စစ်အုပ်စု၏ အမျိုးသမီးခန့်အပ်မှုများ နေရာပေးခြင်းလား၊ အသုံးချခြင်းလား
မေသင်္ကြန်
သမ္မတရာထူးကို ရယူပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒုသမ္မတ၊ သမ္မတပြောရေးဆိုခွင့်ရှိသူနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌအပါအဝင် နိုင်ငံ၏ အမြင့်ဆုံးရာထူးအများအပြားတွင် အမျိုးသမီးများကို ဆက်တိုက်ခန့်အပ် လာသည်။
ယင်းခန့်အပ်မှုများသည် အမျိုးသမီးများ၏ နိုင်ငံရေးအာဏာ တိုးတက်လာခြင်းကို ကိုယ်စားပြုသလား၊ သို့မဟုတ် စစ်အုပ်စု၏ နိုင်ငံရေးပုံရိပ်တည်ဆောက်ရေး မဟာဗျူဟာတခုမျှသာလားဆိုသည့် မေးခွန်းကို ထပ်မံ ပေါ်ပေါက် စေခဲ့သည်။
စစ်ကောင်စီက အစောပိုင်းကတည်းက ခန့်အပ်ခဲ့သည့် အမျိုးသမီးများမှာ နိုင်ငံရေး၊ စီးပွားရေးနှင့် တိုင်းရင်းသား နယ်ပယ်အသီးသီးတွင် လူသိများသူများဖြစ်ကြပြီး၊ ယခင်စစ်အာဏာရှင် ခေါင်းဆောင်များနှင့် ဆက်စပ်မှု ရှိသူ များလည်း ဖြစ်ကြသည်။
၂၀၂၁ခု၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အကြံပေးအဖွဲ့ဝင်များအဖြစ် ဒေါ်အေးနုစိန်၊ ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်လှိုင်ဦးတို့ကို ခန့်အပ်ခဲ့ပြီး၊ ဒေါ်ဒွဲဘူကို စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ပေးခဲ့သည်။
ထို့အပြင် PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးအဖြစ်၊ ဒေါ်သီတာဦးကို ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့သလို အခြားအဆင့်မြင့်ရာထူး ၉ ခု တွင်လည်း အမျိုးသမီးများကို ဆက်တိုက် တာဝန်ပေးခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်အတွင်း စစ်တပ်သည် ဒုတိယသမ္မတ၊ သမ္မတ ပြောရေးဆိုခွင့်ရှိသူ၊ အမျိုးသား လွှတ်တော် သဘာပတိ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီး၊ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး စသည့် နိုင်ငံအတွက် အရေးကြီးသည့် ထိပ်ပိုင်းရာထူးအသီးသီးတွင် အမျိုးသမီးများကို ခန့်အပ်ခဲ့သည်။
USDP ၏ ကရင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်နန်းနီနီအေးကို ဒုသမ္မတအဖြစ် ခန့်အပ်ခဲ့ပြီး၊ ဇွန်လအတွင်း လဝကဒုဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးကို သမ္မတ၏ ပထမဆုံး အမျိုးသမီး ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်ခဲ့သည်။
ယင်းရွေးချယ်မှုများသည် အမျိုးသမီးများကို နေရာပေးလိုခြင်းထက် နိုင်ငံရေးတွက်ချက်မှု ပိုမိုပါဝင်နေကြောင်း လေ့လာစောင့်ကြည့်သူများက တညီတညွတ်တည်းသုံးသပ်ကြသည်။ နိုင်ငံတကာသို့ အမျိုးသမီးနှင့် တိုင်းရင်း သား ပါဝင်မှုရှိသည့် အစိုးရအသွင်ဖော်ဆောင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ အမျိုးသမီး ခေါင်းဆောင် မဟုတ်ကြောင်း ပြသလိုသည့် နိုင်ငံရေးရည်ရွယ်ချက်နှင့် ဆက်စပ်နေကြောင်းလည်း ထောက်ပြ ကြသည်။
စစ်ကောင်စီယန္တယားအတွင်း ထိုသို့သော အမျိုးသမီးများ ပါဝင်လာမှုနဲ့ ပတ်သက်ပြီး မြန်မာ့အမျိုးသမီးသမဂ္ဂ – မူဝါဒရေးရာဦးဆောင်ကော်မတီဝင် – (ဒေါ်)မိဆူးပွင့်က “စစ်တပ်က သူ့အတွေ့အကြုံအရ စစ်အုပ်ချုပ်ရေး မဟုတ်ကြောင်း၊ လူထုအစိုးရ ဖြစ်ကြောင်း နိုင်ငံတကာကို ဖော်ပြဖို့ လိုအပ်လာချိန်မှာ အမျိုးသမီးတွေကို အဆင့်မြင့် ရာထူးနေရာတွေမှာ ထည့်သွင်းဖော်ပြလာတာ ဖြစ်နိုင်ပါတယ်” ဟု သူ့အမြင်ကို ပြောကြားသည်။
တဖက်တွင်လည်း ၂၀၁၂ နောက်ပိုင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် စစ်တပ်ကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုရန်ကြိုးစားစဉ်ကာလက တိုင်းရင်းသား အင်အားစုများ အတွင်း အမျိုးသမီးခေါင်းဆောင်များ၊ အမျိုးသမီးကိုယ်စားလှယ်များ ဦးဆောင်ပါဝင်လာကြခြင်းအပေါ် စစ်တပ် ဖက်က အံ့အားသင့်ခဲ့တာ မြင်တွေ့ဖူးကြောင်း သူက ဆက်ပြောသည်။
၂၀၁၅ အပစ်အခတ်ရပ်စဲရေးစာချုပ်အတွက် ကြိုးပမ်းခဲ့ကြသည့် ဖြစ်စဉ်တွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း ၁၇ ဖွဲ့ စုပေါင်းထားသည့် Senior Delegation (SD) တွင် KNU ဒုတိယဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က အဖွဲ့ခေါင်းဆောင်အဖြစ် လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည့်အပေါ် အဖွဲ့ခေါင်းဆောင်ဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင်က “ကျနော်တို့ စစ်တပ်ဖက်မှာတော့ အမျိုးသမီး ၃၀ % ပါဝင်မှု အတွက် အဆင်သင့် မဖြစ်သေး ပါဘူး”လို့ ဝန်ခံပြောဆိုချက် ရှိခဲ့ကြောင်း အထောက်အထားနမူနာတခုကို ပြန်လည်ပြောပြသည်။
“ဒီအတွေ့အကြုံတွေကနေပြီး သူတို့ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ယူဆစရာရှိပါတယ်“ဟု (ဒေါ်)မိဆူးပွင့် က ဆိုသည်။
အလားတူ ထိုင်းနိုင်ငံ Payap University မှ ကထိက ဒေါက်တာမွန်မွန်မြတ်ကလည်း “SAC မှာပါတဲ့ အမျိုးသမီး တွေက ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်နိုင်တယ်လို့ သူတို့ယူဆတဲ့ အမျိုးသမီးတွေပေါ့၊ ပါတီခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို ရွေးထားတာ၊ Power Balance ဖြစ်ကြောင်း ပြချင်တာပေါ့” ဟု ဒေါက်တာမွန်မွန်မြတ်က မှတ်ချက်ပြုသည်။
သူက ဆက်လက်၍ အမျိုးသမီးခေါင်းဆောင်တဦးတွင် ရာထူးရှိခြင်းထက် လက်တွေ့ဆုံးဖြတ်ပိုင်ခွင့် ရှိ၊ မရှိကို ကြည့်ခြင်းအားဖြင့် အာဏာကို အမှန်တကယ် ခွဲဝေပေးထားခြင်း ဟုတ်၊ မဟုတ်၊ သို့မဟုတ် ပုံရိပ်တည်ဆောက် ရေးအတွက်သာ ခန့်အပ်ထားခြင်း ဟုတ်၊ မဟုတ်ကို ခွဲခြားနိုင်ကြောင်းလည်း ထောက်ပြသည်။
ရာထူးရရှိခြင်းတခုတည်းကိုကြည့်၍ အမျိုးသမီးများ အာဏာရရှိလာသည်ဟု မဆိုနိုင်ကြောင်း၊ ယင်းရာထူးများ တွင် လက်တွေ့ဆုံးဖြတ်ပိုင်ခွင့် (de facto power) ရှိ၊ မရှိကိုသာ ဆန်းစစ်ရမည်ဖြစ်ကြောင်း သူက ပြောသည်။
“အမျိုးသမီးခေါင်းဆောင်တွေက တကယ်အာဏာရှိတဲ့ နိုင်ငံတွေလည်းရှိတယ်၊ အဲ့ဒီနိုင်ငံတွေက ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံတွေ ဖြစ်တယ်၊ အာဏာရှင်နိုင်ငံတွေမှာရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေကတော့ ရုပ်သေး အနေနဲ့ အာဏာရှိတဲ့ အမျိုးသားတွေက ချုပ်ကိုင်ချယ်လှယ်ဖို့ အသုံးချကြတာကို တွေ့ရတယ်” ဟု သူက ပြောသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ အဆိုပါခန့်အပ်ခံအမျိုးသမီးများ၏ လုပ်ဆောင်ချက်များကို ပြန်လည်ကြည့်ပါက ၎င်းတို့၏ အခန်းကဏ္ဍသည် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးကို ကိုယ်စားပြုသည့် ထင်ရှားသော မူဝါဒများထက် ဥပဒေရေးရာနှင့် ဝါဒဖြန့်ချိရေးယန္တရားများအတွင်း စစ်ကောင်စီ၏ မူဝါဒများကို အကောင်အထည်ဖော်ရာတွင် ပို၍ထင်ရှားခဲ့သည်။
အလားတူ ၂၀၂၆ ခုနှစ်တွင် အသစ်ခန့်အပ်ထားသည့် အမျိုးသမီးခေါင်းဆောင်များ၏ ကနဦး လုပ်ဆောင်ချက် များကိုလည်း ရက် ၁၀၀ စီမံချက်မှတဆင့် လေ့လာနိုင်ပြီး ယင်းစီမံချက်တွင် အမျိုးသမီး အခွင့်အရေးနှင့် ကျား၊ မတန်းတူညီမျှမှုဆိုင်ရာ ထင်ရှားသည့် သာဓကများကို မတွေ့ရပေ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အာဏာသိမ်းကာလ ၆ နှစ်အတွင်း ကျား-မတန်းတူညီမျှရေး (Gender Equality) နှင့်ပတ်သက်သည့် မူဝါဒအသစ်များ ချမှတ်ထားခြင်း မတွေ့ရသလို၊ တဖက်တွင် စစ်မှုထမ်းဥပဒေ အပါအဝင် လက်ရှိမူဝါဒများသည် အမျိုးသမီးများ၏ လုံခြုံရေးနှင့် တန်းတူညီမျှရေး အပေါ် ပိုမိုထိခိုက် စေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပြထားသည်။
ဥပမာအားဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခန့်အပ်ခဲ့သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဒေါ်သက်သက်ခိုင် လက်ထက်တွင် ၂၀၂၃ ခုနှစ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ရရှိနေသည့် လူမှုရေးပင်စင်ကို ၁နှစ်လျှင် ကျပ် ၁၂၀,၀၀၀ မှ ကျပ် ၆၀,၀၀၀ သို့ လျှော့ချခဲ့သည်။
ယင်းကြောင့် မူလခံစားခွင့်ရရှိနေသည့် သက်ကြီးရွယ်အိုများ၏ လူမှုရေးပင်စင်ခံစားခွင့်မှာ ထက်ဝက် လျော့ကျ သွားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်ထားသည့် ဒေါ်သီတာဦးသည် စစ်ကောင်စီ၏ ဥပဒေရေးရာ အကြံပေးနှင့် အစိုးရ၏ အမြင့်ဆုံး ဥပဒေအရာရှိအဖြစ် တာဝန်ယူနေသူ ဖြစ်သည်။ ယင်းရာထူးသည် စစ်ကောင်စီက ထုတ်ပြန်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာနှင့် ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေ ကြောင်းအရ စိစစ်ဆောင်ရွက်ရသည့် အဓိကတာဝန်ရှိသည့် ရာထူးလည်း ဖြစ်သည်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ်တွင် စစ်မှုထမ်းဥပဒေကို အသက်ဝင်အောင် အကောင်အထည်ဖော်ခဲ့ရာတွင်လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ဥပဒေရေးရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သည့် နိုင်ငံရေးသမားများ၊ ဒီမိုကရေစီအရေးလှုပ်ရှား သူများနှင့် အရပ်သားများအပေါ် စွဲဆိုခဲ့သည့် အမှုများတွင်လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် စစ်ကောင်စီ ဘက်မှ ဥပဒေရေးရာ လုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲသည့် အခန်းကဏ္ဍတွင် ရှိနေခဲ့သည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အကြံပေးအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ဒေါ်ရင်ရင်နွယ်သည် လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ရပ်တည်ချက်ကို ထောက်ခံသည့် ရေးသားချက်များကို ဆက်တိုက်ထုတ်ဖော်ခဲ့သည်။ စစ်ကောင်စီထိန်းချုပ်သတင်းစာများတွင် ရေးသားခဲ့သည့် ဆောင်းပါးများအတွင်း အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်း များကို ဝေဖန်ခဲ့ပြီး၊ CDM တွင် မပါဝင်သူများကို ချီးကျူးရေးသားမှုများ လုပ်ခဲ့သည်။
အာဏာသိမ်းစစ်တပ်က အဆင့်မြင့်ရာထူးများတွင် အမျိုးသမီးများကို ဆက်တိုက်ခန့်အပ်နေသော်လည်း စစ်တပ် အတွင်းရှိ အမျိုးသမီးများ၏ လက်တွေ့အခြေအနေမှာ ယင်းပုံရိပ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေဆဲဖြစ်ကြောင်း CDM ဗိုလ်ကြီးထက်မြက်က ထောက်ပြသည်။
၎င်း၏ အဆိုအရ စစ်တပ်အတွင်း အမျိုးသမီးများသည် ရာထူးအဆင့်အလိုက် ခွဲခြားဆက်ဆံခံရမှုများ၊ မညီမျှသည့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ယနေ့တိုင် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။
“စစ်တပ်ထဲမှာ ခွဲခြားဆက်ဆံမှုနဲ့ပဲ သွားတယ်၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးဆိုတာ စစ်တပ်ထဲမှာ မရှိဘူးလို့ ပြောရမယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်သည် ဗဟိုချုပ်ကိုင်မှုကို အခြေခံသည့် အဖွဲ့အစည်းဖြစ်ပြီး ရာထူးတခုချင်းစီ၏ လုပ်ပိုင်ခွင့်သည်လည်း အထက်အမိန့်ပေါ်တွင်သာ မူတည်နေကြောင်း ဗိုလ်ကြီးထက်မြက်က ပြောသည်။
“အဓိက စစ်ကောင်စီမှာရှိတဲ့ သဘောတရားက လူတယောက်ကို နေရာတခုပေးရင် အဲဒီနေရာ ရတဲ့သူက နေရာပေးတဲ့သူကို အလုပ်အကျွေးပြုရတယ်၊ စစ်တပ်ထဲမှာ အုပ်ချုပ်တဲ့ပုံစံအတိုင်းပဲ”ဟု မှတ်ချက်ပြုသည်။
စစ်တပ်အတွင်း၌သာမက စစ်တပ်ထိန်းချုပ်မှုအောက်တွင် အမျိုးသမီးများ၏ နိုင်ငံရေးအခွင့်အရေးနှင့် လွတ်လပ်ခွင့်များမှာ ဆက်လက်ကျဉ်းမြောင်းလာနေသည်။ အမျိုးသမီးများကို အဆင့်မြင့်ရာထူးများတွင် ခန့်အပ်နေသည့် တဖက်တွင်လည်း နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သည့် အမျိုးသမီးများအပေါ် ဖမ်းဆီးမှုနှင့် ထောင်ဒဏ်ချမှတ်မှုများ ဆက်လက်ရှိနေသည်။
လက်ရှိအချိန်ထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ အမျိုးသမီးအများအပြားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး၊ အချို့မှာလည်း ထပ်မံဖမ်း ဆီးခံရခြင်းနှင့် ထောင်ဒဏ်တိုးချမှတ်ခံရခြင်းများ ကြုံတွေ့နေရဆဲဖြစ်သည်။
နိုင်ငံရေးလှုပ်ရှားမှုကြောင့် ပုဒ်မ ၅၀(ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပြီး ဒေသတွင်း တိုက်ပွဲများကြောင့် သံတွဲအကျဉ်းထောင်ပွင့်ကာ လွတ်မြောက်လာခဲ့သည့် ပန်းချီဆရာမ မဒေးဒေးက ” အမျိုးသမီးတွေက မျက်ကွယ်မှာ ဖိနှိပ်ခံနေရဆဲပဲ၊ လူတွေ မမြင်နိုင်တဲ့ နောက်ကွယ်မှာ ဒီအမျိုးသမီးတွေက ထောင်ကျနေတဲ့သူ အချင်းချင်းတောင် အမျိုးသမီးမို့လို့ ပိုပြီး ဖိနှိပ်ခံနေ ရတာတွေ အခုထိ ရှိနေဆဲပဲ၊ သူတို့ အခုလို လုပ်ပြနေတဲ့ အပေါ်မှာ ဘယ်လိုမှ အယုံအကြည်မရှိဘူး” ဟု ပြောသည်။
သူအပါအဝင် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ၏ အဆိုအရ ထောင်အတွင်း အမျိုးသမီးများသည် နေ့စဉ်ဘဝတွင်လည်း ကျား၊ မအခြေပြု ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့ နေကြရကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေ၊ လုံခြုံရေးနှင့် နေ့စဉ်ဘဝအပေါ် စိုးရိမ်မှုများအောက်တွင် ဆက်လက်ရှင်သန်နေရဆဲ ဖြစ်သည်။ လေကြောင်းရန်၊ လိင်အကြမ်းဖက်ခံရနိုင်ချေများနှင့် အမျိုးသမီးအလုပ်လက်မဲ့နှုန်း မြင့်တက် လာနေသည့် ကိန်းဂဏန်းများ ကြားတွင် မြန်မာအမျိုးသမီးများသည် ဘဝကို လုံခြုံမှုကင်းမဲ့စွာ ရှေ့ဆက် နေကြရသည်။
မြန်မာ့အမျိုးသမီးသမဂ္ဂက သတင်းမီဒီယာများပေါ်တွင် စောင့်ကြည့် လေ့လာမှုများအရ ပြီးခဲ့သည့် ၂၀၂၅ခု၊ ဇန်နဝါရီကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၁နှစ်တာကာလအတွင်း စစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှု များကြောင့် အမျိုးသမီး ၇၉၂ ဦး သေဆုံးကာ အမျိုးသမီး ၈၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထား သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဇွန် အထိ စစ်တပ်၏ လေကြောင်းနဲ့မြေပြင် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတဝှမ်း အမျိုးသမီး ၃၃၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၃၀၆ဦး ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) က ယခုလ(ဇူလိုင်) ၁၀ရက်မှာထုတ်ပြန်ခဲ့သည်။
အလားတူ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများကလည်း ကိန်းဂဏာန်းအား ဖြင့် တရိပ်ရိပ် တက်လာနေသည်ကို အမျိုးသမီးအခွင့်အရေးစောင့်ကြည့်လေ့လာသူများ၏ ထုတ်ပြန်ချက်များတွင် တွေ့နိုင်သည်။
စစ်အုပ်စုက အမျိုးသမီးများကို အဆင့်မြင့်ရာထူးများတွင် ဆက်တိုက်ခန့်အပ်နေခြင်းသည် အမျိုးသမီးများ၏ နိုင်ငံရေးအာဏာ တိုးတက်လာခြင်းကို ကိုယ်စားပြုသည်ဟု လက်ရှိအထောက်အထားများက မပြနိုင်သေးပေ။
ယင်းခန့်အပ်မှုများ၏ လက်တွေ့ဆုံးဖြတ်ပိုင်ခွင့်နှင့် လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ် ကြည့်ပါက စစ်အုပ်စု၏ နိုင်ငံရေးပုံရိပ်တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးယန္တရားကို အားဖြည့်ပေးသည့် အခန်းကဏ္ဍကသာ ပို၍ထင်ရှားနေပြီး၊ တဖက်တွင် မြန်မာအမျိုးသမီးအများစုမှာ လုံခြုံရေး၊ လွတ်လပ်ခွင့်နှင့် အခြေခံအခွင့်အရေး များ ဆုံးရှုံးနေရသည့် အခြေအနေမှ မလွတ်မြောက်သေးပေ။
(ဆောင်းပါးရှင် မေသင်္ကြန်သည် သတင်းမီဒီယာလုပ်သက် ၁၆ နှစ်ကျော်ရှိပြီး လက်ရှိတွင် အလွတ်တန်း သတင်းထောက်အဖြစ် သတင်းဆောင်းပါးများရေးသားလျှက်ရှိသည်။ )
၂၀၂၁ ခုနှစ် နောက်ပိုင်း ခန့်အပ်ခဲ့သော အမျိုးသမီးများ
| စဉ် | အမည် | တာဝန် / ရာထူး | မှတ်ချက် |
| ၁ | ဒေါ်သီတာဦး | ပြည်ထောင်စုရှေ့နေချုပ် | |
| ၂ | ဒေါ်သက်သက်ခိုင် | လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး | နောက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ် |
| ၃ | ဒေါ်နုမြဇံ | သာသနာရေးနှင့် ယဉ်ကျေးမှု ဒုတိယဝန်ကြီး | |
| ၄ | ဒေါ်သန်းသန်းဆွေ | မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ | |
| ၅ | ဒေါ်အေးနုစိန် | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အကြံပေးအဖွဲ့ဝင် | |
| ၆ | ဒေါ်ရင်ရင်နွယ် | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အကြံပေးအဖွဲ့ဝင် | |
| ၇ | ဒေါ်ယဉ်ယဉ်ဦး | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အကြံပေးအဖွဲ့ဝင် | |
| ၈ | ဒေါ်ခင်လှိုင်ဦး | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အကြံပေးအဖွဲ့ဝင် | |
| ၉ | ဒေါ်ဒွဲဘူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) အဖွဲ့ဝင် |
၂၀၂၆ ခုနှစ်အတွင်း ခန့်အပ်မှုများ
| စဉ် | အမည် | တာဝန် / ရာထူး | မှတ်ချက် |
| ၁ | ဒေါ်နန်းနီနီအေး | ဒုတိယသမ္မတ | |
| ၂ | ဒေါ်ခိုင်ခိုင်စိုး | သမ္မတ ပြောရေးဆိုခွင့်ရှိသူ | လဝက ဒုတိယဝန်ကြီး |
| ၃ | ဒေါ်ဒွဲဘူ | အမျိုးသားလွှတ်တော် သဘာပတိ | |
| ၄ | ဒေါ်သီတာဦး | ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီး | ဆက်လက် ခန့်အပ် |
| ၅ | ဒေါ်နိုင်သက်ဦး | ပြည်ထောင်စုစာရင်းစစ်ချုပ် | |
| ၆ | ဒေါ်ခင်နိုင်ဦး | မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ | |
| ၇ | ဒေါ်ဝါဝါမောင် | ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး | |
| ၈ | ဒေါ်ချောချောစိန် | ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး |










