တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (ဇူလိုင်လ ၁၁ ရက်ကနေ ၁၇ ရက်၊ ၂၀၂၆)

 ဇူလိုင်လ ၁၁ ရက်ကနေ ၁၇ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။

စစ်ရေးပဋိပက္ခ၊ ကျန်းမာရေး အကျပ်အတည်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုံခြုံရေးပြဿနာ တွေက ဒီတပတ်အတွင်း အမျိုးသမီးတွေရဲ့ ဘဝကို ဆက်လက်ရိုက်ခတ်နေတဲ့ သတင်းတွေအဖြစ် မြင်တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနဲ့ ဗိုက်ထဲက ရှစ်လအရွယ် ရင်သွေးအပါအဝင် အရပ်သား ၄ဦး သေဆုံးခဲ့ရတဲ့ သတင်းဟာ ဒီတပတ်မှာ  စိတ်ထိခိုက်စရာသတင်းတွေထဲက တပုဒ်ဖြစ်ပါတယ်။ မိခင် သေဆုံးသွား ပေမယ့် ဗိုက်ထဲက ကလေးငယ်အသက်ရှင်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ခွဲစိတ်ကယ်တယ်ဖို့ ကြိုးစားပေမယ့် အချည်းအနှီးဖြစ်ခဲ့ရသလို၊ သေဆုံးသွားတဲ့မိခင်ကိုယ်ဝန်ဆောင်မှာ အရွယ်ငယ် ကလေးတဦးလည်း ကျန်ရစ်ခဲ့တယ်ဆိုတဲ့သတင်းက ဂရုဏာသက်ရတဲ့ သတင်းတပုဒ်ပါပဲ။

ဒါ့အပြင် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှာလည်း ကျေးရွာလူထုရဲ့ ၃ ပုံ ၂ ပုံကျော် ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားနေပြီး၊ ဇူလိုင်လအစောပိုင်းက ၃ရက်အတွင်း  ကိုယ်ဝန်ဆောင် အမျိုးသမီး ၂ဦး အပါအဝင် ၃ဦး သေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းပါ။ ဆေးဝါးပြတ်တောက်နေပြီး တခြား ကျေးရွာတွေမှာ ဆေးသွားဝယ်တဲ့အခါမှာ ရောဂါကူးစက်ခံရမှာစိုးလို့ ရွာထဲကို အဝင်မခံတာ မျိုးတွေထိ ရင်ဆိုင်နေကြရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)နဲ့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) ရဲ့ မနေ့က (ဇူလိုင် ၁၃) ထုတ်ပြန်ခဲ့တဲ့ “ ညီမျှမှု မရှိသော ဝန်ထုပ်ဝန်ပိုးများ – မြန်မာ့စီးပွားရေး အကြပ်အတည်းများကြားမှ အမျိုးသမီးများ၏ လူနေမှုဘဝ” ဆိုတဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံက အမျိုးသမီး ၄၂ ရာခိုင်နှုန်း ဝင်ငွေလုံးဝမရှိဆိုတဲ့ သတင်းကတော့ မြန်မာပြည်ရဲ့ စီးပွားရေး အကြပ် အတည်းရိုက်ခတ်မှုဒဏ်ကို အမျိုးသမီးတွေ ဘယ်လောက်ထိ ခံစားနေရတယ်ဆိုတာကို ဖော်ပြပါတယ်။

 ရိုးရာအစဉ်အလာနဲ့ ပုံသေကားချပ်သတ်မှတ်ချက်တွေကြောင့် အမျိုးသမီးတွေဟာ လုပ်အားခ နည်းပါး ခြင်းနဲ့ အလုပ်လက်မဲ့ဖြစ်ခြင်းကို ပဋိပက္ခဒေသတွေတင်မကဘဲ ပဋိပက္ခနည်းပါးတဲ့ ဒေသတွေမှာပါ ရင်ဆိုင်နေကြရတယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။

နောက်ထပ် ထူးခြားတဲ့ သတင်းတပုဒ်ကတော့ မလေးရှားနိုင်ငံမှာ တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့  အော်ပရာစီစစ်ဆေးမှုအတွင်း လွတ်မြောက်ဖို့ ကြိုးစားရင်း မြန်မာအမျိုးသမီးရွှေ့ပြောင်းလုပ်သားတဦး အဆောက်အအုံပေါ်က ပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ သတင်းပါ။

စစ်ဘေး၊ ရောဂါဘယဘေးနဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရမှုရဲ့ နောက်ဆက်တွဲ အန္တရာယ် တွေကြား အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် ကျရောက်နေတဲ့ အခြေအနေတွေကို ဒီသတင်းတွေက မီးမောင်းထိုးဖော်ပြနေပါတယ်။

ဒီသတင်းတွေအပါအဝင် ဒီတပတ်အတွင်း မြန်မာသတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ အမျိုးသမီး သတင်းတို ၁၁ပုဒ်ကို  ပြန်လည်စုစည်းဖော်ပြ လိုက်ပါတယ်။

•  နိုင်ငံတဝန်း အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသူများ ပိုမိုဖိနှိပ်ခံနေရ

•  လားရှိုးမြို့ထဲ ရှော့တိုက်ဒုံးကျရောက်၍ အမျိုးသမီး ၁ ဦးသေဆုံး

•  အရာတော်မှာစစ်တပ်က ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ဗိုက်ထဲက ရှစ်လအရွယ်ကလေးအပါအဝင် လေးဦး သေဆုံး

• ခင်ဦးမြို့နယ်မှာ စစ်အုပ်စုဗုံးကြဲလို့ ကျန်းမာရေးဆရာမတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရပြီး နေအိမ်ပျက်စီးမှုတွေလည်းရှိနေ

•  ရွှေလီမှာ အလုပ်သွားလုပ်တဲ့ နမ့်ဆန်က အမျိုးသမီးတစ်ဦး ၂ လကျော်ကြာ ပျောက်ဆုံးနေ

• မြောက်ဦးက ဝေသာလီရွာမှာ ရွာလုံးကျွတ်နီးပါး ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးဖြစ်နေပြီး ကိုယ်ဝန်ဆောင် ၂ ဦး အပါ ၃ ဦး သေဆုံးထား

• မြန်မာနိုင်ငံက အမျိုးသမီး ၄၂ ရာခိုင်နှုန်း ဝင်ငွေလုံးဝမရှိ

• မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး

• ပေါက်တော မနော်သီရိရွာဗုံးကြဲခံရမှု အရပ်သားအမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ဒဏ်ရာရ

• ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

•   ပသုံးလုံးက ဖမ်းဆီးထားတဲ့ SRF ခေါင်းဆောင် ထွက်ပြေးလွတ်မြောက်

SRF ခေါင်းဆောင်ရဲ့ ရည်းစားကို ပကဖက ထပ်မံဖမ်းဆီး

နိုင်ငံတဝန်း အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသူများ ပိုမိုဖိနှိပ်ခံနေရ

Source – DVB

မြန်မာနိုင်ငံတဝန်းမှာ ရှိကြတဲ့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသူတွေအပေါ် ထောင်အာဏာပိုင်တွေက ဖိနှိပ်တာတွေ ပိုလုပ်လာနေတယ်လို့ နိုင်ငံရေးအကျဉ်းသူတွေကို ကူညီနေတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတွေက ပြောပါတယ်။

ထောင်အာဏာပိုင်တွေအနေနဲ့ နိုင်ငံရေးအကျဉ်းသူတွေအပေါ် ခွဲခြားဆက်ဆံတာတွေအပြင် အခြေခံလူ့အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေးတွေကိုပါ ပိတ်ပင်ထားကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ပြောပါတယ်။

အမျိုးသမီးဆောင်တွေမှာဆိုရင် နိုင်ငံရေး အကျဉ်းသူတွေကို အတင်းအဓမ္မ အလုပ်တွေခိုင်းတာ၊ ဆေးဝါးကုသခွင့် မပေးတာတွေ၊ ဆေးဝါးစောင့်ရှောက်မှု အပြည့်အဝ မရတာတွေအပြင် မိသားစုကနေ ပေးပို့တဲ့ အစားအသောက်တွေကို အပြည့်အဝ မရရှိတာ၊ ထောင်ဝင်စာကို စာရေးသားဆက်သွယ်ခွင့် ပိတ်ပင်ခံရတာတွေအထိ ရှိပါတယ်။ တချို့ နိုင်ငံရေးအကျဉ်းသူတွေဆိုရင် ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်ခံရတာတွေအထိ ရှိနေတယ်လို့ WOPP ပြန်ကြားရေးတာဝန်ခံ မစုမြတ်ကပြောပါတယ်။

ထောင်တွင်းမှာ လက်ရှိ ဖိနှိပ်ခံရမှု အသေးစိတ် စုံစမ်းစိစစ်နေပြီး အချက်အလက်တွေကို အဖွဲ့အစည်းအနေနဲ့ လုံခြုံရေးအရ အချိန်ယူ စောင့်ကြည့် ထုတ်ပြန်သွားမှာဖြစ်ကြောင်း သိရပါတယ်။

လားရှိုးမြို့ထဲ ရှော့တိုက်ဒုံးကျရောက်၍ အမျိုးသမီး ၁ ဦးသေဆုံး

Source – Mizzima

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်အတွင်း ဇူလိုင်လ ၉ ရက်ညနေပိုင်းက ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတဦး သေဆုံးခဲ့ပြီးတွေ ပြင်းထန်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။

လားရှိုးမြို့ ရပ်ကွက် (၁၀)၊ ရပ်ကွက် (၆) နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အတွင်းကို ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး  (၁၀) မှာ နေထိုင်သူ အမျိုးသမီးတဦး သေဆုံးကာ ရပ်ကွက် (၆) မှ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ရှော့တိုက်ဒုံးကို ဘယ်နေရာကပစ်ခတ်တာကို မသိရသေးပါဘူး။

အရာတော်မှာစစ်တပ်က ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ဗိုက်ထဲက ရှစ်လအရွယ်ကလေး အပါအဝင် လေးဦး သေဆုံး

Source – People’s Spring

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကံရင်းရွာ စစ်တပ်က ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ဗိုက်ထဲ သမီးငယ် အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဇူလိုင်လ ၁၄ရက် ညနေမှာ မုံရွာမြို့ ၊အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကတက်လာတဲ့ဂျိုင်ရို ကော်ပတာ ၃ စီးနဲ့ ဗုံးသုံးလုံးကြဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဗုံးသုံးလုံးဟာ ကျေးရွာအတွင်းက လက်ဖက်ရည်ဆိုင် ပေါ်ကျပြီး အသက်၃၀ ကျော်အရွယ် ကိုယ်ဝန် ဆောင် အမျိုးသမီးတဦးနဲ့ သူ့မရဲ့ ဗိုက်ထဲက ၈ လအရွယ် ကလေးငယ်၊ အသက်၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတဦး၊ အသက်၄၀ ဝန်းကျင်အမျိုးသားတဦး စုစုပေါင်း ၄ဦး (ကိုယ်ဝန်ဆောင်ဗိုက်ထဲမှ ၈ လအရွယ် ကလေးငယ်ပါ ပါ) သေဆုံးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဗုံးကြဲခံရပြီးကိုယ်ဝန်ဆောင်မိခင် သေဆုံးသွားတာမှာ ဗိုက်ထဲမှ ၈ လအရွယ်ကလေးငယ်ကို အသက် ကယ်ဖို့လည်း အသက်မမီခဲ့ဖူးလို့ သိရပါတယ်။ ကိုယ်ဝန်ကို ခွဲပြီးချိန်မှာ ကလေးငယ် အသက် မရှိတော့ပဲ မိန်းကလေး ဖြစ်နေတာကို ကျန်ရစ်တဲ့မိသားစုတွေက သိကြရတာပါ။ သူတို့မိသားစုမှာ အသက် ၇ နှစ်အရွယ် သားငယ်တစ်ဦးရှိပြီး ကျန်ရစ်ခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။

ဗုံးကြဲခံရမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ ရင်သွေးငယ် ၊အခြားအမျိုးသမီးတို့ဟာ ပွဲချင်းပြီး သေဆုံး ခဲ့တာဖြစ်ပြီး အမျိုးသားတဦးက ဒဏ်ရာပြင်းထန်စွာရပြီးမှ သေဆုံးခဲ့တာဖြစ်ပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်အုပ်စုဗုံးကြဲလို့ ကျန်းမာရေးဆရာမတစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရပြီး နေအိမ်ပျက်စီးမှုတွေလည်းရှိနေ

Source – CJ Platform

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းအချိန်တုန်းက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျန်းမာရေးဆရာမတစ်ဦးနဲ့ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို၊ ပြည်သူတွေရဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ကြီးမားစွာ ဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

ခင်ဦးမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ငါးတင်းကြီးကျေးရွာကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ ညနေ ၃ နာရီ  ကစတင်ပြီး စစ်အုပ်စုက တံတားဦးလေတပ်စခန်းကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် (Jet Fighter) နှစ်စင်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်း လေးကြိမ်ဝန်းကျင်ခန့်အထိ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေရဲ့ ပြောပြချက်အရ စစ်အုပ်စုဟာ မြေပြင်မှာတစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း လုံးဝမရှိဘဲနဲ့ အပြစ်မဲ့ဒေသခံပြည်သူတွေ အေးချမ်းစွာ နေထိုင်ကြတဲ့ ကျေးရွာအတွင်းထဲဆီသို့ လေကြောင်းကနေ ရမ်းသန်းဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး ဗုံးကြဲမှုကြောင့် ကျန်းမာရေးဆေးဝါးပစ္စည်းတွေ ထားရှိရာ အဆောက်အအုံ၊ ကား၊ မော်တော်ဆိုင်ကယ် စတဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ ပြည်သူတွေရဲ့ နေအိမ်အချို့ပါ ပြာကျပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ရွှေလီမှာ အလုပ်သွားလုပ်တဲ့ နမ့်ဆန်က အမျိုးသမီးတစ်ဦး ၂ လကျော်ကြာ ပျောက်ဆုံးနေ

Source – ရွှေဖီမြေ

တအာင်းတပ်-PSLF/TNLAထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့က အမျိုးသမီးတစ်ဦး တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်သွားလုပ်ရာကနေ ၂ လကျော်ကြာ မိသားစုဝင်နဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

နမ့်ဆန်မြို့ မန်ခိုက်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ်ရှိတဲ့  လွေးမိုးဦးဟာ မိုင်းပေါက်ဘက်မှာ အလုပ်လုပ်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာတော့ သူငယ်ချင်းနဲ့အတူ ရွှေလီထဲမှာ အလုပ်လုပ်ဖို့  တက်သွားခဲ့တာ ဖြစ်ပါတယ်။

လွေးမိုးဦးဟာ  လမ်းမှာ ဖမ်းဆီးခံရတာနဲ့ လူကုန်ကူးခံရမှာကို မိသားစုဝင်က စိုးရိမ်ပူပန်နေပြီး ၎င်းကို တွေ့ရှိပါက  ဆက်သွယ်အကြောင်းကြားပေးဖို့ မိသားစုဝင်ဘက်က တောင်းဆိုထားပါတယ်။

ရှမ်းမြောက်နဲ့ တခြားဒေသက လူထုတွေဟာ မူဆယ်နဲ့တရုတ်နိုင်ငံဘက် အလုပ် လုပ်ဖို့ သွားရာကနေ ပွဲစားတချို့ရဲ့ လိမ်လည်မှုကို ခံရပြီး လူကုန်ကူးခံရတာ၊ အတင်းအဓမ္မ အလုပ် လုပ်ခိုင်းတာနဲ့ မကြာခဏ ကြုံတွေ့နေရပါတယ်။

မြောက်ဦးက ဝေသာလီရွာမှာ ရွာလုံးကျွတ်နီးပါး ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးဖြစ်နေပြီး ကိုယ်ဝန်ဆောင် ၂ ဦး အပါ ၃ ဦး သေဆုံးထား

Source – ဖက်ဒရယ် FM

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ဝေသာလီကျေးရွာမှာ ရွာရဲ့ ၃ ပုံ ၂ ပုံကျော်လူထုဟာ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားနေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦး သေဆုံးထားတယ်လို့  ဒေသတွင်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

လူဦးရေ ၁၅၀ ဝန်းကျင်ရှိတဲ့ ဝေသာလီရွာမှာ ပြီးခဲ့တဲ့ မေလကစပြီး ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ကျေးရွာလူထုရဲ့ ၃ ပုံ ၂ ပုံကျော်ပမာဏလောက် ရောဂါခံစားနေရတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၈ ရက်၊ ၉ ရက်၊ ၁၁ ရက်နေ့တွေမှာတော့ ငှက်ဖျားကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦး အပါအဝင် အမျိုးသမီး ၃ ဦး ဆက်တိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်းတောရွာဓလေ့အရ ငှက်ဖျားဖြစ်နေတဲ့ရွာကလူတွေ တခြားရွာမှာ ဆေးဝါးသွားဝယ်ရင် ရောဂါကူးစက်မှာစိုးလို့ ရွာထဲအဝင်မခံတဲ့ကိစ္စတွေလည်း ရှိနေတယ်လို့ ဒေသခံက ဆိုပါတယ်။

AA ကျန်းမာရေးဌာနက ဇူလိုင်လ ၁၀ ရက်နေ့မှာ ဝေသာလီကျေးရွာကို သွားရောက်ခဲ့ပေမယ့် ကူးစက် ပြန့်ပွားမှုမြင့်နေတာကြောင့် အိမ်တိုင်းစေ့ကို ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်သေးသလို ၊ ဆေးဝါး ၊ ဆေးခြင်ထောင် ‌ထောက်ပံ့လှူဒါန်းနိုင်ရေးအတွက် လူထုအကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကလေးတွေ ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးအများစုမှာ ငှက်ဖျားပိုးတွေ့ရှိထားပြီး အာဟာရပြတ်လပ်တာ၊ ကိုယ်ခံအားကျဆင်းတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီး ၄၂ ရာခိုင်နှုန်း ဝင်ငွေလုံးဝမရှိ

Source – Honest Information

မြန်မာနိုင်ငံမှာ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ ကျား၊ မ ရေးရာစံနှုန်းတွေက အမျိုးသမီးတွေရဲ့ စီးပွားရေးဆိုင်ရာ စွမ်းပကားမြှင့်တင်မှုကို ဟန့်တားနေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)နဲ့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) ရဲ့ မနေ့က (ဇူလိုင် ၁၃) ထုတ်ပြန်ခဲ့တဲ့ “ ညီမျှမှု မရှိသော ဝန်ထုပ်ဝန်ပိုးများ – မြန်မာ့စီးပွားရေး အကြပ်အတည်းများကြားမှ အမျိုးသမီးများ၏ လူနေမှုဘဝ” ဆိုတဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ အမျိုးသား ၁၀ဦးမှာ ၁ ဦးက အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အိမ်ပြင်ပမှာ အလုပ်မလုပ်သင့်ဘူးလို့ ယုံကြည်ထားကြပါတယ်။

တူညီတဲ့အလုပ်ဖြစ်စေ၊ အမျိုးသားတွေက လုပ်အားခ ပိုမိုရရှိသင့်တယ်လို့ အမျိုးသား ၃၅ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၃၃ ရာခိုင်နှုန်းက ယုံကြည်ထားကြတဲ့အတွက် ဒီအချက်ကလည်း အမျိုးသမီးနဲ့ အမျိုးသားကြား စီးပွားရေးမညီမျှမှုကို ပုံမှန်ကိစ္စရပ်တခုလို ရှုမြင်မှုတခုဖြစ်တယ်လို့  ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာ မြန်မာနိုင်ငံအတွင်းက အမျိုးသမီး ၄၂ ရာခိုင်နှုန်းဟာ ဝင်ငွေလုံးဝမရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒဏ်အခံရဆုံး ပြည်နယ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဝင်ငွေမရှိသူ အမျိုးသမီးရာခိုင်နှုန်းက  ၅၇ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒါ့အပြင် အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးတွေဟာ ပျမ်းမျှလစဉ်ဝင်ငွေ ၂၇၅,၀၀၀ ကျပ် (၆၃ ဒေါ်လာခန့်) ရရှိပြီး အလုပ်လုပ်ကိုင်နေသူ အမျိုးသားတွေက ၃၅၀,၀၀၀ ကျပ် (၈၀ ဒေါ်လာခန့်)ရရှိကာ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ လစဉ်ဝင်ငွေ ၇၉ ရာခိုင်နှုန်းကိုသာ ရရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ပဋိပက္ခပြင်းထန်တဲ့ဒေသတွေမှာ အမျိုးသမီးတွေအလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်းနှုန်းထိ ကျဆင်းသွားပြီး အမျိုးသားတွေက ၈၂ရာခိုင်နှုန်းရှိကာ အမျိုးသမီးနဲ့ အမျိုးသားတို့ကြား ၂၀ရာခိုင်နှုန်း ကွာဟချက်ရှိနေတယ်လို့ အစီရင်ခံစာကဆိုထားပါတယ်။

ပဋိပက္ခနည်းတဲ့ဒေသတွေမှာတော့ အမျိုးသမီးအလုပ်အကိုင်ရရှိမှုနှုန်း ၇၆ ရာခိုင်နှုန်းနဲ့ အမျိုးသား ၇၃ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။

မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး

Source – Myanmar Labour News

မလေးရှားနိုင်ငံ မာလက္ကာမြို့မှာ အထောက်အထားမရှိတဲ့ ပြည်ပရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးတဲ့ (အော်ပရာစီ)ဖမ်းဆီးနေစဉ် အတွင်း လွတ်မြောက်ရန် ထွက်ပြေး ဖို့ ကြိုးစားတဲ့ မြန်မာလုပ်သား အမျိုးသမီးတစ်ဦးဟာ အဆောက်အအုံပေါ်မှခြေချော် ပြုတ်ကျကာ သေဆုံးသွားတယ် လို့ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၆ ရက် နေ့က  သေဆုံးသူ မြန်မာလုပ်သား မခက်ကေခိုင် နေထိုင်ရာ ရပ်ကွက်အတွင်း တရားမဝင်နေထိုင်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေချိန်မှာ  လွတ်ရာလွတ်ကြောင်း အဖြစ်  အခြားနေအိမ်တခုဆီ ကူးရန် သံချောင်းပေါ်မှ လမ်းလျှောက် သွားစဉ် ခြေချော်ကာ ပြုတ်ကျခဲ့ပြီး မာလက္ကာမြို့ ဆေးရုံကြီးသို့ တင်ခဲ့ပေမယ့်ပြုတ်ကျတဲ့ဒဏ်ရာများကြောင့် ဇူလိုင် ၆ ရက်မှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အသက်၃၈နှစ်ရှိပြီး  ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်းကျေးရွာ ကနေ မလေးရှားနိုင်ငံ မလက္ကာမြို့သို့ လာရောက် အလုပ်လုပ်ကိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရစ်တဲ့ ရုပ်အလောင်းကို မိသားစုရဲ့ သဘောဆန္ဒအရ ဇူလိုင် ၁၁ ရက်တွင် ဆလန်းကောပြည်နယ် ကာချမ်းမြို့ ta Took Funeral service တွင်မေတ္တာပို့သ အမျှဝေပွဲ ကျင်းပပေးပြီးနောက် ဇူလိုင်၁၂ရက် တွင် မြန်မာနိုင်ငံရှိ မိသားစုထံ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) ထံမှ သိရပါတယ်။

ပေါက်တော မနော်သီရိရွာဗုံးကြဲခံရမှု အရပ်သားအမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ဒဏ်ရာရ

Source – နိရဉ္စရာ

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်က မနော်သီရိကျေးရွာကို အကြမ်းဖက်စစ်အုပ်က ဇူလိုင်လ (၁၅)ရက်နေ့ မှာ လေကြောင်းကနေဗုံးကြဲခဲ့တဲ့အတွက် အရပ်သားအမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် တို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသွားသူတွေဟာ မနော်သီရိကျေးရွာက မနှင်းစိုး (၂၆)နှစ်)နဲ့ င/ခူရှည်ရွာက ဦးခင်ထွန်းဝင်း (၅၂)နှစ်တို့ဖြစ်ကြပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့လေတပ်က ဂျက်ဖိုက်တာတစီးဟာ မနော်သီရိကျေးရွာဆိပ်ကမ်းနဲ့ ရွာထဲသို့ နှစ်ကြိမ်တိုင်တိုင် ဗုံးသီးသုံးလုံးကြဲချတိုက်ခိုက်ခဲ့မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

Source – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်တဲ့ အမျိုးသားကို နှစ်လကျော် ကြာတဲ့အထိ မဖမ်းမိသေးဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ဒုတိယပတ်မှာ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာက အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့ပါတယ်။

တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးဟာ ရွာငံဆေးရုံကနေ လက်ထိတ်တန်းလန်းနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး နှစ်လကျော် ကြာတဲ့အထိ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တရားခံကို ဖမ်းဆီးနိုင်ခြင်း မရှိသေးတဲ့အတွက် ကျူးလွန်ခံရသူ မိသားစုဝင်နဲ့ ဒေသခံတွေက စိတ်မချနိုင်သေးကြောင်းနဲ့ တရားခံကို အမြန်ဆုံး ဖမ်းဆီးပေးစေလိုတယ်လို့ဒေသခံ အမျိုးသမီးတစ်ဦး က ပြောပါတယ်။

ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က နယ်မြေစိုးမိုးထားပြီး ဒေသတွင်း လူသတ်မှု၊ ခိုးဆိုးလုယက် မှု၊ မုဒိမ်းမှု ကိစ္စတွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်မှုတွေ မလုပ်ပေးသေးတဲ့အတွက် ဒေသခံတွေ အနေနဲ့ စစ်ကော်မရှင်တပ်အပေါ် ယုံကြည်မှု ကင်းမဲ့နေတယ်လို့ဆိုပါတယ်။

ပသုံးလုံးက ဖမ်းဆီးထားတဲ့ SRF ခေါင်းဆောင် ထွက်ပြေးလွတ်မြောက်

SRF ခေါင်းဆောင်ရဲ့ ရည်းစားကို ပကဖက ထပ်မံဖမ်းဆီး

Source – မြေလတ်အသံ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အခြေစိုက် SRF တပ်ဖွဲ့က ဖမ်းဆီးခံထားရတဲ့ ကိုစံတင်ထွန်းဟာ ပသုံးလုံး(ပ.ပ.ပ)ဆီက ထွက်ပြေးလွတ်မြောက်လာပြီး ၄ ရက်အကြာမှာ ကိုစံတင်ထွန်းရဲ့ ရည်းစားကို မင်းကင်း ပ.ပ.ပ လုံးက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

SRF တပ်ဖွဲ့ခေါင်းဆောင် ကိုစံတင်းထွန်းက ဇူလိုင်လ ၇ ရက်နေ့က ဖမ်းဆီးထားတဲ့ ပ.ပ.ပ လုံးဆီကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သူထွက်ပြေးလွတ်မြောက်လာခဲ့ပြီးနောက် ဇူလိုင်လ ၁၁ ရက် နေ့လယ်ပိုင်းမှာပဲ ကိုစံတင်ထွန်းရဲ့ ရည်းစားဖြစ်သူ မဇွန်ပွင့်ဖြူကို ပန်းသေး(ဒေသအခေါ် ပသေး)ရွာက သူ့နေအိမ်မှာပဲ မြို့နယ် ပ.က.ဖအဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဖြစ်စဉ်သိသူ ဒေသခံက ပြောပါတယ်။

မဇွန်ပွင့်ဖြူနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သူဟာ မင်းကင်းမြို့နယ်ကျောင်းသားသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

မင်းကင်းမြို့နယ် ပ.က.ဖ၊ ပ.အ.ဖနဲ့ တပ်ရင်း ၂ တို့က မဇွန်ပွင့်ဖြူရဲ့နေအိမ်ကို အမျိုးသမီးရဲဘော် မပါဘဲ လာရောက်ပြီး SRF တပ်ဖွဲ့နဲ့ပတ်သတ်လို့ မေးမြန်းစုံစမ်းမယ်လို့ဆိုကာ ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

SRF ခေါင်းဆောင် ကိုစံတင်ထွန်းကို တပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပွါးနေတဲ့ မင်းကင်းမြို့နယ် ပသုံးလုံးက မေလ ၂၆ ရက်မှာ လုံခြုံရေးအာမခံချက်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ အွန်လိုင်းကနေ သဘောတူညီချက်ရပြီး မြေပြင်မှာတွေ့ဆုံဖို့သွားရာ အညာလယ်ရွာမှာ ပစ်ခက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရပြီးနောက် မေလ ၂၈ ရက်နေ့မှာတော့ SRF တပ်ဖွဲ့အနေနဲ့ NUG ကို နိုင်ငံတော်အစိုးရအဖြစ် လက်ခံပြီး မင်းကင်းမြို့နယ်အတွင်းက တော်လှန်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဖို့အပါအဝင် သဘောတူညီချက်(၃)ခု နဲ့ ပြေလည်မှု ရခဲ့သေးတယ်လို့ SRFရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။