တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (မေလ၁၆ မှ ၂၂၊ ၂၀၂၆)
မေလ၁၆ ရက်ကနေ ၂၂ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ်အမျိုးသမီးသတင်းတွေထဲမှာ လူပြောများတဲ့သတင်းတခုကတော့ စလော့ဂိမ်းကစားတဲ့ ကျောင်းဆရာမက ဓားပြမှု ကျူးလွန်ပြီး သားအမိ ၂ဦးသေဆုံးဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
ဒီဖြစ်စဥ်မှာဆိုရင် မူလတန်းပြကျောင်းဆရာမက လောင်းကစားအကြွေးတွေကြောင့် ဓားပြတိုက်ခဲ့ရာ၊ အိမ်ရှင်တွေက ပြန်လည်ခုခံ တာကနေရုန်းရင်းဆန်ခတ်ဖြစ်ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ကလေးငယ်တွေကို ကောင်းမွန်တဲ့ အသိပညာပေးသင်ကြားပေးရမယ့် ဆရာမကိုယ်တိုင်က လောင်းကစားစွဲလမ်းပြီး တရားဥပဒေနဲ့ မညီတဲ့မကောင်းမှု ဒုစရိုက် ကျူးလွန်ခဲ့မှုက ကြားသိရသူတိုင်း တုန်လှုပ်ခြောက်ခြားစေသလို လောင်းကစားရဲ့ ဆိုးကျိုးက ဘယ်လောက်ထိ လူမှုဘဝတွေကို သက်ရောက်နေလဲဆိုတာ မီးမောင်းထိုးပြနေပါတယ်။
စလော့ဂိမ်းငါးပစ်ဂိမ်းလို လောင်းကစားဂိမ်းတွေက လူကြီးလူငယ်မရွေး မြို့ပြတင်မက ကျေးလက်နယ် အထိပါ ပျံ့နှံ့နေသလို ဒီဂိမ်းကို အပျော်အနေနဲ့ဆော့ကစားရာနေ စွဲလန်းတဲ့အထိဖြစ်လာပြီး ငွေကြေးအမြောက်အမြားရှုံးနိမ့်တာ၊ အကြွေးမဆပ်နိုင်လို့ ထွက်ပြေးတာ၊ စီးပွားပျက်စီးဆုံးရှုံးတယ်အထိ ကြုံလာရတဲ့ ဖြစ်စဉ်တွေလည်း ရှိလာတာကြောင့် အွန်လိုင်းဂိမ်းတွေကို ထိန်းချုပ်ဖို့အတွက် ဘယ်သူက လုပ်မှာလဲဆိုတာ မေးခွန်းတခု ဖြစ်ပါတယ်။
ဒါ့အပြင် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုသတင်းတွေကလည်း နေ့စဥ်သတင်းတွေမှာ မကြာခဏပါဝင်နေတဲ့သတင်းတွေဖြစ်ပြီး လူမှုအဖွဲ့အစည်းတွေကအစ ထိထိရောက်ရောက် အရေးယူဖို့ တောင်းဆိုလာတဲ့အထိဖြစ်လာရတာက ပဋိပက္ခဒေသက ကလေးတွေမှာ ဘယ်လိုအခြေအနေမှာမဆို လုံခြုံ မှုမရှိဘဲ နေထိုင်နေရတယ်ဆိုတာ အရှင်းသားမြင်တွေ့နိုင်ပါတယ်။
ဒီသတင်းတွေအပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီး နဲ့သက်ဆိုင်တဲ့ သတင်း ၁၃ ပုဒ်ကို စုစည်းဖော်ပြလိုက်ပါတယ်။
- စစ်တွေမြို့သို့ အမျိုးသမီး လစဉ်သုံးပစ္စည်း သယ်ယူခွင့် စစ်တပ် ပိတ်ပင်ထား
- ဖားကန့် လုံးခင်းရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသမီးသုံးယောက် ပွဲချင်းပြီးသေဆုံး
- လားရှိုးရှိ တရုတ်ကျောင်းတစ်ခုမှာ ရည်းစားလုရင်း ကျောင်းသူတစ်ဦးကို အုပ်စုလိုက် အပြင်းအထန် ဝိုင်းဝန်းရိုက်နှက်
- LGBT များအပေါ် မုန်းတီးမှု တိုက်ဖျက်ရေးနေ့ လှုပ်ရှားမှု သံရုံးများ ပြုလုပ်
- ရှမ်းတောင်အထူးတပ်ဖွဲ့ ခေါင်းဆောင်၏ နေအိမ်ကို စစ်တပ်က လေလံပစ်
- ဒိုက်ဦးထောင် အမျိုးသမီးဆောင်က အကျဉ်းသူတွေ ဖိအားပေးအလုပ်စေခိုင်းခံရ
- သက်ငယ်အဓမ္မပြုကျင့်မှုကို ပြတ်ပြတ်သားသား အရေးယူပေးရန် ရခိုင်အမျိုးသမီးအသိုင်းအဝိုင်း တောင်းဆို
- စလော့ဂိမ်းလောင်းကစားသည့် ကျောင်းဆရာမက ဓားပြမှုကျူးလွန်ပြီး သားအမိ ၂ ဦး သေဆုံး
- ကျောက်တော်မြို့နယ် နဲ့ဘူးသီးတောင်မြို့နယ် မှာ သက်ငယ်မုဒိမ်းမှုနှစ်ခုဖြစ်ပွား
- ဘန်ကောက်ရထားတိုက်မှုမှာ သေဆုံးတဲ့မြန်မာအမျိုးသမီး ရုပ်အလောင်းကို မိသားစုဝင်တွေ လာရောက်ထုတ်ယူ
- သဘော့လိပ်ကြီးရွာတွင် ၁၀ နှစ်အရွယ်ကလေးတစ်ဦး မုဒိမ်းကျင့်ခံရ
- ချင်းမိုင်တွင် ရှမ်းအမျိုးသမီး ၁ ဦး အသတ်ခံရ
- မြန်မာအမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု ယူရို ၁ ဒသမ ၃ သန်းဖိုး ကူညီမည်
စစ်တွေမြို့သို့ အမျိုးသမီး လစဉ်သုံးပစ္စည်း သယ်ယူခွင့် စစ်တပ် ပိတ်ပင်ထား
Source-DMG
စစ်အစိုးရ ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့မှာ အမျိုးသမီး လစဉ်သုံးပစ္စည်း သယ်ယူတင်သွင်းခွင့်ကို စစ်အစိုးရက ပိတ်ပင်ကန့်သတ်ထားတဲ့အတွက် လစဉ်သုံးပစ္စည်း ပြတ်လပ်တာကြောင့် မြို့ခံအမျိုးသမီးတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေနဲ့ ကလေးသုံး ဒိုင်ပါသယ်ယူခွင့် ပိတ်ပင်ကန့်သတ်ထားတဲ့အတွက် စစ်တွေမြို့တွင်း ပစ္စည်းပြတ်လပ်ကာ အဝတ်စနဲ့ ပြုလုပ်ထားတဲ့ လစဉ်သုံးပစ္စည်းတွေကိုသာ အသုံးပြုနေရတယ်လို့ ဒေသခံအမျိုးသမီး တွေက ပြောပါတယ်။
ပစ္စည်းလက်ကျန်ရှိတဲ့ ကုန်စုံဆိုင်တွေက သက်တမ်းကုန်ဆုံးနေတဲ့ လစဉ်သုံး အထုပ်သေး ၈ ခုပါ တစ်ထုပ်ကို ငွေကျပ် ၇,၀၀၀ ဖြင့်ဝယ်ယူသုံးစွဲနေကြရတဲ့အတွက် နောက်ဆက်တွဲ အမျိုးသမီး ကျန်းမာရေးအန္တရာယ်က စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
စစ်အုပ်စုက ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းမှ စကာ စစ်တွေအတွင်းသို့ ဆေးဝါးနဲ့ အရေးပါတဲ့ လူသုံးကုန်စ္စည်းတွေကို လေကြောင်း၊ ရေကြောင်းဖြင့် တင်သွင်းခွင့် တားမြစ်ပိတ်ပင်ထားတာဖြစ်သလို ယခုကဲ့သို့ လစဉ်သုံးပစ္စည်းနဲ့ ကလေးဒိုင်ပါ သယ်ယူခွင့် ကန့်သတ်ထားမှုက စစ်ရေးအရ အသုံးမပြုနိုင်ရန် ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖားကန့် လုံးခင်းရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသမီးသုံးယောက် ပွဲချင်းပြီးသေဆုံး
Source-နိရဉ္စရာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အသက် ၇၂ နှစ်အရွယ် သက်ကြီးပိုင်းတစ်ယောက်အပါအဝင် အမျိုးသမီးသုံးယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
မေလ ၁၇ ရက်နေ့၊ မွန်းလွဲ ပိုင်းမှာ လုံးခင်းရွာကို ဗျူဟာကုန်းမှာရှိတဲ့ အကြမ်းဖက် စစ်သားတွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် လုံးခင်း ရပ်ကွက် ၄ က အမျိုးသမီးတွေချည်းနေထိုင်တဲ့နေအိမ်တစ်လုံးကို ထိမှန် မီးလောင်ခဲ့ကာ နေအိမ်မှာနေထိုင်တဲ့ သက်ကြီးအမျိုးသမီးနှစ်ဦးနဲ့ နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတဦး စုစုပေါင်း အမျိုးသမီးသုံးဦး ပွဲချင်းပြီး သေဆုံးသွားသလို နှစ်ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကတည်းက လုံးခင်းကျေးရွာအတွင်းသို့ ဝင်ရောက်နေရာယူပြီး လူနေရပ်များအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဧပြီလ ၁၉ ရက်နေ့ကလည်း ဖားကန့်ဒေသတစ်နေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူနှစ်ဦးသေဆုံးခဲ့ပါတယ်။
လားရှိုးရှိ တရုတ်ကျောင်းတစ်ခုမှာ ရည်းစားလုရင်း ကျောင်းသူတစ်ဦးကို အုပ်စုလိုက် အပြင်းအထန် ဝိုင်းဝန်းရိုက်နှက်
Source – ရွှေဖီမြေ
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ တရုတ်စာသင်ကျောင်းမှာ ကျောင်းသူအချင်းချင်း ရည်းစားလုရင်း ကျောင်းသူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်လို့ တရုတ်ကျောင်းတက်တဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဖြစ်စဉ်က လားရှိုးမြို့ ရပ်ကွက် ၇ မှာ ကျောင်းသူအချင်းချင်း ရိုက်နှက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ထဲမှာတော့ ကျောင်းသူအုပ်စုတစ်ခုက အသက် ၁၅ နှစ်အရွယ် ကျောင်းသူကို လည်ပင်း ညှစ်တာနဲ့ ပါးကို အကြိမ်ကြိမ် ရိုက်နှက်နေတာကို တွေ့ရပါတယ်။
အနိုင်ကျင့်ခံရတဲ့ ကျောင်းသူနဲ့ ကျူးလွန်သူတွေဟာ Shengguang School က ကျောင်းသူတွေဖြစ်ပြီး ဘေးမှာ ဝိုင်းဝန်းကြည့်နေသူတွေထဲမှာတော့ Guomin School က ကျောင်းသားတွေလည်း ပါဝင်နေတယ်လို့ လားရှိုးမြို့မှာရှိတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလို ကျောင်းတွင်း အနိုင်ကျင့်မှုနဲ့ ပတ်သက်ပြီး နောက်ထပ် မဖြစ်ပွားအောင် တားဆီးကာကွယ်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
LGBT များအပေါ် မုန်းတီးမှု တိုက်ဖျက်ရေးနေ့ လှုပ်ရှားမှု သံရုံးများ ပြုလုပ်
Source – ဧရာဝတီ
နိုင်ငံတကာ လိင်တူချစ်သူ၊ လိင်တူလိင်ကွဲချစ်သူနဲ့ လိင်ပြောင်းထားသူတွေအပေါ် ကြောက်ရွံ့မုန်းတီးမှု တိုက်ဖျက်ရေးနေ့ (#IDAHOBIT) အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ သံရုံးတချို့ ပူးပေါင်းပြီး မေလ ၁၇ရက် နေ့က လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။
ဗြိတိသျှသံရုံးက “မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းက နိုင်ငံအများအပြားမှာ LGBT+ ခံယူထားသူတွေက အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို နေ့စဉ်ရင်ဆိုင်နေရပြီး အထူးသဖြင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေက ပိုမို ထိခိုက်ခံရလေ့ရှိပါတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
လိင်တူချစ်သူတွေကို ပစ်မှတ်ထားမှုက လူနည်းစုကိစ္စ တခုမျှသာ မဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ မှေးမှိန်စေတာ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်လာတာ အကျင့်ပျက်ခြစားမှုနဲံဒီမိုကရေစီနည်းကျ အဖွဲ့အစည်းတွေကို အင်အား ချိနဲ့အောင် လုပ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ပိုမိုကျယ်ပြန့်သော အနေ အထားတရပ်ရဲ့ တစိတ်တပိုင်းပင်ဖြစ်တယ်လို့ နယ်သာလန်သံရုံးက ဆိုပါတယ်။
ယင်းလှုပ်ရှားမှုကို အီးယူ၊ သြစတြေးလျ၊ ကနေဒါ၊ ချက်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ရှမ်းတောင်အထူးတပ်ဖွဲ့ ခေါင်းဆောင်၏ နေအိမ်ကို စစ်တပ်က လေလံပစ်
Source-DVB
NLD အစိုးရလက်ထက်က ကလောမြို့နယ် အလုပ်အမှုဆောင်နဲ့ အမျိုးသမီးလုပ်ငန်းကော်မတီရဲ့ မြို့နယ်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာလည်း ရှမ်းတောင်အထူးတပ်ဖွဲ့ (P3-9702) ဦးဆောင်နေသူ ဒေါ်ဝင်းမြသွယ် (ခ) မနီရဲ့ နေအိမ်ကို စစ်တပ်က နှစ်နဲ့ချီ ချိပ်ပိတ်ထားခဲ့ပြီး မေလထဲမှာတော့ လေလံပစ်ခဲ့တယ်လို့ သိရပါတယ်။
ဒေါ်ဝင်းမြသွယ်ရဲ့ နေအိမ်ကို စစ်တပ်က ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ ချိတ်ပိတ်ခဲ့ကာ၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာ လေလံပစ်မယ်လို့ သတင်းထွက်ခဲ့ပြီးတဲ့နောက် မေလ ဒုတိယအပတ်ထဲမှာတော့ လေလံပစ်ခဲ့ရာ သိန်းသောင်းချီတန် တဲ့အိမ်ကို သိန်း ၃,၅၀၀ နဲ့ စစ်တပ်နဲ့ ပတ်သက်နေတဲ့ စိုးမိုးလွင် ဆန်နဲ့ ဓာတ်မြေသြဇာပွဲရုံက ညီအစ်မ ၂ ယောက်က လေလံဆွဲခဲ့တာလို့ သိရပါတယ်။
ဒေါ်ဝင်းမြသွယ်ဟာရှမ်းတောင်အထူးတပ်ဖွဲ့ (P3-9702) ကို ဦးဆောင်နေသလို စစ်ဘေးရှောင် ပြည်သူတွေကိုလည်း ကူညီပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။
ဒိုက်ဦးထောင် အမျိုးသမီးဆောင်က အကျဉ်းသူတွေ ဖိအားပေးအလုပ်စေခိုင်းခံရ
Source-BBC
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့မှာရှိတဲ့ ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီးအကျဉ်းဆောင်က နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် အကျဥ်းသူတွေကိုဘိလပ်မြေအုတ်ထုတ်ဖို့ အလုပ်ကြမ်း လုပ်ခိုင်းတာ၊ တစ်ရက်ကို ရေတစ်ကြိမ်ပဲ ချိုးခွင့်ပေးတာလို အခွင့်အရေးကန့်သတ်မှုတွေလုပ်ဆောင်နေတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အကျဥ်းသူတွေကို ရေ တစ်ခါချိုးရင် ၁၅ ခွက်ပဲ ပေးချိုးသလို တစ်နေ့လုံးလည်း မဆလာဖျော် အုတ်ရိုက်တာတွေ လုပ်ရပြီး အမျိုးသမီးဆောင်ကို အကျဥ်းဦးစီးက အရာရှိသစ်ပြောင်းလာကတည်းက ဒီလိုဖိအားပေးတာတွေ ပိုများလာတာလို့ဆိုပါတယ်။
ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသူအကျဉ်းသား တစ်ထောင်ဝန်းကျင်ရှိပြီး အဲဒီထဲမှာ ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်လို့ ထောင်နဲ့နီးစပ်သူက ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့အချက်အလက်အရ အာဏာသိမ်း ၅ နှစ်အတွင်း နိုင်ငံရေးအကျဉ်းသား သေဆုံးမှုအများဆုံးထောင်ထဲမှာ ဒိုက်ဦးထောင်လည်းပါဝင်ပြီး သေဆုံးသူနိုင်ကျဥ်း ၂၀ ဦးရှိတယ်လို့ သိရပါတယ်။
သက်ငယ်အဓမ္မပြုကျင့်မှုကို ပြတ်ပြတ်သားသား အရေးယူပေးရန် ရခိုင်အမျိုးသမီးအသိုင်းအဝိုင်း တောင်းဆို
Source- Western News
ရခိုင်ပြည်မှာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်တွေ အဓမ္မပြုကျင့်ခံရမှု ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား အရေးယူပေးဖို့ ရခိုင်အမျိုးသမီးအသိုင်းအဝိုင်းက တောင်းဆိုနေကြပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း အဓမ္မပြုကျင့်မှုဖြစ်စဉ် ၈ ခုအထိ ဖြစ်ပွားခဲ့တဲ့အနက် ကလေးငယ်တွေအပါအဝင် အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရမှု (သက်ငယ်အဓမ္မပြုကျင့်ခံရမှု) ၇ မှုအထိ ပါဝင်နေပါ တယ်။အဓမ္မပြုကျင့်မှု ဖြစ်စဉ်တွေက မြောက်ဦး၊ ပေါက်တော၊ မောင်တော၊ ဂွ၊ သံတွဲ၊ ကျောက်တော်နဲ့ဘူးသီးတောင်တို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားခံတချို့ကို ဖမ်းဆီးထားပေမယ့် တချို့ကျူးလွန်သူတွေမှာထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ပါတယ်။
၅ လအတွင်းမှာပင် အဓမ္မပြုကျင့်ခံရမှု ၈ ခုမှုအထိ ဖြစ်ပွား မြင့်တက်လာခြင်းမှာ အာရက္ခတပ်တော် ရဲတပ်ဖွဲ့အနေဖြင့် ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား အရေးယူရန် လိုအပ်နေတာ ပြသနေခြင်းဖြစ်သလိုကျူးလွန်သူတွေနဲ့ ကျူးလွန်ရန်ကြိုးပမ်းနေသူတွေအတွက် ကြောက်ရွံ့စေတဲ့ အရေးယူမှုမျိုး၊ ပြစ်ဒဏ်မျိုးကို အာဏာပိုင်တွေက လုပ်ဆောင်ပေးရမယ်လို့ဆိုပါတယ်၊
ရခိုင်ပြည်အတွင်း အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်မှာ အာရက္ခတပ်တော် AA ထိန်းချုပ်ဒေသမှာ အများဆုံးဖြစ်ပွားနေတဲ့အတွက် တရားခံတွေကို ဖမ်းဆီးရေးနဲ့အပြစ်ပေးအရေးယူခြင်းအတွက် AA မှာသာ အဓိက တာဝန်ရှိသလို၊ကျူးလွန်သူကို အရေးယူအပြစ်ပေးမှု အားနည်းနေတာကြောင့် ဒေသတွင်းရှိ အမျိုးသမီးငယ်တွေမှာ မလုံခြုံမှုကို ပိုမိုခံစားလာနေရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းကလည်း မင်းပြား၊ မြေပုံ၊ ပေါက်တောနဲ့ပလက်ဝဒေသ အပါအဝင် ရခိုင်ပြည်တွင် အမျိုးသမီးငယ်များ အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ် ၅ ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး မင်းပြား ဖားပြိုရွာမှ အမျိုးသမီးငယ်မှာ ဆိုလျှင် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အပြင် သတ်ဖြတ်မှုပါ ခံခဲ့ရပါတယ်။
အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့ (ဒီလပ်ဌာန) က အဓမ္မပြုကျင့်မှုကို ကျူးလွန်ခြင်းမှာ ကြီးလေးသော ပြစ်မှုဖြစ်ပြီး အထူးသဖြင့် သက်ငယ် အဓမ္မပြုကျင့်မှုတွင် တရားခံကို ထောင်ဒဏ် တစ်သက် သို့မဟုတ် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ကြောင်းလည်း အသိပေး ထုတ်ပြန်ထားပါတယ်။
စလော့ဂိမ်းလောင်းကစားသည့် ကျောင်းဆရာမက ဓားပြမှုကျူးလွန်ပြီး သားအမိ ၂ ဦး သေဆုံး
Source-DVB
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာမှာ အွန်လိုင်းစလော့ဂိမ်း လောင်းကစားပြီး အကြွေးပြဿနာတွေကြောင့် မူလတန်းပြကျောင်းဆရာမ တယောက်က ဓားပြတိုက်မှု ကျူးလွန်ရာကနေ သားအမိ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
မေ ၁၉ ရက် ညပိုင်းက မူလတန်းပြဆရာမ မနုနုထွေးဟာ မိန်းကလေး ၂ ယောက်တည်း နေထိုင်တဲ့ ဒေါ်မြကြည်ရဲ့ နေအိမ်ကို အခွင့်ကောင်းယူပြီး တယောက်တည်း ဓားပြတိုက်ခဲ့ရာ ယင်းသားအမိနှစ်ဦးက ပြန်ခုခံခဲ့တာ ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားနဲ့ ထိုးခဲ့တာလို့ သိရပါတယ်။
အခင်းဖြစ်ပွားချိန်မှာ နေအိမ်ဘက်က အော်ဟစ်အကူအညီတောင်းသံတွေ ကြားရတာကြောင့် တခြံဝင်းတည်းနေ ဦးသောင်းကြွယ်က သွားရောက်ကြည့်ရှုရာ ဒေါ်မြကြည်နဲ့ မစန်းစန်းအေးတို့ဟာ သွေးအိုင်ထဲမှာ ဓားဒဏ်ရာတွေနဲ့ လဲကျနေတာ တွေ့ရှိခဲ့ပြီးကျောင်းဆရာမ မနုနုထွေးကို ဓားဦးချွန်တလက် ကိုင်ဆောင်ထားတာ တွေ့ရတာကြောင့် ပတ်ဝန်းကျင်က ဒေသခံတွေကို အော်ဟစ်အကူအညီတောင်းခဲ့ရာ ရွာခံတွေ ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဓားထိုးခံရမှုကြောင့် မစန်းစန်းအေးမှာ ရင်ဘတ်၊ ရင်ညွန့်နဲ့ ပေါင်ပိုင်းတွေမှာ ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့ပြီး ဒေါ်မြကြည်မှာလည်း ဝမ်းဗိုက်အောက်ပိုင်းမှာ ထိုးသွင်းဒဏ်ရာ ရရှိခဲ့ကာ ဆေးကုသနေစဉ် ရရှိတဲ့ဒဏ်ရာ ပြင်းထန်မှုကြောင့် ၂ ယောက်စလုံး သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူ မနုနုထွေးကို ပင်းတယမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၄၅၈ နဲ့ ၃၂၆ တို့နဲ့ အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးထိန်းသိမ်းထား ပါတယ်။
ကျောက်တော်မြို့နယ် နဲ့ဘူးသီးတောင်မြို့နယ် မှာ သက်ငယ်မုဒိမ်းမှုနှစ်ခုဖြစ်ပွား
Source- နိရဉ္စရာ
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ် မှာ သက်ငယ်မုဒိမ်းမှုနှစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျောက်တော်မြို့မှာဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြစ်စဥ်က ကျောက်တော်မြို့နယ်၊ သရက်တပင် ကျေးရွာ အုပ်စုမှာရှိတဲ့ ရွာတစ်ရွာက အသက် ၁၄ နှစ်အရွယ် အစ်မဖြစ်သူနဲ့ အသက် ၈ နှစ်အရွယ် ညီမဖြစ်သူတို့ကို ကျောက်တော်မြို့နယ်၊ သိန်းတန်ကျေးရွာက အသက် ၄ဝ ကျော်အရွယ် ဦးမောင်အေးလှဆိုသူက ကျူးလွန်ခဲ့တာပါ။
ကျူးလွန်ခံရတဲ့ ညီအစ်မနှစ်ယောက်ထဲက အစ်မဖြစ်သူဟာ ပြီးခဲ့တဲ့ဧပြီလအတွင်း ယာခင်းပိုင်ရှင်နဲ့အတူ ယာခင်းကနေ ရွာသို့ပြန်လာစဉ် လမ်းမှာ အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ပြီး အလားတူ ဧပြီလအတွင်းမှာပဲ ညီမဖြစ်သူဟာလည်း မိဘတွေအလုပ်သွားနေစဉ် အဲဒီယာခင်းပိုင်ရှင် ဦးမောင်အေးလှက မဖွယ်မရာပြုလုပ်ခိုင်းခဲ့တဲ့အတွက် ပြုလုပ်ခဲ့ရတယ်လို့လည်း မိဘတွေကို ပြန်ပြောပြချက်အရ သိရပါတယ်။
ဘူးသီးတောင်မြို့နယ်က ဖြစ်စဉ်ကတော့ မြို့မစေတီတောင်ရွာက အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်ကို အဲဒီရွာက အသက် ၅၆ နှစ်အရွယ် ဦးရွှေသန်းမောင်ဆိုသူက ကျူးလွန်ခဲ့တာပါ။
ယင်းမိန်းကလေးငယ်က နောက်ထပ်သူငယ်ချင်းမိန်းကလေးငယ် ငါးယောက်နဲ့အတူ ပြီးခဲ့တဲ့မတ်လအတွင်းက ဦးရွှေသန်းမောင်အိမ်အနီး အတူတူပုန်းတမ်းကစားခဲ့ကြပြီးကျူးလွန်ခံရသူနဲ့ နောက်တစ်ယောက်တို့ဟာ ဦးရွှေသန်းမောင်ရဲ့အိမ်ထဲသို့ ဝင်ရောက်ပုန်းခဲ့ရာ ဦးရွှေသန်းမောင်က အဲဒီမိန်းကလေးငယ်ရဲ့လက်ကိုဆွဲပြီး နေအိမ်အတွင်း အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့အကြောင်း ကာယကံရှင်မိန်းကလေးငယ်က မိခင်ဖြစ်သူကို ပြန်လည်ပြောပြခဲ့တယ်လို့ အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က မနေ့က မေလ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူ ဦးရွှေသန်းမောင်ကို မေလ ၉ ရက်၊ မနက်မှာ ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး အရေးယူ အပြစ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဘန်ကောက်ရထားတိုက်မှုမှာ သေဆုံးတဲ့မြန်မာအမျိုးသမီး ရုပ်အလောင်းကို မိသားစုဝင်တွေ လာရောက်ထုတ်ယူ
Source-BBC
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖြစ်ခဲ့တဲ့ ကုန်တင်ရထားက ဘတ်စ်ကားကို တိုက်မှုမှာ သေဆုံးသူ မြန်မာအမျိုးသမီးရဲ့ရုပ်အလောင်းကို ထုတ်ယူဖို့ ကျန်ရစ်သူ မိသားစုဝင်တွေက ဘန်ကောက် ရဲဌာနချုပ်က ရဲဆေးရုံ၊ ဆေးမှုခင်းဌာနကို မေလ ၂၀ ရက်ကရောက်ရှိလာကြပါတယ်။
သေဆုံးခဲ့သူဟာ အသက် ၃၆ နှစ်အရွယ် မအေးအေးမြင့်ဖြစ်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျုံဖဲကျေးရွာ ဇာတိဖြစ်ပါတယ်။မအေးအေးမြင့်ဟာ သူအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်ကနေ အိမ်ကိုပြန်ဖို့ ဘန်ကောက်ဘတ်စ်ကားလိုင်းအမှတ် ၂၀၆ က ကားတစ်စီးပေါ်မှာ စီးနင်းလိုက်ပါလာချိန် သူ စီးလာတဲ့ဘတ်စ်ကားဟာ မေလ ၁၆ ရက် ညနေပိုင်းမှာ ကုန်တင်ရထား ဝင်တိုက်တာခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် သေဆုံးသူ ၈ ဦး ရှိခဲ့ပါတယ်။ အဲဒီထဲက ၆ ဦးကို ရဲတပ်ဖွဲ့ ဆေးမှုခင်းဌာနက မျိုးဗီဇ(DNA) တိုက်ဆိုင် စစ်ဆေးပြီး ၆ ဦးထဲမှာ မြန်မာတစ်ဦးပါဝင်တယ်ဆိုတာ အတည်ပြုနိုင်ခဲ့တာလို့ ဆေးမှုခင်းဌာနက မေလ ၁၉ ရက်နေ့မှာ ဘီဘီစီကို ပြောပါတယ်။
လက်ရှိမှာ မအေးအေးမြင့်ရဲ့ ရုပ်အလောင်းကို ထုတ်ယူဖို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးဆီကနေ ထောက်ခံချက်လိုအပ်နေတာကြောင့် မြန်မာသံရုံးဘက်က အကူအညီပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
သဘော့လိပ်ကြီးရွာတွင် ၁၀ နှစ်အရွယ်ကလေးတစ်ဦး မုဒိမ်းကျင့်ခံရ
Source- Dawei Watch
တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကြီးရွာ ခဲလုပ်ကွက်မှာ ခဲလုပ်ကိုင်နေတဲ့ အသက် ၃၇ နှစ်အရွယ် ရွှေကျင်လုပ်သားက ၁၀ နှစ်အရွယ် ကလေးတစ်ဦးကို မုန့်ကျွေးမယ်လို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ကျူးလွန်ခံရတဲ့ ကလေးငယ်မှာ ပခုက္ကူမြို့မှ လာရောက်သူဖြစ်ပြီး အဓမ္မပြုကျင့်မှုကြောင့် ယင်းကလေးငယ်ရဲ့ မျက်လုံးနဲ့ လည်ပင်းတို့မှာ ဒဏ်ရာများရရှိထားပြီး မိန်းမကိုယ်မှလည်း သွေးများ ထွက်နေတယ်လို့ သိရပါတယ်။
ကျူးလွန်သူကိုဖမ်းဆီးထားပြီး ဒေသ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ KNU (ကရင်အမျိုးသားအစည်းအရုံး) ထံပိုဆောင်ထားပြီး အရေးယူမည့် အခြေအနေ အသေးစိတ်ကို မသိရသေးပေ။
ချင်းမိုင်တွင် ရှမ်းအမျိုးသမီး ၁ ဦး အသတ်ခံရ
Source-DVB
ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသူ ရွှေ့ပြောင်းအမျိုးသမီးတယောက် အသတ်ခံရပြီး အိမ်သာထဲလှောင်ပိတ်ခံထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ချင်းမိုင်မြို့ ဆန်ဖီဆေ့ရပ်ကွက်ရှိ အငှားအိမ်ခန်း တခုထဲမှာ မေ ၁၈ ရက် ညနေက လူသေဆုံးမှုရှိ ကြောင်း အကြောင်း ကြားချက်ရတာကြောင့် မှုခင်းဆရာဝန်နဲ့အတူ သွားရောက်စစ်ဆေးခဲ့ ရာ အသက် ၅၀ ကျော်ရွယ် အမျိုးသမီး တယောက် အိမ်သာခွက်ကို မျက်နှာမှောက်ပြီး ထိုင်လျက်အနေအထားနဲ့ သေဆုံးနေသလို သူ့ရဲ့ ဦးခေါင်းနဲ့ခန္ဓာကိုယ်မှာ ထုနှက်ခံထားရတဲ့ ဒဏ်ရာ၊ လည်ပင်းညှစ်ခံထားရတဲ့ အညိုအမည်း တွေ တွေ့ရှိခဲ့ပါတယ် ။
တာဝန်ရှိသူတွေက သေဆုံးသူအလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ဆေးရုံကိုယူသွားစဉ် စိုင်းခေးဆိုသူ လူငယ် တယောက် လာရောက်ကြည့်ရှုပြီး အဆိုပါအလောင်းမှာ လွန်ခဲ့တဲ့ ၃ ရက်လောက်က ပျောက်ဆုံးနေတဲ့ သူ့မိခင် နန်းခမ်းအိမ်ဖြစ်ပြီး၊ မိခင်မှာ ၁၆ ရက်ညက သူငယ်ချင်းက ဆိုင်ကယ်နဲ့ လာခေါ်လို့ ခဏလိုက်သွားတယ်လို့ ဖုန်းဆက်ပြီးနောက်ပိုင်း ဘာအဆက်အသွယ်မှ မရတော့ဘဲ ပျောက်ဆုံးနေတာဖြစ်တယ်လို့ဆိုတယ်။
အဆိုပါအိမ်ခန်းရဲ့ ပိုင်ရှင်ကတော့ ဆန်ဆိုင်းရပ်ကွက်ရှိ စာသင်ကျောင်း တကျောင်းက ဥယျာဉ်ခြံအလုပ်သမားဖြစ်တဲ့ အသက် ၄၀ ကျော်ရွယ် စိုင်းဆုဆိုသူ မြန်မာနိုင်ငံသား ရှမ်းအလုပ်သမားဖြစ်တယ်၊ အခင်းဖြစ်တဲ့နေရာ သူ့ကိုမတွေ့ရဘဲ ပျောက်ဆုံး နေတာ ၂ ရက် ၃ ရက် လောက်ရှိပြီလို့ အိမ်နီးချင်းတွေက ပြောပါတယ်။
ရဲတွေက စီစီကင်မရာပြန်စစ်ရာမှာ ၁၆ ရက် ညနေမှာ စိုင်းဆုက နန်းခမ်းအိမ်ကို ဆိုင်ကယ်နဲ့ တင်ခေါ်သွားတာတွေ့ရပြီး အခန်းထဲမှာ သံသယဖြစ်စရာသက်သေခံပစ္စည်း၊ စီစီကင်မရာ သက်သေနဲ့ အခန်းဖော်တို့ ပြောပြချက်တွေအရ စိုင်းဆုဟာ လူသတ်မှုမှာ အဓိကတရားခံဖြစ်နိုင်လို့ မေ ၁၉ ရက်က တရားရုံးခွင့်ပြုချက်နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မြန်မာအမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု ယူရို ၁ ဒသမ ၃ သန်းဖိုး ကူညီမည်
Source-DVB
အမျိုးသမီးနဲ့ မိန်းကလေးတွေ အပါအဝင် မြန်မာပြည်သူ ၈ သောင်းခွဲနီးပါးအတွက် ယူရိုငွေ ၁ သန်းကျော်ဖိုး ကျန်းမာရေးနဲ့ ကာကွယ်စောင့်ရှောက်မှု ဝန်ဆောင်မှုတွေ ပေးသွားမယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က မေ ၂၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ရဲ့ ယူရို ၁ ဒသမ ၃ သန်း ပံ့ပိုးမှုအရ UNFPA နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ပဋိပက္ခဒဏ် ခံစားနေရတဲ့ မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးငယ် ၇၅,၃၈၁ ယောက် အပါအဝင် စုစုပေါင်း ၈၄,၄၇၁ ယောက်ထံကို အကူအညီတွေ ရောက်ရှိနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
မြန်မာအမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် အသက်ကယ်ဆယ်ရေးဆိုင်ရာ မျိုးပွားကျန်းမာရေး၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှု တုံ့ပြန်ဆောင်ရွက်ရေး၊ စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု ဝန်ဆောင်မှုတွေကို မြှင့်တင်ဖို့ ၁၂ လတာစီမံကိန်းတခုစတင်ဆောင်ရွက်မယ်လို့သိရပါတယ်။
ဒီစီမံကိန်းကို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီးာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ မိသားစုစီမံကိန်း၊ အကြမ်းဖက်မှုဒဏ် ခံရသူတွေအတွက် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ မျိုးပွားကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ၊ အမျိုးသမီးတကိုယ်ရေသန့်ရှင်းမှု အသုံးအဆောင်ပစ္စည်းတွေနဲ့ အရေးပေါ် ကာကွယ်စောင့်ရှောက်ရေးနဲ့ ကျန်းမာရေးလိုအပ်ချက် ရှိနေသူတွေအတွက် ငွေသားပံ့ပိုးကူညီမှုတွေ ပါဝင်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုတွေ၊ မလုံခြုံမှုတွေကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရ သလို၊ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာလည်း လုံခြုံစိတ်ချရတဲ့ မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ရရှိဖို့ ခက်ခဲကာ၊ကျား၊ မ အခြေပြု အကြမ်းဖက်မှုဒဏ် ခံရသူတွေဟာလည်း ပံ့ပိုးကူညီမှုမရ ဖြစ်နေသလို မိခင်တွေသေဆုံးမှု၊ မကုသဘဲ ကျန်ရစ်တဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေ၊ အကြမ်းဖက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေနဲ့ ဂုဏ်သိက္ခာ ထိခိုက်ဆုံးရှုံးရမှု အန္တရာယ်တွေ ပိုမိုမြင့်မားစေနိုင်တယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ဆိုပါတယ်





