တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဖေဖော်ဝါရီလ ၇ ရက်ကနေ ၁၃ ရက်အထိ ပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက် နှုတ်စုစည်းဖော်ပြအပ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ဖြစ်လာတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ် နည်းလမ်းမျိုးစုံနဲ့ လူသေဆုံးရတဲ့သတင်းတွေ၊ အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံရတဲ့သတင်းတွေဟာ အပတ်စဉ်၊ လစဉ် မပါမဖြစ်သတင်းတွေအဖြစ် မြင်တွေ့နေရ တာက မြန်မာပြည်ရဲ့ အခြေအနေကို ဖော်ပြနေတဲ့ အထောက်အထားတွေလို့ ဆိုရမှာဖြစ်ပါတယ်။
ဒီတပတ်မှာ မြန်မာသတင်းမီဒီယာစာမျက်နှာတွေပေါ်ကို တက်လာတဲ့ အမျိုးသမီးဖြစ်ရပ်တွေထဲမှာ HI – Honest Information က သတိပြု ပြန်လည်မှတ်တမ်းတင်ဖြစ်တဲ့ စစ်လက်ကျန် မြေမြှုပ်မိုင်းကြောင့် ထိခိုက်တဲ့သတင်း၊ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့က ၂လသားအရွယ် ကလေးငယ်နဲ့ သူ့မိသားစုပါ သေဆုံးတဲ့သတင်းအပါအဝင် ထိခိုက်၊ သေဆုံးသတင်းစုစုပေါင်း ၈ပုဒ်ရှိခဲ့ပါတယ်။
နေ့စဉ်တက်နေတဲ့ သေဆုံးထိခိုက်သတင်းတွေအပြင် ထောင်ပိုင်က ထောင်ဝန်ထမ်းအမျိုးသမီးကို အဓမ္မကျင့်ဖို့ကြံစည်တာ၊ ပြည်သူ့စစ်ရဲ့ အဓမ္မကျင့်ခံရတဲ့ မိန်းကလေအမှုကို ရဲစခန်းကအရေးမယူတာစတဲ့သတင်းတွေအပါအဝင် မြန်မာသတင်း မီဒီယာတွေမှာ ဖော်ပြခဲ့ကြတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်းတို ၁၃ ပုဒ်ကို ပြန်လည် စုစည်းဖော်ပြလိုက်ပါတယ်။
– အမျိုးသမီးဝန်ထမ်းကို အဓမ္မကျင့်ရန် ကြံစည်မှုနဲ့ ဖျာပုံထောင်ပိုင် စစ်ဆေးခံနေရ
– ကန်ကြီးထောင့်မှာ ပြည်သူ့စစ်ရဲ့အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးအမှု ရဲစခန်းက အရေးမယူ
– စစ်ရှောင်အမျိုးသမီးများ မြွေဆိုးအန္တရာယ်ကြောင့် မျိုးဆက်ပွားကျန်းမာရေးနှင့် လူမှုစီးပွားဘဝများထိခိုက်
– ကျိုက်ထိုမှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အို အမျိုးသမီးကြီး ၂ ဦးအပါအဝင် ၃ဦး သေဆုံး
– အမ်းနဲ့ မောင်တောမှာ မိုင်းပေါက်ကွဲပြီး အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦးဒဏ်ရာရ
– ပဲခူး-မွန်အစပ်မှာ တိုက်ပွဲမှာ ပဲခူးခရိုင် PDF ၃ ဦးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံး
– ပကဖစခန်းအဟောင်းဗုံးကြဲခံရမှု လယ်လုပ်ရင်းယာယီနေထိုင်နေတဲ့ အမျိုးသမီး ၁ ဦးသေဆုံး
– ကမ္မမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ
– ဖလမ်းမြို့နယ် ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို အမျိုးသမီးရဲဘော်တွေက အသေခံဒရုန်းတွေနဲ့တိုက်ခိုက်
– အွန်လိုင်းဆယ်လီ သမီးဆိုး ထောင် ၆ လ ချခံရ
– ရခိုင်တွင် လေတပ်ကြောင့် ၂ လသားကလေး မိသားစု အပါ ၇ ဦး သေဆုံး
– ပေါက်မြို့နယ် ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် အမျိုးသမီးများအပါ ၅ ဦး သေဆုံး
– လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် ၁ လအတွင်း အမျိုးသမီး ၅၅ ဦး သေဆုံး
အမျိုးသမီးဝန်ထမ်းကို အဓမ္မကျင့်ရန် ကြံစည်မှုနဲ့ ဖျာပုံထောင်ပိုင် စစ်ဆေးခံနေရ
Source – DVB
ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်ရှိ ထောင်ပိုင်အမျိုးသားက လက်အောက်ဝန်ထမ်း အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ကိစ္စနဲ့ အကျဉ်းထောင်အတွင်း ဥပဒေမဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖျာပုံအကျဉ်းထောင်က ထောင်ပိုင် ဇော်ထွန်းဦးက အကျဉ်းသူ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ လက်အောက်ခံ ထောင်ဝန်ထမ်း အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ဖို့ ကြံစည်ကြိုးပမ်းတာ၊ အကျဉ်း သားတွေကို ဥပဒေမဲ့လုပ်ငန်းတွေ ခွင့်ပြုတာ၊ အကျဉ်းသားတွေအပေါ် အကြောင်းအမျိုးမျိုးပြ ငွေညှစ်တာတွေနဲ့ပတ်သက် လို့ ဖေဖော်ဝါရီလ ပထမအပတ်က စတင်ပြီး စစ်ကောင်စီက စစ်ဆေးနေတာလို့ သိရပါတယ်။
ဖျာပုံအကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “ထောင်ပိုင် ဇော်ထွန်းဦးက ထောင်ဝန်ထမ်း အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ သင်တန်းရှိတယ်ဆိုပြီး လိမ်ခေါ်ခဲ့တာ။ အထမမြောက်ခဲ့ပါဘူး။ အထမမြောက်ခဲ့ပေမဲ့ ဝန်ထမ်းအမျိုးသမီးဘက်က လက်မခံဘဲ တိုင်တာ။ တိုင်ကြားခံရပြီး အထက်က စစ်ဆေးနေတာပဲ” လို့ ပြောပါတယ်။
ဖျာပုံထောင်မှာ ထောင်ပိုင် ဇော်ထွန်းဦးက သူ့လက်အောက်ခံ ဝန်ထမ်းအမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်တာအပြင် ငွေကျပ်သိန်း ၄၀ အထိ ပေးနိုင်တဲ့ အကျဉ်းသားတွေကို လွတ်လပ်စွာ နေထိုင်ခွင့်ပေးတာ၊ ငွေမပေးနိုင်တဲ့ အကျဉ်းသား တွေကို ရိုက်နှက်တာ၊ ငွေပေးနိုင်တဲ့ အကျဉ်းသားတွေကို အရက်၊ ဘီယာ၊ မူးယစ်ဆေးတွေ သုံးစွဲခွင့်ပြုတာတွေပါ လုပ်နေတာကြောင့် စစ်ဆေးခံရတာလို့ သိရပါတယ်။
အကျဉ်းထောင်အခြေအနေကို သိရှိတဲ့ ရှေ့နေတယောက်က “ဇော်ထွန်းဦးက အကျဉ်းသားတွေအပေါ် ဥပဒေမဲ့လုပ်ရပ်တွေ အတော်လုပ်တဲ့သူပါ။ လူ့အခွင့်အရေးချိုးဖောက်မှု တွေကလည်း မနည်းဘူး။ အကျဉ်းသူ မိန်းကလေးတွေရဲ့ ရင်သားတွေ၊ တင်တွေကိုလည်း ကိုယ်ထိလက်ရောက်ကိုင်တာ၊ လက်ခံသူ ရှိချင်ရှိမယ်၊ လက်မခံသူနဲ့ကျတော့ အတိုင်ခံထိတာ” လို့ ပြောပါတယ်။
ဖျာပုံထောင်ပိုင် ဇော်ထွန်းဦးက သူ့လက်အောက်ခံ ဝန်ထမ်းနဲ့ အကျဉ်းသားတွေအပေါ် ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်နေတာနဲ့ ပတ်သက်ပြီး တိုင်းနဲ့ ခရိုင်အဆင့် တာဝန်ရှိသူတွေ ပါတဲ့အဖွဲ့က စစ်ဆေးနေတာလို့ သိရပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလကလည်း အကျဉ်းသူ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ စော်ကား တာ၊ အကျဉ်းသား၊ အကျဉ်းသူတွေအပေါ် ဥပဒေမဲ့ လုပ်ရပ်တွေ လုပ်ဆောင်တာတွေနဲ့ ပတ်သက်လို့ တိုင်ကြားမှုကြောင့် ပထမအကြိမ် စစ်ဆေးခဲ့ပေမဲ့ စစ်ဆေးရေးအဖွဲ့က လာဘ်ငွေယူကာ ပြီးစီးသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။
ကန်ကြီးထောင့်မှာ ပြည်သူ့စစ်ရဲ့အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးအမှု ရဲစခန်းက အရေးမယူ
Source – DVB
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို စစ်ကောင်စီလက် အောက်ခံ ပြည်သူ့စစ်က အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်ကို ရဲစခန်းမှာ တိုင်ကြားပေမဲ့ အမှုဖွင့် အရေးယူမပေးဘူးလို့ ဒေသခံတွေ ထံမှ သိရပါတယ်။
အဓမ္မပြုကျင့်သူမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ကန်ကြီးထောင့်မြို့နယ် ရွာသစ်ကျေးရွာက ဟိန်းမင်းသူ (ခ) ကုလားလေး ဆိုသူဖြစ်ပြီး ရွာသစ်ကျေးရွာနေ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇူလိုင် ၁ ရက်က အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရဲစခန်းမှာ ၆ ကြိမ်ထက်မနည်း တိုင်ကြားပေမဲ့ အချိန် ၆ လ ကျော်လာတဲ့အထိ အရေးယူပေးတာ မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“ကလေးမလေးကို ဟိန်းမင်းသူက ကျေးရွာဘုန်းတော်ကြီးကျောင်းရဲ့ဘေး၊ စာသင်ကျောင်း အိမ်သာအတွင်း ခေါ်သွင်း ကာ အဓမ္မပြုကျင့်ခဲ့တာ။ အခုထိ အရေးမယူသေးဘူး။ ရဲစခန်းကို တိုင်တာ အကြိမ်ကြိမ်ပဲ။ ဒီနေ့အထိ အမှုမဖွင့်ပေးဘူး။”
ဖြစ်စဉ်နဲ့ပတ်သက်လို့ မိသားစုနဲ့ ရပ်ရွာထဲ အသိသက်သေတွေက စုပေါင်းပြီး ကန်ကြီးထောင့် မြို့နယ်ရဲခန်းကို ဇူလိုင်လ ထဲမှာ ၂ ကြိမ်၊ သြဂုတ်လထဲမှာ ၂ ကြိမ်၊ စက်တင်ဘာလထဲမှာ ၁ ကြိမ်၊ အောက်တိုဘာလမှာ ၁ ကြိမ် တိုင်ကြားပေမဲ့ ကျူးလွန်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို အရေးမယူပေးဘူးလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက“ဟိန်းမင်းသူရဲ့ အဖေက စစ်ကောင်စီတပ်နဲ့ အရမ်းရင်းနှီးတယ်။ ငွေပေးတယ်။ စစ်သား စုဆောင်း အလုပ်လုပ်ပေးတယ်။ အဲတော့ ကျူးလွန်သူကို အရေးမယူတဲ့အပြင် ကျူးလွန်ခံရတဲ့ မိန်းကလေးမိသားစုကိုပါ အမျိုးမျိုးခြိမ်းခြောက်တာ ခံနေရတယ်” လို့ ပြောပါတယ်။
အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်မှု ကျူးလွန်တဲ့ စစ်ကောင်စီရဲ့ ပြည်သူစစ် တပ်ဖွဲ့ဝင် ဟိန်းမင်းသူ (ခ) ကုလားဟာ တခြားအမျိုးသမီး တချို့ကိုလည်း အခုလို ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကျူးလွန်သူ ဟိန်းမင်းသူ (ခ) ကုလားက ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တဲ့ မင်းအောင် ဆိုသူနဲ့ အဆင်ပြေတာကြောင့် သတင်းဖုံးပြီး အရေးမယူတာလို့ သိရပါတယ်။
စစ်ရှောင်အမျိုးသမီးများ မြွေဆိုးအန္တရာယ်ကြောင့် မျိုးဆက်ပွားကျန်းမာရေးနှင့် လူမှုစီးပွားဘဝများထိခိုက်
Source – HI
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးနှင့် မြေနုကျွန်းများပေါ်တွင် စစ်ဘေးရှောင်အမျိုးသမီးများ ရင်ဆိုင်နေရသည့် မြွေအန္တရာယ်ကြောင့် အသက်အန္တရာယ်၊ မျိုးဆက်ပွားကျန်းမာရေးထိခိုက်ခြင်းနှင့် လူမှုစီးပွားဘဝများ ပြင်းပြင်းထန်ထန်ထိခိုက်လျှက်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
တိုက်ပွဲများကြောင့် မတ္တရာမြို့နယ် မြစ်ဘေးတွင်နေထိုင်သည့် ငယ်တိုး၊ သဖန်းဒေါင့်၊ သုံးဆယ်ပေး၊ ကုန်းတန်းကြီးစသည့် ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများသည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတလျှောက်မြေနုကျွန်းများပေါ်တွင် ရွာလုံးကျွတ်စစ်ရှောင်နေကြရပြီး၊ ဇန်နဝါရီလအတွင်း မြွေကိုက်ခံရသူ ၁၃ ဦးအနက် ၇ ဦးမှာ အမျိုးသမီးများ ဖြစ်ကြ ကြောင်း စစ်ဘေးရှောင်ကူညီရေးလုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
မိသားစုတာဝန်များဖြစ်သည့် ရေခပ်ခြင်း၊ ထင်းကောက်ခြင်းအပြင်၊ သန့်စင်ခန်းသွားခြင်းနှင့် သက်ငယ်မိုး၊ တဲထိုးကာ မြေပြင်ပေါ် တွင်အိပ်စက်ရခြင်းစသည့်တို့ကြောင့် မြွေကိုက်ခံရမှု ပိုမိုများပြားနေခြင်းဖြစ်ကြောင်းသိရသည်။
စစ်ရှောင်မိခင်တဦးက“ကျမ ကိုယ်ဝန် ၅ လမှာ တခါစစ်ရှောင်ရတုန်းက လယ်ကွင်းအစပ်တွေမှာ နေရတာ၊ အဲ့မှာ နေ့ဘက် မြွေကိုက်ခံလိုက်ရတော့ လူမသေဘူး၊ ကလေးကတော့ ပျက်ကျသွားတယ်”ဟု HI – Honest Information သို့ ပြောသည်။
အလားတူ ဥဒိန်ရွာမှ စစ်ရှောင်လာသည့် အမျိုးသမီးတဦးကလည်း “စစ်ရှောင်လာတာဆိုတော့ ဘာမှမပါဘူး၊ ဖြစ်သလို တဲထိုး၊ တာလပါတ်ခင်း ဒီအတိုင်း အိပ်ကြတာပဲ၊ ကျမသမီးလေးလည်း နေ့ခင်းအိပ်ရင်း မြွေကိုက်ခံရတာ ဆေးခန်း မရောက်ဘဲဆုံးတာ”ဟု ရင်သွေးဆုံးရှုံးခဲ့ရသည့် သူ့အတွေ့အကြုံကိုပြောသည်။
မြွေဆိုးကိုက်ခံရသည့်အခါ မိနစ်ပိုင်းအတွင်း ဆေးရုံရောက်ဖို့ လိုအပ်သော်လည်း စစ်ဆေးရေးဂိတ်များ၊ လမ်းပန်းဆက်သွယ် ရေး ခက်ခဲခြင်း၊ ဆေးရုံဆေးခန်းများမရှိခြင်း၊ ဆေးဝါးမရှိခြင်း၊ မြွေဆိပ်ဖြေဆေး ရှားပါးမှုနှင့် ကုသပေးနိုင်သည့် ဆရာဝန်မရှိခြင်းများကြောင့် အသက်ဆုံးရှုံးနေကြရသလို အသက်ရှင်ကျန်ရစ်သူများမှာလည်း ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ရေရှည်ခံစားနေရသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
မြွေကိုက်ခံရသူ များပြားလာခြင်းကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မီးဖွားပြီးစ နို့တိုက်မိခင်များ နေ့စဉ်စိုးရိမ်ပူပန်မှု များနှင့် ရင်ဆိုင်နေကြရသလို၊ မြွေကိုက်ခံရသော်လည်း အသက်မဆုံးရှုံးဘဲ ကိုယ်အင်္ဂါအစိတ်အပိုင်း ပျက်စီးဆုံးရှုံးရသည့် အမျိုးသမီးများလည်း ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များကဆိုသည်။
မြွေကိုက်ပြီး ညာဘက် ဒူးအောက်ပိုင်း ဖြတ်ပစ်ခဲ့ရသည့် ဒေါ်စန်းရီက “မသန်စွမ်းဖြစ်သွားတော့ အရာရာသူများ အားကိုး နေရတယ်၊ ကိုယ်က သူတို့အတွက် ဝန်ထုတ်ဝန်ပိုးကြီးပေါ့၊ အလုပ်လည်း မလုပ်နိုင်တော့ ဝင်ငွေလည်းလျော့သွားတယ်၊ မိသားစုစားဝတ်နေရေးလည်း အဆင်မပြေတော့ဘူး”ဟု ပြောသည်။
မြွေကိုက်လူနာတဦးကို မြွေဆိပ်ဖြေဆေး အနည်းဆုံး ၈ လုံးထိထိုးနှံပေးရပြီး၊ လက်ရှိတွင် မြန်မာနိုင်ငံထုတ် BPI မြွေဆိပ် ဖြေဆေး တလုံးလျှင် ကျပ် (၁) သိန်းခွဲခန့်အထိ ဈေးနှုန်းမြင့်တက်နေရာ လိုသလောက် ဝယ်ယူမရနိုင်သည့်အတွက် အရေးပေါ်ဆေးဝါး အကူအညီများလိုအပ်လျက်ရှိကြောင်း စစ်ရှောင်အမျိုးသမီးများ၏ကျန်းမာရေးကို စောင့်ရှောက်ပေးနေ သည့် သူနာပြုဆရာမတဦးက ပြောသည်။
“အမှန်တော့ ရွာသားတွေကို မြွေကိုက်ခံရရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတာ ဟောပြော ပေးဖို့ လိုတယ်၊ ဘယ်မှာအိပ်အိပ် ခြင်ထောင်ထောင်အိပ်ရမယ်၊ တောထဲသွားမယ်ဆို လည်ရှည်ဖိနပ်မရှိရင် တုတ်နဲ့ ခြောက်လှန့် တာ လုပ်ရမယ်၊ ဒါတွေလည်း ကျမတို့ရောက်တဲ့နေရာတိုင်းတော့ ပြောနေတာပဲ” ဟု အဆိုပါ သူနာပြုဆရာမက ဆိုသည်။
စစ်ကောင်စီတပ်သည် မတ္ထရာမြို့နယ်အနောက်ခြမ်းကို ထိုးစစ်ဆင်နေခြင်းကြောင့် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ယင်းတိုက်ပွဲများကြောင့် ကျေးရွာအားလုံး ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်သောင်းချီရှိနေကာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်၊ စောင်တို့ လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရှိရသည်။
ကျိုက်ထိုမှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အို အမျိုးသမီးကြီး ၂ ဦးအပါအဝင် ၃ဦး သေဆုံး
Source – People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၆၀)ကျော်အရွယ် အမျိုးသမီးကြီး ၂ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း KNUက သတင်း ထုတ်ပြန်ပါတယ်။
ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ ဖေဖော်ဝါရီ ၉ ရက်က ခရွဲကျေးရွာအုပ်စု စစ်ကွင်းရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်က အရပ်သား ပြည်သူတွေနေထိုင်ရာ ကျေးရွာကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက်(၆၀)အရွယ် အဘိုးအိုတစ်ဦး နဲ့ အသက် (၆၅)နှစ်အရွယ် ဇနီးဖြစ်သူတို့ သေဆုံးခဲ့သလို နောက်ထပ် အသက်(၆၅) နှစ်အရွယ် အဘိုးအိုတစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် (၁၄)နှစ်အရွယ် ကလေးငယ်တစ်ဦး၊ (၁၅)နှစ်အရွယ် ကလေး တစ်ဦးနဲ့ အသက် (၇၂)နှစ်အရွယ် အဘိုးအိုတစ်ဦး တို့လည်း လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။
အမ်းနဲ့ မောင်တောမှာ မိုင်းပေါက်ကွဲပြီး အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦးဒဏ်ရာရ
Source – DVB
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်း ပေါက်ကွဲပြီး ဒေသခံ အမျိုးသမီးတစ်ယောက် အပါအဝင် ၃ ယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမ်းမြို့နယ်၊ပြောင်းချောင်းရွာသား ဦးမောင်လုံး(၅၇ နှစ်)နဲ့ ဇနီးဖြစ်သူ ဒေါ်ကေးကေး(၄၈ နှစ်)တို့ဟာ ရွာရဲ့အနောက် ဘက်ရှိ သူတို့ပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံအတွင်း မြက်ရိတ်စက်နဲ့ ပေါင်းပင်တွေကို ရှင်းလင်းနေစဉ် စစ်ကျန်မိုင်းတလုံးကို မြက်ရိတ်စက်နဲ့ တိုက်မိရာက ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက် မနက် ၉ နာရီကျော်က အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ဦးမောင်လုံးမှာ ဘယ်ဘက်လက်မောင်းနဲ့ ညာဘက်ပေါင်တို့ ဒဏ်ရာတချက်စီ ရရှိခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ကေးကေးလည်း ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာ ၄ ချက်၊ ညာဘက်ခြေထောက်မှာ ဒဏ်ရာတချက် ရရှိခဲ့တာဖြစ်ပါတယ်။
အလားတူ မောင်တောမြို့အနီးက အီတာလီယာကျေးရွာမှာ ဖေဖော်ဝါရီ ၈ ရက် ညနေ ၃ နာရီခန့်က ကျေးရွာအနီး ကလေး တွေ ဘောလုံးကစားနေစဉ် စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတလုံး ရရှိခဲ့ကြပြီး ထုခွဲကြည့်ရာကနေ ပေါက်ကွဲမှုဖြစ် ပြီး ကလေးငယ်တယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ မောင်တောဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
စစ်ကျန်မိုင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားတဲ့ ဒေသခံလူနာတွေကို အာရက္ခတပ်တော် ဒေသဆိုင်ရာကျန်းမာရေးဌာန က အရေးပေါ် ဆေးကုသမှု ပေးထားတယ်လို့ သိရပါတယ်။
ပဲခူး-မွန်အစပ်မှာ တိုက်ပွဲမှာ ပဲခူးခရိုင် PDF ၃ ဦးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံး
Source – မြေလတ်အသံ
ပဲခူးခရိုင်ပကဖလှုပ်ရှားနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ် ကျိုက်ထိုမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားပြီး PDF ၃ ဦးနဲ့ အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးခရိုင်ပကဖနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၉ ရက် မနက် ၁၁ နာရီခန့်မှာ သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇၊ အမတ ၃၁၀ တပ်တွေက ပူးပေါင်းအင်အား ၂၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ပဲခူးခရိုင်ပကဖတပ်ဖွဲ့ဝင်တွေအကြား မုက္ကမော့ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
” သူတို့ဘက်က အင်အားများတယ်။ ကိုယ့်ဘက်ကအင်အားနည်းတဲ့အချိန် ဝိုင်းခံလိုက်ရတယ်။ အရပ်သားတွေကိုလည်း အကြောင်းမဲ့ပစ်သတ်သွားတယ်။ ကျွဲနွားတွေကိုရောပဲ။ တိုက်ပွဲဖြစ်နေချိန်မှာ ရွာသားတွေက ကြောက်ကြောက်လန့်လန့် ပြေးကြတယ်။ ပြေးတဲ့ရွာသားတွေကို ပစ်သတ်တာ။ တိုက်ပွဲအခြေနေက ကိုယ်တွေဘက်က ကျတာရှိတယ်။ အဝိုင်းခံရပြီး ပြန်ထိုးဖောက်ထွက်ရတာကိုး”လို့ ပဲခူးခရိုင်ပကဖနဲ့နီးစပ်သူတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း အသက် ၂၀ ကနေ ၃၀ ကြား ပဲခူးခရိုင်ပကဖအဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့သလို မုက္ကမော့ကျေးရွာနေထိုင်တဲ့ ဦးကြက်ဥ၊ ဦးအေးသိန်း၊ ဦးစောနောင်၊ ဒေါ်မအေးတို့ ၄ ဦး ကျည်ထိမှန်သေဆုံး ခဲ့တာကြောင့် စုစုပေါင်း ၇ ဦးသေဆုံးခဲ့ တာပါ။
ပကဖစခန်းအဟောင်းဗုံးကြဲခံရမှု လယ်လုပ်ရင်းယာယီနေထိုင်နေတဲ့ အမျိုးသမီး ၁ ဦးသေဆုံး
Source – မြေလတ်အသံ
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ပကဖအဖွဲ့စခန်းအဟောင်း ဗုံးကြဲခံရပြီး စခန်းတဲတွေမှာ ယာယီနေထိုင်နေတဲ့ တောင်သူ အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့ နေ့လယ် ၁ နာရီကျော်မှာ ကျောက်ပြုတ်ကျေးရွာနဲ့ စောဖြူတောင်ခြေအကြားနေရာကို တိုက်လေယာဉ် ၁ စီးနဲ့ ဗုံး ၁ လုံးကြဲချခဲ့ရာ ပကဖအဖွဲ့စခန်းအဟောင်းတဲတွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
” ပကဖစခန်း PDF စခန်းတွေရှိတယ်။ အဲ့နေရာတွေမှာ မနေတော့ဘူး။ စခန်းဟောင်းတွေပေါ့။ ဒါပေမယ့်အခုက ယာလုပ်လယ်လုပ်ပြည်သူတွေ နေတယ်။ အခုအဲဒါ မိသားစုလေး ၁ စုထိတာ။ အနားမှာတော့ တဲတွေက ၃/၄ လုံးရှိတယ်။ ၁ လုံး ၂ လုံးလောက်ပဲ လူနေတာ”လို့ ဖြစ်စဉ်ကို သိရှိတဲ့ဒေသခံတဦးက ပြောပါတယ်။
ဗုံးစထိမှန်တာကြောင့် တောင်ညိုဆည်အနီး မကျီးပင်ကျေးရွာကနေ ယာယီလာရောက်နေထိုင်နေတဲ့ အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦး နေရာမှာသေဆုံးသွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ် သားဖြစ်သူနဲ့အသက် ၃၀ ကျော် အမျိုးသားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကမ္မမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ
Source – ရွှေဖီမြေ
မကွေးတိုင်း ပခုက္ကူခရိုင် ကမ္မမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး ခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် မနက် ၁၀ နာရီခွဲမှာ စစ်ကောင်စီတပ်က ကမ္မမြို့ရဲစခန်းကနေ ကမ္မမြို့ပေါ်ဈေးဘက်ကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ရဲစခန်းရဲ့ အရှေ့ဘက်ကို သူတို့လှမ်းပစ်လိုက်ဝာာ။ ဈေးက ရဲစခန်းအရှေ့ဘက်မှာ ရှိနေတာဆိုတော့လေ။ အမျိုးသမီး နှစ်ယောက်က သူတို့ဈေးဆိုင်က ပစ္စည်းတွေကို ခိုးခံရမှာစိုးလို့ သွားကြည့်ဝာာ။ အဲချိန်မှာ စကစက လက်နက်ကြီးပစ်လာ လို့ သူတို့နှစ်ယောက်ကို ထိသွားတယ်။ တယောက်သေပြီး တစ်ယောက်ဒဏ်ရာရတယ်”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကလည်း ကမ္မမြို့ ဈေးအနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသခံရဲ့နေအိမ် တစ်လုံး မီးရှို့ဖျက်ဆီးပြီး ဈေးဆိုင်အတွင်းက ကုန်ပစ္စည်းတွေကိုလည်း ခိုးယူနေတာရှိတယ်လို့ သူက ပြောပါတယ်။
ဖလမ်းမြို့နယ် ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို အမျိုးသမီးရဲဘော်တွေက အသေခံဒရုန်းတွေနဲ့တိုက်ခိုက်
Source – People’s Spring
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထိုးစစ်ဆင်လာတဲ့ စစ်တပ် အသေခံဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီး အထိနာနေတယ်လို့ AIF Myanmarတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ချင်းတောင်တန်း ကာကွယ်ရေးအတွက် FPV ဒရုန်းတွေနဲ့ တိုက်ခိုက်မှုစစ်ဆင်ရေးကို AIF Myanmarတပ်ရဲ့ အမျိုးသမီး ရဲဘော်တွေနဲ့ ဖွဲ့စည်းထားတဲ့ WITCHတပ်ဖွဲ့က လုပ်ဆောင်တာလို့ ဆိုပါတယ်။
“ဖလမ်းကိုထိုးလာတဲ့စစ်ကြောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်တာ။အမျိုးသမီးတွေ ရှေ့တန်းမှာ ဦးဆောင်နေတာနဲ့ WITCH အဖွဲ့ရဲ့ တည်ရှိမှုကို တရားဝင်ထုတ်ဖော်ကြေညာတာ”လို့ အထက်ပါ တာဝန်ရှိသူက တိုက်ခိုက်မှုကို ရှင်းပြပါတယ်။
တိုက်ပွဲတွေက ဒီကနေ့ (ဖေဖော်ဝါရီ၁၂ရက်)အထိ ပြင်းထန်နေဆဲဖြစ်တာကြောင့် တိုက်ခိုက်မှု စစ်ဆင်ရေးနယ်မြေအသေး စိတ်ကိုတော့ အထက်ပါတာဝန်ရှိသူက အသိမပေးပါဘူး။
အဆင့်မြင့်နည်းပညာအသုံးပြုထားတဲ့ အသေခံဒရုန်းတွေနဲ့ စစ်ကောင်စီရဲ့ Jammer(ဆက်သွယ်ရေးလှိုင်းဖြတ်စက်)တွေကို ကျော်လွှားပြီး တိုက်ခိုက်နိုင်တဲ့အကြောင်း နိုင်ငံခြားတကာတိုက်ပွဲအတွေ့အကြုံရှိတဲ့ တပ်သားတချို့ ပါဝင်တဲ့ ဖက်ဆစ် ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး AIF Myanmar က ပြီးခဲ့တဲ့၂၀၂၅မှာ ထုတ်ပြန်ထားပါတယ်။
FPV (First-Person View) ဒရုန်းတွေကို ကာမီကာဇေ (အသေခံတိုက်ခိုက်ရေး)ပုံစံနဲ့ Drop-bomb ပုံစံ နှစ်မျိုးလုံးနဲ့ အသုံးပြုနေပြီး (၆)မိုင် အကွာအဝေးက ပစ်မှတ်တွေကို အောင်မြင်စွာ တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ရုရှားနဲ့တရုတ်တို့ရဲ့ နည်းပညာအကူအညီယူပြီး ဒရုန်းတွေကိုအဆင့်မြှင့်တင်နေချိန်မှာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ခိုင်မာစွာ ရပ်တည်ပြီး ထိရောက်မယ့် နည်းလမ်းမှန်သမျှကို ဆက်လက်ဖော်ဆောင်မယ်လို့လည်း ကြေညာထားပါတယ်။
AIF Myanmar တပ်ဖွဲ့က ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲအပြင် လက်တလော တီးတိန်နဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲ အချို့မှာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
လက်ရှိစစ်တပ်ဟာ ဖလမ်းမြို့ကို ပြန်ရဖို့အတွက် ၂၀၂၅ နိုဝင်ဘာကတည်းက အင်အား ၁၀၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင် နေတာဖြစ်ပေမယ့် အရာရှိတွေအပါအဝင် သေဆုံးသူများတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို စစ်အင်အားဖြည့်တာတွေ ဆက်တိုက်လုပ်နေတယ် လို့ သိရပါတယ်။
ချင်းမြောက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေအတူ ပူးပေါင်း တိုက်ခိုက်နေပါတယ်။
အွန်လိုင်းဆယ်လီ သမီးဆိုး ထောင် ၆ လ ချခံရ
Source – ဧရာဝတီ
အွန်လိုင်းဆယ်လီတဦးဖြစ်သည့် သမီးဆိုး(ခ)ဒေါ်သက်ကိုကိုအား ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြင်ဦးလွင်ခရိုင်တရားရုံးက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ကြောင်း သိရသည်။
၎င်းသည် အွန်လိုင်းစာမျက်နှာထက်မှနေ၍ အွန်လိုင်းဆယ်လီတဦးဖြစ်သူ ဒေါ်အေသင်ကိုအား ဆဲဆိုခြင်းနှင့် ဂုဏ်သိက္ခာ ကျဆင်းအောင် ပြောဆိုခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၅ ရက်နေ့က ပြင်ဦးလွင်မြို့မရဲစခန်းတွင် ပုဒ်မ ၆၆ (ဃ)ဖြင့် ဒေါ်အေသင်ကိုမှ အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေတဦးက “အွန်လိုင်းဆယ်လီ သမီးဆိုး ထောင် ၆ လ ချခံရတာ မှန်ပါတယ်။ အွန်လိုင်း ဆယ်လီ အေသင်ကို စွဲဆိုတဲ့ ၆၆(ဃ) နဲ့ အမိန့်ချမှတ်ခံရတာ။ သူက မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားဖြစ်နေတော့ ပြစ်ဒဏ်ခံရပြီးရင် နယ်နှင်ဒဏ်ပေးခံရတာတွေ ထပ်ရှိလာနိုင်တယ်။ အခုကတော့ အိုးဘိုထောင်မှာပေါ့” ဟု ပြောသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် သမီးဆိုးသည် မင်္ဂလာဒုံမြို့နယ် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရပြီး နောက်တနေ့၌ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ အမေရိကန်နိုင်ငံသူအဖြစ် ခံယူထားသော်လည်း မြန်မာသို့ ရောက်ရှိနေစဉ်အတွင်း ဧည့်စာရင်းတိုင်ကြားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပျက်ကွက်ခဲ့သဖြင့် လဝကအက်ဥပဒေ ပုဒ်မ ၁၃(က) တို့ဖြင့်ပါ အမှုဖွင့်ခံရသော်လည်း နှစ်နိုင်ငံချစ်ကြည်ရေးအရဟုဆိုကာ ယင်းပုဒ်မနှစ်ခုကို ဖြေလျှော့ပေးခဲ့ကာ ၆၆ (ဃ)ဖြင့် တရားရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
အွန်လိုင်းဆယ်လီ သမီးဆိုးအား ဖမ်းဆီးထိန်းသိမ်းခဲ့မှုအပေါ် စစ်ကော်မရှင်က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သည့် “Shwe Thet” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၄၆) ရပ်ကွက်နေ သက်ကိုကို (ခ) သမီးဆိုး (၄၅) နှစ်ကို တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ခဲ့သည်။
ရခိုင်တွင် လေတပ်ကြောင့် ၂ လသားကလေး မိသားစု အပါ ၇ ဦး သေဆုံး
Source – Mizzima
ရခိုင်ပြည်နယ်၊ ကျောက်တော် နှင့် မြောက်ဦးမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်လသားအရွယ် ကလေးငယ် အပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA ) က ယနေ့ ( ဖေဖော်ဝါရီ ၁၃ ရက်) တွင် ထုတ်ပြန်သည်။
ကျောက်တော်မြို့ ၊ ပိုက်သည်ရပ်ကွက်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက် ) ည ၉ နာရီ ၁၁ မိနစ်တွင် လေကြောင်း တိုက်ခိုက်ခဲ့သဖြင့် ဒေါ်မစောလှ၊ ဒေါ်အေးနု၊ ဦးညီချေ နှင့် မောင်ဦးဆန်းဝင်းတို့ သေဆုံးကာ အရပ်သား ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ည ၉ နာရီ ၂၀ မိနစ်တွင် မြောက်ဦးမြို့ ၊ အလယ်ဈေးရပ်ကွက် စစ်ဘေးရှောင်များနေထိုင်ရာ နေရာကို ဗုံးနှစ်လုံး ထပ်မံကြဲချတိုက်ခိုက်သဖြင့် နှစ်လသားအရွယ် မောင်အောင်လင်းဟိန်း နှင့် ၎င်း၏ မိဘများဖြစ်သူ ဦးအောင်လင်း နှင့် ဒေါ်သန္ဒာစိုးတို့ မိသားစုလိုက်သေဆုံးကာ အခြား ဒေသခံ ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရှရိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရသူများအနက် လေးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ကလေးများသည် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီး ပညာရေး ဆုံးရှုံးနေကြကာ ကျောင်းတွင် စာသင်ရင်း သေဆုံးနေကြရသည်မှာ ဗိုလ်ချုပ်အောင်ဆန်း အိပ်မက်မက်ခဲ့သည့် အနာဂတ်မဟုတ်ကြောင်း မြေးဖြစ်သူ ဦးထိန်လင်း ခေါ် ကင်အဲရစ် က ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှင့် မြန်မာနိုင်ငံ ကလေးငယ်များနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့တွင်လည်း သံတွဲမြို့ အမှတ်(၃) ရပ်ကွက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူနှစ်ဦး ဒဏ်ရာရကာ နေအိမ်ကိုးလုံး ပျက်စီးခဲ့ကြောင်း AA က ဆိုသည်။
စစ်ကော်မရှင်တပ်သည် ယခုရက်ပိုင်းတွင် ရခိုင်ပြည်နယ်အား ဂျက်တိုက်လေယာဉ် နှစ်စီးနှင့်အထက် အပြင် ကင်းထောက် လေယာဉ်များကို တပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုပြုလုပ်နေသဖြင့် ပြည်သူများ အနေဖြင့် လေကြောင်း၊ ရေကြောင်းရန်များကို ပိုမိုသတိပြုကြရန် AA က တိုက်တွန်းထားသည်။
ပေါက်မြို့နယ် ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် အမျိုးသမီးများအပါ ၅ ဦး သေဆုံး
Source – Mizzima
မကွေးတိုင်း ၊ ပေါက်မြို့နယ် အရှေ့တောင်ခြမ်းရှိ ချက်ကန်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းသုံး ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးလေးဦးအပါ ငါးဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၀ ရက်) နံနက် ၁၀ နာရီ ၄၈ မိနစ် အချိန်တွင် မကွေးလေတပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ခြောက်ဦးရှိကြောင်း သိရသည်။
“ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာပါ။ ရွာထဲက ကုန်စုံဆိုင်ပေါ် တည့်တည့်ကျတယ်။ ဆိုင်ရှင်နဲ့ စျေးဝယ်လာတဲ့ သူတွေ နေရာတင် သေဆုံးကြတယ်။ အပြင်းအထန် ဒဏ်ရာရရှိသူခြောက်ဦးရှိတယ်” ဟု ပေါက်မြို့နယ် လူသားစာနာ တာဝန်ခံ က မဇ္စျိမကို ပြောသည်။
အဆိုပါ ဖြစ်စဉ်အတွင်း သေဆုံးသူ ငါးဦးအနက် အမျိုးသမီးလေးဦးမှာ အသက် ၁၆ နှစ်မှ ၅၄ နှစ်ကြား အရွယ်များဖြစ်ကြ ပြီး၊ ကျန် အမျိုးသားတဦးမှာ အသက် ၁၉ အရွယ်ဖြစ်ကြောင်း ဒေသခံကဆိုသည်။ ထို့ပြင် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ၊ အပြင်းအထန် ဒဏ်ရာရရှိသူ ခြောက်ဦးအထိ ရှိကြောင်း ဒေသခံများ ထံမှ သိရသည်။
“စစ်ကြောင်းကနေ ဖမ်းမိတဲ့ စစ်သုံပန်းတွေ ၊ CDM ရဲတွေက ဆိပ်ဖြူ ကပစ (၂၂) ထဲကို ပြန်ပေါင်းသွားတယ်။ အဲဒီနောက်ဆက်တွဲ အနေနဲ့ သူတို့ကျင်လည်ခဲ့တဲ့နေရာတွေ ဗုံးကြဲခံရတာ ဖြစ်တယ်” ဟု ဒေသခံအမျိုးသားတဦးက ဆိုသည်။
အဆိုပါ ဗုံးကြဲမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ညနေပိုင်းအချိန်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာတစီးဖြင့် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သည့်အပြင် ထောက်လှမ်းရေး ဒရုန်းများ ပျံဝဲနေခြင်းကြောင့် ဒေသခံအများစုသည် နေအိမ်များ ကို စွန့်ကာ တောယာများထဲသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။
ပေါက်မြို့နယ်တွင် စစ်ကော်မရှင်တပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ၅၂ ရွာမှ ဒေသခံ ၂၅,၀၀၀ ကျော် ကာလရှည် စစ်ရှောင်နေကြရပြီး ၊ စားသောက်ရေး အခက်အခဲများရှိကြောင်း သိရသည်။
လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် ၁ လအတွင်း အမျိုးသမီး ၅၅ ဦး သေဆုံး
Source – Mizzima
စစ်ကော်မရှင်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ တလအတွင်း နိုင်ငံတဝန်းတွင် ကိုယ်ဝန်ဆောင်မိခင် နှစ်ဦးနှင့် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် လေးဦး အပါအဝင် အမျိုးသမီး စုစုပေါင်း ၅၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယနေ့ (ဖေဖော်ဝါရီ ၉ ရက် )တွင် ထုတ်ပြန်သည်။
BWU ၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၄၆ ဦး ၊ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် သေဆုံးသူ ခုနစ် ဦး ၊ မတရားသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ နှစ် ဦးရှိကြောင်း သိရသည်။ ထို့ပြင် အမျိုးသမီး ၅၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် ၄၁ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ကာ၊ မြေမြှုပ်မိုင်းကြောင့် ငါးဦးနှင့် ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ငါးဦး ပါဝင်ကြောင်း သိရသည်။
ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်းသည် အမျိုးသမီး ၂၀ ဦး သေဆုံးမှုဖြင့် အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ၁၀ ဦးဖြင့် ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်တွင် ရှစ်ဦးဖြင့် တတိယအများဆုံး ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ကောင်ဂျာရွာ လေကြောင်းဗုံးကြဲခံရမှုတွင် အမျိုးသမီး ရှစ်ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ခြင်းမှာ တလအတွင်း အဆိုးဝါးဆုံး ဖြစ်စဉ်တခု ဖြစ်ခဲ့သည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ လေးလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၇၁၂ ခု ရှိခဲ့ပြီး ၎င်းအနက် ၆၄ ရာခိုင်နှုန်းကျော်မှာ အရပ်သားများကို ပစ်မှတ်ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် တနှစ်တာအတွင်း၌လည်း စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၇၉၂ ဦး အသက်ဆုံးရှုံးခဲ့ ကြောင်း BWU က မှတ်တမ်းတင်ထားသေးသည်။











