ဝိုင်းမော်ဒေသက သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့် သောက်သုံးရေ ညစ်ညမ်းမှုများအပေါ် နေရပ်ပြန်မည့် စစ်ရှောင်အမျိုးသမီးများစိုးရိမ်နေ   

ရှင်ငြိမ်း 

ဝိုင်းမော်၊ ၁၈၊ ဖေဖော်ဝါရီ၊ ၂၀၂၆။  

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းအချို့က စစ်ရှောင်မိသားစုအချို့ နေရန်ပြန် အခြေချရန် ပြင်ဆင် နေကြသော်လည်း ဒေသတွင်း သတ္တုတူးဖော်မှုများကြောင့် ပျက်စီးသွားသည့် သဘာဝပတ်ဝန်းကျင်နှင့် သောက်သုံးရေ ညစ်ညမ်းမှုပြဿနာကို ကြုံတွေ့နေရပြီး မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ် နေကြကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ကျန်းမာရေးတာဝန်ခံများနှင့် စစ်ရှောင်အမျိုးသမီးများထံမှ စုံစမ်း သိရှိရသည်။  

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းတနေရာ။  

ဝိုင်းမော်မြို့နယ်အပိုင် ကျေးရွာကတရွာကနေ ၁၀ နှစ်ကျော်ကြာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသည့် စစ်ရှောင်အမျိုးသမီး တဦးက “မနှစ်က စခန်းထဲမှာမွေးတဲ့ကလေးက ခေါင်းတခြမ်းပါမလာဘူး၊ မွေးပြီး ခဏနေဆုံး သွားတယ်၊ တချို့မွေးတဲ့ ကလေးက မျက်လုံးပြူးထွက်နေတာ၊ နှလုံးမှာအပေါက်ပါတာ အဲ့လိုမျိုးတွေမွေးကြတယ်၊ ကျမတို့ လည်း အဲ့လိုဖြစ်မှာ စိုးရိမ်တာပေါ့ ”ဟု HI – Honest Information သို့ပြောသည်။  

အဆိုပါ Sam Mai ကျေးရွာသည် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်အတွင်း KIO က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် နမ်ဆန်ယန် တိုက်နယ်အတွင်းရှိ ကျေးရွာတရွာဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး စီစဉ်နေသည့်နေရာလည်း ဖြစ်သည်။  

သို့သော် ဒေသခံများ ပြန်မရောက်မီကာလအတွင်း တရုတ်လုပ်ငန်းရှင်အချို့နှင့် ဒေသခံအချို့ ပူးပေါင်းကာ”Hpri Lung” ခေါ် သတ္တုရိုင်းများကို တူးဖော်ခဲ့ကြသဖြင့် အနီးနားရှိ ချောင်းရေများနှင့် ရေအရင်းအမြစ်များမှာ သုံးစွဲ၍မရအောင် ညစ်ညမ်းနေပြီ ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ 

ထိုသို့ ရေထုညစ်ညမ်းမှုကြောင့် နေရပ်ပြန်မည့် အမျိုးသမီးများ၊ မိခင်များနှင့် ကိုယ်ဝန်ဆောင်များအပေါ် ရေရှည် ကျန်းမာရေး ဆိုးကျိုးများ သက်ရောက်နိုင်ကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ကျန်းမာရေး တာဝန်ခံများ ထံမှ သိရသည်။ 

ကျန်းမာရေးတာဝန်ခံတဦးက“ဒီဓာတုရေကို သုံးမိတဲ့အမျိုးသမီးတွေမှာ မီးယပ်ဆိုင်ရာရောဂါ အရေပြားရောဂါတွေအပြင် အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေမှာ မူမမှန်တဲ့သန္ဓေသားတွေမွေးလာတို့၊ မွေးရာပါရောဂါ ပါလာတာမျိုးတွေဖြစ် တတ်ပါတယ်၊ ဒါဟာ အင်မတန်မှ အန္တရာယ်ရှိတယ်ဆိုတာပြနေတာပဲ”ဟု HI – Honest Information သို့ ပြောသည်။ 

နေရပ်ပြန်စစ်ရှောင်များသည် သန့်ရှင်းသည့်ရေကို ရရှိရန်အတွက် မြေအောက်ရေကို အနက်ကြီးတူးမှသာ ရရှိနိုင်မည်ဖြစ်ပြီး ရေဘုံဘိုင်တတွင်းလျှင် ကျပ် ၈ သိန်းမှ ၁၅ သိန်းခန့်အထိ ကုန်ကျစရိတ်ရှိနေရာ အရင်းအနှီးမရှိသည့် စစ်ရှောင်မိသားစုများ အတွက် အခက်ကြုံနေကြရကြောင်းသိရသည်။ 

ကလေး ၅ ယောက်မိခင် စစ်ရှောင်အမျိုးသမီးတဦးက“နေရပ်ပြန်ဖို့အတွက် စိုးရိမ်မှုတွေ အများကြီးရှိတယ်၊ ရွာကို ရောက်တဲ့အခါ ချောင်းရေတွေက ညစ်ညမ်းနေတာတွေ့တယ်၊ မြေအောက်ရေ တူးဖို့အတွက်လည်း ငွေကြေးမရှိဘူး၊ အဲ့တော့ ဘယ်လိုသွားနေရမလဲ၊ ငွေလည်း မရှိဘူး”ဟု ပြောသည်။ 

လက်ရှိတွင် သက်ဆိုင်ရာ KIO အစိုးရအနေဖြင့် သတ္တုတူးဖော်မှုကို အကြီးစားအနေဖြင့် ခွင့်မပြုထားဘဲ ဒေသခံများ အကျိုး အမြတ်ရရှိစေရန် နှစ်တိုလုပ်ကွက်များအဖြစ် စီစဉ်ပေးထားသည်ကို တွေ့ရသော်လည်း၊ ပျက်စီးသွားသည့် သဘာဝပတ်ဝန်း ကျင်ကြောင့် စစ်ရှောင်များအတွက် နေရပ်ပြန်အခြေချရေးမှာ စိန်ခေါ်မှုများစွာ ဖြစ်ပေါ်နေကြောင်း ဒေသခံ သတင်းရင်းမြစ် များက တညီတညွတ်တည်းပြောသည်။  

ကချင်စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများ၏ ပြောပြချက်အရ လက်ရှိတွင် ကချင်ပြည်နယ်အတွင်းနှင့် တရုတ်နယ်စပ်တလျှောက် စစ်ဘေးရှောင်စခန်း စုစုပေါင်း ၂၀ ကျော်အထိ ရှိလာကြောင်း သိရှိရသည်။  

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာနယ်မြေများဖြစ်သည့် လိုင်ဇာ၊ မိုင်ဂျာယန်နှင့် ၎င်းတို့၏ အနီးတဝိုက် နယ်စပ်ဒေသများတွင် ၂၀၂၁ ခုနှစ် မတိုင်ခင်ကတည်းက စစ်ဘေးရှောင်စခန်း အကြီး၊ အသေး ဒါဇင်နှင့်ချီ၍ တည်ရှိနေခဲ့ရာမှ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် စစ်ဘေးရှောင်ဦးရေ သိသိသာသာ မြင့်တက်လာသည့်အပြင် စခန်းအရေအတွက်မှာလည်း ထပ်မံတိုးပွားလာခဲ့ကြောင်း ၎င်းတို့က ပြောသည်။  

ကချင်ပြည်နယ်အတွင်း စစ်ရှောင်စခန်းအချို့တွင် နေထိုင်သည့် ပြည်သူများကြား စိုးရိမ်ပူပန်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခက်အခဲများကြောင့် ကျန်းမာရေးပြဿနာအမျိုးမျိုး ရင်ဆိုင်နေကြရပြီး၊ အထူးသဖြင့် သွေးတိုးရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်ကာ၊  ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုမိခင်များတွင် ပိုမိုခံစားနေရကြောင်း နယ်လှည့် ဆေးကုသမှုအစီအစဉ် ပြုလုပ်ပေးနေသည့် Htoi Gender and Development Foundation (ထွယ်ဂျဲန်ဒါ)အဖွဲ့က ဆရာဝန်များက ပြောသည်။   

ဒါ့အပြင် စစ်ဘေးဒဏ်နှင့် လူမှုစီးပွားအခက်အခဲများကြောင့် စိတ်ဖိစီးမှုများကာ ညဘက်အိပ်မပျော်သည့် ဝေဒနာကိုလည်း စစ်ရှောင်အများစု ခံစားနေကြရကြောင်း သိရသည်။  

အာဏာသိမ်းစစ်တပ်က ဗန်းမော် – လွယ်ဂျယ်လမ်းအပါအဝင် KIA ထိန်းချုပ်ဧရိယာကို သွားရောက်နိုင်သည့် လမ်းများတွင် ဆေးဝါးနှင့် စားသောက်ကုန်သယ်ယူခွင့်ကို ပြီးခဲ့သည့် ၂၀၂၃  သြဂုတ်လကတည်းက ပိတ်ထားသည့်အတွက် စစ်ရှောင် ပြည်သူများသည် မြို့ပေါ်ဆေးရုံကြီးများသို့ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန် ခက်ခဲလျှက် ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှသိရသည်။  

လက်ရှိတွင် စစ်ဘေးရှောင်အချို့သည် နေရပ်ပြန်ရန် ပြင်ဆင်နေကြပြီး လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ် စိုးရိမ်ရ ခြင်း၊ သတ္တုတူးဖော်မှုကြောင့် သောက်သုံးရေ ရှားပါးလာခြင်း၊ စီးပွားရေးနှင့် ပြန်လည်ထူထောင်ရေး အခက်အခဲများ ကြောင့် နေရပ်ပြန်ပြီးနောက် ၂ နှစ်ဝန်းကျင်အထိ အကူအညီများ ဆက်လက်ရရှိရန် မျှော်လင့်ကြောင်း မြေပြင် သတင်းရင်း မြစ်များထံမှ စုံစမ်းသိရှိရသည်။