ယောက်မတချောင်းနဲ့ တိုက်ပွဲတွေအောင်နိုင်နေတဲ့ ရဲဘော်အီးတီ
ရှင်ငြိမ်း
ကရင်နီပြည်နယ်ရဲ့ အေးမြတဲ့ နံနက်ခင်းအချိန်မှာ ချက်ပြုတ်ရေးဆောင်ထဲက လူငယ်တယောက်ဟာ ချွေးတလုံးလုံးနဲ့ ကြော်လှော်ချက်ပြုတ်ရင်း အလုပ်ရှုပ်နေပါတယ်။
ရှေ့တန်းတိုက်ပွဲကနေ ပင်ပင်ပန်းပန်း ပြန်လာပြီး အိပ်ပျော်နေတဲ့ တိုက်ခိုက်ရေး ရဲဘော်တွေ၊ ရဲမေတွေ နိုးလာတဲ့အချိန်မှာ အဆင်သင့် စားသောက်နိုင်ဖို့အတွက် ဒီလူငယ်က ပြင်ဆင် ချက်ပြုတ်နေတာဖြစ်ပါတယ်။
သူကတော့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲ့ ဆေးတပ်သား ရဲဘော်အီးတီပဲဖြစ်ပါတယ်။
အသက် ၂၂နှစ်အရွယ် ရဲဘော်အီးတီတယောက် အခုလို ချက်ပြုတ်နေတာဟာ အချက်အပြုတ် ဝါသနာပါလွန်းလို့ မဟုတ်သလို၊ သူ့တယောက်တည်းရဲ့ တာဝန်မို့လို့လည်း မဟုတ်ပါဘူး။

ဧရာဝတီတိုင်း ပုသိမ်မြို့ဇာတိဖြစ်တဲ့ ရဲဘော် အီးတီဟာ မိသားစုမှာ တဦးတည်းသောသား ဖြစ်တာကြောင့် သူ့ဘဝ တလျှောက်လုံး မိဘတွေရဲ့ အလို လိုက်ခြင်းကို ခံခဲ့ရသူပါ။ မြို့ပေါ်မှာတုန်းကတော့ ဂစ်တာတီး၊ ဘောလုံးကန်၊ ခြင်းခတ်ပြီး ပညာရေးကိုပဲ အာရုံစိုက် ခဲ့တဲ့ ကျောင်းသား လူငယ်တယောက် ဖြစ်ခဲ့သလို၊ အိမ်ကချက်ကျွေးတာကိုပဲ ထိုင်စားခဲ့သူ ဖြစ်တယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လူငယ်တွေရဲ့ လွတ်လပ်ခွင့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး တောထဲ ဝင်လာခဲ့ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးနယ်မြေထဲသွားမယ့် သူ့ဆုံးဖြတ်ချက်ကို မိခင်ဖြစ်သူက “မှန်တယ်ထင်တာ လုပ်၊ သတိထား” လို့ မှာကြားခဲ့ ပေမဲ့ အဖွားနဲ့ အဒေါ်ကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတယ်။
တောထဲရောက်တဲ့အခါ အများနည်းတူ အခြေခံစစ်သင်တန်းနဲ့ ဆေးကုသရေးသင်တန်းတွေကို တက်ရောက်ခဲ့ပြီး အခုအချိန်မှာတော့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲ့ အမျိုးသားဆေးတပ်သားတဦး ဖြစ်နေပြီဖြစ်ပါတယ်။

ဒါပေမဲ့ အားလုံးက မြေပြင်ရှေ့တန်းထွက်နေချိန်မှာ ဒဏ်ရာရလူနာတွေနဲ့ တပ်ဖွဲ့ဝင်တွေအတွက် ‘အာဟာရဆိုတာ ဒုတိယ လက်နက်” လို့ သူက နားလည်ထားတာကြောင့် ချက်ပြုတ်ရေးတာဝန်ကိုပါ ဝင်ယူခဲ့ပါတော့တယ်။
ရဲဘော်အီးတီဟာ ဆူပွက်နေတဲ့ ထမင်းအိုးကို မွှေရင်း “သေနတ်မှာလည်း ယောက်ျား၊ မိန်းမ ခွဲခြားတာမရှိဘူး၊ လူသားဆိုတဲ့ အသိပဲ ရှိတယ်၊ ရှေ့တန်းမှာ အတူတိုက်ပြီး နောက်တန်းမှာ အတူချက်ပြုတ်တာဟာ ကျား၊ မ တန်းတူညီမျှရေးရဲ့ သဘောပဲလေ” လို့ ပြုံးရယ်ကာ စကားဆိုပါတယ်။
ဒါဟာ အရင်က မြင်တွေ့နေကျ “အမျိုးသားဆိုတာ ရှေ့တန်းထွက်၊ အမျိုးသမီးက နောက်ဖေးချောင်” ဆိုတဲ့ ပုံစံခွက်ဟောင်း တွေကို ရိုက်ချိုးလိုက်တဲ့ အတွေးအခေါ်နဲ့ မြင်ကွင်းလည်း ဖြစ်ပါတယ်။
“အရင်ကတော့ ထမင်းချက်တာ၊ အဝတ်လျှော်တာက အမျိုးသမီးတွေအလုပ်လို့ပဲ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီရောက်တော့ အားလုံးက တန်းတူပဲ၊ ကျနော်တို့အမျိုးသားတွေလည်း လူနာအတွက် ဆန်ပြုတ်ပြုတ်တယ်၊ ပတ်တီး ခေါက်တယ်၊ ပိုးသေ အောင် ပြန်ပေါင်းတယ်၊ လူနာကို သန့်ရှင်းရေးလုပ်ပေးတယ်၊ လူတယောက်ရဲ့ အသက်ကို ကယ်ဖို့ဆိုရင် ဘာအလုပ်ဖြစ်ဖြစ် သိမ်ငယ်စရာ မရှိဘူးဆိုတာ သိလာတယ်” လို့ ရဲဘော် အီးတီက သူ့အတွေ့အကြုံတွေကတဆင့်ရလာတဲ့ ခံယူချက်ကို ဖွင့်ဟပြောပြပါတယ်။
လူတယောက်အသက်ကို ကယ်ဖို့၊ ရှေ့တန်းပြန် ရဲဘော်ရဲမေတွေ ဗိုက်ဝဖို့အတွက် ထင်းခွဲ၊ ရေခပ်၊ မီးဖိုချောင်ဝင်၊ သန့်ရှင်းရေးလုပ် စတဲ့ တာဝန်တွေဟာ အမျိုးသမီးအလုပ်၊ အမျိုးသားအလုပ်ရယ်လို့ ခွဲခြားထားတာမရှိဘဲ အချင်းချင်းနားလည်မှုနဲ့ တန်းတူခွဲဝေယူကြရတာလို့ သူကဆိုပါတယ်။
အစကတည်းက စားဖိုမှူးမဟုတ်ခဲ့တဲ့ ရဲဘော် အီးတီအတွက် တောထဲက မီးဖိုချောင်ဟာ အစပိုင်းမှာတော့ စိန်ခေါ်မှုတခု ဖြစ်ခဲ့ပါတယ်။ ပထမဆုံးအကြိမ် အမျိုးသမီးရဲမေတဦးနဲ့အတူ ထမင်းချက်ဖို့ တာဝန်ကျတုန်းက မီးမွှေးတာကအစ အခက်တွေ့ခဲ့ရပုံကို သူက အခုလို ပြန်ပြောပြပါတယ်။
“အရင်က ဘာမှမလုပ်ခဲ့ရတော့ တောထဲရောက်လို့ ထမင်းချက်ရမယ်ဆိုကတည်းက မီးမွှေးတဲ့နေရာကစပြီး ပြဿနာဖြစ် တော့တာပဲ၊ ရဲမေက ဆန်ဘယ်လောက်ထည့်၊ ရေဘယ်လောက်ထည့်ဆိုတာ ပြောပြပြီး ဟင်းချက်ဖို့လုပ်တယ်၊ အဲ့မှာ ကျနော် မီးမွှေးတော့ ထင်းနဲ့ ထင်းရှူးဆီ သုံးချက်ရတာပေါ့၊ မီးက တော်တော်နဲ့ မတောက်ဘူး၊ နောက်ဆုံး ရဲမေလေး ဝိုင်းလုပ်ပေးလို့ အဆင်ပြေသွားတယ်”

မီးတောက်သွားပေမဲ့လည်း ထမင်းက မနပ်တာကြောင့် အိုးကိုအဖုံးဘက်ပြန်မှောက်ပြီး ထမင်းနပ်အောင် နှပ်ခဲ့ရတဲ့ အတွေ့အကြုံက သူ့အတွက်တော့ အသစ်အဆန်း ဖြစ်ခဲ့ပါတယ်။
အဲဒီနေ့က ရှေ့တန်းပြန် ရဲဘော်တွေ ထမင်းစားမကောင်းမှာကို သူ စိုးရိမ်နေပေမဲ့ ရဲဘော်ရဲဘက်တွေကတော့ “ဒါ ပထမဆုံးမို့ပါ၊ နောက်ဆို အဆင်ပြေသွားလိမ့်မယ်” လို့ အားပေးခဲ့ကြပါတယ်။
အခုဆိုရင်တော့ တပ်ထဲရောက်တာ (၄) နှစ်နီးပါး ရှိလာပြီဖြစ်လို့ ရဲဘော် အီးတီဟာ ဆေးတပ်သားတယောက်အနေနဲ့ သေနတ်ကိုင်၊ လူနာပြုစုတတ်ရုံတင်မကဘဲ ထမင်းဟင်းချက်ပြုတ်ရေးကိရိယာဖြစ်တဲ့ ယောက်မကိုပါ စနစ်တကျနဲ့ ကျွမ်းကျင်စွာ ကိုင်တတ်နေပြီ ဖြစ်ပါတယ်။ အခုဆိုရင် ထမင်းအိုးကို မွှေကြည့်ရုံနဲ့ နပ်မနပ်ဆိုတာကို ရဲဘော်အီးတီ တယောက် သိနေပြီဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက အိမ်မှာ စားခဲ့ရတဲ့ အမိုး(အမေ)ရဲ့ လက်ရာကို လွမ်းဆွတ်နေတဲ့ ရဲဘော် အီးတီဟာ အမေလက်ရာ အတိုင်း ကောင်းအောင် ချက်ပြုတ်မယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။
ရဲဘော် အီးတီတယောက် “အမျိုးသမီးတွေဆိုတာ မီးဖိုချောင်မှာပဲ ရှိသင့်တယ်”ပုံစံခွက်တွေကို ရိုက်ချိုးနေချိန်မှာပဲ၊ အခြားတဖက် မှာလည်း အဲဒီလိုအယူအဆတွေကို ကျော်ဖြတ်ပြီး ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးဆေးအဖွဲ့ဝင်တွေ ရှိနေကြပါတယ်။
သူတို့ဟာ ခက်ခဲကြမ်းတမ်းတဲ့ တောတောင်တွေ၊ အန္တရာယ်တွေကြားမှာ ဆေးသေတ္တာတွေ ကိုယ်စီလွယ်လို့ ရှေ့တန်းအထိ ရဲရဲရင့်ရင့်လိုက်ပါပြီး အမျိုးသားစစ်သည်တွေနဲ့ တန်းတူအသက်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။
ရှေ့တန်း စစ်မြေပြင်ကို လိုက်ပါတာဝန်ထမ်းနေတဲ့ ဆေးအဖွဲ့မှ ရှေ့တန်းသူနာပြု ဆရာမ နော်အယ်ဝါးက “ရှေ့တန်းက အသက်ကယ်သလို မီးဖိုချောင်ကလည်း အသက်ဆက်ပေးတာမို့ တာဝန်ရဲ့ လေးနက်မှုက တန်းတူပါပဲလို့ သူ့ခံယူချက်ကို ထုတ်ဖော်ပြောပြပါတယ်။

သူနာပြုဒီပလိုမာနဲ့ ကျောင်းပြီးထားတဲ့ ဆရာမ နော်အယ်ဝါးဟာ ၂၀၂၁ ခုနှစ် CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) မှာ ပါဝင်ခဲ့ သူ ဖြစ်ပါတယ်။ မြို့ပေါ်က ဆေးရုံကြီးမှာ အေးအေးဆေးဆေး တာဝန်ထမ်းဆောင်နိုင်ပေမဲ့ မြေပြင်မှာ ဆေးကုသမှု တကယ် လိုအပ်နေတာကို သိတာကြောင့် တောထဲကို ထွက်လာဖို့ ရွေးချယ်ခဲ့သူပါ။
ရဲဘော်အီးတီလိုပဲ တဦးတည်းသောသမီးဖြစ်တဲ့ နော်အယ်ဝါးကို သူ့မိဘတွေက စိုးရိမ်စိတ်နဲ့ တားဆီးခဲ့ကြပေမဲ့ “လူနာတွေ နားမှာ၊ ရဲဘော်တွေကြားမှာ သူနာပြုတွေလည်း ရှိဖို့လိုတယ်” ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် နောက်ဆုံးမှာတော့ ခွင့်ပြုပေးခဲ့ ကြပါတယ်။
“ရှေ့တန်းကနေ လူနာသယ်လာပြီဆိုရင် ကျမတို့မှာ မိန်းကလေးမို့လို့ ခွန်အားမရှိဘူးလို့ တွေးနေဖို့ အချိန်မရှိဘူး” လို့ သူက ဆိုပါတယ်။
နော်အယ်ဝါးဟာ လူနာကို ဒီးမော့ဆို PDF ရဲ့ ဆေးခန်းထဲမှာတင် ထိုင်စောင့်နေတာမျိုး မဟုတ်ဘဲ တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းနဲ့ အနီးဆုံးနေရာအထိ လိုက်ပါတာဝန်ထမ်းဆောင်လေ့ရှိပါတယ်။
“အမျိုးသမီးမို့လို့ အန္တရာယ်ရှိတယ်၊ နောက်တန်းမှာပဲနေပါ” ဆိုတဲ့ အစဉ်အလာအမြင်တွေကို သူက လက်မခံပါဘူး။ ဒဏ်ရာရ ရချင်း အရေးကြီးဆုံးအချိန်မှာ ကုသပေးနိုင်ဖို့ ရှေ့တန်းလိုက်ရတာကိုပဲ နော်အယ်ဝါးက ပိုသဘောကျတာ ဖြစ်တယ်။
“ဆရာဝန်၊ သူနာပြုဆိုတာ ကျား၊ မရယ် မရှိပါဘူး၊ လူနာရှိတဲ့နေရာဟာ ကျမတို့ရှိရမယ့်နေရာပဲ၊ ရှေ့တန်းမှာ ယောက်ျား လေးတွေနဲ့အတူ တာဝန်ထမ်းရတာဟာ ကျမအတွက်တော့ ခွဲခြားမှုမရှိတဲ့ တန်းတူညီမျှခြင်းပါပဲ၊ ရှေ့တန်းလိုက်ရတာက အသက်နဲ့ ခန္ဓာ အချိန်မရွေးကျနိုင်လို့ သတိအမြဲထားရတယ်” လို့ သူက ဆိုပါတယ်။
သူဟာ အမျိုးသမီးမို့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အခွင့်အရေးမယူဘဲ တပ်ထဲက အမျိုးသားဆရာဝန်တွေနဲ့ ဆေးတပ်သားတွေနဲ့ တာဝန်တွေကို တန်းတူခွဲဝေယူထားပါတယ်။ ထမင်းချက် တာဝန်ကျရင်လည်း မပျက်မကွက် ထမ်းဆောင်သလို၊ ရှေ့တန်းမှာလည်း အမျိုးသားရဲဘော်တွေ စိတ်အနှောင့်အယှက်မဖြစ်ရအောင် တန်းတူနေထိုင် ရင်ဆိုင်ခဲ့ပါတယ်။
“စစ်မတိုက်ဘဲ နောက်ဖေးမီးဖိုချောင်မှာပဲ ချက်ပြုတ်ရေး လုပ်နေရတဲ့သူတွေကို ဘယ်လိုမြင်လဲ” လို့ မေးတဲ့အခါမှာတော့
“ကျမတို့ လူ့အဖွဲ့အစည်းမှာ ‘နောက်ဖေးမီးဖိုချောင်’ လို့ ပြောလိုက်ရင် အစဉ်အလာအရ အမျိုးသမီးတွေပဲ လုပ်ရမယ့် အလုပ်၊ ဒါမှမဟုတ် ရှေ့တန်းကလောက် အရေးမပါတဲ့ အလုပ်တခုလို ကဲ့ရဲ့ချင်ကြတယ်။ ဒါဟာ လုံးဝအမှားကြီးပါ”လို့ နော်အယ်ဝါးက ရဲရဲဝံ့ဝံ့ ထောက်ပြပါတယ်။
စစ်မြေပြင်မှာ ‘နောက်တန်း’ ဆိုတာ မရှိဘဲ အားလုံးက ‘တိုက်ပွဲဝင်နေကြတာ’ ဖြစ်သလို၊ ရှေ့တန်းက ရဲဘော်တွေ သေနတ်ကိုင်ပြီး စိတ်အေးလက်အေး တိုက်ပွဲဝင်နိုင်တာဟာ နောက်ဖေးမီးဖိုချောင်ကနေ သစ္စာရှိရှိ ပံ့ပိုးပေးနေတဲ့သူတွေ ရှိလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် မီးဖိုချောင်မှာ ချက်ပြုတ်နေရတဲ့သူတွေကို အထင်သေးစရာ၊ ‘သူတို့က စစ်မတိုက်ရဲလို့ နောက်တန်းမှာနေတာ’ ဆိုပြီး ခွဲခြားစရာ လုံးဝမလိုဘဲ သူတို့ရဲ့ ချွေးစက်တွေ၊ ပင်ပန်းမှုတွေကလည်း တော်လှန်ရေးအတွက် အဖိုးတန်တဲ့ အင်အားစု တွေဖြစ်လို့ သူတို့ကို ရဲဘော်ရဲဘက်တွေအဖြစ် အပြည့်အဝ လေးစားပါတယ်လို့ နော်အယ်ဝါးက ဆိုပါတယ်။
ဒီးမော့ဆို PDF မှာတော့ ရဲဘော်အားလုံးဟာ ရှေ့တန်းစစ်တိုက်ထွက်ရသလို၊ နောက်တန်းမှာလည်း လူနာပြုစုတာ၊ ထမင်း ဟင်းချက်တာ၊ ရေခတ်တာနဲ့ မီးဖိုချောင်သန့်ရှင်းရေးတွေကို အလှည့်ကျ တာဝန်ယူကြတာ၊ တိုက်ပွဲနားတဲ့ အချိန်တွေမှာ အမျိုးသားအလုပ်၊ အမျိုးသမီးအလုပ်ဆိုပြီး ခွဲခြားမနေဘဲ လစ်ဟာတဲ့နေရာမှာ ဝိုင်းဝန်း တာဝန်ယူကြတာကို တွေ့ရပါတယ်။
တော်လှန်ရေးအဖွဲ့အများစုမှာ ထမင်း၊ ဟင်းချက်ပြုတ်ရေးတွေကို ယောက်ျားအလုပ်၊ မိန်းမ အလုပ်မခွဲဘဲ အလှည့်နဲ့ လုပ်ဆောင်လေ့ရှိပြီး တချို့ကတော့ စစ်သုံးပန့်တွေကို ချက်ပြုတ်ခိုင်းတာလည်းရှိတယ်လို့ သိရပါတယ်။
ချက်ပြုတ်ရေးတာဝန်ကို တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ ရဲဘော်အီးတီဟာ ဂီတကို ရူးသွပ်တဲ့ လူငယ်တဦး ဖြစ်ပါ တယ်။ လူငယ်အများစုက ကိုယ်ဝါသနာပါတာလေးတွေနဲ့ ဘဝကို အေးအေးဆေးဆေးဖြတ်သန်းချင်ပေမဲ့ စစ်တပ်အာဏာ သိမ်းလိုက်တဲ့အခါမှာတော့ ရဲဘော် အီးတီတို့လို လူငယ်တွေရဲ့အနာဂတ်နဲ့ လွတ်လပ်ခွင့်တွေ အားလုံး ပျောက်ဆုံးခဲ့ရ တာဖြစ်တယ်။
စစ်မြေပြင်ဆိုတာက သီချင်းဆို ဂစ်တာတီးတာလောက် မလွယ်ကူတဲ့အတွက် မြို့ပြလူငယ်တစ်ယောက်အတွက်တော့ စိန်ခေါ်မှုများပါတယ်။
ရဲဘော် အီးတီက“ရှေ့တန်းစိန်ခေါ်မှုကတော့ တခြားရဲဘော်တွေလို အစားအအိပ်ပျက်တာတွေရှိတယ်၊ နောက် ဆေးပိုင်း မှာတော့ ရဲဘော်တွေ ဒဏ်ရာအပြင်းအထန် ရလာရင် သွေးတွေနဲ့ လဲနေရင် ဆေးတပ်သားတယောက်အနေနဲ့ စိတ်ကို တည်ငြိမ်အောင်ထားရတာမလွယ်ဘူး”လို့ သူ့အခက်အခဲကို ပြောပြပါတယ်။
ဒါ့အပြင် အရေးပေါ်အသက်လုရတဲ့အခါ ကိုယ်ရဲ့ရဲဘော်ရဲဘက်တွေ ကျဆုံးသွားတာ မြင်တွေ့ရရင်တော့ လွန်စွာ ဝမ်းနည်း ပြီး စိတ်ဓါတ်ကျတာမျိုးနဲ့ ကြုံရလေ့ရှိတယ်လို့ သူက ဖွင့်ဟပါတယ်။
ဒါပေမဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ပေးဆပ်မှုနဲ့ ကျန်ရှိနေတဲ့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် စိတ်ပျက်အားလျော့ နေလို့မရဘူးဆိုတာလည်း ရဲဘော် အီးတီက နားလည်သဘောပေါက်ထားတာဖြစ်တယ်။
အိမ်မှာ မိခင်နဲ့ အဘွားဖြစ်သူတို့ ချက်ကျွေးသမျှကို ထိုင်စားခဲ့ပြီး မီးဖိုချောင်အလုပ်ကိုလည်း ဘာတခုမှ မတတ်ကျွမ်းခဲ့ပေမဲ့ ဒီမိုကရေစီပြည်သူ့ကာကွယ်ရေးတပ်ထဲမှာတော့ တာဝန်ထမ်းဆောင်ရင်း ထင်းမီးမွှေးတာကအစ စနစ်တကျနဲ့ ချက်ပြုတ် တတ်နေတဲ့ ရဲဘော် အီးတီက”ဒီတော်လှန်ရေးကြီး အောင်မြင်လို့ ကျနော် မျှော်လင့်တဲ့ လွတ်လပ်မှုတွေ တကယ်ရလာတဲ့ နေ့ကျရင်တော့ အရင်ကလိုပဲ ဂစ်တာလေးတီး၊ ဘောလုံးလေးကန်ရင်း ကိုယ်ချစ်တဲ့ အလုပ်တွေကို စိတ်အေးချမ်းသာစွာနဲ့ ပြန်လုပ်သွားချင် ပါတယ်”လို့ အနာဂတ်မျှော်လင့်ချက်ကို စကားဆိုပါတယ်။
နံနက်ခင်း ချွေးတလုံးလုံးနဲ့ ဟင်းချက်ပြီးလို့ ရဲဘော် အီးတီတယောက် မီးဖိုချောင်သန့်ရှင်းရေး လုပ်နေတဲ့အချိန်မှာပဲ ရဲဘော် တွေ တယောက်ပြီး တယောက် နိုးလာကြပါတယ်။ သူတို့ တကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး စားဖိုဆောင်ထဲ ရောက်လာတဲ့ အခါ အဆင်သင့်ရှိနေတဲ့ စားစရာတွေကို မြင်ပြီး “ဟေး ” လို့ သံပြိုင်အော်ကာ ပျော်ရွှင်သွားကြပါတယ်။
တောမီးဖိုချောင်လေးထဲက ပူနွေးတဲ့ နံနက်စာကို အတူတူသုံးဆောင်ပြီး၊ နောက်ရက်တွေအတွက် အားအင်ဖြည့်ရင်း၊ ကျား-မ ခွဲခြားမှုမရှိတဲ့ တန်းတူညီမျှခြင်း တော်လှန်ရေးခရီးကို တယောက်တလက် ဝိုင်းကူလို့ သူတို့ ဆက်လက်လျှောက်လှမ်းနေ ကြတဲ့ မြင်ကွင်းလို့ ဆိုရမှာဖြစ်ပါတယ်။
“ကျနော်ချက်ကျွေးတာကို ရဲဘော်တွေ အားရပါးရစားတာ မြင်ရတာဟာ တိုက်ပွဲတခုကို အနိုင်ရလိုက်သလိုပဲဗျာ “
ဒါကတော့ တော်လှန်ရေးရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ကြံ့ကြံ့ခံ ရပ်တည်နေဆဲဖြစ်တဲ့ ရဲဘော်အီးတီ ထုတ်ဖော်ပြောလိုက်တဲ့ သူ့ရဲ့ ပီတိပဲဖြစ်ပါတယ်။




