စစ်ရှောင်စခန်းတွေထဲမှာ စားနပ်ရိက္ခာနဲ့ အစားထိုးခံလိုက်ရတဲ့ ဂုဏ်သိက္ခာ  

   ရှင်ငြိမ်း

“နန်း”လို့ခေါ်တဲ့ အသက် ၂၀ အရွယ်အမျိုးသမီးလေးဟာ မနက် ၁၀နာရီဝန်းကျင်လောက်မှာ သူရဲ့သူငယ်ချင်းအဖော် ၃ယောက်နဲ့အတူ တောထဲကို ထင်းရှာဖို့ ထွက်လာခဲ့တယ်။  

သူတို့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်က ကျေးရွာတရွာမှာနေထိုင်သူတွေဖြစ်ပြီး ၂၀၂၃ နိုဝင်ဘာလ ပြည်တွင်းစစ်မီးတွေ ပြင်းထန်လာကတည်းက အိုးအိမ်စွန့်ခွာပြီး နီးစပ်ရာ စစ်ရှောင်စခန်းတခုမှာ ခိုလှုံနေရသူတွေဖြစ်ကြပါ တယ်။

ဒီစစ်ရှောင်စခန်းထဲမှာ သူတို့ခိုလှုံနေထိုင်ခဲ့တာ ကာလအားဖြင့် ၁လရှိခဲ့ပါပြီ။ စစ်ရှောင်ဘဝမှာ စားဝတ်နေရေး ခက်ခဲလွန်းပြီး ထမင်းချက်ဖို့ ထင်းကအစ နေ့တိုင်းလိုလို စခန်းနဲ့မလှမ်းမကမ်းက တောအုပ်လေးထဲကို ကိုယ်တိုင်ရှာဖွေကြရတယ်။

ဒီနေ့လည်း ခါတိုင်းလိုပဲ သူတို့တွေ ထင်းရှာထွက်ခဲ့ကြပါတယ်။  ထင်းရဖို့ပဲ စိတ်ကရောက်နေတာကြောင့် သူငယ်ချင်းတွေနဲ့ ဘယ်အချိန်က လူစုကွဲသွားမှန်းပင် နန်းတယောက်မသိလိုက်ပါ။ သူသတိထားမိတဲ့အချိန်က လက်နက်ကိုင်ထားတဲ့ အမျိုးသား ၂ယောက်က သူ့ကို ရှေ့နောက်ရပ်ပြီး ပိတ်ဆို့ထားတာနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

“ကျမကို တွန်းလိုက်လို့ လဲကျသွားတော့ တယောက်က အပေါ်ကနေခွပြီး ရင်ဘတ်ကို သေနတ်နဲ့ထောက်တယ်၊ နောက် တယောက်က ထဘီကို ဆွဲချွတ်တယ်၊ အဲ့အချိန်မှာ ရုန်းတာကလွဲလို့ ဘာမှမလုပ်နိုင်ခဲ့ဘူး၊ အဲ့မှာသူတို့စော်ကားတာခံရပဲ”လို့ နန်းတယောက် သူ့အတွေ့အကြုံကို ပြန်ပြောင်းပြောပြပါတယ်။

ပြီးတော့”ဒါကို ဘယ်သူ့ကိုမှ မပြောနဲ့၊ ပြောရင် သတ်မယ်”လို့ပါ ကျူးလွန်တဲ့အမျိုးသားတွေက ခြိမ်းခြောက်ပြီး ထွက်သွား တယ်။

ဒီအဖြစ်အပျက်ဟာ ၂ နှစ်ကျော်ကြာသွားပြီဆိုပေမယ့် အဲ့ဒီအချိန်က ခံစားခဲ့ရတဲ့ကြောက်ရွံ့နာကျင်မှုတွေက ယနေ့တိုင် ခံစားနေရဆဲဆိုတာ တုန်ရီနေတဲ့ နန်းရဲ့ အသံက ဖော်ပြနေပါတယ်။

အဲ့ဒီနေ့က လူစုကွဲပြီး အချိန်တန်ပြန်မရောက်လို့ လိုက်ရှာတဲ့သူတွေလာခေါ်တော့မှ စခန်းကို ပြန်ရောက်ခဲ့ရပါတော့တယ်။ စခန်းရောက်ချိန်မှာ သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ကို ချက်ခြင်းမပြောပြနိုင်လောက်အောင် ကြောက်ရွံ့တာကို နန်းတယောက် ခံစားနေခဲ့ရတယ်။  ထုတ်ဖော်ပြောဖို့ အားယူရင်း ၃ ရက် ကြာမှသာ မိခင်ဖြစ်သူနဲ့ စစ်ရှောင်အမျိုးသမီးတချို့ကို ပြောြပနိုင် ခဲ့ပါတော့တယ်။

စစ်ဘေးရှောင်စခန်းတွေဟာ လက်နက်ကိုင်ထိန်းချုပ်နယ်မြေဒေသတခုခုအတွင်းမှာ ရှိနေတာဖြစ်တဲ့အတွက်  လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံကို မြင်တွေ့နေရသူတွေဖြစ်လို့ ဝတ်ဆင်ထားတဲ့ စစ်ဝတ်စုံအရောင်၊ လက်မောင်းတံဆိပ် ကြည့်ရုံနဲ့တင် ဘယ်အဖွဲ့အစည်းကလဲဆိုတာကို အလွယ်တကူခွဲခြားနိုင်တယ်။ အဲ့ဒီနယ်မြေကို ဘယ်လက်နက်ကိုင်အဖွဲ့က စိုးမိုးထားသလဲဆိုတာ ဒေသခံတွေက ကောင်းကောင်းသိကြပါတယ်။

နန်းဟာ သူ့ကိုကျူးလွန်ခဲ့သူတွေဝတ်ဆင်ထားတဲ့ စစ်ဝတ်စုံအရောင်၊ လက်မောင်းတံဆိပ်နဲ့ သူတို့ရဲ့ သွင်ပြင်လက္ခဏာကို မှတ်မိသလောက် ပြောပြလိုက်ချိန်မှာ သူတို့ရဲ့ စစ်ရှောင်စခန်းကိုလည်း အမြဲဝင်ထွက်ပြီး ရိက္ခာ ထောက်ပံ့ပေးနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်နိုင်ကြောင်း စစ်ရှောင်အမျိုးသမီးကြီးတွေက ကောက်ချက်ချခဲ့ကြပါတယ်။

နန်းကို စော်ကားခဲ့သူတွေဟာ သူတို့ခိုလှုံနေထိုင်ရာ စစ်ရှောင်စခန်းကို မကြာခဏ ဝင်ထွက်သွားလာနေသူတွေထဲက ဖြစ်နိုင် တာကြောင့်  စစ်ရှောင်တွေဟာ “ဒီလူတွေကတော့ ဘယ်တပ်က လူတွေပဲ” ဆိုတာမျိုး နေ့စဉ်မြင်တွေ့နေရတဲ့ အနေအထား ကနေ သိရှိသွားတာ ဖြစ်ပါတယ်။

စခန်းတာဝန်ခံတွေဟာ စခန်းအတွက် ဆန်၊ ဆီ၊ ဆား စတဲ့ ရိက္ခာတွေ ရရှိဖို့အတွက် သူတို့နေထိုင်တဲ့ နယ်မြေက လက်နက်ကိုင်တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ အမြဲတမ်း ချိတ်ဆက်ဆောင်ရွက်နေကြရပါတယ်။

နမ့်ခမ်းမြို့နယ်လို နေရာမျိုးမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စခန်းရဲ့ လုံခြုံရေးနဲ့ စားနပ်ရိက္ခာအတွက် အဓိက ထောက်တိုင်လို ဖြစ်နေပါတယ်။ ဒါကြောင့် ကျူးလွန်သူတွေရဲ့ ရုပ်ပုံပန်းသဏ္ဍန်ကို ပြောပြလိုက်တာနဲ့ “ဒါ ငါတို့ဆီကို ရိက္ခာလာပို့ပေးနေတဲ့ တပ်က လူတွေပဲ” ဆိုတာကို လူကြီးတွေက တန်းခနဲ သိသွားကြပါတော့တယ်။

ကျူးလွန်သူ လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ရိက္ခာလာပေးတာ၊ ကင်းလှည့်ရင်း ဝင်လာတာစတဲ့ အကြောင်းပြအမျိုးမျိုးနဲ့ နန်းတို့ စစ်ရှောင်စခန်းကို မကြာခဏဝင်လာလေ့ရှိကြပါတယ်။

သူရင်ဆိုင်ခဲ့ရတဲ့ ဖြစ်စဉ်ကို ဖွင့်ပြောပြပြီး နောက်ထပ် ၂ရက်(ကျူးလွန်တဲ့နေ့က စရေတွက်လျှက် ၅ ရက်) လောက်နေတော့ သူတို့စခန်းကို လက်နက်ကိုင်တပ်သား ၅ယောက်က စားနပ်ရိက္ခာတွေ ပို့ဖို့အတွက် ရောက်လာခဲ့ကြတယ်။ အဲဒီ ၅ယောက်ထဲမှာ နန်းကို မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ အဲ့ဒီတပ်သား ၂ ယောက်ပါဝင်နေခဲ့ပါတော့တယ်။

အဲဒီကျူးလွန်သူတွေကို မြင်လိုက်ရချိန်မှာ တုန်လှုပ်ကြောက်ရွံ့ခဲ့ရတဲ့ ခံစားချက်ကို နန်းက “သူတို့အသံကြားရုံ၊ လက်နက် မြင်တာနဲ့ လူက တကိုယ်လုံးချွေးစေးတွေပျံပြီး တုန်နေတာ၊ သူတို့နဲ့ မျက်နှာချင်းမဆိုင်ရဲတော့ သွားပုန်းနေရတယ်၊ ကျမကပဲ အပြစ်လုပ်ထားသလိုဖြစ်နေတယ်”လို့ ထုတ်ဖော်ပြောြပပါတယ်။  

နန်းတယောက်ရင်ဆိုင်ခဲ့ရတဲ့ အဆိုးဆုံးအခြေအနေတခုကတော့  လွန်ခဲ့တဲ့ ၂နှစ်က အဲဒီဖြစ်စဉ်အပေါ် နန်းရဲ့မိခင်အပါအဝင် စခန်းတာဝန်ခံနဲ့ စစ်ရှောင်လူကြီးတချို့ဟာ “ဒီတပ်ဖွဲ့ကစခန်းကို ရိက္ခာထောက်ပံ့ပေးနေတာကြောင့် ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူတာတွေ မလုပ်ဖို့” ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ကြတာဖြစ်တယ်။

ဆုံးဖြတ်ချက်မချခင်မှာ စခန်းတာဝန်ခံတွေက နန်းရဲ့ မိခင်ဖြစ်သူသဘောထားကို မေးမြန်းတာမျိုးလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နန်းရဲ့မိခင်ဟာ တရားမျှတမှုရဖို့ထက် အသက်ဘေးကို စိုးရိမ်မကင်း ဖြစ်ခဲ့ပါတယ်။

နန်းရဲ့မိခင်က “ဒီလူတွေက ရိက္ခာတွေ၊ ဆေးတွေပေးနေတာ၊ နောက် သူတို့က လက်နက်ကိုင်ဆိုတော့ သတ်ပစ်လိုက်လည်း ရနေတာဆိုတော့ ဘယ်လိုလုပ်ကြမလဲပေါ့ ဆွေးနွေးကြတယ်၊ ကျမကတော့ ဝန်ခံစေချင်တယ်၊ နောက်ဒါမျိုး မကျူးလွန်ဖို့ ပြောစေချင်တာပေါ့၊ ဒါပေမဲ့ ဒီမှာက လက်နက်ကိုင်မြင်ရင် ကြောက်ရတယ်၊ ဘယ်အဖွဲ့က ဘာတွေမှန်းမသိဘူး၊ ဖြစ်လာရင် ဘယ်တိုင်ရမလဲဆိုတာက ကျမတို့အတွက် ပြဿနာတခုပဲ “လို့ ရင်ဖွင့်ပါတယ်။  

လက်ရှိကာလမှာ လက်နက်ကိုင်တွေများပြီး တိုက်ပွဲတွေလည်းဖြစ်နေတာကြောင့် အသက်အန္တရာယ်လုံခြုံရေးကို ဦးစားပေး ပြီး ထုတ်မပြောကြတော့ဖို့ စခန်းတာဝန်ခံနဲ့ လူကြီးတချို့က ဆုံးဖြတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

နန်းက “ကျမရဲ့သဘောထားကိုတော့ ဘယ်သူမှမမေးကြဘူး၊ သူတို့ဘာသာပဲ ဆုံးဖြတ်လိုက်တယ်၊ ကျမရဲ့နာကျင်မှုထက် ရိက္ခာက ပိုအရေးကြီးနေတယ်လေ၊ အဲ့မှာ တရားမျှတမှုဆိုတာ လက်နက်ရှိတဲ့သူ၊ အာဏာရှိတဲ့သူတွေအတွက်ပဲလားလို့ စွဲသွားတော့တာပဲ”လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေသရွေ့တော့ နန်းတို့ဟာ ဒီစခန်းမှာ ဆက်နေရမှာဖြစ်တဲ့အတွက် လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို လိုက်နာ ခဲ့ရတာပါ။ အနီးနားမှာ တချို့စစ်ရှောင်တွေ စုနေတာမျိုးရှိပေမယ့် သူတို့ပြောင်းသွားလို့ အဲ့ဒီဘက်မှာ နေဖို့ နေရာမရှိရင်၊ စားဖို့မလုံလောက်ရင် အခက်တွေ့မှာစိုးတာတွေကြောင့် ထွက်မသွားတော့ဘဲ ဒီစခန်းမှာ ဆက်လက်နေထိုင်ခဲ့ကြရပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့အရပ်သားတွေအတွက်  စစ်ရှောင်စခန်းတွေဟာ လုံခြုံရေးအာမခံချက် နည်းပါးတဲ့နေရာတွေ ဖြစ်လာနေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ၊ ကလေးသူငယ်တွေနဲ့  မသန်စွမ်း အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်တွေ မြင့်တက်လာနေသလို ကျူးလွန်ခံရသူ တွေကို အရေးယူနိုင်ဖို့နဲ့ တရားမျှတမှုကို ရှာဖွေနိုင်ဖို့ ယန္တရားတွေကလည်း အင်မတန်အားနည်းနေပါတယ်။ နန်းရဲ့ အတွေ့အကြုံဟာ စစ်ဘေးရှောင်အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ တရားမျှတမှုကင်းမဲ့နေတာကို ထင်ထင်ရှားရှားပြနေပါတယ်။

ကရင်ဒေသက အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ နော်မာရီကတော့ နန်းတယောက် ကြုံတွေ့ခဲ့ရတဲ့ ဒီဖြစ်စဉ်ဟာ အမှားလုပ်ရင် အပြစ်ပေးခံရမယ်၊ ဘယ်သူ့မျက်နှာမှ မထောက်ဘူးဆိုတာမျိုးပဲဖြစ်သင့်တယ်လို့ မှတ်ချက်ပေးပါတယ်။

“စစ်ပွဲကာလအတွင်းမှာ လက်နက်ရှိသူက အရာရာကို ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ အယူအဆဟာ အမျိုးသမီးတွေရဲ့ခန္ဓာကိုယ် ကို စစ်မြေပြင်တခုလို အသုံးချဖို့ အခွင့်အလမ်းပေးနေသလို ဖြစ်နေတယ်”လို့လည်း သူက ဆိုပါတယ်။

အထူးသဖြင့် စခန်းတာဝန်ခံတွေကိုယ်တိုင်က ရိက္ခာနဲ့ အဖွဲ့အစည်း ဂုဏ်သိက္ခာကို အကြောင်းပြပြီး ရာဇဝတ်မှုကိုဖုံးကွယ် ပေးနေတာက ကျူးလွန်သူကို နောက်ထပ် ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အားပေးလိုက်တာဖြစ်တယ်လို့ ထောက်ပြပါတယ်။

ရှမ်းမြောက်ဒေသမှာ ၂၀၁၁ နောက်ပိုင်း စစ်တပ်နဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး TNLA ၊ ကချင်လွတ် မြောက်ရေးတပ်မတော် KIA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တိုက်ပွဲတွေရှိခဲ့သလို ၂၀၁၅ နောက်ပိုင်းမှာလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်အာ ဏာရှင်ကို တိုက်ထုတ်နေတာကြောင့် ၂၀၂၁ နောက်ပိုင်းမှာ တိုက်ပွဲတွေ ထပ်ဖြစ်လာပြန်ပါတယ်။ 

စစ်မီးမကူးစက်ခင်ကဆိုရင် နန်းတို့မိသားစု ၅ ယောက်ဟာ ကိုယ်ပိုင်အိမ်တွင်းမှု လုပ်ငန်းလေးနဲ့ အေးအေးချမ်းချမ်း ရပ်တည် ရှင်သန်ခဲ့ကြသူတွေဖြစ်ပါတယ်။ ဖခင်ဖြစ်သူစိုက်ပျိုးလို့ရလာတဲ့ မုန်ညှင်းတွေကို နန်းတို့သားအမိတွေက မုန်ညှင်းချဉ်တည်၊ ဆီတိုဟူးလုပ်တယ်။ တခါတရံ ဝက်သားချဉ်လုပ်ပြီး မြို့ပေါ်ဈေးမှာသွားရောင်းတာမျိုးရှိပါတယ်။ ဒီဝင်ငွေလေးနဲ့ မိသားစု အားလုံး စုပေါင်းစားသောက်နိုင်ခဲ့ကြပါတယ်။  

ဒါပေမဲ့ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား တိုက်ပွဲတွေကြောင့် နန်းတို့မိသားစုအသိုက်အမြုံလေးဟာ ပျက်စီး ခဲ့ရတယ်။ စစ်ပွဲတွေကြောင့် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရသလို မောင်ငယ် ၂ယောက်လည်း ပျောက်ဆုံးသွားခဲ့ရတယ်။

နန်းရဲ့မောင်အငယ်ဆုံးလေး ၂ နှစ်အရွယ်မှာ ရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတော့ ဖခင်ရဲ့စိုက်ကွင်းနားကျရောက် ခဲ့လို့ ဖခင်အပါအဝင် အမျိုးသားတချို့ပါ ထိခိုက်သေဆုံးခဲ့ရတယ်။

ဖခင်ဆုံးပါးပြီးနောက် ၂ နှစ်လောက်အကြာမှာ ညဘက်ကြီး ရွာသားတွေ အိပ်မောကျနေချိန် စစ်လေယာဉ်တွေနဲ့ ဗုံး လာကြဲလို့ ထွက်ပြေးရာမှာ လူစု ကွပြီး သူတို့သားအမိတစုထဲဖြစ်သွားပါတယ်။ အချိန်တော်တော်လေးကြာတော့ မိခင် ဖြစ်သူက ရွာအခြေအနေ သွားကြည့်ပြီး ရွာသားတွေလည်း သွားရှာမယ်၊  ဒီနားမှာ မောင်လေးတွေနဲ့အတူနေခဲ့လို့ အကြီးဆုံးသမီးဖြစ်တဲ့ နန်းကိုမှာပြီး ထွက်သွားခဲ့တယ်။ 

ညသန်းခေါင်ယံဖြစ်နေတာရယ် ချုံပုတ်တွေကြားမှာ ပုန်းနေရပြီး မောင်ငယ် ၂ယောက်ကလည်း အိပ်ပျော်နေတာကြောင့် နန်းဟာ တယောက်ထဲ ကြောက်စိတ်ပိုနေခဲ့ပါတယ်။ မိခင်ကလည်း အချိန်အတော်ကြာတဲ့အထိ ရောက်မလာခဲ့ပါ။

“အဲ့တာနဲ့ မောင်လေးတွေ နှိုးပြီး ထွက်လာတော့ လမ်းမှာ ရွာသားတချို့နဲ့တွေ့လို့ အတူပြန်လာတယ်၊ အဲ့အချိန်မှာ လေယာဉ် ပြန်လှည့်လာတာနဲ့ ပြေးဆိုတော့ မောင်လေးတွေလက်ဆွဲပြေးတာပဲ၊ ဘယ်လိုလွတ်သွားမှန်းမသိလိုက်ဘူး၊ သတိရလို့ နောက်လှည့်ကြည့်တော့ မောင်လေးတွေပါမလာတော့ဘူး၊ ညီမပြန်သွားမလို့ပဲ ရွာသားတယောက်က မသွားနဲ့ ဗုံးထိ မယ်ဆိုပြီး အတင်းဆွဲခေါ်လာတာ”လို့ ပြောပါတယ်။

ရွာသားတွေနဲ့အတူ တညလုံးလယ်ကွင်းဘေးမှာ ပုန်းခဲ့ရပြီး မနက်လင်း ရွာပြန်ရောက်မှ မိခင်နဲ့ ပြန်တွေ့ခဲ့ရတာပါ။ မိခင် လည်း ရွာသားတွေသွားရှာရင်း လေယာဉ်ဗုံးကြဲတာကို ရှောင်ရင်း ကြာသွားခဲ့တာဖြစ်တယ်။

နန်း၊ မိခင်နဲ့ ရွာသားတွေ ပူးပေါင်းပြီး အလောင်းကောက်ရင်း အသက် ၅နှစ်နဲ့ ၈နှစ်ဝန်းကျင်အရွယ်မောင်ငယ်တွေကို ရှာဖွေခဲ့တယ်။ ဒါပေမဲ့ ကလေးတွေရဲ့အလောင်းကို ပြန်မတွေ့တော့ပါဘူး။ အဲ့ဒီဖြစ်စဉ်မှာ ရွာသားအများအပြားသေဆုံးပြီး အလောင်းရှာမတွေ့သူတွေ ရှိခဲ့ကြပါတယ်။

စစ်ပွဲတွေဟာ ဖခင်နဲ့ မောင်ငယ် ၂ ယောက်ကို အပြီးတိုင် ခေါ်ဆောင်သွားခဲ့တာဖြစ်လို့ သားအမိ ၂ယောက်အဖို့ အိမ်တိုင်လဲရုံ တင်မက အိမ်ခေါင်မိုးပါ ပွင့်ထွက်သွားရသလို ခံစားရတယ်လို့ နန်းရဲ့မိခင်က ဆိုပါတယ်။  သူတို့ဟာ အရင်က ကိုယ်ပိုင် လုပ်ငန်းနဲ့ ရုန်းကန်နိုင်ခဲ့ကြပေမယ့် အခုတော့ ရှေ့ဆက်ရမယ့် ခရီးလမ်းက ပျောက်ဆုံးခဲ့ကြပြီဖြစ်ပါတယ်။ သားအမိနှစ် ယောက်ထဲ ဘဝကိုခက်ခက်ခဲခဲရှင်သန်နေရတဲ့အချိန်မှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် နေရပ်ကို ထပ်မံစွန့်ခွာရပြီး အခုလက်ရှိ ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်းကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

တရားမျှတမှု မရရှိတဲ့ နန်းရဲ့စိတ်ထဲမှာ “ငါ့ဘဝက ဒီလောက်တောင် တန်ဖိုးမရှိတာလား”ဆိုတဲ့ အတွေးတွေဝင်လာသလို ကိုယ့်ကိုကိုယ်ကာကွယ်နိုင်စွမ်းမရှိခဲ့တာကို နောင်တတွေနဲ့ အပြစ်တင်ရင်း ရှင်သန်ခဲ့ရတယ်လို့ နန်းက ဆိုပါတယ်။

တဖက်မှာလည်း  မုဒိမ်းကျင့်ခံရသူလို့ ပတ်ဝန်းကျင်က ခွဲခြားသတ်မှတ်ခံရတာ၊ “သူနဲ့ပေါင်းသင်းမိရင် မုဒိမ်းကျင့်ခံရမယ်” ဆိုတဲ့ပြောဆိုချက်တွေ၊ ကဲ့ရဲခံရတာတွေ၊ စာနာနားလည်ပေးရမယ့်အစား “သူလိုဖြစ်လိမ့်မယ်၊ သူနဲ့မဆက်ဆံနဲ့၊ လူအထင်သေးမယ်” စတဲ့စကားတွေနဲ့ ရှောင်ဖယ်တာ၊ အရင်လိုရင်းရင်းနှီးနှီး မဆက်ဆံတော့တာတွေနဲ့ ကြုံတွေ့ခဲ့ရ တာတွေကြောင့် လူတောမတိုးရဲဘဲ ပုန်းနေခဲ့ရသလိုမျိုး ဖြတ်သန်းခဲ့ရတယ်လို့ နန်းက ပြန်ပြောင်းပြောပြပါတယ်။

ဒါတွေကို တွေ့မြင်ရတဲ့ နန်းရဲ့မိခင်က “ရင်ဘတ်ကို ကျောက်တုံးနဲ့ထုသလို နာကျင်ရတယ်” လို့ ပြောပြတယ်။

သူ့ခင်ပွန်းသာရှိရင် သူ့သမီးလည်း ထင်းရှာစရာမလိုတဲ့အတွက် စော်ကားခံရမှာမဟုတ်ဘူး၊ သူများတွေရဲ့ ခွဲခြားဆက်ဆံ ခံရမှာ မဟုတ်ဘူးဆိုတဲ့စကားကိုပြောရင်း မကြာခဏမျက်ရည်ကျတတ်တယ်လို့  နန်းက မိခင်ရဲ့ခံစားမှုကို ပြောပြပါတယ်။ မိခင်ဖြစ်သူရဲ့ မျက်ရည်တွေကို ကြည့်ပြီး ကိုယ့်ဝေဒနာကို ဖုံးဖိထားနိုင်ပေမယ့် အခုလိုမုဒိမ်းကျင့်ခံရတဲ့အခါ “အဖေသာရှိရင် ဒီလိုမဖြစ်နိုင် ဘူး” ဆိုတဲ့အတွေးဝင်မိတယ်လို့ နန်းက ရင်ဖွင့်ပါတယ်။

ရှမ်းမြောက်ပိုင်းမှာ လူမူကယ်ဆယ်ရေးလုပ်နေတဲ့သူတဦးကတော့“ကျနော်တို့ဘက်မှာ စစ်ပွဲတွေက ခဏခဏဖြစ်တော့ စစ်ရှောင်တွေကလည်း များလာတယ်၊ အဲ့လိုမိန်းကလေးတွေ အဓမ္မပြုကျင့်ခံရတာတွေလည်းရှိတယ်၊ ဘာလို့ဆို နေရထိုင် ရတာက ပူးကပ်နေရတော့ အဲ့လိုဖြစ်စဉ်တွေကတော့ရှိနေတာပဲ”လို့ ပြောပါတယ်။

ဝေးလံခေါင်သီတဲ့ အရပ်ဒေသအသီးသီးက စစ်ရှောင်လာကြသူတွေအဖို့ ဒီလိုကြုံလာရတဲ့အခါ တချို့က တိုင်ကြားလို့ ရနိုင်တယ်ဆိုတဲ့ အသိပညာတောင်မှ မရှိကြတာ၊ တချို့စစ်ရှောင်စခန်းတာဝန်ခံတွေက ခြောက်လှန့်တာတွေကို ကြောက်တဲ့ အတွက် မတိုင်ကြားရဲတာ၊ တိုင်ကြားရင်လည်း သက်သေရှိလားဆိုတဲ့မေးမြန်းမှုကို ခံရချိန်မှာ ကြောက်တာ၊ ရှက်တာ၊ ကျူးလွန်သူတွေက ပြန်လည်ခြိမ်းခြောက်မှာစိုးရိမ်တာကြောင့် မပြောတာတွေလည်း ရှိကြတယ်လို့ အထက်ပါ စေတနာ့ ဝန်ထမ်းက ရှင်းပြပါတယ်။

ဒီလို အတွေ့အကြုံတွေဟာ နန်းတယောက်တည်း မဟုတ်ပါဘူး။ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိန္နီနယ်ဘက်ကနေ စစ်ရှောင် လာတဲ့ အသက် ၂၅ နှစ်အရွယ် ရှမ်းတိုင်းရင်းသူ မိန်းကလေးတဦးဖြစ်တဲ့ မို့ခမ်း(အမည်လွှဲ)ဟာ စစ်ရှောင်စခန်းအတွင်းမှာပဲ ဩဇာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တဦးရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ခံခဲ့ရပါတယ်။

စခန်းကို ရောက်ရှိပြီး ၁၀ ရက်အကြာ ညအချိန် အိမ်သာကိုသွားစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး “အဲ့ဒီညက အမှောင်ထဲမှာ ကြုံခဲ့ရတာ အခုထိ အိပ်မက်ဆိုးလိုပဲ” လို့ မြန်မာဘာသာစကားမပြောတတ်တဲ့သူက ရှမ်းဘာသာစကားနဲ့ ဘာသာပြန်ကတဆင့် ပြောပြပါတယ်။

ဖြစ်စဉ်ကို စခန်းတာဝန်ခံထံ တိုင်ကြားခဲ့ပေမယ့် “ဘာသာရေးအရအရှုပ်အထွေးဖြစ်နိုင်တယ်၊ စခန်းဂုဏ်သိက္ခာ ထိခိုက်နိုင် တယ်၊ ကျူးလွန်ခံရသူမိန်းကလေးအဖို့ အရှက်ရစရာလည်း ဖြစ်မယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးယူခြင်း မရှိခဲ့ပါဘူး။

မိခင်ဖြစ်သူကတော့ “အဲ့ဒီအချိန်က တိုင်စရာလူက စခန်းတာဝန်ခံအပြင် တခြားလူမရှိခဲ့သလို ဒီစခန်းမှာနေပြီး ကျွေးတာစား နေရတော့ ဘာမှပြန်မပြောနိုင်ဘဲ ပြန်လာခဲ့ရလို့ ကိုယ့်ကိုကိုယ်လည်း သေချင်လောက်အောင် မုန်းတီးမိသလို၊ သမီးရဲ့ မျက်နှာကိုလည်း မကြည့်ရဲလောက်အောင် အပြစ်ရှိသလို ခံစားနေရတယ်”လို့ ဆိုပါတယ်။  

သူတို့မိသားစုကို ကျူးလွန်သူ ဘာသာရေးခေါင်းဆောင်ဘက်က ဒီကိစ္စကို ကျေပေးဖို့အတွက် ငွေကျပ် ၅သိန်းနဲ့ ကျေအေး ပေးဖို့ ကြိုးစားခဲ့ပါသေးတယ်။ ငွေကြေးကို လက်မခံခဲ့သလို တရားမျှတမှုရနိုင်ဖို့အတွက်လည်း သူတို့ မစွမ်းနိုင်ခဲ့ပါဘူး။ ကျူးလွန်ခံရတဲ့ ကာယကံရှင်မိသားစုအဖို့  တိုင်ကြားရေးယန္တရားအားမကောင်းတာ၊ ထုတ်ပြောမယ် ဆိုရင်လည်း ခြိမ်းခြောက်ခံရနိုင်တာ၊ ခိုလှုံရာစခန်းကနေ နှင်ထုတ် ခံရနိုင်တာ၊ ပတ်ဝန်းကျင်က ဝိုင်းဝန်းစာနာ ဖေးမမယ့်အစား ဝိုင်းပယ်တာ၊ ကဲ့ရဲ့ခံရတာစတဲ့အခြေအနေတွေကို ကြိုတွေးပြီး တရားမျှတမှုထက် ဒုက္ခပိုရောက်မှာကို  စိုးရိမ်ချက်နဲ့ မတုန့်ပြန်တော့ဘဲ နှုတ်ဆိတ်နေခဲ့ကြရပါတယ်။   

ကာယကံရှင်မိန်းကလေးက “ကျမကို စော်ကားတဲ့သူ တရားဟောတာ မြင်တိုင်း၊ လူတွေ ဝိုင်းကြည်ညိုတာတွေ့တိုင်း ကျမ ရူးမတတ် ခံစားရတယ်၊ ကျမတို့လို ခိုကိုးရာမဲ့ စစ်ရှောင်တွေအတွက် ဘုရားသခင်ကော၊ လူတွေကောက မျက်ကွယ်ပြုထား ကြတာလား”လို့ မေးခွန်းထုတ်ပါတယ်။

အခုဆိုရင် ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ကျူးလွန်သူမှာ အပြစ်ပေးအရေးယူတာ မခံရတဲ့ အပြင် လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သရေရှိသူတယောက်လို ဆက်လက်နေထိုင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ လားရှိုးမြို့က အမည်မဖော်လိုတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတပါးက သာသနာ့ဝန်ထမ်းဖြစ်စေ၊ ဘယ်သူဖြစ်စေ ဒီလိုယုတ်ညံ့တဲ့ရာဇဝတ်မှုကိုကျူးလွန်တာဟာ ဘာသာရေးနဲ့မဆိုင်ဘဲ လူသတ်မှုထက်တောင် ဆိုးရွားတဲ့ အမှုဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“သာသနာ့အရိပ်ကို ခိုလှုံပြီး သီလဖောက်ဖျက်တာဟာ ဘာသာတရားကို စော်ကားတာနဲ့အတူတူပဲ၊ ကျူးလွန်သူကို ပြတ်ပြတ်သားသား အရေးယူမှသာ သာသနာ့ဂုဏ်သိက္ခာကို စောင့်ရှောက်ရာ ရောက်ပါလိမ့်မယ်၊ ငွေနဲ့ ဖြေရှင်းဖို့ ကြိုးစား တာဟာ ဒုစရိုက်မှုကို အားပေးရာ ရောက်လို့ ဒါကို လုံးဝ လက်မခံသင့်ပါဘူး”လို့ အထက်ပါ ဘုန်းတော်ကြီးက မိန့်ပါတယ်။

အလားတူပဲ နိုင်ကျဉ်းဟောင်းတဦးလည်း ဖြစ်သလို၊ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူမဖြူကလည်း ဒီဖြစ်စဉ်မှာ ဘာသာရေးခေါင်းဆောင်က ကျူးလွန်သူဖြစ်နေတဲ့အခါ လူထုရဲ့ကြည်ညိုတာကို အသုံးချပြီး နစ်နာသူကို နှုတ်ပိတ်လိုက် တာက အလွန်ဆိုးဝါးတဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။  

“နစ်နာသူအတွက် ခိုလှုံရာဖြစ်ရမယ့်အစား ရာဇဝတ်မှုကို ဖုံးကွယ်ရာ နေရာဖြစ် နေတာဟာ စိတ်ပျက်စရာပဲ”လို့ သူက ပြောပါတယ်။  

နောက်ထပ်နမူနာဖြစ်စဉ်တခုကတော့ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ စစ်ရှောင်စခန်းတခုက အသက် ၁၈ နှစ်အရွယ် ဉာဏ်ရည်ဖွံ့ဖြိုးမှုနည်းပါးသူ အမျိုးသမီးငယ်တဦးလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရပါတယ်။

သူ့အသက်အရွယ်နဲ့ညီမျှတဲ့ ဉာဏ်ရည်မရှိဘဲ၊ ကလေးငယ်တယောက်လို ပြုမူတတ်တဲ့ အဲဒီ မသန်စွမ်းမိန်းကလေးကို စခန်းအနီးက အမျိုးသား ၃ဦးက လှည့်ဖျားခေါ်ဆောင်ယူပြီး လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့ကြတာလို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO) က ပြောပြပါတယ်။

ဒီဖြစ်စဉ်မှာ စခန်းတာဝန်ရှိသူတွေဆီ အရင်ဆုံးတိုင်ကြားပေမယ့် အရေးမယူနိုင်တာကြောင့် တအာင်းအမျိုးသမီးအဖွဲ့က ဒီအမှုကို အရေးယူနိုင်ဖို့ စတင်တာဝန်ယူတဲ့အချိန်မှာ ကျူးလွန်သူ ၂ယောက်ကတော့ အချုပ်စခန်းမှာ ဆုံးသွားတယ်ပြီး ကျန်တယောက်ကတော့ ဒီကိစ္စအပေါ်မကျူးလွန်ခဲ့ကြောင်း ငြင်းဆန်တဲ့အတွက် ပြန်လည်စစ်ဆေးမှုပြုလုပ်နေတဲ့ အချိန်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

၂၀၁၅ လောက်ကတည်းက ကွတ်ခိုင်စစ်ရှောင်စခန်းတခုမှာ  တာဝန်ခံဖြစ်နေသူတဦးက  သက်သေမရှိတာ၊ ဖမ်းဆီးလိုက်ပြီး နောက်ပိုင်း အချုပ်သားအဖြစ် ချုပ်နှောင်ထားဖို့နေရာထိုင်ခင်းမရှိတာ၊ တချို့စစ်ရှောင်စခန်းတွေဟာ အတည်တကျမရှိဘဲ တနေရာက တနေရာကိုပြောင်းရွေ့ပြီး စစ်ရှောင်နေကြရတာကြောင့် ကျူးလွန်သူတွေကို ချက်ခြင်းအရေးယူမနိုင်တဲ့အတွက် ကျူးလွန်ပြီးရင် အလွယ်တကူထွက်ပြေးသွားလို့ရတဲ့ အခြေအနေဖြစ်တာ၊ တချို့က ကျူးလွန်ခံရသူ မိန်းကလေးကို တန်ပြန် ခြိမ်းခြောက်တာတွေကြောင့် အရေးယူနိုင်ဖို့အခက်အခဲနဲ့ စိန်ခေါ်မှုတွေရှိနေတယ်လို့ ရှင်းပြပါတယ်။

“တချို့က မိန်းကလေးဘက်က မကျေနပ်ဘူးဆိုရင် ၂ဖက်ကို တွေ့ပေးပြီး ရိုးရာအရလား၊ ငွေနဲ့လား၊ ကျေအေးတာမျိုးတော့ ရှိတယ်”လို့ သူကရှင်းပြပါတယ်။

အမျိုးသမီးအရေးဆောင်ရွက်ပေးနေတဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က တာဝန်ရှိသူတဦးကတော့ တကယ်လို့ ဖြစ်စဉ်တွေကို သူတို့ ထံတိုင်ကြားလာရင် အကူအညီလာတောင်းတဲ့ နစ်နာသူတွေရဲ့စိတ်ဆန္ဒကို အဓိက ဦးစားပေး ဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။

TWO ရဲ့ တာဝန်ရှိသူတဦးကတော့ “သူက တရားဥပဒေအရ ဖြေရှင်းချင်တယ်ဆိုရင် ဥပဒေအရ ဖြေရှင်းနိုင်အောင် စရိတ် တွေ ထောက်ပံ့ပေးတယ်၊ အကြံဉာဏ်ပေးတယ်၊ အမှုရင်ဆိုင်နေရတဲ့ကာလတလျှောက် ထောက်ပံ့ပေးတယ်၊ ရွာတွေမှာ ဓလေ့ထုံးတမ်းအရ ဖြေရှင်းတဲ့အခါမှာလည်း အမှုစီရင်ဆုံးဖြတ်တာကို သွားရောက်နားထောင် ပေးတာ၊ အတူရှိနေ ပေးတာမျိုးလုပ်ပေးတယ်”လို ပြောပါတယ်။

ဒါပေမဲ့ အမျိုးသမီးအဖွဲ့ဝင်တွေဟာ မြေပြင်ကို သွားရောက်လုပ်ဆောင်ပေးရာမှာ လမ်းခရီးတလျှောက် စစ်ဆေးရေးဂိတ် တွေက အကြောင်းရှာဖမ်းဆီးတာတွေနဲ့လည်း ကြုံနေရတာကြောင့် နစ်နာသူအမျိုးသမီးတွေကို အရင်လို ထိရောက်တဲ့ ကူညီမှုတွေ မပေးနိုင်တော့ဘူးလို့ သိရပါတယ်။

ဒေသတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင် (ERO)တွေရဲ့ တရားစီရင်ရေးယန္တရားတွေ ဒါမှမဟုတ် တအာင်းတပ် မတော် TNLA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေရှိပြီး၊ အရေးယူနိုင်ဖို့ တိုင်ကြားပေးတာမျိုးလည်း လုပ်ဆောင်ပေးတာတွေရှိပေမယ့် တော်လှန်ရေးကာလ (ကြားကာလ) ဖြစ်တဲ့အတွက် တရားစီရင်ရေး ယန္တရားတွေမှာ လူသားအရင်းအမြစ် မလုံလောက်တာ၊ ကျူးလွန်သူတွေက နေရာတကျ မရှိတာနဲ့ အမှုစစ်ဆေးရာမှာ ကြန့်ကြာတာတွေ စတဲ့ အားနည်းချက်တွေ၊ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ TWO က တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် ဝေးလံတဲ့ ကျေးရွာတွေက ကျူးလွန်ခံရသူတွေကျတော့လည်း တရားဥပဒေလမ်းကြောင်း လက်လှမ်းမီဖို့ ခက်ခဲ တာ၊ နိုင်ငံရေး ရှုပ်ထွေးတာတွေကြောင့် အမှုတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့ ခက်ခဲနေပြီး နောက်ကျတာတွေလည်း ရှိနေတယ်လို့ သူက ရှင်းပြပါတယ်။

ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိနိုင်ဖို့ ခက်ခဲနေတဲ့ အခုလိုအခြေအနေမှာ  စစ်ရှောင်စခန်းတွေမှာ ကျား/မ သီးသန့် အဆောင်တွေ၊ သန့်စင်ခန်းတွေကို လုံခြုံအောင် အရင်ဆောက်ပေးရမှာဖြစ်ပြီး၊ ညဘက် မီးလင်းဖို့ကလည်း အရေးကြီးတယ်လို့ HI – Honest Information က မေးမြန်းခွင့်ရခဲ့တဲ့ စစ်ရှောင်တာဝန်ခံတွေက ဆိုပါတယ်။

နောက်တခုကတော့ တိုင်ကြားဖို့ယန္တရားရှိဖို့ဆိုတာထက် အသိပညာပေးရာမှာ အမျိုးသမီးတွေကို မဟုတ်ဘဲ အမျိုးသားတွေ ပါဝင်လာအောင် စည်းရုံးသင့်သလို၊ ကျူးလွန်ခံရသူဘက်က ရပ်တည်ပေးတဲ့အလေ့အထတွေ ရှိလာဖို့ လိုအပ်လို့လည်း လူမှုအဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ စစ်ရှောင်စခန်းတာဝန်ခံတွေနဲ့ စစ်ရှောင်အရေးဆောင်ရွက်ပေးနေတဲ့ စေတနာ့ ဝန်ထမ်းတွေက သုံးသပ်ပါတယ်။

စစ်ဘေးစစ်ဒဏ်ကြားက နေရပ်စွန့်ခွာပြီး စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရင်း လက်နက်ရှိသူတွေဆီမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခံရတဲ့ နန်းနဲ့ ဩဇာရှိတဲ့ ဘာသာရေးခေါင်းဆောင်ဆိုသူဆီမှာ ကျူးလွန်ခံခဲ့ရတဲ့ မို့ခမ်းတို့အပြင်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းတဲ့ ထွေးထွေးတို့ရဲ့ဖြစ်စဉ်တွေဟာ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတဲ့ စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေ  ကြုံတွေ့ နေရတဲ့အပိုင်းအစတချို့သာဖြစ်တယ်။

“ကျမကပဲ အပြစ်ရှိသလို ပုန်းနေရတဲ့ ဘဝကနေ ဘယ်တော့လွတ်နိုင်မလဲ” ဆိုတဲ့ နန်းရဲ့ မေးခွန်းက စခန်းထဲမှာသာမက ပဋိပက္ခဖြစ်ပွားရာ တခြားနေရာဒေသအသီးသီးက နစ်နာသူအမျိုးသမီးတွေအတွက်  မဖြေရှင်းနိုင်သေးတဲ့ မေးခွန်းတခု အဖြစ် ကျန်နေဆဲဖြစ်ပါတယ်။