လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ တနှစ်တာအတွင်း အမျိုးသမီး ၇၉၂ ဦး သေဆုံး
ဒေဝီ
အာဏာသိမ်းစစ်အုပ်စုရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ တနှစ်တာအတွင်း အမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့ပြီး၊ ၂၀၂၄ ခုနှစ်ထက် မြင့်တက်လာတယ်လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU)က ယနေ့ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ အရပ်သားပြည်သူတွေ ခိုလှုံတဲ့ နေရာကို စစ်ရေးပစ်မှတ်အဖြစ် သဘောထားကာ ဦးတည်တိုက်ခိုက်နေတဲ့အတွက် အမျိုးသမီးနဲ့ကလေးသေဆုံးမှုက နှစ်စဉ်မြင့်တက်လာနေတယ်လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ(BWU)ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
BWU တွဲဘက်အထွေထွေအတွင်းရေးမှု (၂) မယဉ်မျိုးလှိုင်က “အမျိုးသမီးသေဆုံးမှုက မနှစ်က(၂၀၂၄ခုနှစ်)နဲ့ ယှဉ်ရင် ဒီနှစ်(၂၀၂၅ခုနှစ်)မှာ မြင့်တက်လာတာတွေ့ရတယ်၊ ဒီနှစ်မှာဆို လေကြောင်းနဲ့မြေပြင်က အကြမ်းဖက် တိုက်ခိုက်မှုတွေက အများဆုံး ဖြစ်နေတဲ့ အနေအထားမျိုးဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက သူတို့အာဏာ တည်မြဲရေးအတွက် ဒီလို လုပ်နေတယ်ဆိုတာ မြင်တယ်”လို့ HI – Honest Information ကို ပြောပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂက သတင်းမီဒီယာတွေမှာ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၅ ဇန်နဝါရီ မှ ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံတဝှမ်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၆၂၁ ဦးသေဆုံးခဲ့ပြီး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၀၂ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၃၉ဦး၊ မြေမြုပ်မိုင်းကြောင့် ၁၃ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၆ဦး၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၅ဦး၊ ထောင် တွင်း ဆေးဝါးကုသမှု မရရှိမှုကြောင့် ၃ဦးနဲ့ ကျည်ထိမှန်မှုကြောင့် ၃ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိမှုတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၇၆ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရ မှုကြောင့် ၁၆၄ဦး၊ မြေမြုပ်မိုင်းကြောင့် ၄၁ဦး၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကြောင့် ၂၆ဦး၊ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ၅ဦး၊ ကျည်ထိမှန်မှုကြောင့် ၂ဦးနဲ့ မတရားသတ်ဖြတ်ခံရမှု ကြောင့် ၁ဦး၊ စုစုပေါင်း အမျိုးသမီး ၈၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်အရ အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီး ၈၀၀ နီးပါးအနက် အသက်၁၈နှစ်အောက်အမျိုးသမီး ၁၅၄ဦး နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၅ဦး ပါဝင်နေသလို၊ စစ်ကိုင်းတိုင်ဒေသကြီးက ၂၁၇ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး၊ မန္တလေးတိုင်းက ၁၂၃ဦး၊ ရခိုင်ပြည်နယ်က ၁၁၉ဦး၊ ရှမ်းပြည်နယ်မှ ၈၁ဦးနဲ့ မကွေးတိုင်းမှ ၆၉ ဦးတို့ အသီးသီး ရှိခဲ့ပါတယ်။
BWU ဟာ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တိုက်တွန်းတောင်းဆိုမှုအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုံ့ချပြီး၊ ရာဇဝတ်မှုကျူးလွန်တဲ့ စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ် မပြုရေး၊ အကြမ်းဖက်စစ်အုပ်စုဆီကို ငွေကြေးစီးဆင်းမှုဖြစ်စေနိုင်တဲ့ရင်းနှီးမြုပ်နှံမှု၊ ထောက်ပံ့ကူညီမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမှန်သမျှကို ချက်ချင်းရုတ်သိမ်းရပ်ဆိုင်းရေး၊ လက်နက်ခဲယမ်းတွေနဲ့ လေယာဉ်ဆီတွေ မရောက်ရှိစေရေး တိတိကျကျဒဏ်ခတ် အရေးယူပိတ်ဆို့မှု ပြဌာန်းကျင့်သုံးပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ရက်စက်ကြမ်းကြုတ်မှု မှန်သမျှ ရပ်တန့်ရန် ဖိအားပေး တိုးမြှင့်လုပ်ဆောင်ရေး အပါအဝင် အချက် ၄ ချက်ကို တောင်းဆိုထားပါတယ်။
စစ်အုပ်စုက ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်ကစလို့၊ ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစား နေတဲ့ ယနေ့အချိန်အထိ နေ့စဉ် စစ်ရာဇဝတ်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်နေတဲ့အတွက် အမျိုးသမီးတွေမှာ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံး နေခဲ့ရပြီး၊ ပြီးခဲ့တဲ့ နှစ် ၂၀၂၄ ခုနှစ် အတွင်း အမျိုးသမီး ၄၇၈ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။











