တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
မတ် ၇ ရက်မှ ၁၃ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက်နှုတ် စုစည်းဖော်ပြအပ်ပါတယ်။
ဒီတပတ်အတွင်းအမျိုးသမီးသတင်းတွေထဲမှာ ယင်းမာပင်ခရိုင်က ရဲမေကို တပ်ရင်းမှူးအမိန့်နဲ့ တပ်ဖွဲ့ဝင်အချင်းချင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ သတင်းကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ ဂုဏ်သိက္ခာကို ရုပ်ဆိုးအကျဉ်းတန်စေတဲ့ ဖြစ်စဉ်တွေထဲကတခုအဖြစ် လူဝေဖန်မှုအများဆုံး ဖြစ်လာနေ ပါတယ်။
တော်လှန်ရေးကာလ ၅နှစ်တာအတွင်း စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ အဝန်းအဝိုင်းထဲကသူတွေ ကျူးလွန်တဲ့ အလားတူလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ သတင်းမီဒီယာတွေ၊ ကာယကံရှင်တွေ ရဲ့ ထုတ်ဖော်ပြောဆိုချက်တွေ၊ လူမှုကွန်ရက်စာမျက်နှာတွေအပြင် အမျိုးသမီးအခွင့်အရေး လှုပ်ရှား နေတဲ့အဖွဲ့အစည်းတွေရဲ့ သုတေသန စစ်တမ်းတွေမှာပါ အချက်အလက်နဲ့တကွ ခပ်စိပ်စိပ် ထွက်ပေါ် လာခဲ့တာဟာ ကာလအတန် ကြာခဲ့ပြီဖြစ်ပါတယ်။
ဒီလိုအမှုတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရက ဘယ်လို အရေးယူမလဲဆိုတာ လူထုက မျက်ခြေမပြတ် ဆက်လက်စောင့်ကြည့်နေတဲ့ အခြေအနေဖြစ်ပါတယ်။
တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUCC တို့က မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)ထံ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၆၁၃ မှုကို ပေးပို့ထားတဲ့သတင်းကိုလည်း တွေ့ရပါတယ်။
နွေဦးတော်လှန်ရေး အစုအဖွဲ့တွေအတွင်း ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့နဲ့ ထိရောက်စွာ အရေးယူဖို့၊ တော်လှန်ရေး အဖွဲ့အစည်းအသီးသီးရဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်တွေမှာ အမျိုးသမီးတွေရဲ့ အသံ၊ ဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်ဖို့ စတဲ့ အချက်တွေကို အလေးပေးဖို့ ဆိုထားတယ်လို့ ဖတ်ရှုရပါတယ်။
အာဏာသိမ်းမှု ၅နှစ်တာကာလအတွင်း စစ်အုပ်စုနဲ့ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေက ကျူးလွန်တဲ့ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုတွေအကြောင်း ဖော်ပြထားတဲ့ ဒီသတင်းတွေဟာ စစ်ဇုန်ထဲက အမျိုးသမီးနဲ့ ကလေးငယ်တွေအဖို့ ၂ဖက်လက်နက်ကိုင်တွေကြားမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စရာ ပစ်မှတ် ဖြစ်နေတာကို မီးမောင်းထိုးပြနေတဲ့ သတင်း၂ပုဒ်ပဲဖြစ်ပါတယ်။
ဒီသတင်း ၂ပုဒ်အပြင် တခြားအမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ သတင်း ၁၄ ပုဒ်ကို ပြန်လည်စုစည်းဖော်ပြ အပ်ပါတယ်။
- ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ သံသယတရားခံကို ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ NUG ပြော
- ယင်းမာပင်က အမျိုးသမီးစစ်သည်ရဲ့ လိင်အကြမ်းဖက်ခံရမှုကို အရေးယူပေးဖို့ အဖွဲ့အစည်း ၁၄၉ ခုတိုက်တွန်း
- ရခိုင်ပြည်နယ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၃ဦး သေဆုံးခဲ့
- ၁နှစ်အတွင်း ကသာစစ်ရှောင်ကိုယ်ဝန်ဆောင် ၁၀ဦးထက်မနည်း ကိုယ်ဝန်ပျက်ကျ ထိခိုက်သေဆုံးခဲ့
- အမျိုးသမီးများနေ့၌ ရွှေ့ပြောင်းလုပ်သားများအတွက် အခွင့်အရေး ထည့်သွင်းတောင်းဆို
- မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် ပရိတ်သတ်အမျိုးသမီးကို ကိုယ်ထိလက်ရောက်ကျူးလွန်
- အာဏာသိမ်းကာလအတွင်း စစ်အုပ်စု ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၆၀၀ ကျော်ကို IIMM သို့ ပေးပို့ထား
- ကချင်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရ၍ ကိုယ်ဝန်ဆောင်အပါ ၂ ဦးသေဆုံး
- အမျိုးသမီးများပါဝင်မှုကဏ္ဍကို မြှင့်တင်ပေးရန် KWO တိုက်တွန်း
- ဖလမ်းမှာ စစ်တပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ Grade – 10 ကျောင်းသူ သေဆုံး
- ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က ရဲမေ ရိုက်နှက်မုဒိန်းကျင့်ခံရမှု ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆို
- စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ လှုပ်ရှားမှုတွေ ပြုလုပ်
- ရဲဘော်တွေနောက်ကွယ်ကပံ့ပိုးပေးနေတဲ့မိခင်တွေ၊ အိမ်ထောင်ရှင်ဇနီးတွေ နဲ့ အမျိုးသမီးထု တစ်ရပ်ဟာအစားထိုးမရတဲ့ခွန်အားတွေလို့ KNDF ထုတ်ပြန်
- တော်လှန်ရေးမှာ အသက်ပေးခဲ့တဲ့၊ တော်လှန်ရေးမှာဆက်ရပ်တည်နေတဲ့အမျိုးသမီးတွေကို ဂုဏ်ပြုကြောင်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြော
ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ သံသယတရားခံကို ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ NUG ပြော
Source- ဖက်ဒရယ် FM
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ရိုးမရာဇာ တပ်ဖွဲ့က ရဲမေတစ်ဦး မုဒိန်းမှုကျူးလွန်ခံခဲ့ ရတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တပ်ရင်းမှူး ရန်ရှင်းအောင်၊ ဒုတပ်ရင်းမှူးနဲ့ သံသယတရားခံတို့ကို ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီအမှုကို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးတို့ ပူးပေါင်းကိုင်တွယ်နေပြီး လိုအပ်တဲ့ စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကိုတော့ မဖော်ပြလာသေးပါဘူး။
အခင်းဖြစ်ပွားခဲ့တဲ့ ခရိုင် ပလဖ ကင်းစခန်းက သက်သေတွေကိုလည်း လွှဲပြောင်းဖို့ အမိန့်ထုတ်ပြန် ထားပြီးဖြစ်သလို စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖမ်းဆီးတာ၊ ထိန်းသိမ်းတာ၊ စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နစ်နာသူနဲ့ သက်သေတွေအနေနဲ့ အမှုမှန်ပေါ်ပေါက်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့လိုသလို သူတို့ရဲ့ ဘေးကင်းလုံခြုံရေး၊ အဆင်ပြေချောမွေ့စေရေးတို့အတွက်လည်း ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယင်းမာပင်က အမျိုးသမီးစစ်သည်ရဲ့ လိင်အကြမ်းဖက်ခံရမှုကို အရေးယူပေးဖို့ အဖွဲ့အစည်း ၁၄၉ ခုတိုက်တွန်း
HI – Honest Information
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၂၀) အပါအဝင် သက်ဆိုင်ရာအစုအဖွဲ့တွေအနေနဲ့ ယင်းမာပင်ခရိုင်၊ တပ်ရင်း(၂၀)မှာ ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိထိရောက်ရောက် အရေးယူ ပေးဖို့ တော်လှန်ရေးအင်အားစု အဖွဲ့အစည်း ၁၄၉ ခုက တိုက်တွန်းကြောင်း မတ်လ(၉)ရက်နေ့က ထုတ်ပြန်ပါတယ်။
တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိန်းမှုကျုးလွန်သူ အပါအဝင် အခြားကျုးလွန်သူတွေနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားစီရင်ရေးစနစ်အရ အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့လိုအပ်ပါက လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ကော်မရှင်ကတဆင့်စုံစမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် နစ်နာသူ အမျိုးသမီး၊ သူ့ရဲ့ခင်ပွန်းဖြစ်သူနဲ့ သမီးငယ်တို့ကို တပ်ရင်းရဲ့ ဖိအားပေးမှုတွေ ကင်းလွတ်တဲ့ ဘေးကင်းရာနေရာကို အမြန်ဆုံး ရွှေ့ပြောင်းစောင့်ရှောက်ပေးဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အလားတူဖြစ်ရပ်တွေကို ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့တဲ့အတွက် အခုလိုဖြစ်စဉ်မျိုးတွေ ထပ်ပြီးဖြစ်ပွားနေတယ်လို့ အဖွဲ့အစည်းတွေက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ တော်လှန်ရေးကာလ ၅နှစ်အတွင်း ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် တရားမျှတမှု၊ အရေးယူမှု အမြန်ဆုံး ဖော်ဆောင်ပေးပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတားဆီးရေးမူဝါဒတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းအတွင်း မည်သည့် ဘာသာဝင်၊ မည်သည့် လူမျိုးကိုမဆို ခွဲခြားဆက်ဆံခြင်းမပြုရေး မူဝါဒတွေကို လက်တွေ့ ကျကျ အကောင်အထည်ဖော်ဖို့လည်းတိုက်တွန်းတောင်းဆိုထားပါတယ်။
ရခိုင်ပြည်နယ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသမီး ၆၃ဦး သေဆုံးခဲ့
HI – Honest Information
ယခုနှစ်ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်ခံရမှု၊ မတရားသတ်ဖြတ်ခံရမှုနဲ့ကျည်ထိမှန်မှုကြောင့် စုစုပေါင်း အမျိုးသမီး ၆၃ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။ သေဆုံးခဲ့ရသူတွေထဲမှာ အသက်၁၈နှစ် အောက် အမျိုးသမီး ၁၈ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ဦးပါဝင်နေပြီး ရခိုင်ပြည်နယ်က ၂၂ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးက ၁၂ဦး၊ မကွေးတိုင်းဒေသကြီးက ၁၁ဦး ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရှိမှုတွေက လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး၄၁ဦး ၊လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၃ဦး၊ မြေမြုပ်မိုင်းကြောင့် ၁၀ဦးနဲ့ ပဋိပက္ခနဲ့ ဆက်နွယ်သောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၂ဦး စုစုပေါင်း အမျိုးသမီး ၆၆ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
၁နှစ်အတွင်း ကသာစစ်ရှောင်ကိုယ်ဝန်ဆောင် ၁၀ဦးထက်မနည်း ကိုယ်ဝန်ပျက်ကျ ထိခိုက်သေဆုံးခဲ့
HI – Honest Information
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ ယခုနှစ်တနှစ်တာကာလအတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှု၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် ၁၀ဦးထက်မနည်း ကိုယ်ဝန်ပျက်ကျခြင်း၊ ထိခိုက်သေဆုံးခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ စစ်ရှောင်တွေရဲ့ ကျန်းမာရေးကို ကူညီပေးနေတဲ့ ကျန်းမာရေးအဖွဲ့တွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေထံမှ စုံစမ်းသိရှိရပါတယ်။
၂၀၂၅ခု ဇန်နဝါရီ မှ ၂၀၂၆ ဇန်နဝါရီအထိ တနှစ်တာကာလအတွင်း အတည်ပြုနိုင်တဲ့ အချက်အလက် တွေအရ ကသာမြို့နယ် က စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် ၁၁ ဦးနဲ့ မီးဖွားပြီးစမိခင်တဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်များရှိခဲ့ပြီး၊ အခြားသော အတည် မပြုနိုင်သေးတဲ့ အချက်အလက်တွေလည်းရှိနိုင်ကြောင်း ကသာ၊ ထီးချိုင့်နယ် ဘက်ရှိ နယ်လှည့် ကျန်းမာရေးအဖွဲ့ ၂ဖွဲ့ဆီက သိရပါတယ်။
အမျိုးသမီးများနေ့၌ ရွှေ့ပြောင်းလုပ်သားများအတွက် အခွင့်အရေး ထည့်သွင်းတောင်းဆို
Source- DVB
မတ် ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာလည်း ကျင်းပခဲ့ကြပြီး ဒီအခမ်းအနားမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေး၊ ဂျန်ဒါတန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုကဏ္ဍတွေအတွက် အဓိကထား တောင်းဆိုခဲ့ကြ ပါတယ်။
ဒီနှစ်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ချင်းမိုင်မြို့မှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ အခြေခံလိုအပ်ချက်၊ အခွင့်အရေးတွေကို ရရှိနိုင်ဖို့နဲ့ အကာအကွယ်ပေးနိုင်ဖို့ကို ထည့်သွင်း တောင်းဆိုခဲ့ကြပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ မဝေ ကတော့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတွေအတွက်လည်း အသံကိုထုတ်ဖော်နိုင်တဲ့ နေ့တနေ့ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင် ပရိတ်သတ်အမျိုးသမီးကို ကိုယ်ထိလက်ရောက် ကျူးလွန်
Source – Mizzima
ရန်ကုန်တိုင်း သန်လျင် သီဟဒီပကွင်းမှာ မတ်လ ၁၀ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်က ပွဲလာရောက်ကြည့်ရှုတဲ့ ပရိတ်သတ် အမျိုးသမီးတဦးကို ပွဲကြည့်စင်ပေါ်တက်ပြီးကိုယ်ထိလက်ရောက်ကျူးလွန်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဘောလုံးစည်းမျဉ်းအရ ပွဲအတွင်း ထိုကဲ့သို့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုအတွက် အနီကတ်ပြ ထုတ်ပယ်ခံရမည်ဖြစ်သော်လည်း၊ မောင်မောင်လွင်မှာ ပွဲပြီးဆုံးတဲ့အထိ ဆက်လက်ကစားခွင့် ရရှိခဲ့ပါတယ်။
ဘောလုံးအဖွဲ့ချုပ်နဲ့ နီးစပ်သူတဦးရဲ့ ပြောကြားချက်အရ အဆိုပါကိစ္စကို သက်ဆိုင်ရာအသင်းနဲ့ တာဝန်ရှိသူတွေက သတင်းဖုံးဖို့ ကြိုးပမ်းနေပြီး လက်ရှိအချိန်ထိ အရေးယူမှု တစုံတရာ ထွက်ပေါ်လာခြင်း မရှိသေးဘူးလို့သိရပါတယ်။
အာဏာသိမ်းကာလအတွင်း စစ်အုပ်စု ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၆၀၀ ကျော်ကို IIMM သို့ ပေးပို့ထား
Source – Mizzima
အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၆၁၃ မှုကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ထံသို့ ပေးပို့ထားတယ်လို့ NUG နဲ့ NUCC တို့က ပူးတွဲထုတ်ပြန်ပါတယ်။
စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လူကုန်ကူးမှုနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ် ခံရမှု အန္တရာယ်တွေနဲ့ပိုမိုရင်ဆိုင်နေကြရပါတယ်။
နွေဦးတော်လှန်ရေး အစုအဖွဲ့တွေအတွင်း ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့နဲ့ ထိရောက်စွာ အရေးယူဖို့၊ တော်လှန်ရေး အဖွဲ့အစည်းအသီးသီးရဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်တွေမှာ အမျိုးသမီးတွေရဲ့ အသံ၊ ဦးဆောင်မှု အခန်းကဏ္ဍကို မြှင့်တင်ဖို့ စတဲ့ အချက်တွေကို အလေးပေးဖို့ ဆိုထားပါတယ်။
ကချင်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရ၍ ကိုယ်ဝန်ဆောင်အပါ ၂ ဦးသေဆုံး
Source – ကေအဲန်ဂျီ
မြစ်ကြီးနား – မန္တလေးလမ်းပေါ်က ကချင်ကုန်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် ၂ ဦးသေဆုံးသွားတယ်လို့ ကောလင်းမြို့နယ်ဒေသတွင်းသတင်းတွေကို ဖော်ပြ နေတဲ့ Kawlin Revolution KR က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးက ကချင်ကုန်းရွာအနီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခဲ့ ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းမှာနေထိုင်သူ ကပ္ပရအမျိုးသမီးတစ်ဦး သေဆုံး ခဲ့ပြီး၊ အဲဒီနောက် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ တယ်လို့ သိရပါတယ်။
အမျိုးသမီးများပါဝင်မှုကဏ္ဍကို မြှင့်တင်ပေးရန် KWO တိုက်တွန်း
Source- ကေအိုင်စီ
ရပ်ရွာဒေသ လူမှုအသိုင်းအဝိုင်းအကျိုးအတွက် အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍတွေကို မြှင့် တင်ပေးကြဖို့ မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကရင်အမျိုးသမီးအစည်းအရုံး (KWO)က တိုက်တွန်းလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ KWOနဲ့ KPSN တာဝန်ရှိ သူတွေအပြင် ကရင်လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ လူငယ်ခေါင်းဆောင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ တက်ရောက်ခဲ့ကြပြီး အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ခေါင်းစဉ်နဲ့ ဆွေးနွေးမှုအစီအစဉ်တစ်ခုလည်း ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ စစ်အာဏာမသိမ်းခင်ကာလက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်ခဲ့တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ၊ စစ်အာဏာ သိမ်းပြီးနောက် အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့နယ်စပ်ဒေသရှိ အွန်လိုင်း ငွေလိမ်လုပ်ငန်းကြောင့် အမျိုးသမီးတွေအပေါ် ရိုက်ခတ်လာမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဖလမ်းမှာ စစ်တပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ Grade – 10 ကျောင်းသူ သေဆုံး
Source- ချင်းဝေါလ်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ လုံဟော့ ( Lunghawh ) ကျေးရွာကို စစ်ကော်မရှင်က မနေ့ မတ်လ ၈ ရက်နေ့က အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လုံဟော့ ဒေသခံ ၁၉ နှစ်အရွယ် အမျိုးသမီး သေဆုံးပြီး ၎င်း၏ မိခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ်ဟာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ အသေခံဒရုန်းတိုက်ခိုက်မှုကြောင့် လုံဟော့ကျေးရွာရှိ နေအိမ်တစ်လုံးကို မနေ့ မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး (Grade – 10) တက်နေ တဲ့ ကျောင်းသူ Mai Ruth Van Lal Tha Nei Thiang ဟာ နေရာမှာတင် သေဆုံးသွားပြီး ၎င်းရဲ့ မိခင်ဖြစ်သူမှာလည်း ခြေထောက်နှင့် လက်တို့မှာ ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေ ဆီကနေ သိရပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က ရဲမေ ရိုက်နှက်မုဒိန်းကျင့်ခံရမှု ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆို
Source – ဖက်ဒရယ် FM
NUG လက်အောက်ခံ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) ရိုးမရာဇာတပ်ဖွဲ့က ရဲမေကို ရိုက်နှက်မုဒိန်းကျင့်ခဲ့တဲ့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ အမျိုးသမီးအဖွဲ့အစည်းတွေ အပါအဝင် အရပ်ဘက်အဖွဲ့ ၇ ဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ၊ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် -အမျိုးသမီးကော်မတီ၊ ယောလူထုတိုက်ပွဲကော်မတီ၊ စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ၊ Revolutionary Education Phaungbyin၊ Progressive Labor Community – တိုးတက်သော အလုပ်သမားများရပ်ဝန်းနဲ့ 33 Society အဖွဲ့တွေက မတ်လ ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆို လိုက်တာ ဖြစ်ပါတယ်။
ကျူးလွန်သူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့နဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့အပါအဝင် အမှုနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှု ချက်ချင်းပြုလုပ်ဖို့၊ ကျူးလွန်ခံရသူရဲ့ ထိခိုက်နစ်နာမှုကို အများပြည်သူရှေ့မှာ အသိအမှတ်ပြုဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု မဖြစ်ပွားစေဖို့ ကာကွယ်ရေးစနစ်တွေနဲ့ တာဝန်ခံမှုစနစ်တွေကို တည်ဆောက်ဖို့ စတဲ့ အချက် ၄ ချက်ကို အလေးအနက် တောင်းဆိုတယ်လို့ ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ရဲ့ အိမ်ထောင်ရှိ ရဲမေတစ်ဦးကို ခွင့်ပြုချက်မရဘဲ အလှူငွေကောက်ခံတယ်ဆိုတဲ့ပြစ်မှုနဲ့ ခရိုင် ပလဖ အချုပ်ထောင်မှာ ထိန်းသိမ်း ထားစဉ် အခုလို မုဒိန်းမှုဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရဲမေရဲ့ ခန္ဓာကိုယ်ကို ဓားနဲ့ခြစ်တာ၊ ကြိုးတုပ်ရိုက်နှက် တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ တိုင်ကြားစာတွေအရ သိရပါတယ်။
စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ လှုပ်ရှားမှုတွေ ပြုလုပ်
Source – People’s Spring
စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (မတ်လ ၈)မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ရှမ်းပြည်နယ် စစ်ရှောင်စခန်းတစ်နေရာမှာ အင်းလေးအမျိုးသမီးသမဂ္ဂက ဦးဆောင်ပြီး အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
မကွေးတိုင်း ယောဒေသမှာလည်း ယောလူထုတိုက်ပွဲကော်မတီ (YPRC) က ဒီကနေ့ကျရောက်သော မတ်လ ၈ ရက် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ အမျိုးသမီးများနေ့အကြောင်းနဲ့ အမျိုးသမီး အခွင့်ရေးတွေ အကြောင်း ဟောပြောပွဲပြုလုပ်ပြီး အမျိုးသမီးသုံးပစ္စည်းတွေကိုလည်း ဝေငှပေးခဲ့ကြ ပါတယ်။
ရဲဘော်တွေနောက်ကွယ်ကပံ့ပိုးပေးနေတဲ့မိခင်တွေ၊ အိမ်ထောင်ရှင်ဇနီးတွေ နဲ့ အမျိုးသမီးထုတစ်ရပ် ဟာအစားထိုးမရတဲ့ခွန်အားတွေလို့ KNDF ထုတ်ပြန်
Source- People’s Spring
တော်လှန်ရေးမှာ ရဲရဲဝံ့ဝံ့ ရှေ့တန်းကနေရပ်တည်နေသူတွေအပြင် နောက်ကွယ်က ပံ့ပိုးပေးနေတဲ့ မိခင်တွေ၊ အိမ်ထောင်ရှင်ဇနီးတွေနဲ့ အမျိုးသမီးထုတစ်ရပ်လုံးရဲ့ကူညီပေးနေတာက အစားထိုးမရတဲ့ ခွန်အားတွေလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ပါတယ်။
မတ်လ ၈ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကမ္ဘာတစ်ဝန်းလုံး အမျိုးသမီးတွေနဲ့အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးရဲဘော်တွေကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့လည်း အသိပေးပါတယ်။
တော်လှန်ရေး ခရီးစဉ်တစ်လျှောက်မှာ အမျိုး သမီး ရဲဘော်တွေက ရှေ့တန်းတိုက်ခိုက်ရေးနဲ့ စစ်ရေး ကဏ္ဍတွေမှာ ထူးချွန်စွာတာဝန်ထမ်းဆောင်တာနဲ့အတူ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာ ထောက်ထားမှုနဲ့ မိသားစုရေးရာ ကဏ္ဍတွေက အမျိုးသမီးတွေအားလုံးကို လေးစားဂုဏ်ပြုတယ် လို့လည်း KNDF က ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ်ကိုသာမက ဖိုဝါဒနဲ့ ဖိနှိပ်မှု မှန်သမျှကို ဆန့်ကျင်တော်လှန်ဖို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်က တိုက်တွန်းထားပါတယ်။
တော်လှန်ရေးမှာ အသက်ပေးခဲ့တဲ့၊ တော်လှန်ရေးမှာဆက်ရပ်တည်နေတဲ့အမျိုးသမီးတွေကို ဂုဏ်ပြုကြောင်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြော
Source- People’s Spring
တော်လှန်ရေးလမ်းစဉ်အတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ မထင်မှတ်နိုင် လောက်အောင် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှေ့တန်းကနေ ထမ်းဆောင်နေကြတာကို တွေ့ရမှာဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားလိုက်ပြီး တော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ အမျိုးသမီးရဲဘော်တွေ၊ အခက်အခဲကြားက တော်လှန်ရေးလုပ်ငန်းစဉ်မှာ ဆက်လက်ရပ်တည်နေတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာအာဏာရှင်စနစ်ကိုဆန့်ကျင်ပြီးဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ရရှိရေး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက် ရေး ပြည်သူတရပ်လုံး ရုန်းကန်နေရချိန်ဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။
အခုအချိန်ထိ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ စစ်အာဏာရှင်စနစ်ကြောင့် အမျိုးမျိုးသော အန္တရာယ် အခက်အခဲတွေ ကို ရင်ဆိုင်နေရဆဲဖြစ်ဟု ပြောပါတယ်။ လိင်အခြေပြု အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်ခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာ အလွန်ပဲ စိုးရိမ်စရာ အခြေအနေ ရှိနေဟု အသိပေးပါတယ်။
အာဏာရှင်တွေ အထူးသဖြင့် စစ်အာဏာရှင်တွေဟာ အမျိုးသမီးတွေ အသံမထွက်နိုင်အောင် အသံတိတ်စေဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးနဲ့ ဆုံးဖြတ်ချက်ချမှု လုပ်ငန်းစဉ်တွေ မှာ ပါဝင်မှုတွေ မြှင့်တင်ဖို့ ဆောင်ရွက်နေသလို လိင်အခြေပြု အကြမ်းဖက်မှုတွေ ကာကွယ်တားဆီး နိုင်ဖို့ ဆောင်ရွက်နေတာရှိကြောင်း အသိပေးပါတယ်။










