အမျိုးသမီးနဲ့အမျိုးသား ဂျဲန်ဒါမညီမျှမှုကိုပြထားသည့်ပုံ

အမျိုးသမီးဖြစ်ခြင်းက အရှက်ရစရာလား

ဒေဝီ

မကြာသေးခင်ရက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ပို့စ်တခုမှာ ဝင်ရောက်မှတ်ချက်ပြုသူ တချို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

လူမှုကွန်ယက်မှာ မှတ်ချက်ပေးရုံနဲ့ အပြစ်မရှိတဲ့ ပြည်သူတွေကို ဒီလိုဖမ်းဆီးလိုက်တဲ့အတွက် စစ်တပ်ကို  ရေးဘီလူးက “ထဘီခြုံထားသင့်တယ်”လို့ ပြန်လည်တုံပြန်ခဲ့တယ်။

ဒီဖြစ်စဥ်နဲ့ မရှေးမနှောင်းမှာပဲ စစ်တပ်ရဲ့ ရခိုင်ဒေသခံတွေအပေါ် နေ့စဉ်ရက်ဆက် လေကြောင်းဗုံးကြဲနေမှုအပေါ် ရခိုင်ဒေသခံပရဟိတသမားနဲ့ စာရေးဆရာဝေဟင်အောင်က “စစ်သားလုပ်တယ်ဆိုတာ ယောက်ျားမှာတောင် သတ္တိကောင်းတဲ့လူတွေမှ လုပ်တဲ့အလုပ် ဖြစ်တယ်၊ သတ္တိကောင်းတဲ့ ယောက်ျားကနေပြီးတော့ ယောက်ျား၊ ယောက်ျားချင်းမတိုက်နိုင်တဲ့အခါ မိန်းမလို မိန်းမရနေပြီးတော့ ပြည်သူကိုလာရောက်သတ်ဖြတ်တယ် ဆိုတာက တော်တော်အောက်တန်းကျတဲ့ လူတွေ၊ အောက်တန်းကျတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်”လို့ တုံ့ပြန်ရေးသားခဲ့ပြန်တယ်။

ဒီဖြစ်ရပ်မှာဆိုရင် အမျိုးသားတွေက ယောက်ျားပီသသူ၊ သတ္တိကောင်းသူ၊ အမျိုးသမီးတွေကိုတော့ ထဘီဝတ်တာနဲ့ ဆက်စပ်ပြီး အဆင့်နိမ့်သလို အမျိုးသမီးဖြစ်ခြင်းအပေါ်  နှိမ့်ချစော်ကားရာရောက်တဲ့စကားနဲ့ သုံးနှုန်းပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ထဘီခြုံထားလိုက်” ၊ “မိန်းမလို မိန်းမရ” ဆိုတာတွေ၊ ဒီလိုစကားအသုံးအနှုန်းနဲ့ ခပ်ဆင်ဆင် အမျိုးသမီးတွေရဲ့ ဖြစ်တည်မှု၊  အသုံးအဆောင်တွေကို အစွဲပြုပြီး လှောင်ပြောင်ကဲ့ရဲ့တဲ့ အသုံးအနှုန်းက လူမှုအသိုင်းအဝိုင်းမှာ အမြစ်တွယ်နေတာကြာ ပါပြီ။

မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ဘာသာရေး၊ လူမျိုးရေးနဲ့ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းအရ အမျိုးသမီးတွေက ကျား/မ ဖြစ်တည်မှုပေါ်မူတည်ပြီး ခွဲခြားဆက်ဆံမှုတွေ အစဉ်အဆက် ကြုံရပါတယ်။

“မိန်းမကျင့် မိန်းမကြံ” ၊ “မိန်းမကြီးကျနေတာပဲ” စသဖြင့် အမျိုးသမီးတွေရဲ့ အသုံးအဆောင်၊ ခန္ဓာကိုယ်၊ အပြုအမှု၊ လိင်ပိုင်း ဆိုင်ရာ စတာတွေနဲ့ နှိုင်းယှဉ်ပြောဆိုကြကာ အမျိုးသားတွေနဲ့ယှဉ်ရင် အားနည်းတယ် ဆိုတာမျိုး သတ်မှတ်လိုက်ကြတယ်။

အမျိုးသားတဦးက  ရှက်စရာလုပ်ရပ်ဖြစ်စေ၊ အားနည်းတဲ့ ပုံစံဖြစ်စေ ဒါမှမဟုတ်  လူအများလက်သင့်မခံစရာ အပြုအမူ တခုလုပ်တဲ့အခါ ယောက်ျားမဆန်ဘူး၊ မိန်းမလို ဖြစ်သွားတာဟာ ယောက်ျားတယောက်အတွက် အရှက်ရစရာ” ဆိုတဲ့ အယူအဆနဲ့ပြောဆို လိုက်ကြပါတယ်။

ဒီလိုဖြစ်စဉ်တွေက လူ့အဖွဲ့အစည်းမှာ နှစ်ပေါင်းများစွာကြာအောင် အမြစ်တွယ်နေခဲ့တဲ့ ကျား-မ အခြေပြု ခွဲခြားဆက်ဆံမှု တခုလို့ဆိုရမှာဖြစ်သလို အမျိုးသားတွေကို အပြစ်တင်ဝေဖန်ရင်း အမျိုးသမီးတွေကိုပါ တပြိုက်နက်တည်း ခွဲခြားနှိမ်ချရာ ဖြစ်စေပါတယ်။

အထူးသဖြင့် စစ်တပ်က သူတို့ကိုဆန့်ကျင်တဲ့လူ၊ အဖွဲ့အစည်းတွေကို အားနည်းသူ၊ ကြောက်ရွံ့သူအဖြစ် သိက္ခာချပြီး၊  အမျိုးသမီးအသုံးအဆောင်တွေ၊ လိင်ပိုင်းဆိုင်ရာ နှိမ့်ချစော်ကားတဲ့ အပြောအဆိုတွေနဲ့  ခိုင်းနှိုင်းပြောလေ့ရှိကြတယ်။

ရှေးကတည်းက ဖိုဝါဒကြီးစိုးတဲ့စစ်တပ်ဖြစ်တဲ့အလျောက် အမျိုးသားတွေကသာ ဘုန်းကံအာဏာရှိသူလို့ ခံယူထားပြီး “ထဘီခြုံ “ ၊ “ထဘီအောက်ဝင်မနေနဲ့” ၊ “ကြောက်ရင်ထဘီဝတ်ထား” စသဖြင့် ပြောဆိုမှုတွေက စစ်အာဏာသိမ်းပြီးနောက်မှာ ပိုမိုအားကောင်းလာသလို ဝါဒဖြန့်ချိရေးတွေမှာလည်း အမျိုးသမီးတွေကို တိုက်ခိုက်တာ ချိုးနှိမ်တာကို အစဥ်တစိုက်လုပ်လေ့ရှိတယ်။  

အမျိုးသမီးတွေနဲ့ သူတို့ရဲ့ ဖြစ်တည်မှုကို နှိမ်ချပြောဆိုတာကို အာဏာရှင်စစ်တပ်ကသာမက၊ တော်လှန်ရေး ဘက်တော်သားတွေပါ ပြောဆိုသုံးနှုန်းကြတာကိုတွေ့ရပါတယ်။

ဒီလိုစကားတွေက ထပ်ဖန်တလဲလဲ နေ့စဥ်ကြားနေရတဲ့အခါ အမျိုးသမီးဖြစ်ခြင်းက အမျိုးသားတွေထက် အားနည်းတယ်၊ သတ္တိမရှိဘူး ဆိုတဲ့ ကျား/မ ခွဲခြားမှုအတွေးကို ပိုမိုခိုင်မာလာစေပါတယ်။

ဒါ့အပြင် ဒီလိုစကားတွေဟာ လူကြီးတွေကြားထဲမှာပဲ ရပ်မနေပါဘူး။ လူကြီးမိဘတွေရဲ့ သာမန်ပြောဆိုမှုတွေကနေတဆင့် မိန်းကလေးဆိုတာ အားနည်းတာ၊ ပျော့ညံ့တာကစလို့ ယောကျာ်းလေးတွေနဲ့ နှိုင်းယှဉ်စရာ အရှက်ခွဲလှောင်ပြောင်စရာဖြစ် တယ်ဆိုတာကို ကလေးတွေမှာ ငယ်စဉ်ကတည်းက လက်ဆင့်ကမ်းခံနေရတယ်။

သားယောက်ျားလေးငိုနေရင် “မင်း ယောကျာ်းလေးမလား၊ မိန်းမလို ငိုမနေနဲ့” ၊  အချင်းချင်း ကတိကဝတ်ပြုကြရင် “ယောက်ျားကတိ” ဆိုတဲ့ စကားတွေနဲ့  ယောက်ျားလေးကသာ သန်မာတယ်၊ မြင့်မြတ်တယ်၊ အမျိုးသမီးတွေက ပျော့ညံ့ပြီး အပြစ်ဖြစ်စေတဲ့ စကားတွေ၊ ကျားမခွဲခြားမှုတွေကို ငယ်ရွယ်စဉ်ကတည်းက မသိမသာနဲ့ သင်ယူစေခဲ့တယ်။

ငယ်စဉ်ကတည်းက ကျား/မ ပုံစံခွက်ထဲထည့်သွန်သင်ဆုံးမခဲ့တော့ ကလေးအချင်းချင်း ဆော့ကစားချိန်၊ ရန်ဖြစ်ချိန်မှာတောင် တဦးတယောက်ရဲ့ ဖြစ်တည်မှုကို လှောင်ပြောင်ပြောဆိုတာက အရိုးစွဲလာတော့တယ်။

ဒီအခါ ယောက်ျားလေးတယောက်က ဝမ်းနည်းငိုကြွေးတဲ့အခါမှာလည်း မိန်းမလိုဖြစ်သွားမလား၊ ယောကျာ်းဆန်ဆန် မငိုဘဲ နေရမှာလားဆိုသလို၊ မိန်းကလေးတွေမှာလည်း မိန်းကလေးဆိုတာ အားနည်းသူ ဖြစ်တယ်၊ မိန်းမဆန်ဆန်နေရမယ်ဆိုတဲ့ ကျား/မ ခွဲခြားမှုတွေ အတွေးအမြင်တွေနဲ့ ကြီးပြင်းလာစေမှာဖြစ်ပါတယ်။

ယောက်ျားတယောက်ရဲ့ အမှားကို ဘာကြောင့် အမျိုးသမီးဖြစ်ခြင်းနဲ့နှိုင်းရတာလဲ၊ ဘာကြောင့် မိန်းမဖြစ်ခြင်းကိုပဲ နှိမ်စရာ အရှက်ရစရာစကားအဖြစ် အသုံးပြုနေရတာပါလဲ။

လူတယောက်ရဲ့ အမှားကို ဝေဖန်ချင်ရင် “ဒါက တာဝန်မဲ့တဲ့ အပြုအမူပဲ” ၊ “ဒါက တဖက်လူကို ထိခိုက်စေတယ်” ၊ ”မှားယွင်း တဲ့ လုပ်ရပ်ဖြစ်တယ်” ဆိုပြီး အဲဒီလူရဲ့ အပြုအမူကိုပဲ တိတိကျကျဝေဖန်လို့ရော မရဘူးလား။

အဲ့ဒီအစား ထဘီခြုံထားလိုက် ဆိုသလို အမျိုးသမီး အသုံးအဆောင် ဒါမှမဟုတ် အမျိုးသမီးဖြစ်ခြင်းကို အကြောင်းပြုပြီး အမျိုးသမီးတွေကို မကောင်းတဲ့ အမြင်တွေနဲ့ ပြောဆိုမှုတွေက မှန်ကန်ရဲ့လားဆိုတာ စဉ်းစားသင့်ပါပြီ။

နောက်တကြိမ် ထဘီခြုံထားလိုက် ဆိုတာမျိုး ကိုယ့်ပတ်ဝန်းကျင်က လူတွေပြောဆိုကြတာကို ကြားတဲ့အခါ မေးကြည့်ကြစေချင်ပါတယ်။

“ထဘီဝတ်တာက ရှက်စရာလား၊  မိန်းမဖြစ်တာက ရှက်စရာလား”

ယောက်ျားတယောက်ရဲ့ အမှားကို “မိန်းမဆန်တယ်“ ၊ “မိန်းမလို မိန်းမရစိတ်ရှိတယ်” ဆိုတဲ့စကားနဲ့ လှောင်ပြောင်စရာ မလိုသလို အမျိုးသမီးဖြစ်ခြင်းနဲ့ အမျိုးသမီးအသုံးအဆောင်တွေကလည်း နှိမ့်ချစရာမဟုတ်ပါဘူး။

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လူတယောက်ရဲ့ အမှားကို အမှားအဖြစ်ပဲ ဝေဖန်ပါ။ အမျိုးသမီးဖြစ်ခြင်းနဲ့ ပတ်သက်ပြီး  အပြစ်တခုလို ခိုင်းနှိုင်းမသုံးပါနဲ့လို့ ပြောပြဖို့လိုအပ်ပါတယ်။  နောင်မျိုးဆက်အထိ မပါသွားအောင် ကလေးတွေကိုလည်း လက်ဆင့်ကမ်း သင်ကြားပေးပါလို့ ဆိုပါရစေ။

အာဏာရှင်စနစ်ကို မကြိုက်လို့၊ လက်မခံနိုင်လို့ ဆန့်ကျင်တော်လှန်နေချိန်မှာ အာဏာရှင်စနစ်ကို အထောက်အပံ့ဖြစ်စေတဲ့ အယူဝါဒတွေ၊  ခွဲခြားဆက်ဆံမှုတွေ၊ ဖိုဝါဒကြီးစိုးစေတဲ့ အတွေးအခေါ်တွေပါ တဖြည်းဖြည်းပျောက်ကွယ်မှ တန်းတူမျှတတဲ့ လူမှုအသိုင်းအဝိုင်းတခု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။