန် ကြိုးပမ်းသည့် လှည့်ကွက် ဖြစ်ကြောင်း ဝေဖန်ထားသည်။

၎င်းတို့ ရင်ဆိုင်နေရသည့် နိုင်ငံတကာ ဖိအားများနှင့် သပိတ်မှောက်ခံရမှုများကို လျှော့ချရန်အတွက် ICRC ကို အသုံးချ၍ ၎င်းတို့၏ အုပ်ချုပ်မှုကို နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုလာစေရန် ကြိုးပမ်းသည့် နည်းဗျူဟာမြောက် ထွက်ပေါက် တခုသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူ ဦးခင်မောင်မြင့်က ပြောသည်။

သို့သော် ICRC ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးမီ စစ်ကောင်စီ ထိန်းချုပ်ထားသော မီဒီယာများကသာ ဓာတ်ပုံများ နှင့်တကွ ဦးစွာ ထုတ်ပြန်ခဲ့ခြင်းမှာ သတင်းအချက်အလက် စီးဆင်းမှုကို ၎င်းတို့ လိုသလို ပုံဖော်ဖန်တီးပြီး နိုင်ငံရေး အမြတ်ထုတ်လိုသည့် သဘောကို ထင်ရှားစွာ ပြသနေသည်ဟု သတင်းစာဆရာတဦးက ဝေဖန်သည်။

ယခုတွေ့ဆုံမှုတွင် နိုင်ငံ့ခေါင်းဆောင် အမျိုးသမီးတဦးအပေါ် ထိန်းချုပ်ဖိနှိပ်ထားသည့် သဘောသာဖြစ်ကြောင်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ နန်းသီရိက “စစ်အုပ်စုဟာ တရားဝင်ရွေးချယ်ခံထားရတဲ့ အသက် ၈၀ ကျော် အမျိုးသမီးခေါင်းဆောင်တဦးရဲ့ အခန်းကဏ္ဍနဲ့ လုပ်ပိုင်ခွင့်တွေကို ပိတ်ပင်ထားပြီး အကျဉ်းသားအဖြစ် ထိန်းချုပ် ပြသတာဟာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးဦးဆောင်မှုကို ပစ်မှတ်ထား ဖိနှိပ်တဲ့လုပ်ရပ်ပဲ၊ ကျန်းမာရေးစိုးရိမ်ရတဲ့ အခြေအနေမှာ မိသားစုနဲ့အဝေးမှာ ထားတာက တကယ့်ကို ဖိနှိပ်မှုတခုပဲ” ဟု သုံးသပ်သည်။

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိ၊ မရှိ သက်သေပြဖို့ သိခွင့်ရဖို့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် ဦးဆောင်ပြီး ပြည်တွင်းပြည်ပ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် မြန်မာပြည်သူများက “Proof of Life Challenge” လှုပ်ရှားမှုအား ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်တောင်းဆိုမှုအဖြစ် ဆက်တိုက် တောင်းဆိုနေကြသည်။

ထို့အတူ အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရပြီး နေပြည်တော်တွင် ဖမ်းဆီး ခံထားရစဉ် ကျန်းမာရေး စိုးရိမ်ရသည့် အခြေအနေရှိနေ၍ စစ်ကောင်စီအနေဖြင့် ၎င်းအား ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးပြီး နိုင်ငံ့ ခေါင်းဆောင် ဦးဆောင်ခွင့် အခန်းကဏ္ဍကို တရားဝင် အသိအမှတ်ပြုရန် အဖွဲ့အစည်းအသီးသီးက တောင်းဆိုထားကြသည်။