ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှု အဆုံးသတ်ရန် WLB တိုက်တွန်း
ရှင်ငြိမ်း
ယိုယွင်းပျက်စီးနေသည့် တရားစီရင်ရေးစနစ်အောက်တွင် ပဋိပက္ခအတွင်း အမျိုးသမီးများ ကြုံတွေ့နေရသည့် လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများအတွက် တရားမျှတမှုရရှိရေးနှင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB က တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၊ ဖက်ဒရယ်ယူနစ်အာဏာပိုင်များနှင့် နိုင်ငံတကာ အသိုက်အဝန်းထံ အရေးပေါ်တိုက်တွန်းလိုက်သည်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB သည် “Field of Sorrows (ကြေမွလွင်ပြင်)” မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင့် ပြသခဲ့ပြီး “ယိုယွင်းပျက်စီးနေသည့် တရားစီရင်ရေးစနစ်အောက်တွင် တရားမျှတမှုအတွက် တိုက်ပွဲ ဝင်ခြင်း – ပဋိပက္ခ အတွင်းရှိ အမျိုးသမီးများ၏ ရုန်းကန်မှု” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတခုကိုလည်း ဇူလိုင်လ ၃၁ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါဖြစ်စဉ်များတွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ လူကုန်ကူးခြင်း၊ အဓမ္မ လက်ထပ်ခိုင်းခြင်း၊ အဓမ္မ ကိုယ်ဝန်ရစေခြင်း သို့မဟုတ် ကိုယ်ဝန်ဖျက်ချခိုင်းခြင်းတို့ ပါဝင်သည်။
WLB တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ခမ်းမိုင်က “ဒါ့အပြင် စစ်ပွဲနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် အိမ်တွင်း အကြမ်းဖက်မှုနဲ့ ကျား၊ မအခြေပြု အကြမ်းဖက်မှုတွေပါ ပိုမိုများပြားလာတာကို တွေ့ရပါတယ်”ဟု HI – Honest Information ကို ပြောသည်။
၂၀၂၅ ခုနှစ်အတွင်း၌ပင် နိင်ငံတဝှမ်း အကြမ်းဖက်ခံရသူ အမျိုးသမီး ၁,၂၁၂ ဦးကို WLB နှင့် အဖွဲ့ဝင်အဖွဲ့အစည်း များက ကူညီပံ့ပိုးပေးခဲ့ရကြောင်း ခမ်းမိုင်က ဆိုသည်။
ကရင်နီအမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ မော်ဖရေးမြာကလည်း “အကြမ်းဖက်မှုရပ်တန့်ဖို့ ဖွဲ့စည်းပုံ၊ ပေါ်လစီ ရှိရုံနဲ့ မလုံလောက်ဘူး၊ ရှင်သန်ကျန်ရစ်သူများနှင့်အတူ ရပ်တည်ပြီး သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ပြန်လည် ကုစားရေးတွေလည်း လုပ်ဆောင်ပေးဖို့ လိုအပ်တယ်၊ ပဋိပက္ခနှင့်ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV) က စစ်ရဲ့ မရှောင်လွှဲနိုင်သော အကျိုးဆက်မဟုတ်ဘဲ တရားမျှတမှုရရှိရေးအတွက် တာဝန်ခံမှု ယန္တရား တွေကို ဖြေရှင်းရမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သည်” ဟု ထောက်ပြထားသည်။
ထို့အပြင် WLB မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် နော်ခင်စန်းထွေးက၂၀၂၁ ခုနှစ် မတိုင်ခင်ရော၊ ၂၀၂၁ နောက်ပိုင်း ရော အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို စစ်လက်နက် သဖွယ် ရည်ရွယ်ချက်ရှိရှိ လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတာ ဒီနေ့ချိန်ထိရှိနေဆဲဖြစ်သည်ဟု ပြောသည်။
“ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းတဲ့အခါတွေမှာ အားနည်းချက် အများကြီးရှိ နေတာကိုတွေ့ရတယ်၊ တိုင်ကြားသူ၊ ရှင်သန်ကျန်ရစ်သူ အမျိုးသမီးတွေကို ခြိမ်းခြောက်တာအပြင် ဖြေရှင်းတဲ့ လုပ်ငန်းစဉ် တွေ ပွင့်လင်းမြင်သာမှု မရှိပါဘူး၊ ဒါတွေဟာ တရားမျှတမှု ရရှိဖို့အတွက် အလှမ်းဝေးစေ တယ်” ဟု သူက ပြောကြားသည်။
လက်ရှိတွင် တရားစီရင်ရေးစနစ် ပြိုလဲနေသည့်အတွက် ကျူးလွန်ခံရသူများမှာ ခြိမ်းခြောက်ခံရခြင်း၊ လုံခြုံရေး အန္တရာယ်နှင့် လူမှုအသိုင်းအဝိုင်း၏ ပြစ်တင်ရှုံ့ချမှုများကြောင့် တရားမျှတမှုရရှိရန် အလွန်ခက်ခဲနေပြီး ကျူးလွန် သူ စစ်တပ်အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်ရရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် WLB အနေဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် အကူး အပြောင်းကာလ တရားမျှတမှု (Transitional Justice)ကို အခြေခံ၍ အချက်အလက်များကို ခိုင်လုံစွာ မှတ်တမ်း တင်ကာ ICC ၊ IIMM အပါအဝင် နိုင်ငံတကာ တရားမျှတရေး ယန္တရားများထံ ပေးပို့ စည်းရုံးလှုံ့ဆော်လျက် ရှိသည်။
ထို့အပြင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၊ ဖက်ဒရယ်ယူနစ် အာဏာပိုင်များနှင့် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူရန်၊ စစ်တပ်အပေါ် ပစ်မှတ် ထားအရေးယူဒဏ်ခတ်မှုများ ချမှတ်ရန်နှင့် ဒေသခံ အမျိုးသမီးအဖွဲ့အစည်းများကို ရေရှည် ပံ့ပိုးကူညီပေးရန် စသည့် အချက်များကိုလည်း WLB က အရေးပေါ် တိုက်တွန်းထားသည်။
ထိုစကားဝိုင်းအပြီး WLB က သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက် ၅နှစ်အတွင်း ပဋိပက္ခနှင့် ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (GBV) ဖြစ်စဉ်ပေါင်း ၉၆၃ ခုအထိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။










