တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ ( ဧပြီ၂၅ – မေ ၁ ရက်၊ ၂၀၂၆)

ဧပြီလ ၂၅ ရက်မှ မေ ၁ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့ တဲ့ အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက်နှုတ် စုစည်းဖော်ပြအပ်ပါတယ်။  

ဒီတပတ်အမျိုးသမီးသတင်းတွေထဲမှာ လူထုတရပ်လုံးအတွက် အလှုပ်ခတ်ဆုံးဖြစ်ခဲ့တဲ့ သတင်းတပုဒ် ကတော့  စစ်တပ်အာဏာသိမ်းပြီး ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး၊ ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ ကြောင်း သတင်းနဲ့ သတင်းဓာတ်ပုံကို ထုတ်ပြန်ခဲ့တာကြောင့်  လူထုကြားဝမ်းသာစရာနဲ့ ဓာတ်ပုံအပေါ် သံသယများခဲ့တဲ့  သတင်းတပုဒ် ဖြစ်ပါတယ်။   

နိုင်ငံတကာဖိအားတွေနဲ့အတူ မြန်မာ့တော်လှန်ရေးအင်အားစုတွေကြား စတင်ခဲ့တဲ့  “ Proof Of Life’’ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုနေတဲ့ လှုပ်ရှားမှု ပြုလုပ်နေစဉ် ရက်သတ္တပတ်အတွင်းမှာ ဒီလို အပြောင်းအလဲ စတင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။  

ဒါပေမဲ့ ထုတ်ပြန်ထားတဲ့ ဓာတ်ပုံဟာ လက်ရှိပုံလား၊ ပုံဟောင်းတပုံလားဆိုတာက အငြင်းပွားစရာ ဖြစ်နေပြီး၊ စစ်အပ်စုလက်ထဲရောက်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် လျှက် ဘေးကင်းကင်းနဲ့ရှိနေသေးသလားဆိုတာက လူအများစုအတွက် အရေးကြီးတဲ့ မေးခွန်းတခု ဖြစ်နေပါတယ်။   

နောက်ထပ် ထူးခြားတဲ့သတင်းတပုဒ်ကတော့ ဘာသာရေးခေါင်းဆောင်တွေဖြစ်တဲ့ ဘုန်းကြီးတွေ အမျိုးသမီးတွေနဲ့ ငြိစွန်းရင်  အရေးယူမယ်လို့ သာသနာရေး သတိပေးတဲ့သတင်းပါ။

ဗုဒ္ဓဘာသာနိုင်ငံလို့ ကြွေးကြော်နေတဲ့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာရဲ့ ဘာသာရေးခေါင်းဆောင်တချို့ဟာ အမျိုးသမီးကိစ္စရှုပ်ထွေးတာအပြင်၊ လိင်အကြမ်းဖက်မှုလို လူ့ကျင့်ဝတ်နဲ့မညီတဲ့လုပ်ရပ်၊ သာသနာကို ညစ်နွမ်းစေတဲ့လုပ်ရပ်တွေကို လုပ်နေခဲ့တဲ့ နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်ပါတယ်။ သတင်းမီဒီယာတွေ လွတ်လပ်ပွင့်လင်းခဲ့တဲ့ခေတ်မှာ ဒီလိုဖြစ်စဉ်တွေအများအပြားကို မှတ်တမ်းတင်ဖော်ထုတ်နိုင်ခဲ့ ပါတယ်။

ဘာသာရေးခေါင်းဆောင်နဲ့ အမျိုးသမီးတွေ ငြိစွန်းမှုဖြစ်တယ်ဆိုရင် ဝိနည်းကျင့်ဝတ်သိက္ခာကို လိုက်နာ မယ်ဆိုတဲ့ ကတိကဝတ်နဲ့ သာသနာဘောင်ကို ဝင်ရောက်နေတဲ့ အကျင့်ပျက်ဘုန်းကြီးတွေကို လွတ်မြောက်ခွင့်ပေးနေပြီး၊ ပတ်သက်ဆက်နွယ်ခံရတဲ့အမျိုးသမီးအပေါ်  အလုံးစုံ ပြစ်တင်ရှုံ့ချတဲ့ ဖြစ်စဉ်တွေက  မြန်မာ့လူ့အသိုင်းအဝိုင်းမှာ မျိုးဆက်နဲ့ချီ အမြစ်တွယ်နေခဲ့ပါတယ်။ သာသနာညှိုးနွမ်း စေသူရဲ့ အပြစ်ကို ဝိုင်းဝန်းဖုံးဖိရင်း အကာအကွယ်ပေးနေတဲ့ လူ့အဖွဲ့အစည်းလိုဖြစ်နေခဲ့ပါတယ်။ 

ဒါတွေကို ဒီသတင်းထဲက သတိပေးထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဘယ်လောက် ထိထိရောက်ရောက် တာဝန်ယူ အကောင်အထည် ဖော်နိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ 

အဲဒီသတင်း အပါအဝင် သတင်းမီဒီယာတွေမှာ ဒီတတပတ်တာအတွင်း ဖော်ပြထားတဲ့ အမျိုးသမီး အကြောင်းအရာ နဲ့ အဓိက သက်ဆိုင်တဲ့ သတင်းတို  ၉ ပုဒ်ကို ပြန်လည်ဖတ်ရှုနိုင်ဖို့ စုစည်းတင်ပြ လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ကြောင်း နေပြည်တော် ကထုတ်ပြန်

ကျောက်ဖြူစစ်ဘေးရှောင် စခန်းတစ်ခုမှာ နောက်ယောကျာ်းယူသွားတဲ့အမျိုးသမီးကို ယခင်ယောက်ျားဟောင်းက ဓါးနဲ့ခုတ်သတ်

မြောင်းမြမြို့မှာ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သူကို ဖမ်းမိ

စစ်တွေ မဏိရတနာကျောင်း စစ်ရှောင်စခန်းတာဝန်ခံ အမျိုးသမီး ဖမ်းဆီးခံရ

ဘုန်းကြီးများ မာတုဂါမနှင့်ငြိစွန်းပါက အရေးယူမည်ဟု သာသနာရေး သတိပေး

စစ်အာဏာရှင်တပ်က ဖမ်းထားသည့် ရမ်းဖိုရွာသူနှစ်ဦး တစ်လနီးပါးကြာသော်လည်း ပြန်မလွှတ်သေး

ရှေ့နေအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်ရေး မရေမရာဖြစ်နေ

ကလေးလုပ်သားများလာလို့ စိုးရိမ်စရာဖြစ်နေပြီလို့ အလုပ်သမားအဖွဲ့တွေက မေဒေးနေ့ မှာပြော

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ ပခုက္ကူဒေသခံတွေ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ကြောင်း နေပြည်တော် ကထုတ်ပြန်

Source – BBC 

ရက်ပေါင်း ၁,၉၀၀ ကျော် (၅ နှစ်ကျော်ကြာ) ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ”နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီ” ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ ကနေ ဧပြီ ၃၀ ရက်  ညပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ကြေညာချက်အရ သတ်မှတ်ထားတဲ့နေအိမ်မှာ ပြောင်းလဲကျခံရမယ်လို့သိရပြီး ဘယ်နေရာက နေအိမ် ဆိုတာကတော့ တိတိကျကျ ထည့်သွင်းကြေညာတာမျိုးမရှိပါဘူး။ 

MRTV ရဲ့ ရုပ်သံကြေညာချက်ထဲမှာ ချည်သားအင်္ကျီအဖြူရောင် ရင်ဖုံးလက်စကနဲ့ ထဘီနက်ပြာ အပွင့်ကို ဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရပြီး သူ့ရှေ့မှာ စစ်ဝတ်စုံဝတ်ဆင်ထားသူ အရာရှိတစ်ဦးနဲ့ ရဲဝတ်စုံဝတ်ဆင်ထားသူတစ်ဦးတို့ ကိုလည်း စကားပြောနေဟန်ဖော်ပြ ထုတ်ပြန် ပါတယ်။

အာဆီယံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို တိုက်ရိုက်ဖော်ပြပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့မှု၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်နဲ့ အာဆီယံအစည်းအဝေးစင်မြင့်ကို မြန်မာ ပြန်လည်ဝင်ရောက်လိုပါက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ ပြောဆိုချက်တွေနောက်မှာ ဒီအရွေ့ဖြစ်လာပါတယ်။

ကဆုန်လပြည့်နေ့လွတ်ငြိမ်းချမ်းသာခွင့် မှာ ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ် ခြောက်ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ဒဏ်နှစ် ၂၀ အောက် ကျန်ရှိဦးမှာ ဖြစ်ပါတယ်။

ကျောက်ဖြူစစ်ဘေးရှောင် စခန်းတစ်ခုမှာ နောက်ယောကျာ်းယူသွားတဲ့အမျိုးသမီးကို ယခင် ယောက်ျားဟောင်းက ဓါးနဲ့ခုတ်သတ်

Source – နိရဉ္စရာ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ဆောက်ရွာ၊ မီးကျောင်းရေသောက်စစ်ဘေးရှောင်စခန်းမှာ နောက်လင်ယူသွားတဲ့ အမျိုးသမီးကို ယခင်ယောက်ျားဟောင်းက ဓါးနဲ့ ခုတ်သတ်တဲ့အတွက် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီလူသတ်မှုက ပြီးခဲ့တဲ့  ဧပြီ ၁၈ ရက်ညပိုင်းမှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး ဓါးခုတ်ခံရမှုကြောင့် သေဆုံးခဲ့ရ သူမှာ  မီးကျောင်းရေသောက် စစ်ရှောင်စခန်းမှာ နေထိုင်သူ ကျောက်ဖြူမြို့နယ်၊ ပြားကျိန်ချောင်းဖျား ရွာမှ ‌အသက်၃၉ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပါတယ်။

စစ်ရှောင်နေတဲ့ ရသေ့တောင်မြို့နယ်၊ သစ်ကတိုးရွာမှ အသက် ၅၆နှစ်အရွယ် အမျိုးသား က အရက် အလွန်အကျွံသောက်ပြီး စိတ်ဖောက်ပြန်ရာကနေ သူနဲ့ အိမ်ထောင်ကျဖူးခဲ့ပြီး နောက်ယောက်ျား ယူသွားတဲ့  ‌ဒေါ်ကြာလှမ(ခ) လှလှဝင်းကို ဓါးနဲ့ အပိုင်းပိုင်းခုတ် သတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါလူသတ်မှုကျူးလွန်သူကိုတရားဥပဒေစိုးမိုး‌ရေးနှင့်ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)ကဧပြီ ၁၈ရက်မှာဖမ်းဆီးပြီး ချုပ်ရီမန်ရယူခြင်း၊ အမှုမှသက်သေခံပစ္စည်း ဖြစ်သော ဓါးကိုသိမ်းဆည်းခြင်း၊ ကျန် ဒီလပ် လုပ်ငန်းများအားပြည့်စုံခိုင်မာစွာတည်ဆောက်လျက်ရှိတယ်လို့ အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်‌ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

မြောင်းမြမြို့မှာ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သူကို ဖမ်းမိ

Source – CJ Platform

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် လူတော်ကြီးကျေးရွာမှာ အသက် ၁၂ နှစ်အရွယ် ၄ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဧပြီ ၂၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အသက် ၁၂ နှစ်အရွယ် မိန်းမငယ်လေးမှာ ဓမ္မတာမလာ၍ အဒေါ်ဖြစ်သူက မသင်္ကာဖြစ်ပြီး ဆီးစစ် ကြည့်ရာမှ ကိုယ်ဝန်ရှိနေ၍ မေးမြန်းရာ တစ်ရွာတည်းနေ အသက် ၄၀ အရွယ် လင်းနိုင်ဦးဆိုသူက အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့ကြောင်း သိရပြီး ရဲစခန်းမှာ ဧပြီလ ၂၆ ရက်က တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အဓမ္မကျင့်ခံရတဲ့ ကလေးမလေးရဲ့ ဖခင်ဖြစ်သူမှာ လယ်ထဲမှာ မိုးကြိုးပစ်ခံရကာ သေဆုံးခဲ့ရသူဖြစ်ပြီး မိခင်ဖြစ်သူမှာလည်း ရပ်ရွာထဲတွင် ဈေးလှည့်လည်ရောင်းချနေရတာ ဖြစ်တယ်လို့ သတင်းအရင်း အမြစ်က ပြောပါတယ်။

နစ်နာသူတွေက ရဲစခန်းကို တိုင်ကြားပြီးနောက် ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ လင်းနိုင်ဦးမှာ ထွက်ပြေးသွားတဲ့အတွက် ဒေသခံတွေက ရဲတွေနဲ့ပူးပေါင်းကာ ဖမ်းဆီးပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ကျူးလွန်သူလို့ စွပ်စွဲခံရသူဟာ နစ်နာသူ ကလေးငယ်ရဲ့ ဦးလေးဝမ်းကွဲတော်စပ်သူဖြစ်ပြီး အိမ်ထောင်ရှင်တစ်ဦးလည်းဖြစ်ကာ ယခုနှစ် ဇန်နဝါရီလကတည်းက စတင်ကာ ကလေးငယ်ကို ခြိမ်းခြောက်၍ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ စစ်ဆေးချက်တွေအရ သိရပါတယ်။

လက်တလောမှာ ကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုလင်းနိုင်ဦး အသက် (၄၀)နှစ်ကို မြောင်းမြမြို့မရဲစခန်းမှ (ပ) အမှတ် ၁၃၃/၂၀၂၆၊ ပုဒ်မ ၃၇၆/၅၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်တွေ မဏိရတနာကျောင်း စစ်ရှောင်စခန်းတာဝန်ခံ အမျိုးသမီး ဖမ်းဆီးခံရ

Source – နိရဉ္စရာ

ရခိုင်ပြည်မြို့တော် စစ်တွေ၊ ရွာကြီးတောင်ရပ်ကွက်ရှိ မဏိရတနာဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင် စခန်းတာဝန်ခံ အမျိုးသမီးတစ်ဦးကို စစ်တပ်၊ ရဲနဲ့ လဝက ပူးပေါင်းအဖွဲ့က ဖမ်းဆီး သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက် ညအချိန်က အင်အား ၂၀ ခန့်ပါတဲ့ စစ်အုပ်စု ပူးပေါင်း အဖွဲ့ဟာ မဏိရတနာ ဘုန်းတော်ကြီးကျောင်းကို ဧည့်စာရင်း ဝင်ရောက်စစ်ဆေးကာ စခန်းတာဝန်ခံ အမျိုးသမီးကို ဖမ်းဆီးသွားခဲ့တာလို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ စစ်ရှောင်စခန်းတာဝန်ခံ အမျိုးသမီးမှာ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်မှ အသက် ၄၀ ဝန်းကျင်အရွယ်ရှိသူဖြစ်ပါတယ်။

ဘုန်းကြီးများ မာတုဂါမနှင့်ငြိစွန်းပါက အရေးယူမည်ဟု သာသနာရေး သတိပေး

Source – DVB

ရဟန်း၊ သံဃာတွေအနေနဲ့ မာတုဂါမတွေနဲ့ ငြိစွန်းပါက သာသနာရေးဌာနက ဥပဒေနဲ့အညီ အရေးယူ သွားမယ်လို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဘုန်းကြီးကျောင်းတွေ သန့်ရှင်းသပ်ရပ်ရေး၊ စေတီပုထိုးတွေ တင့်တယ်လှပရေး၊ ရဟန်း သံဃာတွေ ဆိုင်ကယ်နဲ့ကားတွေ ကိုယ်တိုင်မောင်းနှင်တာနဲ့ ရဟန်းသံဃာ တွေ မာတုဂါမနဲ့ ငြိစွန်းခြင်း မရှိစေဖို့ အပါအဝင် အချက် ၆ ချက်ပါ ညွှန်ကြားစာကို ဧပြီ ၃ ရက်က ထုတ်ပြန်လိုက်တာပါ။

တားမြစ်ချက်ကို ဖောက်ဖျက်တဲ့  ဘယ်လို ရဟန်း၊သံဃာမဆို လူဝတ်လဲပြီး သာသနာညှိုးနွမ်းစေမှု ပုဒ်မနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ မဖွယ်မရာ ဗီဒီယိုဖိုင်ပါ ဧရာဝတီတိုင်း ပုသိမ်-ငွေဆောင် ကားလမ်းဘေးရှိ ကျောင်းတိုက်တခုက ဘုန်းကြီးနဲ့ သီလရှင် ၄ ပါးတို့ကို ဧပြီ ၂၅ ရက်မှာ သံဃာအဖွဲ့အစည်းတွေက သိက္ခာချ လူဝတ်လဲပေးလိုက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။

စစ်အာဏာရှင်တပ်က ဖမ်းထားသည့် ရမ်းဖိုရွာသူနှစ်ဦး တစ်လနီးပါးကြာသော်လည်း ပြန်မလွှတ်သေး

Source – Dawei Watch 

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာမှ သားအမိသုံးဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးသွားပြီးနောက် မိခင်ကို ပြန်လွှတ်လိုက်သော်လည်း သမီးနှစ်ဦးကို တစ်လနီးပါးကြာသည်အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေထံမှ  သိရပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၂ရက်နေ့က  မြိတ်မြို့၊ ရွှေပြည်တန်ရပ်ကွက်ရှိ နေအိမ်၌ အမျိုးသမီးတစ်ဦးကို စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးသွားခဲ့သဖြင့် ဧပြီ ၃ ရက်တွင် မိခင်နှင့် ညီမဖြစ်သူတို့က ရမ်းဖိုရွာမှ မြိတ်မြို့သို့ လိုက်သွားရာ နေအိမ်၌ပင် ထပ်မံဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရသည့် အမျိုးသမီးသုံးဦးအနက် အသက်၅၀ ကျော်အရွယ် မိခင်ဖြစ်သူမှာ ပြီ ၂၁ ရက်တွင် ပြန်လည်လွတ်မြောက်လာသော်လည်း အသက် ၂၀ ဝန်းကျင်အရွယ် သမီးနှစ်ဦးကိုမူ ဆက်လက် ဖမ်းဆီးထားတယ်လို့ မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောပါတယ်။

သမီးနှစ်ဦးကို မြိတ်မြို့မရဲစခန်းတွင် ဖမ်းထားပြီး တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့တယ်လို့ဆိုကာ မလွှတ်ပေးသေးတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရှေ့နေအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်ရေး မရေမရာဖြစ်နေ

Source- Mizzima

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည် မရေမရာဖြစ်နေပြီးရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အစီအစဉ် မရှိသေးသလို စစ်အုပ်စုကလည်း ခွင့်မပြုသေးကြောင်း သိရပါတယ်။

ရှေ့နေအဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စများ ဆွေးနွေးနိုင်ရန် တွေ့ဆုံခွင့်ပြုရေး စစ်အုပ်စု ထံ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး အကြိမ်ကြိမ် စာဖြင့် တင်ပြတောင်းဆိုနေခြင်း ဖြစ်ပြီး ပြီးခဲ့တဲ့ ငါးလခန့်ကလည်း တွေ့ဆုံခွင့်ရရန် ထပ်မံတင်ပြထားသော်လည်း လက်ရှိအချိန်ထိ “ဘာမှ အကြောင်း မပြန်ဘူး” ဟုဆိုပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးမှာ စစ်အုပ်စု ခွင့်ပြုမှသာ တွေ့ဆုံနိုင်မှာ ဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်သူ နောက်တဦးကလည်းပြောပါတယ်။

လက်ရှိတွင် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်များကို “သတ်မှတ်ထားသည့် နေအိမ်” ၌ ဆက်လက်ကျခံရန် ပြောင်းလဲသတ်မှတ်ကြောင်း ဧပြီလ ၃၀ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သော်လည်း ရှေ့နေအဖွဲ့ထံ သီးသန့်အကြောင်းကြားခြင်း မရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား မည်သည့် နေရာတွင် ထားရှိသည်ကိုပင် မသိရသေးကြောင်းလည်း ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲခဲ့သည့် အမှုများ အမိန့်ချမှတ် ပြီးသည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ရှေ့နေအဖွဲ့နှင့် တွေ့ခွင့်မပေးတော့ခြင်း ဖြစ်သည်။

ကလေးလုပ်သားများလာလို့ စိုးရိမ်စရာဖြစ်နေပြီလို့ အလုပ်သမားအဖွဲ့တွေက မေဒေးနေ့မှာပြော

Source -BBC

မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်မှုဇုန်တွေနဲ့ စိုက်ပျိုးရေးကဏ္ဍနှစ်ခုလုံးမှာ ကလေးသူငယ်တွေဟာ အတင်းအကျပ်ခိုင်းစေခံနေရတယ်လို့ မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (MLA) ရဲ့ မေဒေးနဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အာဏာသိမ်းပြီးနောက်ကြုံရတဲ့ စီးပွားရေးအကျပ်အတည်းကြောင့် ကလေးငယ်တွေဟာ အတုအယောင်မှတ်ပုံတင်တွေကို အသုံးပြုအလုပ်လုပ်ကိုင်လာကြသလို အရွယ်ရောက်သူတွေ အတိုင်း ပြင်းထန်တဲ့ညဆိုင်းတွေ၊ အချိန်ကြာမြင့်စွာအလုပ်လုပ်နေရတယ်လို့ MLA က ပြောပါတယ်။

ကလေးငယ်တွေဟာ ကာကွယ်ခံရမယ့်အစားသူတို့အခွင့်အရေးအတွက် ပြောဆိုဖို့ ကြိုးစားတဲ့ အခါမှာလည်း ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဒါဟာ နိုင်ငံတကာ အလုပ်သမားစံနှုန်းတွေကို ချိုးဖောက်ရုံသာမက မျိုးဆက်တခုလုံးရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အနာဂတ်ကိုလည်း အန္တရာယ် ဖြစ်စေကြောင်း MLA က ထောက်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အသက်မပြည်‌သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ်စုဆောင်းတာနဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေမှာခိုင်းစေတာအပါအဝင် အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေးနဲ့ လျော့နည်းပပျောက်ရေးဆိုင်ရာမူဝါဒတရပ်ကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လာ ပါတယ်။

ဒီလိုတားဆီးကာကွယ်ဖို့ကိုပျက်ကွက်ရင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ တပ်ဗိုလ်၊ တပ်မှူးတွေ၊ အစိုးရ တာဝန်ခံ အရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက တာဝန်ခံရမယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ ပခုက္ကူဒေသခံတွေတောင်းဆို

People’s Spring

မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေနဲ့ ပခုက္ကူလူထုတိုက်ပွဲကော်မတီတို့ စုပေါင်းကာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် “Proof of life” လှုပ်ရှားမှုကို ဒီကနေ့ (မေ ၁)မှာ လုပ်ဆောင်ခဲ့ကြပါသည်။

ဆန္ဒပြပြည်သူတွေက “ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း “ဓါတ်ပုံပြရန်” မဟုတ်ပါ “သက်သေပြရန်” တောင်းဆိုနေတာဖြစ်ပါတယ်” “Proof of life – right now” ၊ “Show Us, Show the World” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ဓာတ်ပုံပြတာ မဟုတ်ဘဲ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။