တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (ဧပြီ ၁၈ – ၂၄ ၊ ၂၀၂၆)

ဧပြီလ ၁၈ ရက်မှ ၂၄ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီး ဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်ကောက်နှုတ် စုစည်းဖော်ပြအပ်ပါတယ်။

ဒီတပတ်ရဲ့ထူးခြားတဲ့  အမျိုးသမီးသတင်းအကြောင်းအရာတွေထဲမှာ သမ္မတဦးဝင်းမြင့်ကိုစစ်တပ်က လွတ်ငြိမ်းပေးပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အသက်ရှင်လျှက် ရှိနေသေးကြောင်းသက်သေပြဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေ စတင်တဲ့သတင်းကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။  

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ လက်ရှိ မြန်မာနိုင်ငံ သမ္မတရာထူးကို အဓမ္မရယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ထုတ်ဖော်ပြောတယ်ဆိုတဲ့ သတင်းတပုဒ်ကိုလည်း တွေ့ရပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိသေးကြောင်း အာဏာသိမ်းစစ်အုပ်စုက အခုချိန်အထိ တရားဝင်ထုတ်ပြတာမျိုးမရှိသေးတဲ့အတွက် သူ့ရဲ့ မိသားစု၊ တရားမျှတမှုကို တန်ဖိုးထားတဲ့ မြန်မာနိုင်ငံ သားတွေ၊ နိုင်ငံတကာ၊ သံတမန်အသိုင်းအဝိုင်းတို့က သူ့ရဲ့ လုံခြုံရေး၊ ကျန်းမာရေးနဲ့ အသက်အန္တရာယ် ကျရောက်နေသလားဆိုတဲ့ စိုးရိမ်ပူပင်မှုတွေမြင့်တက်နေပါတယ်။ 

‘’Proof Of Life’’ ဆိုတဲ့ အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတခု ကိုလည်း နိုင်ငံတကာကပါဝင် လုပ်ဆောင်နေပါတယ်။

နောက်ထပ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလို စစ်ရာဇဝတ်မှုတွေကို ကျူးလွန် လာတဲ့ စစ်တပ်ဟာ ဒီတပတ်မှာလည်း မန္တလေး၊ ရွှေဘိုနဲ့ ဝက်လက်ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေပြုလုပ်ခဲ့ပြီး အမျိုးသမီးတွေသေဆုံးတာ၊ လူဦးရေ ၂ဒါဇင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြတာကို သတင်းဌာနတွေက မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။

စိတ်မကောင်းစရာသတင်းတွေထဲကမှ ဝမ်းသာစရာသတင်းတပုဒ်ကတော့ မွန်ပြည်နယ်ကနေ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်နေတဲ့ မြန်မာအမျိုးသမီးတဦး ဘတ် ၆သန်းထီ ၂စောင်တွဲပေါက်လို့ ဘတ် ၁၂ သန်းဆွတ်ခူးရရှိတယ်ဆိုတဲ့သတင်းပါပဲ။

ဒီသတင်းတွေအပြင် သတင်းမီဒီယာတွေမှာ ဒီတတပတ်တာအတွင်း ဖော်ပြထားတဲ့ အမျိုးသမီး အကြောင်းအရာနဲ့ အဓိကသက်ဆိုင်တဲ့ သတင်းတို ၁၀ ပုဒ်ကိုလည်း ပြန်လည်ဖတ်ရှုနိုင်ဖို့ စုစည်းတင်ပြ လိုက်ပါတယ်။

  • ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ နေပြည်တော်က ထိုင်းကိုပြောတယ်လို့ဆို
  • ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြရန် တောင်းဆိုသည့် လှုပ်ရှားမှု စတင်
  • မော်လမြိုင်ကျွန်းတွင် အမျိုးသမီးများပါ ကင်းစောင့်နေရပြီး ပျက်ကွက်ပါက ကျပ် ၁၅,၀၀၀ ပေးရ
  • ဒုရဲအုပ် ချယ်ရီထက်ကို လွတ်ရက်စေ့ပြီးနောက် ၁ နှစ်ခွဲကျော်ကြာသည်အထိ ပြန်မလွှတ်သေး
  • မန္တလေး၊ ငါန်းဇွန်မှာ ရှင်လောင်းလှည့်ချိန် လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီးငယ် ၁ ဦးသေဆုံး၁ ဒါဇင်ဒဏ်ရာရ
  • ရွှေဘိုတွင် စစ်တပ် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ
  • စစ်အုပ်စုကို ICC မှ စုံစမ်းစစ်ဆေးပေးဖို့ KWO တောင်းဆို
  • ဝက်လက်မှာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကျောင်းသား/သူနဲ့ ဆရာမအပါအဝင် ၁၁ ဦး ဒဏ်ရာရ
  • ရသေ့တောင်ဘက်က စက်လှေတစ်စီးနဲ့ ထွက်လာတဲ့မွတ်ဆလင်အမျိုးသမီး ၅ ဦးအပါအဝင် ၉ ဦးကို စစ်တွေတွင် မြန်မာစစ်တပ်ဖမ်းဆီး
  • ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး ဘတ် ၁၂ သန်း ထီပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ နေပြည်တော်က ထိုင်းကို ပြောတယ်လို့ဆို

Source – BBC Burmese

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက် ထားပြီး သူ့အတွက် အကောင်းဘက်ကိုဖြစ်စေဖို့ ထောက်ဆစဥ်းစားနေတယ်လို့ နေပြည်တော်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောတဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြလာ ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအပါအဝင် အခြေအနေကို စိုးရိမ်မှု ရှိကြတယ်ဆိုတဲ့သတင်းစကားကို ဦးမင်းအောင်လှိုင်ကို ‌မေးခဲ့တာလို့ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ရဲ့ ၂ ရက်တာ နေပြည်တော်ခရီးစဉ်အတွင်း မနေ့ ဧပြီ ၂၂ ရက်က သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ဦးမင်းအောင်လှိုင်က ထုတ်ပြောခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ နေပြည်တော်တို့ တွေ့ဆုံတဲ့အကြောင်း နှစ်ဖက် ထုတ်ပြန်ချက်တွေမှာတော့ ဒေါ်အောင်းဆန်းစုကြည်နဲ့ပတ်သက်တဲ့ ဖော်ပြချက်မပါဝင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပကတိအခြေအနေနဲ့ ပတ်သက်လို့ အသိပေးဖို့ရည်ရွယ်တဲ့ ‘’Proof Of Life’’ ဆိုတဲ့လှုပ်ရှားမှုတစ်ခုကိုလည်း နိုင်ငံတကာကပါ ပါဝင်တောင်းဆိုမှုတွေ စလုပ်နေပြီလို့ All In One Piece Movement က ကြေညာထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြရန် တောင်းဆိုသည့် လှုပ်ရှားမှု စတင်

Source – DVB

နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို  တောင်းဆိုတဲ့  “Proof of Life” လှုပ်ရှားမှုကို သူ့ရဲ့သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင် စတင်ပြုလုပ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အငယ်ဆုံးသား ကင်မ်အဲရစ်က အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ သူ့မိခင်နဲ့ ပတ်သက်ပြီး “အသက်ရှင်လျက်ရှိကြောင်း အထောက်အထား” ပြသပေးဖို့ ဧပြီ ၂၀ ရက်မှာ နေပြည်တော်ရှိ စစ်အာဏာရှင်ထံ အရေးပေါ် တောင်းဆိုလိုက်တာပါ။

ကင်မ်က “သားတယောက် အနေနဲ့ ရိုးရှင်းတဲ့ အရာတခုကိုပဲ တောင်းဆိုပါတယ်။ မေမေ အသက်ရှင် နေသေးတယ်ဆိုရင် သက်ရှိထင်ရှားရှိကြောင်း အထောက်အထားပြပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်စေရန် သေသေချာချာ တောင်းဆိုပေးခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံကို ကျေးဇူးတင်တယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးလည်း ကင်မ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

ဒီတောင်းဆိုလှုပ်ရှားမှုဟာ မြန်မာနှစ်သစ်ကူးနေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တောင်ငူ အကျဉ်းထောင်ကနေ လွှတ်ပေးပြီး နေပြည်တော်က နေအိမ်တနေရာကို ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး ၃ ရက်အကြာမှာ ထွက်ပေါ်လာတာပါ။

မော်လမြိုင်ကျွန်းတွင် အမျိုးသမီးများပါ ကင်းစောင့်နေရပြီး ပျက်ကွက်ပါက ကျပ် ၁၅,၀၀၀ ပေးရ

Source- DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတွေက အရပ်သား အမျိုးသမီးတွေကိုပါ ကင်းစောင့်ခိုင်းနေပြီး ကင်းစောင့်ဖို့  ပျက်ကွက်သူတွေကို အုပ်ချုပ်ရေးမှူးက တအိမ် ငွေကျပ် ၁၅,၀၀၀ အထိ တောင်းယူနေတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်က ကျေးရွာအဝင်နေရာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မတ် ၅ ရက်က စတင်ကာ ကျေးရွာအဝင် ကင်းစောင့်ဂိတ်တခုကို အမျိုးသား သို့မဟုတ် အမျိုးသမီး ၅ ယောက် က မနက် ၆ နာရီကနေ နောက်နေ့မနက် ၆ နာရီအထိ အလှည့်ကျစနစ်နဲ့ နေ့စဉ် ကင်းစောင့်ပေးနေရပြီး ကင်းစောင့်ဖို့ပျက်ကွက်တဲ့ သူတွေဆီကနေ တအိမ် ကျပ် ၁၅,၀၀၀ အထိ ဒဏ်ငွေ တောင်းယူနေတယ် လို့ ဆိုပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ ဒေသခံအရပ်သားတွေက တကြိမ်ကင်းမစောင့်ရင် ကင်းကြေးငွေ ကျပ် ၁၅,၀၀၀ မပေးနိုင်တဲ့အတွက် ကိုယ်တိုင် ညကင်းစောင့်ပေးနေရပြီး အသက်အရွယ် ၅၀ ကနေ ၆၀ ကျော်အရွယ်ရှိ သက်ကြီးအမျိုးသမီးတွေပါမကျန် ၁၅,၀၀၀ မပေးနိုင်လို့ ကင်းစောင့်နေရတယ်လို့ သိရပါတယ်။

ဒုရဲအုပ် ချယ်ရီထက်ကို လွတ်ရက်စေ့ပြီးနောက် ၁ နှစ်ခွဲကျော်ကြာသည်အထိ ပြန်မလွှတ်သေး

Source – Mizzima

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ကို လွတ်ရက်စေ့ပြီးနောက် တနှစ်ခွဲကျော်ကြာတဲ့အထိ အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ပြန်လွှတ် ပေးခြင်း မရှိသေးဘူးလို့သိရပါတယ်။

ဒုရဲအုပ်ချယ်ရီထက်ဟာ ရဲဝန်ထမ်းဆိုင်ရာဥပဒေချိုးဖောက်မှုနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ်သုံးနှစ်၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်နှစ်နှစ်၊ စုစုပေါင်းထောင်ဒဏ်ငါးနှစ်ချမှတ်ခံခဲ့ရကာ အကျဉ်းထောင်ဥပဒေအရ ရရှိထားတဲ့လျှော့ရက်တွေနဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှာ လွတ်ရက်စေ့မှာဖြစ်ပါတယ်။

သို့သော် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှာ ထောင်ပိုင်က လျှော့ရက် ၁၀ ရက်ပေးပြီး ပြန်လွှတ်ဖို့စီစဉ်ခဲ့သော်လည်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)က မလွှတ်ရန် စွက်ဖက်တားမြစ်ကာ ဆက်လက်ချုပ်နှောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဒုရဲအုပ်ချယ်ရီထက်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက နေပြည်တော်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မန္တလေး၊ငါန်းဇွန်မှာ ရှင်လောင်းလှည့်ချိန် လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသမီးငယ် ၁ ဦးသေဆုံး,၁ ဒါဇင်ဒဏ်ရာရ

Source – BBC Burmese

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ထဲက နတ်ကြီးရွာထဲမှာ  ဧပြီ ၂၂ ရက်က ရှင်လောင်းပွဲလှည့်နေချိန် စစ်တပ်ရဲ့ တိုက်လေယာဉ်က ရွာထဲကို ဗုံးကြဲတာအပြင် လေယာဉ်ပေါ်မှာပါတဲ့ စက်လက်နက်နဲ့ ပစ်ခတ်တာတွေလုပ်ခဲ့လို့ အမျိုးသမီးငယ် ၁ ဦး ကျည်စထိမှန်သေဆုံးခဲ့တယ်လို့ မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တပ်လေယာဉ်ပေါ်က ကြဲချလိုက်တဲ့ ဗုံးက ရွာအနောက်မြောက်ဘက်ပိုင်းကို ကျရောက်ပေါက်ကွဲပြီးမှ ရှင်လောင်းလှည့်နေတဲ့အနီးတဝိုက်ကို လေယာဉ်မှာပါတဲ့ စက်လက်နက်နဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ လေယာဉ်ပေါ်ကနေ ကြဲလိုက်တဲ့ ဗုံးကျကွဲတဲ့ နေရာမှာလည်း ဒေသခံ နေအိမ် ၄ အိမ်ထိခိုက်ပျက်စီးပြီး အသက် ၇ လသားအရွယ်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်လက်နက်နဲ့ ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကတော့ ညာဘက်လက်အပါအဝင် ခန္ဓာကိုယ်နေရာတချို့မှာ ကျည်စထိမှန်ခဲ့ပြီး လက်ကတော့ ပြတ်သွားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီအမျိုးသမီးအပါအဝင် ရှင်လောင်းလှည့်ပွဲမှာပါတဲ့ ဒေသခံ ၁၂ ဦးလည်း ကျည်စထိမှန်တဲ့ ဒဏ်ရာတွေရခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။

ရွှေဘိုတွင် စစ်တပ် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

Source – DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စောင်တန်းကျေးရွာအနီးက ဇင်ကြီးကုန်းတောတဲတွေကို စစ်အာဏာရှင်တပ်က ဧပြီ ၂၁ ရက်မှာ လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးကာ အမျိုးသား ၂ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးဒဏ်ကြောင့် မိသားစု ၃ ယောက် ဗုံးစထိမှန်ကာ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတယောက် ဒဏ်ရာရတဲ့အပြင် မီးလောင်မှုကြောင့်ပါ သေဆုံးခဲ့ရပြီး အသက် ၅၀ ခန့်အရွယ် ယောကျ်ာ်ဖြစ်သူနဲ့ အသက် ၂၅ နှစ်အရွယ် သားဖြစ်သူတို့ ဗုံးစထိမှန် ဒဏ်ရာရသွားပါတယ်။

တံတားဦးနဲ့ နေပြည်တော် လေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၄ စင်းက ဇင်ကြီးကုန်းတောတဲတွေကို ဗုံး ၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်လို့ တဲအိမ်ပေါ်နဲ့ ဆိတ်ခြံထဲကို  ဗုံးတွေ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

စစ်အုပ်စုကို ICC မှ စုံစမ်းစစ်ဆေးပေးဖို့ KWO တောင်းဆို

Source – KIC

စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားတွေ၊ အရပ်သားပြည်သူပိုင်နေရာတွေကို တိုက်ခိုက်မှုကျူးလွန်နေတဲ့အပေါ် နိုင်ငံတကာရာဇဝတ်မှုတရားရုံး (သို့မဟုတ်) စီရင်ပိုင်ခွင့်ရှိသော သက်ဆိုင်ရာတရားရုံးမှ တရားဝင်စုံစမ်းစစ်ဆေးပေးဖို့ ကရင်အမျိုးသမီးအစည်းအရုံး-KWO က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော ကော်သူးလေနယ်မြေ ဒေသအချို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံးခြင်းနဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးမှုရှိခဲ့တဲ့အပေါ် KWO က ဧပြီလ(၂၁)ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

အီရန်အရေးကြောင့် တစ်နိုင်ငံလုံး လောင်စာဆီပြတ်လပ်မှုကြုံနေရတဲ့အချိန်မှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကျူးလွန်ဖို့ လေယာဥ်အတွက် ဆီကိုဦးစားပေးသုံးစွဲနေတယ်လို့လည်းထောက်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံတကာအနေနဲ့ စစ်အုပ်စုထံ လေယာဥ်ဆီနှင့်လက်နက်တင်သွင်းမှုကိုပါ ပိတ်ပင် ဖိအားပေးရမည်လို့ KWO ကဆိုပါတယ်။

ဝက်လက်မှာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကျောင်းသား/သူနဲ့ ဆရာမအပါအဝင် ၁၁ ဦး ဒဏ်ရာရ

Source- ဖက်ဒရယ် FM

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံရွာစာသင်ကျောင်းမှာ ကလေးတွေစာသင်ကြားနေတဲ့အချိန် ဒီကနေ့ နေ့လည်မှာ အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းအသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

နေ့လယ် ၁၁ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံးသလို ကျောင်းသား ၃ ဦး၊ ကျောင်းသူ ၇ ဦးနဲ့ ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့လည်း ဆိုပါတယ်။

ရသေ့တောင်ဘက်က စက်လှေတစ်စီးနဲ့ ထွက်လာတဲ့မွတ်ဆလင်အမျိုးသမီး ၅ ဦးအပါအဝင် ၉ ဦးကို စစ်တွေတွင် မြန်မာစစ်တပ်ဖမ်းဆီး

Source – နိရဉ္စရာ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ဖက်မှ မေယုမြစ်အတိုင်း စက်လှေတစ်စီးနဲ့ အတူ ထွက်လာတဲ့ မွတ်ဆလင် အမျိုးသမီး ၅ ဦးအပါအဝင် လူ ၉ ဦးကို အကြမ်းဖက် မြန်မာစစ်တပ်က ဖမ်းဆီးပြီး နှိပ်စက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။

သူတို့ဟာ ဧပြီ ၂၂ ရက်နေ့ နံနက် ပိုင်းအချိန်က စက်လှေတစီးနဲ့ မေယုမြစ်အတိုင်း ထွက်လာစဉ်  စစ်တွေအခြေစိုက် ပလ္လင်ပြင်စခန်းက  စပီးဘုတ်တစီးနဲ့ မြန်မာစစ်တပ်က လာဖမ်းသွားတယ်လို့ ဒေသခံအမျိုးသားကပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ နေရာက လာကြတဲ့ သူတွေဖြစ်နေတဲ့အတွက် နေပူလှန်း၊ လက်သီးနဲ့ ထိုးရုံသာမက အမျိုးသားတွေကို အမျိုးမျိုးနှိပ်စက်ကာ မေးမြန်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

သက်လတ်ပိုင်း အမျိုးသမီးငယ် တွေကိုလည်း ပလ္လင်ပြင်စခန်းမှာ ထိန်းသိမ်းထားပြီး သူတို့ကို အခုအချိန်ထိ ရဲတပ်ဖွဲ့လက်ထဲကို မအပ်သေးတဲ့အတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ အမည်မဖော်လိုသူ မွတ်ဆလင်တစ်ဦးကလည်းပြောဆိုပါတယ်။

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး ဘတ် ၁၂ သန်း ထီပေါက်

Source – Dawei Watch

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးဟာ ဧပြီလ ၁၆ရက်က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းထီ အမြင့်ဆုံးဆုမှာ နှစ်စောင်တွဲကံထူးခဲ့တဲ့အတွက် ဘတ် ၁၂သန်း ထီပေါက်ခဲ့ တယ်လို့သိရပါတယ်။

ထီပေါက်တဲ့ မြန်မာအမျိုးသမီးအနေနဲ့ ဆုငွေထုတ်ယူပေးဖို့ အကူအညီတောင်းခံခဲ့တဲ့အတွက်  ဧပြီလ ၂၀ ရက်မှာ ဆုငွေထုတ်ယူပေးခဲ့ပြီး ထီပေါက်သူလက်ဝယ် ပေးအပ်ပြီးဖြစ်တယ်လို့ MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောပါတယ်။

မြန်မာအမျိုးသမီးဟာ မွန်ပြည်နယ်ဇာတိဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ  ၁၃ နှစ်ကျော် ရှိပြီဖြစ်ပါတယ်။