ရှေ့ဆက်လျှောက်ဖို့ လမ်းတခုပဲရှိတယ်

ရုပ်ပုံလွှာ

ခင်ဘုန်းမို့   

တချိန်က ဖုန်ရင်ရာဇီရေခဲတောင်အပါအဝင်၊ မြန်မာပြည်အနှံ့က တောင်တက်ခရီးစဉ်တွေမှာ ကိုယ့်အထုပ်ကိုယ်ကျောပိုး၊  ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အားသွန်ခွန်စိုက် ပါဝင်ခဲ့ဖူးတဲ့  အမျိုးသမီးတဦးဟာ ဒီနေ့မှာတော့ အိပ်ရာပေါ်ကနေ နည်းပညာသုံးပြီး မသန်စွမ်းသူတွေရဲ့ အခွင့်အရေးအတွက် အသံထွက်ပေးနေသူ ဖြစ်လာပါတယ်။ 

မနက်မိုးလင်းတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ ခန္ဓာကိုယ်ပြန်လည်သန်စွမ်းဖို့အတွက် လေ့ကျင့်ခန်းတချို့ လုပ်တာ၊ မနက်စာစားတာတွေအပါအဝင်သူ့ရဲ့ မနက်ခင်းတိုင်းကို ခုတင်ပေါ်မှာပဲ စတင်ပါတယ်။ ၂၄နာရီလုံး ကုတင်နဲ့ ဝှီးလ်ချဲပေါ်မှာပဲ တနေ့တာ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ပါတယ်။

“အချိန်တော်တော်များများက ကုတင်ပေါ်မှာပဲ”လို့ သူ့ရဲ့နေ့စဉ်ဘဝကို ပြောပြပါတယ်။

သူကတော့ ကားအက်စီးဒန့်ဖြစ်ပြီးပြီးချင်းမှာ လည်ပင်းအောက်ပိုင်း ဘာမှ လှုပ်မရခဲ့ဘဲ ဘီးတပ်ကုလားထိုင်အသုံးပြုသူအဖြစ်ဘဝကို ဆက်လျှောက် နေတဲ့ အသက် ၃၃နှစ်အရွယ် မသိမ့်သိမ့်သူပဲဖြစ်ပါတယ်။  

သူဟာ တချိန်က ရန်ကုန်သူနာပြုတက္ကသိုလ်ဘွဲ့ရ ကျန်းမာရေးဝန်ထမ်းတဦးဖြစ်ခဲ့သလို၊ ရခိုင်ပြည်နယ် အတွင်း စစ်ဘေးရှောင်စခန်းတွေမှာ အမျိုးသမီးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့သူပါ။ တောင်တက်ခြင်း၊ မာရသွန်ပြေးခြင်းတွေကို ဝါသနာပါပြီး ကိုယ်တိုင် တက်ကြွလှုပ်ရှားနေခဲ့သူလူငယ်တဦးဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် မေလမှာ အလုပ်တာဝန်နဲ့ ခရီးသွားရင်း ကြုံခဲ့ရတဲ့ ကားမတော်တဆမှုတခုက သူ့ဘဝရဲ့ ဦးတည်ရာကို လုံးလုံးလျားလျားပြောင်းလဲသွားစေခဲ့ပါတယ်။

အစိုးရအလုပ်မှာ ၆နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ သူဟာ  ၂၀၁၉ မှာတော့ အစိုးရအလုပ်ကနေ ထွက်ပြီး၊ ရခိုင်ပြည်၊ မြောက်ဦးမြို့မှာရှိတဲ့ NGO အဖွဲ့အစည်းတခုမှာ Health Project Officer  အနေနဲ့ စစ်ဘေးရှောင်စခန်းတွေက အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေကို ကျန်းမာရေးစောင့်ရှောက်တဲ့ အပိုင်းတွေ၊ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ တာဝန်တွေကို လုပ်ဆောင်ခဲ့ပါတယ်။

ပုံမှန်ဆိုရင် စစ်တွေမြို့ကနေ မြောက်ဦးမြို့ကို အလုပ်တာဝန်နဲ့ သွားလာရတိုင်း သင်္ဘောကို အသုံးပြုနေကျဖြစ်တဲ့  မသိမ့်သိမ့်သူဟာ ၂၀၂၁ ခုနှစ် မေလမှာတော့ တခြားကိစ္စတခုနဲ့ ဘဏ်ကိုသွားစရာရှိတဲ့အတွက် ညနေကားနဲ့ သွားရင်း လမ်းမှာ ပြင်းထန်တဲ့ ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပါတော့တယ်။

ကားပေါ်မှာ အိပ်ပျော်လာတဲ့ မသိမ့်သိမ့်သူဟာ အဲဒီတုန်းက အဖြစ်အပျက်တွေကို မသိလိုက်ဘဲ ပုဏ္ဏားကျွန်းဆေးရုံ၊ စစ်တွေဆေးရုံကနေ ရန်ကုန်ဆေးရုံကို ပြောင်းရွှေ့ခဲ့စိတ်ခဲ့ရပြီးတဲ့အထိ ရက်ပေါင်းများစွာ သတိလစ်မေ့မျောနေခဲ့ပါတယ်။

“ရန်ကုန်မှာခွဲစိတ်ခန်းဝင်ပြီး ထွက်လာသည်အထိ  မသိဘူး၊ ဘယ်နှစ်ရက်လဲတောင် မမှတ်မိတော့ဘူး၊ ကားပေါ်မှာ မတော်တဆဖြစ်တဲ့အချိန်က အိပ်ပျော်နေတဲ့အချိန်၊ ကျန်တဲ့အချိန် ကလည်း သတိလစ်နေတော့  ဘာမှမမှတ်မိဘူး”လို့ မသိမ့်သိမ့်သူက ဆိုပါတယ်။

အဲဒီဖြစ်စဉ်မှာ သူစီးလာတဲ့ကားရဲ့ ယာဉ်မောင်းက လက်ကျိုးခဲ့သလို တဖက်ကားက ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ပြီး၊ ခရီးသည်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့အထဲ မသိမ့်သိမ့်သူက အဆိုးရွားဆုံးထိခိုက်မှုကို ခံစားခဲ့ရတယ်ဆိုတာ နောက်ပိုင်းမှာ တခြားသူတွေပြန်ပြောပြလို့ သိခွင့်ရခဲ့ပါတယ်။

စစ်တွေဆေးရုံတင်ထားချိန်မှာ အောက်ဆီဂျင်တွေ၊ သွေးပေါင်ချိန်တွေက မငြိမ်သလို၊ အခြေအနေက သိပ်မကောင်းတဲ့သူ့ဆီကို ရန်ကုန်က မိသားစုဝင်တွေရောက်မလာနိုင်ခင်မှာ အချစ်ဆုံးသူငယ်ချင်း သူနာပြုကလည်း ရခိုင်ပြည်နယ်စပ်၊ မောင်တောမြို့ကနေသူ့ဆီကို အရောက်လာခဲ့ပါတယ်။

ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဦးခေါင်းခွံကိုအပေါက်ဖောက်ပြီး Skull Traction ဆိုတာ (လည်ပင်းရိုးကကျိုးပြီး အာရုံကြောမကြီးပိနေတာကို ဆွဲဆန့်ပြီး မပိအောင်လုပ်ထားတာမျိုး) ။ အဲ့တာလုပ်ဖို့အတွက် သူငယ်ချင်းက မိသားစုနဲ့ဆက်သွယ်ပြီး မိသားစုကိုယ်စား သဘောတူပေးခဲ့ရ ပါတယ်။ အဲဒီနောက်ပိုင်းမှာ အတော်လေး အခြေအနေတည်ငြိမ်သွားတယ်လို့ သူငယ်ချင်းဖြစ်သူ ပြောပြချက်ကို သူက ပြန်ပြောင်းပြောပြပါတယ်။

ဒါ့အပြင် အရင်ကတည်းက ရန်ကုန်မှာရင်းနှီးခဲ့တဲ့ ကျောင်းက ဂျူနီယာတွေ၊ အလုပ်က လုပ်ဖော်ကိုင်ဖက်ကျန်းမာရေးအဖွဲ့တွေအပြင်၊ တခြား NGO တွေမှာလည်း စီနီယာတွေ၊ ကူညီပေးမယ့်သူတွေ အားလုံး သူ့အနီးဝန်းကျင်မှာ ရှိနေခဲ့တာက မသိမ့်သိမ့်သူအတွက် ကံကောင်းစေခဲ့တဲ့အချက်လို့ ဆိုရမှာပါ။

အဲဒီနောက်မှာ အမေနဲ့ အစ်ကို ၂ယောက်အပြင်  မိတ်ဆွေဆရာဝန် အစ်မကပါ  မသိမ့်သိမ့်သူ အခြေအနေ မကောင်းမှန်းသိလို့   ရန်ကုန်ကနေ စစ်တွေကို အတူလိုက်ပါလာခဲ့ပါသေးတယ်။

“အမေကတော့ ပြန်ပြောပြတယ် “နင့်အစ်ကိုကြီးနဲ့အစ်ကိုလေးက ငါ့ကို တလမ်းလုံးမှာတယ်၊ အမေ ဟိုရောက်ရင် မြင်ရမဲ့ မြင်ကွင်းကတော့ အဆင်ပြေမှာ မဟုတ်ဘူးနော်၊ စိတ်ကိုထိန်း တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ ကြိုးစားလို့” တတွတ်တွတ်ပြောနေတာတဲ့” လို့ မသိမ့်သိမ့်သူက ပြောပြတယ်။

မြင်ကွင်းကလဲ ကတုံးတုံးပြီး ခေါင်း ၂ဖက်မှာ အပေါက်ဖောက်၊ အဲ့ထဲက သံကွင်းကြီးနဲ့ အလေးချိန်တခုနဲ့ တွဲလောင်းချထားပြီး၊ မျက်လုံးတဖက်က လက်သီးနဲ့ ထိုးခံထားရသလို ညိုမဲနေတာ၊ နှာခေါင်းမှာလည်း ဒဏ်ရာတွေနဲ့ သူ့ကို ခုတင်ပေါ်မှာ မြင်လိုက်ရချိန်မှာ မိခင်ဖြစ်သူကို တလျှောက်လုံး တတွတ်တွတ်မှာလာခဲ့တဲ့ အစ်ကို ၂ယောက်ဟာ သန့်စင်ခန့်ထဲ တလှည့်စီသွားပြီး ငိုကြပါတော့တယ်။

“အမေက ဆက်ပြောတယ် “ငါ့ကိုသာ အဲ့လိုမှာတာ ဟိုရောက်တော့ သူတို့ ညီအစ်ကိုနှစ်ယောက်ပဲ အိမ်သာထဲ သွားပြီး တစ်ယောက်တလှည့် ငိုနေကြတာတဲ့”လို့ မသိမ့်သိမ့်သူက သူသတိမေ့နေတုန်းက အခြေအနေတွေကို ပြန်ပြောပြပါတယ်။

ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိတ်မချရတဲ့အတွက် မသိမ့်သိမ့်သူကို စစ်တွေဆေးရုံက ဆရာဝန်တွေက ရန်ကုန်ကိုပြန်မခေါ်သွားစေချင်ကြဘူးလို့ ဆိုပါတယ်။

လည်ပင်းရိုးကျိုးထားတဲ့ လူနာတယောက်အတွက် စစ်တွေ-ရန်ကုန်လမ်းခရီးဟာ တောင်တက် တောင်ဆင်းတွေနဲ့ ၂၄နာရီဝန်းကျင်ကြာမြင့်နိုင်တဲ့ ခရီးရှည်ဖြစ်တာကြောင့် လမ်းမှာတခုခုဖြစ်သွားနိုင် တဲ့အတွက် လေယာဉ်ပေါ်မှာ ပက်လက်လှန်ပြီးလိုက်မှာ အဆင်ပြေမှာဖြစ်လို့ လေယာဉ်စင်းလုံးငှားမှ အဆင်ပြေမှာဖြစ်ပါတယ်။

၂၀၂၁ တုန်းက ဒေါ်လာဈေး ၁ထောင်ကျော်ပဲရှိတဲ့အချိန်မှာတောင် လေယာဉ်ခက ၅၅ သိန်းကျမှာ ဖြစ်ပါတယ်။ မိသားစုတွေက လူလတ်တန်းစားထဲဖြစ်ပေမယ့် ရအောင်ပြန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ အပြင်  လုပ်ဖော်ကိုင်ဖက်တွေရဲ့ လူအားငွေအားဝိုင်းဝန်းကူညီမှုနဲ့ အဆင်ပြေသွားခဲ့ပါတယ်။

“အသက်ရှင်စေချင်တဲ့သူတွေ၊ ချစ်တဲ့သူတွေ အဲ့သလောက်ထိ များခဲ့ပါတယ်၊ ဒီချိန်ထိလည်း ဒီချစ်ခြင်း မေတ္တာရဲ့ စွမ်းအားကြောင့် အသက်ရှင်ခဲ့တာလို့ ယုံကြည်ထားပါတယ်”လို့ မသိမ့်သိမ့်သူက ပြောပါ တယ်။

ရန်ကုန်ရောက်တော့ ဗဟိုစည်ဆေးရုံမှာ ခွဲစိတ်ကုသမှုခံယူချိန်မှာလည်း အသက်ရှင်ဖို့ရာခိုင်နှုန်းက ၅၀/၅၀ သာရှိခဲ့ပါတယ်။ မိခင်ဖြစ်သူဟာ မခွဲစိတ်ခင်ညအထိ “သမီးလေးက ဒီတယောက်တည်းပဲ ရှိတာ” လို့ ပြောပြီးငိုနေခဲ့သလို၊ ခွဲရင်းလည်း တခုခုဖြစ်သွားနိုင်တယ်၊ အစ်ကို ၂ယောက်ကလည်း ဘယ်လိုပဲ ပြုစုရပြုစုရ အသက်ရှင်ဖို့ကိုပဲ ဆုတောင်းနေခဲ့တဲ့အကြောင်း သူငယ်ချင်းတွေက ပြန်ပြောပြ တယ်လို့ ဆိုပါတယ်။

သတိရတော့ ထိခိုက်မှုကြောင့်လား ဆေးတွေကြောင့်လားမသိပေမယ့် မျက်လုံးမဖွင့်နိုင်သေးဘူး။ ဒါပေမဲ့ လူတွေရဲ့ အသံတွေကိုတော့ ဘယ်သူတွေလဲဆိုတာ သူသိနေခဲ့ ပါတယ်။   ICU ကထွက်ပြီး သိပ်မကြာခင်မှာ အောက်ဆီဂျင်ပြန်ကျပြီး ဒုတိယအကြိမ် ICU ပြန်ဝင်ခဲ့ရ ပါသေးတယ်။

ပြန်သတိရလာချိန်မှာတော့ မတော်တဆမှုကြောင့် အာရုံကြောမကြီးထိခိုက်သွားပြီး၊ ခန္ဓာကိုယ် လည်ပင်းအောက်ပိုင်း လှုပ်ရှားလို့မရတဲ့ အခြေအနေဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှသာ လက်ချောင်း တွေ အနည်းငယ်အသုံးပြုလာနိုင်ခဲ့ပေမယ့် ပုံမှန်အတိုင်းတော့မဖြစ်သေးပါဘူး။

“ငါ မသန်စွမ်းဖြစ်သွားမှာလားလို့ အတွေးလေးတစတောင် မရှိခဲ့ဘူး၊ ခွဲစိတ်တာ အောင်မြင်တယ်၊ ခုက ဆေးကုရမယ်ပြီးရင်  လေ့ကျင့်ခန်းလုပ်ရမယ်၊ လအနည်းငယ် ဒါမှမဟုတ် တနှစ်လောက်တော့ လေ့ကျင့်ခန်းလုပ်ပြီးရင်တော့ ဖြေးဖြေးချင်း လမ်းပြန်လျှောက်နိုင်မယ်ထင်ခဲ့တာ”လို့ မသိမ့်သိမ့်သူက ဆိုပါတယ်။

ဆေးရုံမှာရှိနေတဲ့နေ့ရက်တွေက မသိမ့်သိမ့်သူအတွက် အခက်ခဲဆုံးအချိန်တွေပါပဲ။

“ဘာမှ မလှုပ်နိုင်ဘူး၊ ဆေးရုံကဆင်းတဲ့အချိန်ထိ လက်တဖက်မြောက်လို့မရဘူး၊ လက်ချောင်းတွေ လည်း မလှုပ်နိုင်ဘူး၊ အမြဲပက်လက်ကြီးပဲ၊ ထမင်းလည်း သူများခွံ့ကျွေးရတယ်”လို့ မသိမ့်သိမ့်သူက ဆိုပါတယ်။

၆လဝန်းကျင် အချိန်ယူပြီးမှသာ လက်ချောင်းတွေအနည်းငယ်ပြန်အသုံးပြုလာနိုင်ပြီး ထမင်းစားတာကို ကိုယ်တိုင်လုပ်လာနိုင်ပါတယ်။ ဆေးရုံတက်နေတဲ့အချိန်ရော လက်ရှိအချိန်ထိပါ မသိမ့်သိမ့်သူကို မိသားစုဝင်တွေက အနီးကပ်ပြုစုစောင့်ရှောက်ပေးကြပါတယ်။

“ကိုယ့်ရဲ့ဝေယျာဝစ အများစုကတော့အမေပေါ့၊ အမေပဲဒိုင်ခံလုပ်ပေးတယ်၊ အမေသက်သာအောင် တချို့ကိစ္စတွေ အကိုတွေက လုပ်ပေးတယ်၊ ယောင်းမတွေရှိတယ်၊ ကိုယ့်အပေါ် အကိုတွေရော၊ ယောင်းမတွေရော တအားကောင်းတယ်”လို့ မသိမ့်သိမ့်သူက ပြောပါတယ်။

ဒီလို အဖြစ်အပျက်တွေနဲ့ ရင်မဆိုင်ရခင် လွန်ခဲ့တဲ့ ၅နှစ်ကျော်ကာလတုန်းကဆို မြန်မာနိုင်ငံနေရာအနှံ့က တောင်တွေနဲ့ ရေခဲတောင်တွေဟာ မသိမ့်သိမ့်သူအတွက် အပန်းဖြေရာနေရာတွေဖြစ်ခဲ့ပါတယ်။

မသိမ့်သိမ့်သူဟာ တက္ကသိုလ်ပထမနှစ်ထဲက တောင်တက်ခရီးသွားခြင်းကို စပြီးဝါသနာပါခဲ့ပါတယ်။      သူ့အတွက် ပထမဆုံးခရီးစဉ်က ပုပ္ပါးတောင်ခရီးစဉ်ဖြစ်ပါတယ်။  နောက်ပိုင်း ရှမ်းပြည်အနီးအနား တဝိုက်ကတောင်တွေ ၊ ချင်းပြည်နယ်က ဝိတိုရိယ၊ ပူတာအိုက ရေခဲတောင်ဖြစ်တဲ့ ဖုန်ရင်ရာဇီ ရေခဲတောင်ကိုလည်း တက်ရောက်ခဲ့ဖူးပါတယ်။

အမှတ်ရဆုံးကတော့ ပူတာအိုက ဖုန်ရင်ရာဇီ‌ရေခဲတောင်ခရီးစ‌ဉ်လို့ဆိုပါတယ်။   ဆယ်ကျော်သက် ဘဝထဲက မက်ခဲ့တဲ့ ရေခဲတောင်တက်ချင်တဲ့ အိမ်မက်ဟာ အကြောင်းအမျိုးမျိုးကြောင့် မတက်ဖြစ်ခဲ့ ဘဲ နှစ်တွေကြာမှ တက်ခဲ့ရတာဖြစ်ပါတယ်။

ခရီးသွား အေးဂျင့်တွေနဲ့ ချိတ်တာမဟုတ်ဘဲ တောင်တက်သမားတွေချည်း ကိုယ့်အဖွဲ့နဲ့ကိုယ်စုပေါင်း စီစဉ်ပြီး ခံနိုင်ရည်အတွက် အချိန်ယူ Training တွေဆင်း၊ ကိုယ့်အထုပ်ကိုယ်ထမ်းပြီး တက်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့တုန်းက သွားခဲ့ကြတဲ့ ယောက်ျားလေး ၅ယောက်၊ မိန်းကလေး၄ယောက် ၉ယောက်အဖွဲ့ကို ဦးဆောင်တဲ့သူက ရန်ကုန်တက္ကသိုလ်က သင်္ချာပါမောက္ခတယောက်ဖြစ်သလို အတွေ့ကြုံရှိတဲ့ အမျိုးသမီးတောင်တက်သမားဖြစ်တယ်လို့ ဆိုပါတယ်။

ရေခဲတောင်ဆီသွားတဲ့လမ်းရဲ့ အစွန်ဆုံးရွာလေးဖြစ်တဲ့ ဇီယာဒမ်းရွာလေးက လမ်းပြအိမ်မှာရှိတဲ့ တည်သီးပင်တွေကနေ တည်သီးတွေကို လတ်လတ်ဆတ်ဆတ်ချက်ချင်းခူးပြီး မီးလှုံရင်း မီးဖုတ်စားခဲ့ရတဲ့ အတွေ့အကြုံက မသိမ့်သိမ့်သူအတွက်တော့ အမှတ်တရပါပဲ။

“တည်သီးပင်တွေက မြေပြန့်မှာ သရက်ပင်တွေပေါသလိုပဲ အိမ်တိုင်းမှာရှိတယ်၊ မီးဖုတ်စားလို့ရမှန်း အဲ့ဒီတုန်းကမှ သိခဲ့တာ၊ လူတွေအများကြီးနဲ့ဝေး၊ အင်တာနက်မရတဲ့အချိန်၊ ဘာကိုမှ မတွေးမိဘဲ သဘာဝနဲ့ အနီးစပ်ဆုံးရှိနေရတဲ့ ခံစားချက်က ပြန်တွေးမိတိုင်း အေးချမ်းနေရတုန်းပဲ”လို့ အဲ့တုန်းက ခံစားချက်ကို မသိမ့်သိမ့်သူက ပြန်ပြောပြပါတယ်။

တောင်တက်ခြင်းအပြင်၊ မာရသွန်ပြေးတာကိုလည်း သူက ဝါသနာပါသူဖြစ်ပါတယ်။ ရခိုင်ကိုအလုပ်နဲ့ မရွှေ့ခင် ၂၀၁၉ ထိ ရန်ကုန်မှာ Yoma Marathon၊  Pocari Sweat Run တို့ကို အမြဲ ဝင်ပြေးဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။

 “Yoma ကတော့ Full Marathon မဟုတ်ဘဲ 21Km Half Marathon ပြေးတယ်၊ ရခိုင်ရောက်တော့ တယောက်တည်း မနက်တိုင်း ကိုယ့်ကျန်းမာရေးအတွက် ပြေးဖြစ်တယ်”လို့ မသိမ့်သိမ့်သူက သူ့ဝါသနာကို ပြောပြပါတယ်။

အရင်တုန်းကတော့ သန်တယ်စွမ်းတယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာအရ တောင်တက်နိုင်တာ၊ မာရသွန် ပြေးနိုင်တာ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တာလို့ သူက ထင်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခုလို ကိုယ်ခန္ဓာမလှုပ်ရှားနိုင်တော့တဲ့ အခြေအနေကို ရောက်တဲ့အခါကျမှ ‘တကယ့်သန်စွမ်း ခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု’ ဆိုတာကို နားလည်လာရတယ်လို့ ဆိုပါတယ်။

မသိမ့်သိမ့်သူဟာ မတော်တဆမှုကြောင့် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခြေလှမ်းတွေ ရပ်တန့်သွားခဲ့ပေမယ့် စွမ်းဆောင်ရည်တွေကိုတော့ မရပ်တန့်စေခဲ့ပါဘူး။

မူလအသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ နယ်ပယ်မှာဆက်ပြီး လုပ်ဖို့ မလွယ်ကူတော့တဲ့ မသိမ့်သိမ့်သူဟာ အိမ်ကနေ အလုပ်ဆက်လုပ်လို့ရနိုင်မယ့် တခြားအတတ်ပညာတခုကို စဉ်းစား ရွေးချယ်ရပါတယ်။ မူလကတည်းက စာရေးခြင်း၊ စာဖတ်ခြင်းကို ဝါသနာပါတဲ့ သူဟာ Content Writing သင်တန်းတက်ခဲ့ပြီး နယ်ပယ်အသစ်မှာ အမီလိုက်ပြီး အလုပ်လုပ်ခဲ့ပါတယ်။

၂၀၂၅ မတ်လထဲမှာပဲ Content Writer အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုနိုင်မယ့် အလုပ်တခုကို ရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ဆေးခန်းတခုရဲ့ Content တွေကို ရေးသားပေးရတဲ့ Content Writer တဦးအနေနဲ့ အိမ်ကပဲ အလုပ်လုပ်ကိုင်နေပါတယ်။

ဒါ့အပြင် Beyond the Disability ဆိုတဲ့ သူ့ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာတခုဖြစ်တဲ့’Beyond the Disability’ ကနေတဆင့် မသန်စွမ်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆောင်းပါးတွေ ရေးသားနေ ပါတယ်။

“အိပ်ရာပေါ်မှာပဲ ရှိနေပေမဲ့ စိတ်ဓာတ်မကျဘဲ ရှေ့ဆက်ဖို့ ကြိုးစားနေတာလည်း သန်စွမ်းခြင်းတမျိုးပဲ လို့ ခံစားရတယ်၊ ဒါကြောင့်မို့လို့လည်း ကျွန်မရဲ့ Page နာမည်ကို မသန်စွမ်းမှုရဲ့ အလွန်၊ ကန့်သတ်ချက် တွေရဲ့ အလွန်ဆိုပြီး လို့ ပေးခဲ့တာပါ၊  မသန်စွမ်းသူတွေမှာလည်း မသန်စွမ်းမှုကို ကျော်လွန်ပြီး လုပ်နိုင်စွမ်းတွေ ရှိပါတယ်”လို့မသိမ့်သိမ့်သူက သူ့ခံယူချက်ကိုပြောပါတယ်။

အရင်က သူနာပြုသင်တန်းကျောင်းမှာ ဆရာမလုပ်နေတဲ့အချိန်တုန်းက ဆရာတယောက်က သူ့ကို လုပ်ချင်ပြီး မလုပ်ဖြစ်သေးတဲ့ အလုပ်တခုအကြောင်း မေးတုန်းက “မသန်စွမ်းကလေးတွေကို စာသင် ပေးတဲ့ ဆရာမ” ဖြစ်ချင်တယ်လို့ မှတ်မှတ်ရရဖြေခဲ့ဖူးတယ်လို့ မသိမ့်သိမ့်သူက ဆိုပါတယ်။

သူကိုယ်တိုင်မသန်စွမ်းမဖြစ်ခင်တုန်းက ဟယ်လင်ကယ်လာ၊ စတီဗင်ဟော့ကင်း စတဲ့ မသန်စွမ်း စွမ်းဆောင်ရှင်တွေရဲ့ အထုပတ္တိတွေကို ဖတ်ခဲ့၊ သိခဲ့သလို မြန်မာပြည်ကဆို ခြေထောက်နဲ့ Crochet ထိုးတဲ့ မသန်စွမ်းအမျိုးသမီးစွမ်းဆောင်နိုင်သူတဦးကိုလည်း မြင်နေတွေ့တဲ့အခါ မသန်စွမ်းသူတွေဟာ တဆင့်နိမ့်တယ်၊ မလုပ်နိုင်ဘူး၊ မစွမ်းနိုင်ဘူးဆိုတဲ့ အတွေးမျိုး မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။

သူရဲ့ ၂၄နာရီကို အိပ်ယာပေါ်နဲ့ ဘီးတပ်ကုလားထိုင်ပေါ်မှာနေထိုင်ရင်း အချိန်တွေကို မကုန်ဆုံးစေချင် တဲ့ မသိမ့်သိမ့်သူဟာ နိုင်ငံတကာတက္ကသိုလ်တွေက ပို့ချတဲ့ ဘာသာရပ်တချို့ကို ဆက်လက်သင်ယူဖို့ ကြိုးစားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်နှစ်လယ်ပိုင်းမှာတော့  သူငယ်ချင်းတယောက်ပို့လာတဲ့ အမေရိကားက အွန်လိုင်း တက္ကသိုလ် တခုဖြစ်တဲ့ University of the People ကို လျှောက်ခဲ့ပါတယ်။ အမေရိကားက ဘွဲ့တစ်ခုက မသန်စွမ်းသူအတွက် Remote Job တခုကို အိမ်ကနေပဲ အလုပ်လုပ်လို့ရဖို့ အထောက်အပံ့တခု ဖြစ်လာမှာပဲဆိုပြီး Associate’s Degree အတွက် ပညာသင်ဆုလျှောက်ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဘွဲ့မရသေးတဲ့ လူငယ်တွေအတွက်သာရည်ရွယ်ထားကြောင့် အငြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ဇွဲမလျှော့တဲ့သူဟာ  မသန်စွမ်းသူဆိုတဲ့အကြောင်း၊ မူလရရှိထားတဲ့ဘွဲ့နဲ့မဟုတ်ဘဲ အလုပ်အကိုင် အသစ်တခုနဲ့ ဘဝအသစ်တခုကို ပြန်လည်စတင်ရမှာဖြစ်တဲ့အကြောင်း၊ အလုပ်အကိုင်နောက်ခံ အကြောင်းအရာတွေ ထည့်သွင်းပြီး ဒုတိယအကြိမ် လျှောက်လိုက်တဲ့အခါ ပညာသင်ဆု ရရှိခဲ့ပါတော့ တယ်။

ကြားထဲမှာ ဆေးရုံ ခဏ ခဏပြန်တက်ရတာတွေ ရှိပေမဲ့ ဆေးရုံမှာပဲ Assignmentsတွေ လုပ်ရင်း၊ Term တခုမှာ Course ၂ခု ပုံမှန်ယူရင်း၊ ၂နှစ်အကြာ ၂၀၂၄ မှာ UoPeople က ဘွဲ့ကို ရခဲ့ပါတယ်။

“ကျွန်တော်က ကုတင်ပေါ်မှာ ကိုယ့်ဟာကိုယ် ဟိုဘက်ဒီဘက်တောင် မစောင်းနိုင်တဲ့သူဆိုတော့ နွေရာသီဆို ပူလွန်းလို့ စာထဲ အာရုံမစိုက်နိုင်ဘူး” လို့ မသိမ့်သိမ့်သူက သူ့ပညာသင်ယူခဲ့တဲ့ အတွေ့အကြောင်းရေးထားတဲ့ဆောင်းပါးမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ၂၀၂၅ ခုနှစ်၊ မတ်မှာ  Harpswell ရဲ့ Asian Women Leadership Summit မှာ ရွေးချယ်ခံခဲ့ရပါတယ်။ အာဆီယံ နဲ့ နီပေါ ၁၁ နိုင်ငံကနေ လျှောက်တဲ့လူပေါင်း ၃၀၀ကျော်မှာ သူအပါအဝင် မြန်မာနိုင်ငံက  ၄ယောက် ရွေးချယ်ခံခဲ့ရပါတယ်။ မေလကနေ ဩဂုတ်လအထိ အွန်လိုင်းကနေတက်နိုင်ခဲ့ပြီး မလေးရှားနိုင်ငံမှာ လူကိုယ်တိုင်သွားတက်ဖို့ ကြုံလာချိန်မှာတော့  သွားရေးလာရေး၊ နေဖို့ ထိုင်ဖို့ ဝှီးချဲအသုံးပြုသူအတွက် အဆင်မပြေလို့ သွားတက်ခွင့်မရခဲ့ဘူးလို့ မသိမ့်သိမ့်သူကပြောပါတယ်။

ဒီအခွင့်အရေးမှာတင်မဟုတ်ဘဲ  တခြားနေရာတွေမှာလည်း မသန်စွမ်းသူတွေကို အမြဲတမ်းထည့်သွင်း စဉ်းစားဖို့  မေ့ကျန်ရစ်ကြတယ်လို့ဆိုပါတယ်။  

“ကျွန်မသိတဲ့ တန်းတူညီမျှအခွင့်အရေး Inclusion ဆိုတာက ကျွန်မတို့က ကိစ္စတခု စစီစဥ်ပြီ ဆိုကတည်းက မသန်စွမ်းသူတွေပါ ပါဝင်နိုင်အောင် ထည့်သွင်းစဉ်းစားရမှာပါ၊ ဥပမာ လျှောက်တဲ့ ဖောင်ထဲမှာ မသန်စွမ်းသူတွေပါနိုင်လားဆိုပြီး နဂိုထဲက ထည့်စဉ်းစားပြီး မသန်စွမ်းသူတွေ စဉ်းစားပေး ရမှာပါ၊  လက်လှမ်းမီအောင်တဲ့အဆောက်အအုံမျိုး ဖြစ်ရမယ်၊ သူတို့အတွက် အဆင်ပြေအောင် စီစဉ် ပေးရမယ်၊ ကျွန်မတော့အဲ့လိုမျိုးပဲတွေးမိတယ်”လို့ဆိုပါတယ်။

ဒါကသီးသန့်ကြီးခွဲခြားဆက်ဆံခံရတာမဟုတ်ပေမယ့်  ဝှီးချဲအသုံးပြုသူဖြစ်လို့ မသန်စွမ်းသူဖြစ်လို့ ဝှီးချဲအတွက်အဆင်မပြေမှာစိုးလို့ ဆိုတဲ့ အတားအဆီးတွေ နေရာတိုင်းမှာရှိနေတဲ့အတွက် မသန်စွမ်း သူတွေဟာ လုပ်နိုင်စွမ်းရှိနေလည်းပဲ ဒီလိုအတားအဆီးတွေကြောင့် နောက်ကျန်ရစ်ကြရပါတယ်လို့ မသိမ့်သိမ့်သူက ပြောပါတယ်။

ဒါပေမဲ့ မသန်စွမ်းသူတယောက်ဖြစ်လာပြီး နောက်ပိုင်းမှာ စိတ်အကျေနပ်ရဆုံး ပညာသင်ခရီးတိုတခု ကိုလည်း သူကြုံခွင့်ရခဲ့ပါသေးတယ်။

အဲဒါကတော့ ၂၀၂၅ခု၊ ဧပြီမှာတော့ Australia Awards Myanmar က စီစဉ်ပြီး The University of Queensland က ပို့ချတဲ့ Short Course အတွက် Scholarship ရခဲ့ပြီး ဘန်ကောက်မှာ ရက်ရှည် သွားပြီး တက်ရောက်ခဲ့ရတဲ့အတွေ့အကြုံပဲဖြစ်ပါတယ်။

လေဆိပ်ကဆင်းဆင်းချင်း ဝှီးချဲပါတက်လို့ရတဲ့ကားစီစဉ်ပေးတာ၊ ဟိုတယ်က အိမ်သာက ဝှီးချဲဝင်ရတာ အဆင်မပြေလို့ ဝှီးချဲဆံ့တဲ့ အခန်းပြောင်းပေးတာ၊ ထမင်းစားခန်းထဲမှာ သက်သောင့်သက်သာရှိရှိ စားလို့ မရမှာစိုးလို့ အခန်းထဲထိ ထမင်းပွဲ ပို့ပေးတာ၊ ကျန်းမာရေးအတွက် အဖော်လိုက်ပေးတဲ့သူ အတွက်ပါ တာဝန်ယူပေးတာတွေဆောင်ရွက်ပေးပါတယ်။

“ဒါမျိုးက မသန်စွမ်းသူမို့ မျက်နှာသာပေးတာမဟုတ်ဘဲ တန်းတူရအောင်လုပ်ပေးတာပါ၊   ကျန်းမာရေး ကိစ္စကအစ အစစအရာရာ  အားလုံးအဆင်ပြေ လက်လှမ်းမီအောင်လုပ်ပေးတယ်၊ ဒါက တကယ် တန်းတူညီမျှမှု လုပ်ပေးတယ်လို့ယူဆတယ်”လို့ ဆိုပါတယ်။

မသိမ့်သိမ့်သူဟာ  မသန်စွမ်းသူတွေ၊ အထူးသဖြင့် မသန်စွမ်းအမျိုးသမီးတွေရဲ့ အခြေအနေတွေကို ၂၀၂၂ ခုနှစ်မှာ အွန်လိုင်းကနေ မြန်မာနိုင်ငံမသန်စွမ်းအမျိုးသမီးများကွန်ရက် (Myanmar Women With Disabilities Network)ကို တွေ့ပြီး အဖွဲ့ဝင်ရာကနေ ပိုနားလည်လာခဲ့တယ်လို့ဆိုပါတယ်။

“အရင်တုန်းကတွေးတာကတော့ ငါ့မှဖြစ်ရလေချင်း၊ ငါက လူတွေအတွက် ကူညီတဲ့လူဖြစ်ခဲ့တယ်၊ ငါက အသုံးဝင်တယ်ပေါ့၊ ငါ့လိုအသုံးဝင်တဲ့လူတယောက်ဒီလိုဖြစ်လိုက်လေခြင်းပေါ့၊ ယူကျုံးမရ ဖြစ်တာပေါ့၊  ခုကျ ငါက သူများအကူအညီပြန်ယူနေရတဲ့သူဖြစ်သွားတယ် ”လို့မသိမ့်သိမ့်သူက ပြောပါတယ်။

မသန်စွမ်းအမျိုးသမီးတွေစုစည်းထားတဲ့ အဖွဲ့ကိုဝင်ရောက်ပြီးတဲ့နောက်မှာတော့ ကိုယ်ပဲ အခက်အခဲ တွေနဲ့ကြုံနေတာမဟုတ်ဘူး၊ ကိုယ့်ထက် အခက်အခဲကြုံနေတဲ့သူတွေ ရှိတယ်၊ အဲ့ဒီအတွက် အသံထွက်ပေးဖို့လိုတယ်ဆိုတဲ့ အတွေးကိုရခဲ့သလို၊ မသန်စွမ်းအမျိုးသမီးအရေးကို လုပ်ဖို့ ပိုပြီး ဆန္ဒပြင်းပြလာခဲ့တယ်လို့ဆိုပါတယ်။

“အဲ့ဒါကြောင့် Beyond the disability Pageလေးလုပ်ခဲ့တယ်၊ အခုနောက်ပိုင်းတော့ မသန်စွမ်း အမျိုးသမီးတွေတင်မကဘူး၊ မသန်စွမ်းနဲ့ ပတ်သက်တဲ့အရာမှန်သမျှ  သတိထားမိလာဖို့၊ မသန်စွမ်းသူတွေဘဝ ပိုနားလည်လာဖို့ အဲ့လို ဦးတည်ပြီးတော့လုပ်ဖြစ်လာတယ်”လို့ မသိမ့်သိမ့်သူက ပြောပါတယ်။

မသန်စွမ်းအမျိုးသမီးအဖွဲ့မှာအစပိုင်းမှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်ခဲ့ပြီး ၂၀၂၅ မှာတော့ ရန်ကုန်တိုင်း ကိုယ်စားပြု အနေနဲ့ပါဝင်ခွင့်ရခဲ့ပါတယ်။ ပြည်နယ်ကိုယ်စားပြုသူတွေအနေနဲ့ အစည်းအဝေးတွေ၊ Traning တွေတက်ပြီး အဖွဲ့ဝင်တွေကို သင်တန်းပြန်ပေးတာတွေဆောင်ရွက်ရပါတယ်။  မသန်စွမ်း အမျိုးသမီးတွေဟာ အမျိုးသမီးဖြစ်နေတဲ့အတွက်‌ရော မသန်စွမ်းဖြစ်နေတဲ့အတွက်ရော  ၂ ဆ ခွဲခြားဆက်ဆံခံရတာ သူများထက် ၂ ဆ နောက်ကျန်ခဲ့ရတာတွေကိုမြင်တွေ့ရတယ် လို့ ဆိုပါတယ်။

ရန်ကုန်မှာဆို ဘတ်စကားစီးတာကအစ အိမ်ထဲက အိမ်ပြင်ထွက်ရင် ချိုင်းထောင့် အသုံးပြုသူတောင် အခက်အခဲတွေရှိတဲ့အတွက် သွားရေးလာရေးအဆင်မပြေတဲ့အခါ ရုံးတက်အလုပ်လုပ်ဖို့ အဆင်မပြေ နိုင်တဲ့အခြေအနေတွေရှိပါတယ်။ မသန်စွမ်းသူတွေ အိမ်ကလုပ်လို့ရတဲ့အလုပ်အကိုင် အခွင့်အလမ်း တွေက ရှားနေတုန်းပဲလို့ဆိုပါတယ်။ မသန်စွမ်းအမျိုးသမီးတွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေအပြင် ရှေးရိုးစွဲအယူအဆတွေကလည်း သူတို့ကိုထပ်ဆင့်ဖိနှိပ်မှုတွေရှိနေပြန်ပါတယ်။

သူက “မသန်စွမ်းအမျိုးသမီးတွေ ရင်ဖွင့်တာကြားမိတဲ့အခါ အများစုက အိမ်ထောင်ပြုတာ၊ မသန်စွမ်း ဖြစ်နေတာတောင် အိမ်ထောင်ပြုချင်သေးတာလား၊ ယောက်ျားယူချင်သေးတာလား ဆိုတာတွေ တော်တော်များများကြားရပါတယ်၊ မသန်စွမ်းသူတွေမှာလည်း သူ့ရဲ့ဘဝရှိတယ်၊ သူ့မှာရွေးချယ်ခွင့် ရှိတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်တွေလျှောက်တဲ့အခါမှာလည်း မသန်စွမ်းဖြစ်နေလို့ လုပ်နိုင်မှာမဟုတ်လောက်ဘူးဆိုတဲ့ စိတ်နဲ့အလုပ်မခန့်တာမျိုးတွေလည်း ရှိတယ်ဆိုပြီး တခြားမသန်စွမ်းအမျိုးသမီးတွေရဲ့ အခက်အခဲ‌တွေ ကိုလည်း ကြားသိရတယ်လို့ဆိုပါတယ်။

မသိမ့်သိမ့်သူဟာ ရှေ့ဆက်ပြီး မာစတာဆက်တက်ဖို့ပြင်ဆင်နေပြီး မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်တွေ၊ အခွင့်အလမ်းတွေကို မသန်စွမ်းသူတွေကိုယ်စားပြောပေးနိုင်မယ့် မူဝါဒပိုင်း ရေးဆွဲနိုင်တဲ့ နေရာတွေမှာပါ ပါဝင်ပြီးဆောင်ရွက်နိုင်တဲ့အထိ သွားချင်တယ်လို့ သူ့ဆန္ဒကိုပြောပါတယ်။

အရင်တုန်းက စစ်ဘေးရှောင်စခန်းမှာ လူနာတွေကို ဆေးကုရတာသဘောကျခဲ့တဲ့ မသိမ့်သိမ့်သူဟာ မသန်စွမ်းဖြစ်သွားတဲ့အခါမှာတော့ မသန်စွမ်းသူတွေအတွက် အသံထွက်ပေးမယ်ဆိုတဲ့ ရည်မှန်းချက် တွေ ပြောင်းလဲသွားခဲ့ပါတယ်။ ရည်မှန်းချက်တွေအပြင် ဘဝနေထိုင်မှုပုံစံတွေလည်း ပြောင်းလဲသွားပါ တော့တယ်။

သူ ဒီလိုဘဝကိုဆက်လက်ရပ်တည်နိုင်ဖို့အတွက် မိသားစု၊ ချစ်ရသူနဲ့ သူငယ်ချင်းတွေက အဓိက စိတ်ခွန်အား ပေးသူတွေဖြစ်ခဲ့ပါတယ်။

“အိပ်ရာပေါ် လဲနေတဲ့အချိန်မှာ သနားစရာ လူနာတယောက်လို မဆက်ဆံဘဲ အရင်အတိုင်း တန်ဖိုးထား ဆက်ဆံပေးပြီး အိပ်မက်တွေကို ဆက်လုပ်ဖို့ နောက်ကွယ်ကနေ အမြဲ တွန်းအားပေးပါတယ်၊  လုပ်နိုင်တယ်ဆိုတာ ယုံကြည်ကြတယ်၊  သူတို့က ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရော ဘယ်လို ထောက်ပံ့ပေးရမလဲပဲ တွေးနေကြတာပါ”လို့ ဆိုပါတယ်။

လေးစားအားကျရတဲ့ မသန်စွမ်း ထူးချွန်ထင်ရှားသူ စံပြပုဂ္ဂိုလ်ဆိုပြီးတော့ သီးသန့်မရှိပေမယ့် မသန်စွမ်းအရေးတွေမှာ ပါဝင်လှုပ်ရှားတဲ့အခါမှာ လက်တွေ့ဘဝထဲမှာ ရုန်းကန်နေရတဲ့ မသန်စွမ်း အမျိုးသမီးတွေ၊ အခက်အခဲပေါင်းစုံကြားကနေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစား နေကြတဲ့ အမျိုးသမီးတယောက်ချင်းစီရဲ့ ဇာတ်လမ်းတွေ၊ သူတို့ရဲ့ ကြိုးစားမှုတွေကပဲ နေ့စဉ် ခွန်အား ရစေခဲ့တယ်လို့ မသိမ့်သိမ့်သူကပြောပါတယ်။

ငယ်ငယ်တုန်းကတော့ ခိုင်မာတဲ့ရည်မှန်းချက်မရှိခဲ့ဖူးပေမယ့် ဘယ်အရပ်ဒေသမှာပဲ ရောက်ရောက် သူများကို အကျိုးပြုနိုင်တဲ့သူ၊ လူ့အဖွဲ့အစည်းကို ကူညီပေးနိုင်တဲ့သူ’ တယောက် ဖြစ်ချင်ခဲ့တာက မသိမ့်သိမ့်သူရဲ့ အိပ်မက်ပါပဲ။

“သူနာပြုအလုပ်လုပ်ခဲ့တဲ့ အလုပ်တလျှောက်မှာလည်း စစ်ဘေးရှောင် စခန်းက လူနာတွေ ကြည့်ပေး ရတဲ့ အချိန်တွေက (ဆေးဝါးကုသမှု လက်လှမ်းမမီကြတဲ့အရပ်ဒေသက လူတွေကို ကုပေးရလို့) ဆေးရုံမှာ လုပ်ခဲ့အချိန်တွေထက်တောင် ဂုဏ်ယူခဲ့တယ်”လို့ ဆိုပါတယ်။

မတော်တဆမှုကြောင့် မသန်စွမ်းဖြစ်သွားတဲ့အခါမှာလည်း ရည်မှန်းချက်က ပျောက်မသွားပါဘူးလို့ မသိမ့်သိမ့်သူကဆိုပါတယ်။

“အရင်က လူနာတွေကို ကိုယ်တိုင် ပြုစုကုသပေးခဲ့တာဆိုရင် အခုတော့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ အွန်လိုင်းကနေတဆင့် အသံထွက်ပေးပြီး လူ့အဖွဲ့အစည်းကို ဆက်အကျိုးပြု‌နေတယ်ဆိုတဲ့ ရည်မှန်းချက်ကို ဆက်လုပ်နေတယ်”လို့ ဆိုပါတယ်။

တောင်တက်ခရီးစဉ်တွေမှာ ကြုံခဲ့ရတဲ့ ပင်ပန်းမှု၊ အခက်အခဲတွေ၊ အတွေ့အကြုံတွေဟာ သူ မသန်စွမ်း တယောက်ဖြစ်လာချိန်မှာ ရှေ့ဆက်လျှောက်ရမယ့် ဇွဲနဲ့ ခံနိုင်ရည်ရှိမှုတွေ ပေးစွမ်းနိုင်ခဲ့တယ်လို့ သူကဖွင့်ဟပါတယ်။

“ဒီနေရာမှာပဲရပ်လိုက်မလားဆိုလည်း ရပ်နေရင်လည်း ဒီတိုင်းပဲရှိနေမှာ ဘာမှရွေးစရာလည်းမရှိဘူး၊ ရှေ့ကိုပဲ လျှောက်မှရမယ်၊ နောက်ပြန်ဆုတ်လို့လည်းမရဘူး၊ ဖြစ်ပြီးသွားပြီ၊ ဘာမှမတတ်နိုင်တော့ဘူး၊ ရှေ့ဆက်လျှောက်ဖို့လမ်းတခုပဲရှိတယ်၊ ကိုယ့်ကိုယ်ကို အားပေးတဲ့အနေနဲ့ ဆက်လျှောက်ဆိုတဲ့ တက်တူးတောင် ထိုးထားတယ်”လို့ မသိမ့်သိမ့်သူက ရယ်မောရင်း ဆိုပါတယ်။

လက်ရှိမှာတော့ ဖုန်းထဲကနေတဆင့် ကမ္ဘာကြီးနဲ့ချိတ်ဆက်ပြီးတော့ ပညာရပ်အသစ်တွေ လေ့လာတာ၊ ဘာသာစကားအသစ်တွေ လေ့လာတာ၊ ဗီဒီယိုတည်းဖြတ်တာလေ့လာတာ စတာတွေကို ဝါသနာအသစ် တွေအဖြစ် ဆက်လုပ်နေပါတယ်။ မသိမ့်သိမ့်သူအနေနဲ့ကတော့ ပညာရေးက သူ့ရဲ့ပိတ်သွားတဲ့ လမ်းတွေကို ဖောက်ဖို့အတွက် အကောင်းဆုံးလက်နက်ပဲလို့ ယုံကြည်ထားပါတယ်။

တောင်တက်ခြင်းကိုဝါသနာပါပြီး၊ ကျန်းမာရေးဝန်ထမ်းတဦးလည်းဖြစ်ခဲ့ဖူးသလို လက်ရှိအချိန်မှာ မသန်စွမ်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ဖြစ်တဲ့ မသိမ့်သိမ့်သူက သူ့ ခံယူချက်ကို အခုလို တိတိကျကျ ထုတ်ဖော်ပြောပြပါတယ်။

“ကိုယ့်ရဲ့အခြေအနေက ကိုယ့်တန်ဖိုးမဟုတ်ဘူး၊ ကိုယ်က မသန်စွမ်းသူ၊ ခန္ဓာကိုယ်အောက်ပိုင်းရော လက်တွေရောလှုပ်ရှားဖို့ခဲယဉ်းတယ်၊ အဲ့အခြေနေက တန်ဖိုးမကျသွားဘူး၊ ကိုယ့်ရဲ့အခြေအနေက ကိုယ့်တန်ဖိုးလို့ မသတ်မှတ်ဘူး၊ အဓိက ကိုယ်လုပ်နေတဲ့ ကိုယ့်ကြိုးစားအားထုတ်မှုကပဲ ကိုယ့်ရဲ့တန်ဖိုးလို့သတ်မှတ်တာ”