အာရက္ခမြေပြင်အမျိုးသမီးသတင်းထောက်နဲ့ အတူရပ်တည်ကြောင်း အမျိုးသမီးမီဒီယာအဖွဲ့အစည်းတချို့ ထုတ်ပြန်
အွန်လိုင်းမှတဆင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန် ခြိမ်းခြောက်ခြင်း ခံခဲ့ရသည့် ရခိုင်ပြည် မြေပြင်သတင်းထောက် မခင်သရဖီဦးနဲ့အတူ ရပ်တည်ပြီး ကျူးလွန်သူကို ဖော်ထုတ်ကာ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့အစည်းတချို့နဲ့ HI – Honest Information က တောင်းဆိုချက်တရပ်ကို ဒီနေ့ မေ ၆ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၃ရက်၊ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့(World Press Freedom Day)မှာ မခင်သရဖီဦးကို အမျိုးသားတဦးက အွန်လိုင်းကတဆင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်မှုဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ လုံခြုံရေးကို အလေးထားရမယ့်အစား၊ မြေပြင်မှာ သတင်းရယူ နေတဲ့ အမျိုးသမီးသတင်းထောက်တဦးအပေါ် အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်မှု ပေါ်ပေါက်လာတဲ့အပေါ် သဘောထားရပ်တည်ချက်တစောင်ကို Burmese Women’s Union (BWU) ၊ Honest Information (HI) ၊နဲ့Myanmar Women in Media (MWiM) တို့က ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


မခင်သရဖီဦးဟာ သံလွင်ခက်သတင်းဌာနရဲ့ မြေပြင်သတင်းထောက်ဖြစ်သလို Myanmar Women in Media (MWiM) အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ “Twan Lynn Thein” အမည်ရ Facebook အကောင့်ပိုင်ရှင်က အွန်လိုင်းက တဆင့် လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်တာ၊ သတင်းတင်ဆက်မှု မပြုလုပ်ဖို့ အကြောက်တရားနဲ့ ဖိအားပေးမှုကျူးလွန်တာတွေဟာ သတင်းလွတ်လပ်ခွင့်ကို စော်ကားရုံသာမက အမျိုးသမီးတွေရဲ့ လူ့ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကိုပါ ရည်ရွယ်ချက်ရှိခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယခုဖြစ်ရပ်မှာ အမျိုးသမီးသတင်းသမား တဦးတယောက်ကိုသာ ပစ်မှတ်ထားတဲ့ ဖြစ်စဉ်တခုမဟုတ်ဘဲ မြန်မာ့မီဒီယာ လောကရှိ အမျိုးသမီးသတင်းထောက်တွေရဲ့ သတင်းစုဆောင်းမှုကို မြေပြင်နဲ့ အွန်လိုင်းပေါ်တွင်ပါ ပစ်မှတ်ထားတဲ့ ခြိမ်းခြောက်မှုအဖြစ်အကျုံးဝင်ပြီး အမျိုးသမီးဖြစ်ခြင်းကို ရည်ရွယ်၍ လိင်ပိုင်းဆိုင်ရာကို ဦးတည်တဲ့ ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အမျိုးသမီးသတင်းထောက်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment)တွေက အခုမှဖြစ်ပွား တာ မဟုတ်ဘဲ အရင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် တည်ရှိနေခဲ့ပြီး၊ အမျိုးသမီး သတင်းထောက်တွေရဲ့ လူမသိသူမသိ ရင်ဖွင့်သံတွေ၊ မျက်ကွယ်ပြုခံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဖြစ်စဉ်များစွာကို အရင်ကတည်းက ကြားသိ ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုကျူးလွန်မှုတွေကို ထိထိရောက်ရောက် အရေးယူဖို့ ပျက်ကွက်ခဲ့တာကြောင့် မခင်သရဖီဦးလို မြေပြင်သတင်းထောက်တွေမှာ လူသိရှင်ကြား ခြိမ်းခြောက်ခံနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သံလွင်ခက်သတင်းဌာနကတဆင့် စာဖတ်သူလူထုထံ သတင်းအချက်အလက်တွေတင်ဆက်နေတဲ့ မြေပြင်သတင်းထောက် ဖြစ်တဲ့ မခင်သရဖီဦးကတော့ မြေပြင်မှာ လုပ်ကိုင်နေရတဲ့ သတင်းထောက်တွေ သတင်းယူ၊ တင်ဆက်ရာမှာ အမြင်မတူမှု တွေ ကြုံတွေလာရတိုင်း ဝေဖန်တိုက်ခိုက်ခံရတာ၊ အမျိုးသား သစ္စာဖောက် သတင်းသမားတွေဆိုပြီး စွပ်စွဲတာတွေ ကြုံရလေ့ရှိပေမယ့် ယခုလို ရိုင်းစိုင်းစွဲ ဆဲဆိုခံရတာက ပထမဆုံး ကြုံရတာ ဖြစ်တယ်လို့ HI – Honest Information ကို ပြောပါတယ်။
သူက “ကျွန်မ အမြင်ကတော့ ဒါဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုထက်ပိုပါတယ်၊ ကျွန်မ တဦးတည်းအပေါ်မှာ ခြိမ်းခြောက်မှု မဟုတ်ဘဲ တခြားနယ်ပယ်က အမျိုးသမီးတွေကိုလည်း ခြိမ်းခြောက်မှု တခုပါ၊ အခုလို အကြမ်းဖက် ဆဲဆိုမှုတွေကို ကျွန်မတို့က ပုံမှန်ကိစ္စတခုလို လက်ခံသွားမှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
မခင်သရဖီဦးသတင်းပေးပို့နေတဲ့ သံလွင်ခက်သတင်းဌာနကလည်း တိုက်ရဲ့ သတင်းထောက်တွေ၊ အထူးသဖြင့် အမျိုးသမီး ဝန်ထမ်းတွေအပေါ် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန် ခြိမ်းခြောက်တာတွေကို လုံးဝ(လုံးဝ) သည်းခံခွင့်လွှတ်မှာ မဟုတ်ဘဲ၊ ခြိမ်းခြောက်သူကို ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကနေ အရေးယူနိုင်ဖို့နဲ့ ဥပဒေကြောင်း အရ လိုအပ်သလို ဆက်လက်အရေးယူနိုင်ဖို့အတွက် သက်သေအထောက်အထားအားလုံးကို စုဆောင်းကာ သက်ဆိုင်ရာ နိုင်ငံတကာနဲ့ မြန်မာ သတင်းမီဒီယာ ကာကွယ်ရေးအဖွဲ့အစည်းတွေထံ ပေးပို့တိုင်ကြားသွားမှာ ဖြစ်တယ်လို့ မေလ၃ရက်နေ့က ထုတ်ပြန်ထား ပါတယ်။
ဒါ့အပြင် အာရက္ခပြည်ဒေသခံလူထု နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အခက်အခဲတွေကြားက သတင်းကျင့်ဝတ်နဲ့ အညီတင်ဆက်ပေးနေတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ သက်ရောက်နိုင်မှု အခြေအနေတွေကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်၊ “Twan Lynn Thein” Facebook Account ပိုင်ရှင်အား ဥပဒေနဲ့ အညီဆောင်ရွက်ပေးဖို့ ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် (ULA/AA)ကို လည်း မေတ္တာရပ်ခံတယ်လို့ သံလွင်ခက် သတင်းဌာန အယ်ဒီတာအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
MWiM က ထုတ်ဝေဖြန့်ချိခဲ့တဲ့ “ရှေ့တန်းမျက်နှာစာမှ အမျိုးသမီးတို့၏အသံများ” (Frontline Her Stories) သုတေသနရဲ့ တွေ့ရှိချက်တွေအရ အမျိုးသမီးသတင်းထောက်တွေက စစ်မီးအကြားသတင်းရယူရရုံသာမက၊ ယခုကဲ့သို့သော လိင်ပိုင်းဆိုင် ရာ ထိပါးနှောင့်ယှက်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ကိုပါ ၂ထပ်ကွမ်း ရင်ဆိုင်နေရတဲ့အတွက် အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
အထူးသဖြင့် ပဋိပက္ခဒေသတွေမှာ သတင်းမှန်ရရှိရေးအတွက် အသက်ဘေးကြားမှ ကြိုးပမ်းနေကြသူတွေကို အကာအကွယ်ပေးရမယ့်အစား၊ သူတို့ရဲ့ သိက္ခာနဲ့ လုံခြုံရေးကို ပစ်မှတ်ထားတိုက်ခိုက်တာက လက်ခံနိုင်ဖွယ်မရှိသလို ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် အာရက္ခပြည်ရှိ ဒေသခံအာဏာပိုင်များဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) အနေနဲ့ထိန်းချုပ်နယ်မြေအတွင်း သတင်းရယူနေတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးရန်နဲ့ ကျူးလွန်သူ “Twan Lynn Thein”အား ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုတယ်လို့ ယင်းအမျိုးသမီး မီဒီယာ အဖွဲ့တွေက တောင်းဆိုပါတယ်။
ဒါ့အပြင် မီဒီယာအဖွဲ့အစည်းတွေနဲ့ လူထုကလအမျိုးသမီးည်း သတင်းထောက်တွေကို လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထား တိုက်ခိုက်တဲ့အပေါ် “ဝေဖန်မှု” ဟု ခေါင်းစဉ်မတပ်ဘဲ “ရာဇဝတ်မှု” အဖြစ် ဝိုင်းဝန်းဆန့် ကျင်ပေးကြရန်၊ နိုင်ငံတကာ သတင်းမီဒီယာ ကာကွယ်ရေးအဖွဲ့များကလည်း မြန်မာအမျိုးသမီးသတင်းထောက်တွေ ကြုံတွေ့နေတဲ့ ဒစ်ဂျစ်တယ်နဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး ခြိမ်းခြောက်မှုတွေကို အထူးအလေး ထားဆောင်ရွက်ပေးဖို့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။




