တော်လှန်ရေးထဲကအမျိုးသမီးတွေကြုံတွေ့နေရတဲ့ ဒစ်ဂျစ်တယ်အခြေပြု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ
ခင်ဘုန်းမို့
စစ်အာဏာရှင်ကိုဆန့်ကျင်ရာမှာ ရှေ့တန်းကနေပါဝင်နေကြတဲ့အမျိုးသမီးတွေဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်တာကို မြေပြင်မှာခါးစည်းခံနေကြရသလို အွန်လိုင်းကနေ နှောင့်ယှက်မှုတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေနဲ့ လူမှုကွန်ရက်မှာ တော်လှန်ရေးထဲ ပါဝင်နေတဲ့ နာမည်ကြီးသူ ဖြစ်စေ၊ နာမည်မကြီးသူဖြစ်စေ အမျိုးသမီးတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ အဖော်အချွတ်ပုံတွေ၊ ဓာတ်ပုံ၊ ဗီဒီယိုအတုတွေကို လိင်ပိုင်းဆိုင်ရာစော်ကားတဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ ဖြန့်ဝေတာတွေကို အာဏာသိမ်းပြီး ၅နှစ်ကြာတဲ့အထိ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ တော်လှန်ရေးရန်ပုံငွေ ရှာဖွေတဲ့လှုပ်ရှားမှုတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ ကာမတဏှာလွှမ်းနေတဲ့ စာတွေ ပေးပို့တာ၊ မတော်တရော်စကားလုံးတွေသုံးပြီး ကာမဆက်ဆံမှုပြုဖို့ ပြောင်ပြောင်တင်းတင်း တောင်းဆိုတာ၊ အလှူငွေပိုရချင်ရင် “လိင်မှုကိစ္စ အာသာဖြေပြောဆိုခြင်း” လုပ်ဖို့တောင်းခံခဲ့ရတာ စတဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ရဲ့ “ခန္ဓာကိုယ်အား စစ်လက်နက် အဖြစ်အသုံးပြုခြင်း” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကိုယ်တိုင်ကြုံတွေ့ရသူတဦးရဲ့ ပြောကြားချက်တခုကို ကိုးကားပြီး “ ဒီလိုပုံစံမျိုးနဲ့ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံရတာဟာ ပြောမယ်ဆိုရင် ကျွန်မအတွက်တော့စိတ်ပိုင်းဆိုင်ရာ စော်ကားတာပဲလို့ ခံစားရတယ်၊ အမျိုးသားလိင်အင်္ဂါပုံတွေ၊ သူတို့ဖာသာသူတို့ ရိုက်ထားတဲ့ ကိုယ်လုံးတီးပုံတွေကို ပို့လာပြီး အမျိုးသမီးလိင်အင်္ဂါပုံတွေ ပြန်ပို့ပေးဖို့ပြောလာတာတွေ ကြုံရတယ်”လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒ့ါအပြင် အမျိူးသမီးနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူအမျိုးသမီးတွေနဲ့ အမျိုးသမီး သတင်းထောက်တွေဟာ အွန်လိုင်းအခြေပြုအကြမ်းဖက်မှုတွေကို ပုံစံမျိုးစုံနဲ့ရင်ဆိုင်နေကြရပြီး၊ အမျိုးသမီး ၁၆ ရာခိုင်းနှုန်းကနေ ၅၈ ရာခိုင်နှုန်းဟာ အွန်လိုင်းအခြေပြု အကြမ်းဖက်မှုတွေကို ကြုံတွေ့နေကြရတယ်လို့ ၂၀၂၄ ခုနှစ်မှာ UN Women ကထုတ်ပြန်ထားတာ ရှိပါတယ်။
AI အသုံးပြုပြီးဖန်တီးထားတဲ့ ညစ်ညမ်းဗီဒီယိုတွေနဲ့ အမျိုးသမီးတွေကို ပိုပြီးပစ်မှတ်ထား လုပ်ဆောင်နေတာကို တွေ့ရတယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။
ဒီလို ဖြစ်စဉ်တွေဟာ တကမ္ဘာလုံးကအမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းလက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာလည်း ပိုဆိုးရွားလာတယ်လို့ ကိုယ်တိုင်ရင်ဆိုင်နေရတဲ့ သတင်းရင်းမြစ်တွေနဲ့ အစီရင်ခံစာတွေက ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တခုမှာ ထောက်ပို့တာဝန်ခံအဖြစ် တော်လှန်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အသက် ၂၄ နှစ်အရွယ် ရဲဘော်ဆူးအတွက်လည်း တနေ့တာ လုပ်ငန်းဆောင်တာတွေ ထဲမှာ အွန်လိုင်းကနေမိုက်ရိုင်းစော်ကားတဲ့ အသုံးအနှုန်းတွေပေးပို့လာတာကို လျစ်လျူရှုရတဲ့ အလုပ်က မသိမသာနဲ့ ပါဝင်လာပါတယ်။
“အလှူခံတဲ့ဗီဒီယိုတွေ၊ အလှူခံတဲ့အကြောင်းတွေတင်တဲ့အခါ တခါတလေဆို Comment မှာ ကြားမကောင်း၊ မြင်မကောင်းတဲ့ စကားလုံးတွေနဲ့ လိုက်ပြီးမန့်ကြတဲ့ဟာမျိုးတွေရှိတယ်၊ တချို့က Chat Box အထိလာပြောတဲ့ဟာမျိုးတွေ လာခြိမ်းခြောက်တဲ့ဟာမျိုးတွေရှိတယ်”လို့ ရဲဘော်ဆူးက သူ့အတွေ့အကြုံကို HI – Honest Information ကို ပြောပါတယ်။
ဒီလိုမျိုးအွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကြောင့် စိတ်နှောင့်ယှက် ဖြစ်တာမျိုးတွေ၊ စိတ်ဓာတ်ကျတာမျိုးတွေလည်းရှိပြီး ဆိုရှယ်မီဒီယာကို ကျွမ်းကျွမ်းကျင်ကျင် မရင်းနှီးသူတွေအနေနဲ့ ဒီလိုပုံဖျက်မှုတွေကို တကယ်ထင်သွားနိုင်တာတဲ့အတွက် ဂုဏ်သိက္ခာပိုင်း ဆိုင်ရာအရ ထိခိုက်မှုတွေဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။
“သူတို့က ဒီတော်လှန်ရေးကိုစိတ်ကုန်သွားအောင်၊ စိတ်ဓာတ်ကျသွားအောင် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်တယ်၊ တော်လှန်ရေးကိုစွန့်ခွာသွားအောင် လုပ်တဲ့သဘောလို့ထင်တယ်”လို့ သူကပြောပါ တယ်။
သူ့နည်းတူအွန်လိုင်းနှောင့်ယှက်မှုနဲ့ကြုံတွေ့နေရတဲ့ နောက်တယောက်ကတော့ တော်လှန်ရေးတပ်ဖွဲ့ တခုမှာ ဒု-ဘဏ္ဍာရေးတာဝန်ခံအဖြစ် ဆောင်ရွက်နေတဲ့အသက် ၂၅ နှစ်အရွယ် မေရီပါ။
ရန်ပုံငွေရှာဖွေတဲ့အပိုင်းကို အဓိကတာဝန်ယူထားရတဲ့ မေရီဟာ ရဲဘော်ဆူးလိုပဲ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ကြမ်းတမ်းတဲ့စကားလုံးတွေကို မှတ်ချက်မှာအပြောခံရတာ၊ Chat Box အထိ လာပြီး ဆဲဆိုတာမျိုးတွေ ကြုံတွေ့ခဲ့ရရုံသာမက Hot Wife Sharing အမည်နဲ့ လိင်ပိုင်းဆိုင်ရာဓာတ်ပုံတွေ မျှဝေတဲ့တယ်လီဂရမ်ဂရုဖ်မှာ ယူနီဖောင်းဝတ်ထားတဲ့ပုံနဲ့ ရိုးရိုးအဝတ်အစားဝတ်ထားတဲ့ပုံတွေ ဖြန့်ဝေ ခံခဲ့ရတဲ့ တော်လှန်ရေး ရဲဘော်တဦးဖြစ်ပါတယ်။
မေရီရဲ့မိတ်ဆွေအမျိုးသမီးရဲဘော်တွေဆိုလည်း စစ်အုပ်စုဘက်တော်သားတွေရဲ့အကောင့်တွေကနေ သူတို့ရဲ့လိင်အင်္ဂါပုံတွေကို ပို့လာတာမျိုးတွေလည်းရှိတယ်လို့ သူက ဆိုပါတယ်။
ဒီလိုလုပ်ဆောင်တာတွေဟာ တော်လှန်ရေးကိုပုံဖျက်ချင်တဲ့အတွက် တော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေကို ဂုဏ်သိက္ခာကျအောင်၊ လူထုကအယုံအကြည်မရှိအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်တာ ဖြစ်နိုင်တယ်လို့ မေရီကမှတ်ချက်ပြုပါတယ်။
ဆူးနဲ့မေရီတို့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေတင်မကပဲ တော်လှန်ရေးထဲမှာ ပါဝင်နေကြတဲ့ တခြားကဏ္ဍအသီးသီးက အမျိုးသမီးတွေဟာလည်း ဒီလိုပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတာကို တွေ့ရပါတယ်။
ရှမ်းကျောင်းသားများသမဂ္ဂမှာ ဦးဆောင်ကော်မတီဝင်ဖြစ်တဲ့ အသက်၂၈နှစ်အရွယ် ယိင်းနဲ့ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ အမျိုးသမီးတချို့တို့ဟာလည်း ပုံစံမတူပေမယ့် အကြောင်းအရာကျောရိုးချင်း တူတဲ့ အဖြစ်အပျက်တွေနဲ့ ကိုယ်စီကြုံတွေ့ခဲ့ကြရဖူးပါတယ်။
၂၀၂၅ခု၊ အောက်တိုဘာထဲမှာ စစ်တပ်က ရှမ်းပြည်နယ်၊ ကျောက်မဲမြို့က ပြည်သူတချို့ကို အဓမ္မကျင့်တဲ့ ဖြစ်စဉ်ကို ရှမ်းကျောင်းသားများသမဂ္ဂကနေ ဖော်ထုတ်ပြီးတဲ့နောက်မှာ မှတ်ချက်တွေ၊ ရိုင်းစိုင်းတဲ့ စကားတွေနဲ့ သီးသန့်စာပို့ပြောဆိုခံရတာမျိုးတွေ၊ အကောင့်အတုကနေ အမျိုးသားလိင်အင်္ဂါပုံ လာပို့တာမျိုးတွေနဲ့ ကြုံခဲ့ရတယ်လို့ ယိင်းက ပြောပြပါတယ်။
သူဟာ တော်လှန်ရေးလုပ်ငန်းတွေ၊ စစ်ဘေးရှောင်အရေးတွေ၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းယူတဲ့အလုပ်တွေ ဆောင်ရွက်နေသူ၊ အဖွဲ့ရဲ့ပြောရေးဆိုခွင့် တာဝန်ခံတယောက်ဖြစ်ပြီး၊ ထုတ်ပြန်ချက်တွေမှာ ဖုန်းနံပတ်ကိုဖော်ပြထားတဲ့အတွက် ဖုန်းဆက်ပြီး နှောင့်ယှက်တာမျိုးတွေလည်း ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။
“တည ဘယ်လောက်လဲ၊ တူတူအိပ်မလား၊ ဘယ်ဈေးရှိလဲဆိုပြီး မေးခံရတယ်၊ ဘယ်အချိန်မှာ သူတို့နှောင့်ယှက်မယ့်ဖုန်း လာမှန်းမသိတော့လေ၊ တော်တော်ကြီးကိုစိတ်ရှုပ်ရတယ်၊ ဖုန်းတကော ဝင်လာရင် ကိုင်ရမလား၊ မကိုင်ရမလားမသိ အဲ့လိုတွေးမိတဲ့အထိ အခက်အခဲတွေ့ရတယ်” လို့ ယိင်းက ပြောပြပါတယ်။
ဒါ့အပြင် Tiktok လူမှုကွန်ရက်မှာလည်း ယိင်းရဲ့ဖုန်းနံပတ်ကိုဖော်ပြထားပြီး တညဘယ်လောက်၊ ခေါ်လို့ ရတယ်ဆိုတဲ့ပုံစံမျိုး အတင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလိုပစ်မှတ်ထားတိုက်ခိုက်တာဟာ အုပ်စုလိုက်ဆောင်ရွက်ကြတာမျိုးဖြစ်နိုင်တယ်လို့ ယိင်းက မှတ်ချက်ပြုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေ၊ တက်ကြွလှုပ်ရှားသူအမျိုးသမီးတွေအပြင် CDM အမျိုးသမီးတွေဟာလည်း အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေလည်း ကြုံတွေ့ကြရ ပါတယ်။
အာဏာမသိမ်းခင်ကာလက စစ်တပ်အသိုင်းအဝိုင်းကလူနဲ့ ချစ်သူရည်းစားဖြစ်ဖူးသူ၊ ဒါမှမဟုတ် တနည်းတဖုံပတ်သက်ဖူးကြပြီး စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာ အမျိုးသမီးဖြစ်သူက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့အခါ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ခြိမ်းခြောက်အကြပ်ကိုင်ခံရတဲ့ ဖြစ်စဉ်တွေ ရှိတယ်လို့ Against Sexual Violence(ASV)အဖွဲ့က Telegram Report Team ရဲ့ ဦးဆောင်သူတဦး ဖြစ်တဲ့ ကိုဘီလီ (Billy)က ပြောပါတယ်။
ASV ဟာ အမျိုးသမီးတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ပတ်သက်ပြီး ဖြန့်ဝေခံရ၊ ခြိမ်းခြောက်ခံရတာကို လိုက်လံတားဆီးပေးတာ၊ အဲဒီလို တယ်လီဂရန်ချန်နယ်တွေကို လိုက်ဖျက်ပေးတာမျိုးတွေကို အဓိကလုပ်ဆောင်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဒီလိုကူညီပေးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ ကိုဘီလီရဲ့ချစ်သူလည်းပါဝင်ခဲ့ပါတယ်။ ကိုဘီလီရဲ့ချစ်သူ အမျိုးသမီးဟာ သူနဲ့မတွေ့ဆုံခင်တုန်း၊ အာဏာမသိမ်းခင်ကာလက စစ်တပ်အသိုင်းအဝိုင်းက လူတယောက်နဲ့ ပတ်သက်ခဲ့ဖူးပြီး အာဏာသိမ်းလိုက်ချိန်မှာ CDM မှာပါဝင်တဲ့အတွက် အဲ့ဒီအမျိုးသားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
CDM တွေကိုစစ်ကောင်စီက မတရားဖမ်းဆီးနေတဲ့ အချိန်ကာလဖြစ်တဲ့အပေါ် အခွင့်ကောင်းယူပြီး အဲဒီအမျိုးသားက အိမ်နားကိုလာတာ၊ ပထမအဆင့်အနေနဲ့ လိင်ပိုင်းဆိုင်ရာဖော်ပြထားတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေပို့ပေးရမယ်လို့ တောင်းဆိုတာ၊ မပေးရင် တခုခုလုပ်မယ်ဆိုတဲ့ ပုံစံနဲ့ခြိမ်းခြောက်တာမျိုးတွေ လုပ်တဲ့အတွက် လိုက်လျောပေးမိခဲ့တယ်လို့ ချစ်သူအမျိုးသမီးရဲ့ အတွေ့အကြုံ ကိုဘီလီက ကိုယ်စားပြောပြပါတယ်။
“ထွက်ပေါက်မရှိ၊ ထွက်ပေါက်ပိတ်ခံရတော့လိုက်လျောပေးရတယ်၊ ပေးတော့ ဒီဗီဒီယိုတွေကိုပဲ သုံးပြီးထပ်ခါထပ်ခါခြိမ်းခြောက်တယ်၊ နောက်ကျတော့ အပြင်မှာတွေ့ဖို့ခေါ်တယ်၊ မလိုက်လျောဘဲနဲ့ အဆက်အသွယ်ဖြတ်ပြီးနေလိုက်တဲ့အချိန်ကျတော့ ဒီပုံတွေကိုတယ်လီဂရမ်မှာဖြန့်လိုက်တာ”လို့ ကိုဘီလီက ပြောပြပါတယ်။
ဒီလိုကြုံတွေ့ချိန် အစောပိုင်းတွေမှာ ကြုံရတဲ့အခက်အခဲကတော့ ခေါင်းငုံ့ခံဖို့နဲ့ လူကြားထဲ မသွားရဲ မလာရဲဖြစ်ပြီး ပုန်းအောင်းနေရတာ၊ အမြဲတစေ ကြောက်လန့်နေရတာ၊ အိပ်မက်ဆိုးတွေမက်တာ၊ လက်ရှိအချိန်အထိ ခြေရာဖျောက်နေနေပြီး သူ့ရဲ့ဆိုရှယ်မီဒီယာမှာ သူ့ပုံအမှန် တင်ပြီး မသုံးရဲလောက်တဲ့အထိ စိတ်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
ကိုဘီလီနဲ့တွေ့ပြီးနောက်ပိုင်းမှသာ ပြန့်နေတဲ့ အချက်အလက်တွေကို ဖြုတ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ကိုဘီလီနဲ့ CDM အမျိုးသမီးတို့ ချစ်သူဖြစ်တဲ့အချိန်အထိ နှောင့်ယှက်တာမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။
“စီဒီအမ်ဖြစ်နေတဲ့အတွက် တရားဥပဒေစိုးမိုးရေး သွားတိုင်လို့မရဘူး၊ တရားဥပဒေလည်း မစိုးမိုးတော့ဘူး၊ စီဒီအမ်ကိုနှိပ်ကွက်တဲ့ ကာလ သွားတိုင်လိုက်ရင် တရားလိုကနေ တရားခံဖြစ်သွားမယ့် ပုံစံမျိုးတွေ အဲ့ဒါကိုသိတဲ့အတွက် ဒါကိုပဲ ဖိတာ” လို့ ကိုဘီလီက မှတ်ချက်ပြုပါတယ်။
စစ်တပ်အသိုင်းအဝိုင်းဟာ အမျိုးသမီးတွေကို နှိမ့်ကျတဲ့သူတွေအဖြစ် သတ်မှတ်ထားပြီး အမျိုးသမီးဆိုရင် ဖိနှိပ်ရမယ်ဆိုတဲ့ ဖိုဝါဝအတွေးတွေ အမြဲလွှမ်းမိုးနေတဲ့အတွက် တော်လှန်ရေး ထဲမှာပါတဲ့ အမျိုးသမီးတွေကို တခြားနည်းလမ်းနဲ့ တိုက်ခိုက်စရာ မရှိတဲ့အခါ အမျိုးသမီးဖြစ်တည်မှုကို အသုံးချပြီး ပိုမိုပစ်မှတ်ထားတိုက်ခိုက်တာတွေကျူးကြတယ်လို့ ကာယကံရှင်အမျိုးသမီးတွေနဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာနဲ့ခြိမ်းခြောက်ရင် ပိုပြီးရှက်ကြမယ် ဆိုတာကို သိကြတဲ့အတွက် ဒီလိုနည်းလမ်းတွေကို သုံးတာဖြစ်တယ်လို့ Against Sexual Violence(ASV)အဖွဲ့က Telegram Report Team ရဲ့ ဦးဆောင်သူတဦး ဖြစ်တဲ့ ကိုဘီလီ (Billy)က သုံးသပ်ပါတယ်။
“ပိုလည်းငြိုးတယ်၊ မိန်းကလေးတယောက်က သူတို့စစ်တပ်ကို ဝေဖန်လိုက်ရင်တောင် မိန်းမပျက်လို့ စွပ်စွဲတာမျိုးတွေ သူတို့ရဲ့အောက်လုံးတွေ မကြားဝံ့မနာသာ ကိုယ်ချင်းမစာတဲ့အောက်လုံးတွေနဲ့ အရမ်းပြောတာမျိုးတွေ၊ အဲ့လိုမျိုးသူတို့ရဲ့ ထုံးစံဆိုတော့ ပိုဆိုးတယ်”လို့ သူက ဆိုပါတယ်။
စစ်တပ်ဒေါက်တိုင်တွေရဲ့ ဒီလို ကျူးလွန်မှုတွေအပြင်၊ ကိုဘီလီရဲ့ ချစ်သူအမျိုးသမီးဟာ သူ့အလုပ်အသိုင်းအဝိုင်းက ဖိုဝါဒကြီးစိုးနေသူတွေဆီမှာ “အနေအထိုင်မတတ်လို့” ဆိုတဲ့ ဝေဖန်ပြစ်တင်ပြောဆို တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
အမျိုးသမီးအရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ မနှင်းသက်မှူးခင်က “မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ နေရထိုင်ရကြပ်သွားမယ်၊ ဒုက္ခရောက်သွားမယ်၊ အရှက်ရမယ်ဆိုတဲ့ဟာကို သူတို့သိတယ်၊ အဲ့တော့ အဲ့လိုမျိုးမြန်မာ့လူ့ အဖွဲ့အစည်းထဲမှာရှိနေတဲ့ဖိုဝါဒကို အမှီပြုပြီး၊ အခွင့်အရေးယူပြီးတော့ အမျိုးသမီးတွေကို တိုက်ခိုက်တာပေါ့”လို့ ပြောပါတယ်။
ဒီလိုဖြစ်စဉ်တွေကို ကြုံတွေရတဲ့ ကာယကံရှင်အမျိုးသမီးတွေက အကူအညီလာတောင်းတဲ့အခါ ကူညီဖြေရှင်းပေးနေတဲ့ Stop Online Harm အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက “အွန်လိုင်းကနေ တိုက်ခိုက်တယ် ဆိုပေမယ့် တော်လှန်ရေး လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေရဲ့ အသံကိုတိတ်စေဖို့အတွက်ဆောင်ရွက်တဲ့ အကြမ်းဖက်မှုပုံစံတမျိုးဖြစ်တယ်၊ ဒီလိုကြုံတွေ့ရတာက ကိုယ့်ရဲ့အပြစ်မဟုတ်ဘဲ ကျူးလွန်သူရဲ့ အပြစ်သာဖြစ်တယ်၊ ဒီလိုမျိုးကျူးလွန်ခွင့် ရအောင်လို့ ပေးထားတဲ့ စနစ်ရဲ့ချို့ယွင်းမှုကြောင့်သာ ဖြစ်တယ်ဆိုတာ သိထားဖို့လိုတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် အွန်လိုင်းကနှောင့်ယှက်မှုတွေကတဆင့် ပြင်ပမြေမှာပါ အန္တရာယ်ကြုံတွေ့နိုင်မလားဆိုတာ ဆန်းစစ်ဖို့လိုပြီး၊ ကိုယ့်ရဲ့လုံခြုံရေး၊ မိသားစုတွေရဲ့လုံခြုံရေးတွေအတွက်ပါ သတိထားဖို့လိုတယ်လို့ သူက အကြံပြုပါတယ်။
ဒီလို အွန်လိုင်းအကြမ်းဖက်မှုတွေနဲ့ ပုံစံမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရဖူးသူ လူငယ်အမျိုးသမီးတွေဖြစ်တဲ့ ရဲဘော်ဆူး၊ ရဲဘော် မေရီနဲ့ ရှမ်းကျောင်းသားများသမဂ္ဂမှာ ဦးဆောင်ကော်မတီဝင် ယိင်းတို့ဟာ အရှက်ရပြီး တော်လှန်ရေးထဲကနေ တိမ်မြုတ်ပျောက်ကွယ်သွားမှာမဟုတ်ဘဲ ပိုပြီးကြံ့ကြံ့ခံရင်ဆိုင်ဖို့ ဒီလိုတိုက်ခိုက်မှုတွေကို လျစ်လျူရှုပြီး ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကို လုပ်ရမယ်ဆိုတဲ့ ကိုယ့်စိတ်ကို ပြောင်းလဲလိုက်ဖို့ တွန်းအားတွေရခဲ့တယ်ဆိုတာ သူတို့ပြောစကားတွေထဲကနေ တွေ့ရပါတယ်။
ရဲဘော်ဆူးဟာ ဒီလိုအတွေ့အကြုံတွေကြောင့် အစောပိုင်းမှာ စိတ်ဓာတ်ကျတာ၊ အပြောမခံနိုင်တာ၊ အများကြီး စိတ်အားငယ်ပြီး အများကြီးစိတ်ဓာတ်ကျခဲ့တဲ့ အခါမျိုးလည်းရှိခဲ့ပြီး၊ တော်လှန်ရေးအလုပ်က နားမယ်လို့ စဉ်းစားခဲ့တဲ့ အချိန်မျိုးလည်းရှိခဲ့ဖူးပါတယ်။
“ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီလိုတိုက်ခိုက်မှုတွေကို လျစ်လျူရှုပြီး ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်ဖို့ပဲ ကိုယ့်စိတ်ကိုပြောင်းလဲလိုက်တယ်”လို့ သူကဆိုပါတယ်။
ဒါ့အပြင် ရှမ်းကျောင်းသားများသမဂ္ဂမှာ ဦးဆောင်ကော်မတီဝင် ယိင်းက “ဒီလိုမျိုးအရှက်ခွဲခံရတယ် ဆိုတာက ကိုယ့်ကို တမင်ရည်ရွယ်ချက်ရှိရှိကျူးလွန်တာဖြစ်တယ်၊ ကိုယ့်ကရှက်ရမှာမဟုတ်ဘူး၊ ကိုယ့်ကိုပြုလုပ်တဲ့သူတွေကပဲ ရှက်ရမှာဖြစ်တဲ့အတွက်စိတ်ထဲမှာ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကြဖို့ ကျမပြောချင်တယ်”လို့ ဘဝတူ အမျိုးသမီးတွေအတွက် အားပေးစကားပြောပါတယ်။
ရဲဘော်မေရီကတော့ ဒီလိုမျိုး နှောင့်ယှက်ခံရပေမယ့် တော်လှန်ရေးအတွက် အဟန့်အတား ဖြစ်တာမျိုး မရှိသလို၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုပြီးခိုင်မာသွားတယ်လို့ သူ့ခံစားချက်ကို အခုလို စကားဆိုပါတယ်။
“သူတို့တွေက ဒီလိုမျိုးယုတ်မာနေတဲ့အချိန်မှာ ငါတို့ကပျော့ညံ့နေလို့မရဘူးဆိုတဲ့စိတ် ဝင်တယ်”











