မျက်လုံးကို အဝတ်စနဲ့ပိတ်လိုက်ပြီးတော့ သူတို့စခန်းရှိတဲ့နေရာကို ခေါ်သွားပါတယ်
(RSO အဖွဲ့ဆီက တာကာငွေ၁ သိန်း၅သောင်းပေးပြီး ပြန်မြောက်လွတ်လာတဲ့ ရခိုင်အမျိုးသမီးတဦးနဲ့ သီးသန့်အင်တာဗျူး)
သန့်ရှင်းထွန်း တွေ့ဆုံမေးမြန်းသည်။
ရခိုင်ပြည်ထဲမှာရှိတဲ့ ဆေးရုံတွေ၊ လူနေမြို့ပေါ်ရပ်ကွက်တွေနဲ့ စာသင်ကျောင်းတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရတဲ့ ရခိုင်ဒေသခံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရေး အဆင်မပြေမှုတွေကြောင့် အချို့က ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံဘက်ကို ဆေးသွားကုရတာတွေ ပြုလုပ်နေကြရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်က မောင်တောမြို့ကနေ မိုင် ၅၀ လောက်ကွာဝေးတဲ့ မြောက်ပိုင်း ဘော်ဒူလာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆေးကုသဖို့ သွားခဲ့ကြတဲ့ အမျိုးသား ၂ဦး၊ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦးတို့ဟာ ညအချိန်နယ်စပ်ကို ဖြတ်ကျော်ချိန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တဖွဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးခံရချိန်မှာ သက်ကြီးပိုင်းအမျိုးသမီး ၁ဦးနဲ့ အမျိုးသား ၂ဦးတို့က ထွက်ပြေးလွတ်မြောက်သွားပြီး CFSI ဝန်ထမ်း ၂ဦးဖြစ်တဲ့ အမျိုးသမီး ၂ဦးနဲ့ အသက် ၉နှစ်အရွယ် ကလေး ၁ဦးဟာ ဆက်လက်ဖမ်းဆီးထားခံရပြီး စိုးရိမ်ရတဲ့အခြေအနေကို ရင်ဆိုင်ခဲ့ကြရပါတယ်။ အခုလက်ရှိမှာတော့ အဲဒီ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရသူတွေဟာ ဇန်နဝါရီ ၆ ရက်နေ့က မိမိနေအိမ်ကို ကောင်းကောင်းမွန်မွန် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
လွတ်မြောက်လာကြသူတွေထဲက တဦးဖြစ်တဲ့ မသန္တာစိုးကို HI – Honest Information က သီးသန့် တွေ့ဆုံမေးမြန်းထားပါတယ်။
HI – Honest Information – ညီမတို့ကို ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်အဖွဲ့က ဘယ်အဖွဲ့လဲ၊ ဘာကြောင့် ဖမ်းတယ်လို့ ထင်လဲ။
မသန္တာစိုး – အဓိကတော့ လမ်းပြတွေမကောင်းလို့ အဖမ်းခံရတာပါ၊ လမ်းပြက လုံခြုံတဲ့လမ်းကို မရွေးဘဲ၊ တမင်ရွေးလိုက်တာပါ၊ ဘာလို့လဲဆိုတော့ ညီမတို့နဲ့အတူပါလာတဲ့ အမျိုးသား ၂ဦး ထွက်ပြေးလွတ်မြောက်သွားချိန်မှာ လမ်းပြတွေကို ဘာမှမလုပ်ဘဲ အသာတကြည် ပြန်လွတ်လိုက်တယ်၊ ညီမတို့ မောင်တောဘက်ကိုရောက်လို့ စုံစမ်းကြည့်တော့လည်း လမ်းပြတွေပါ ပူးပေါင်းပါဝင်တယ်ဆိုတာကို တာဝန်ရှိသူတွေဆီက သိခဲ့ရတယ်၊ အခု အဲဒီလမ်းပြတွေလည်း ပျောက်နေတယ်။
အေအေ(AA)ထင်လို့ဖမ်းတယ်လို့ သူတို့(RSO)က ပြောပါတယ်။ နင်တို့က အေအေတွေ မဟုတ်ဘူးလား ဆိုပြီးတော့ အမြဲတမ်းမေးပါတယ်။ ကျမတို့ကလည်း အေအေမဟုတ်ဘူး၊ NGO ဝန်ထမ်းတွေပါလို့ ပြန်ဖြေတယ်။ ဒါပေမယ့် သူတို့ကမယုံလို့ ညီမတို့အကြောင်းတွေကို စုံစမ်းတာတွေ လုပ်တာတွေ့ရပါတယ်။
HI – Honest Information – ဖမ်းဆီးခံရပုံကို အသေးစိတ်လေးတချက် ပြောပြပါလား။
မသန္တာစိုး – ဖမ်းဆီးခံရတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာပါ။ အချိန်ကတော့ ညနေစောင်းလောက် ရှိပါပြီ။ ညီမတို့မှာ အမျိုးသမီး ၂ ဦး ကလေး ၁ဦး၊ နောက်ထပ်ဆေးသွားကုတဲ့ အမျိုးသား ၂ဦးနဲ့ လမ်းပြ အမျိုးသား ၃ဦး ပါပါတယ်။ နောက်ထပ် သက်ကြီးအမျိုးသမီး ၁ဦးလည်း ပါပါသေးတယ်။ ဒါပေမယ့် ဖမ်းဆီးခံရချိန်မှာတော့ အမျိုးသား ၂ဦး၊ အမျိုးသမီး ၂ဦး၊ ကလေး ၁ဦး၊ လမ်းပြ ၃ဦးဖြစ်ပါတယ်။ ဖမ်းဆီးချိန်မှာတော့ အဖြူရောင် ပြောက်ကျားယူနီဖောင်းဝတ်ပြီး သေနတ်ကိုင်ထားတဲ့ လူငယ်ပိုင်း ၃ယောက်က ဖမ်းဆီးတာပါ။ အဲဒီနောက် မှာတော့ သူတို့(RSO) ၇ယောက်လောက် ဖြစ်သွားပါတယ်။ ညီမတို့ကို စဖမ်းချိန်မှာ RSO က ၃ယောက်တည်း အဲဒီမှာ သူတို့က ညီမတို့ကိုပဲ အာရုံစိုက်ပြီး လိုက်ဖမ်းပြီးတော့ သက်ကြီးအမျိုးသမီးကို အာရုံမစိုက်လိုက်ဘူး၊ အဲဒီအချိန်မှာ သက်ကြီးအမျိုးသမီးက ပြေးလို့လွတ်သွားပါတယ်။
နေဝင်စပြုလာတော့ အမျိုးသားသီးသန့်၊ အမျိုးသမီးနဲ့ ကလေးသီးသန့်စီ ခွဲလိုက်ပါတယ်။ အဲဒီလို ခွဲလိုက်ချိန်မှာ တယောက်ယောက် တောင်ကုန်းပေါ်ကနေ ခုန်ဆင်းတဲ့အသံကို ကြားခဲ့ရပါတယ်။ အဲဒီအချိန်မှာ ညီမတို့ကို RSO တယောက်နဲ့ထားခဲ့ပြီးတော့ ကျန်တဲ့သူတွေက လိုက်သွားပါတယ်။ သေနတ်ပစ်သံကိုလည်း ကြားရပါတယ်။ ခဏနေတော့ သူတို့ပြန်လာပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ သွေးတချို့ ပေကျံနေတာကိုလည်း တွေ့ပါတယ်။ အဲဒီအချိန်မှာ RSO တယောက်က ‘နင်တို့လင်ကို သတ်လိုက်ပြီ’လို့ မွတ်ဆလင်စကားနဲ့ လာပြောပါတယ်။ တကယ်တမ်းကျတော့ သူတို့ညာပြီးပြောခဲ့တာပါ၊ ညီမတို့နဲ့အတူ ပါသွားတဲ့ အမျိုးသား ၂ဦးက ထွက်ပြေးလွတ်မြောက်သွားတာပါ။
အဲဒီလို အမျိုးသား ၂ဦး ထွက်ပြေးသွားချိန်မှာ RSO တွေက ညီမတို့ကို ဒီတိုင်းမထားတော့ဘဲ ကြိုးတုပ်လိုက်ပါတယ်။ ပြီးတော့ မျက်လုံးကို အဝတ်စနဲ့ပိတ်လိုက်ပြီးတော့ သူတို့စခန်းရှိတဲ့နေရာကို ခေါ်သွားပါတယ်။
HI – Honest Information – စခန်းထဲမှာ ဘာတွေဖြစ်ပျက်သေးလဲ။
မသန္တာစိုး – စခန်းကိုရောက်ချိန်မှာတော့ ညနေစာထမင်းကျွေးပါတယ်။ ညီမတို့က မစားခဲ့ဘူး။ ပြီးတော့ ညဘက်အိပ်ဖို့ တယောက်ကို စောင် ၂ထည်စီပေးပါတယ်။ ညီမတို့လည်း ဒီလောက်ချမ်းတဲ့ အချိန်မှာ စောင်ကိုတော့ ယူလိုက်ကြတယ်။ အဲဒီအချိန်မှာ သူတို့ ဖုန်းတွေနဲ့ အလုပ်ရှုပ်နေတာတွေ့ပါတယ်။ အသက်အငယ်ပိုင်း RSO တယောက်က သူ့ကိုသိလား လာမေးတယ်။
သူနေထိုင်ခဲ့တဲ့ ရွာကိုပြောတော့ ညီမနေခဲ့တဲ့ ရွာနဲ့ နီးနီးလေးဖြစ်တာကြောင့် ရွာက သက်ကြီးပိုင်းအသိတွေကို ပြောပြတယ်။ အဲဒီနောက် သူ့အမေဆီကို ဗီဒီယိုကောခေါ်ပြီးတော့ ညီမကို စကားပြောခိုင်းတယ်။ သူ့(RSO) အမေက ညီမကိုဘာလို့ ဖမ်းထားတာလဲ၊ ပြန်လွတ်ပေးလိုက်ဆိုပြီးတော့ ပြောတယ်။ RSO လူငယ်ရဲ့ အမေက ညီမကို သိပါတယ်၊ ၂၀၁၇ ခုနှစ် ပဋိပက္ခမတိုင်ခင်မှာ ညီမတို့နေတဲ့ရွာနဲ့ RSO လူငယ်နေခဲ့တဲ့ရွာက နီးနီးလေးပါ။ အဲဒီတော့ တယောက်နဲ့တယောက်သိကြတယ်။ အခု RSO လူငယ် အမေရော၊ မိသားစုပါ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းမှာ နေကြပါတယ်။
ပြီးရင် သူ့မိန်းမနဲ့ ဗီဒီယိုကော ခေါ်ပြီး စကားပြောခိုင်းတယ်။ အဲလိုပြောပြီးနောက်မှာတော့ ညီမတို့ကို ပြန်လွတ်ပေးမယ်၊ မကြောက်နဲ့ဆိုပြီး လာပြောတယ်။ ညီမတို့က မယုံခဲ့ဘူး။ အသေလို့ ဆုံးဖြတ်ချက်ချထား တာပဲ။ ခဏကြာတော့ စခန်းကခေါင်းဆောင် တဦးဆီကို ဖုန်းလာတယ်။ ညီမတို့ကို ဘာမှမလုပ်ဖို့ အမိန့်ပေးတာထင်တယ်။ အဲဒီဖုန်းလာချိန်တည်းက သူတို့လေသံက ပြောင်းသွားပြီးတော့ ညင်ညင်သာသာ ပြောလာပါတယ်။ ညီမတို့ကို ဖမ်းတဲ့ RSO ထဲမှာ ညီမကို သိတဲ့ တပ်ဖွဲ့ဝင် ၂ဦး ပါပါတယ်။ သူတို့က ၂၀၁၇ ပြဿနာမဖြစ်ခင် မောင်တောမှာ နေခဲ့ကြသူတွေပါ။ ပြဿနာဖြစ်ပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတာပါ။
HI – Honest Information – ပြန်လွတ်ပေးမယ့်အကြောင်းကို ဘယ်လိုသိခဲ့ရလဲ။
မသန္တာစိုး – ဇန်နဝါရီ ၅ ရက် မနက်မိုးလင်းတော့ မျက်လုံးစည်းထားတာတွေကို ပြန်ဖြေပေး ပါတယ်။ ပြီးတော့ အဖွဲ့ထဲကတယောက်က ခေါ်မယ့်သူလာရင် ပြန်သွားရမယ်ဆိုပြီးပြောပါတယ်။ ဒါပေမယ့် ညီမတို့က မယုံခဲ့ဘူး။ တနေရာရာကို ခေါ်သွားမှာလို့ ထင်ခဲ့တယ်။ အဲဒီလိုသာဖြစ်ခဲ့ရင်တော့ မရ,ရတဲ့လမ်းက ထွက်ပြေးမယ်ဆိုပြီးတော့ တွေးထားခဲ့တယ်။ နောက်တော့ ၁၉၊ ၂၀အရွယ် RSO လူငယ် ၂ယောက်က မောင်တောဘက်က လာခေါ်တဲ့ လမ်းပြဆီကို ရောက်အောင်ပို့ပေးခဲ့ပါတယ်။
HI – Honest Information – ရိုဟင်ဂျာသွေးစည်းညီညွှတ်ရေးအဖွဲ့(RSO)လို့ ဘယ်လို သိခဲ့တာလဲ။
မသန္တာစိုး – ညီမတို့ကို ဖုံးထားတဲ့ မျက်နှာစည်းတွေကို ဖြုတ်လိုက်ချိန်မှာ သူတို့ဝတ်ထားတဲ့ ယူနီဖောင်း ဘတ်တံဆိပ်မှာ RSO လို့ ရေးထားတာတွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် RSO အဖွဲ့လို့ သိခဲ့ရတာပါ။
HI – Honest Information – ညီမတို့ကို လမ်းပြခေါ်ဆောင်သွားတဲ့ ဒိုင်းနက်အမျိုးသား၃ဦးက ဘာဖြစ်သွားလဲ။
မသန္တာစိုး – ညီမတို့နဲ့အတူပါသွားတဲ့ အမျိုးသား ၂ဦး ထွက်ပြေးလွတ်မြောက်သွားပြီးနောက်မှာ အဲဒီ လမ်းပြ ၃ဦးကို RSO က ဒီအတိုင်း ပြန်လွတ်ပေးလိုက်ပါတယ်။ သူတို့အချင်းချင်းက သိနေကြပုံပါပဲ၊ သူတို့ အချင်းချင်း မွတ်ဆလင်စကားနဲ့ပြောကြတယ်။ လမ်းပြတွေက မွတ်ဆလင်စကားကို မွတ်ဆလင်တွေထက် တတ်တယ်လေ။ သူတို့ပြောတာကို ညီမတို့ သိပ်နားမလည်ဘူး။ အဓိကတော့ သူတို့ပူးပေါင်းကြံတာပါ။
HI – Honest Information – ဖမ်းဆီးခံရချိန်မှာ ရိုက်နှက်တာ၊ မတော်မတရားပြုလုပ်တာတွေ ရှိသေးလား။
မသန္တာစိုး – အမျိုးသား ၂ဦး ထွက်ပြေးလွတ်မြောက်သွားချိန်မှာ ကြိုးတုပ်တာ၊ မျက်လုံးစည်းတာကလွှဲရင် တခြား ကိုယ်ထိလာရောက် လုပ်တာမရှိပါဘူး။ ဖမ်းဆီးချိန်မှာ ကိုယ်တွေကို မွှေချိန်မှာတောင် ညီမနဲ့အတူပါလာတဲ့ အစ်မနဲ့ တယောက်ကိုတယောက်ပဲ ရှာဖွေပြခဲ့ရပါတယ်။
HI – Honest Information – ပါသွားတဲ့ ဖုန်းတွေ၊ ငွေတွေ၊ ပစ္စည်းတွေကို သိမ်းယူသွားတာရှိလား။
မသန္တာစိုး – စဖမ်းချိန်မှာတော့ ဖုန်းတွေကို သိမ်းသွားပါတယ်။ တခြားပစ္စည်းတွေကိုတော့ သိမ်းယူတာမရှိပါဘူး။ ပြန်လွတ်လိုက်ချိန်မှာလည်း ဖုန်းတွေကို ပြန်ပေးလိုက်ပါတယ်။
HI – Honest Information – ညီမတို့ ပြန်လွတ်ဖို့အတွက် ဘာတွေပေးလိုက်ရတယ်လို့ သိရလဲ။
မသန္တာစိုး – တာကာငွေ ၁သိန်း၅သောင်း (မြန်မာငွေ ၅၂သိန်းကျော်) ကို အာရက္ခတပ်တော်(AA)တပ်ရင်းမှူးက နယ်စပ်က RSO တွေနဲ့ ညှိနှိုင်းခဲ့တဲ့ ပွဲစားကနေတဆင့် စီစဉ်ပြီး ပေးလိုက်ရတယ်။ RSO တွေတောင်းတဲ့ အဲဒီငွေတွေကို ညီမတို့က ပြန်ပေးရတာဖြစ်ပါတယ်။
HI – Honest Information – အတူတူဖမ်းခံရတဲ့ အမျိုးသမီးနဲ့ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ဘယ်လိုရှိလဲ။
မသန္တာစိုး – လက်ရှိတော့ သူတို့ပုံမှန်အနေအထားတွေ့ပါတယ်။ ပြန်လွတ်လာ တော့ ရယ်ရယ်မောမော ပြန်ဖြစ်သွားကြတယ်။ အခြေနေကတော့ တည်တည်ငြိမ်ငြိမ်ပဲရှိပါတယ်။ ကလေးကလည်း မိသားစု၊ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့ မေ့မေ့ပျောက်ပျောက် ပြန်ဖြစ်သွားသလိုပါပဲ။
HI – Honest Information – ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့ရှိ UN လက်အောက်ခံ IIMM (Independent Investigative Mechanism for Myanmar) ကိုလည်း စာရေးပေးပို့ပြီး မေတ္တာရပ်ခံထားတယ်ဆိုတော့ အခုလွတ်လာတာက သူတို့ ကြားဝင်ဖြေရှင်းပေးလို့ လွတ်လာတာလား။
မသန္တာစိုး – သူတို့ပြောတာကတော့ NGO ဝန်ထမ်းမှန်း သိသွားတာ၊ ပြီးတော့ အသိတွေဖြစ်နေတာ၊ သူတို့တောင်းတဲ့ ငွေကို ပေးလိုက်တာကြောင့်လို့ ပြောပါတယ်။ IIMM က ကြားဝင်ဖြေရှင်းပေး၊ မပေးကို မသိရဘူးလို့ ပြောပါတယ်။
HI – Honest Information – ဆေးကုဖို့သွားကြတာဆိုတော့ ဆေးကုခွင့်ရခဲ့ကြလား။ မကုခဲ့ရရင် ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဆက် ဖြေရှင်းကြမလဲ။
မသန္တာစိုး – ဆေးမကုခဲ့ရပါဘူး၊ လက်ရှိ ဖြစ်နေတဲ့ ရောဂါတောင် ပြန်ကောင်းသွားသလို ဖြစ်သွားတယ်။
HI – Honest Information – စစ်တပ်က လေကြောင်းကြဲ၊ နယ်စပ်မှာက ဒီလိုတွေဖမ်းခံရတော့ ကျန်းမာရေးလို သေရေးရှင်ရေးကိစ္စတွေမှာ ဒေသခံတွေကြုံနေရတဲ့အခြေအနေအပေါ် ဘာပြောချင်လဲ။
မသန္တာစိုး – ဒီမှာ စစ်ကောင်စီဘက်က ဆေးရုံဆေးခန်းတွေကို မကြာခဏ လေယာဉ်နဲ့ ဗုံးလာကြဲတော့ ဆေးရုံတက်ဖို့ ကြောက်ကြတယ်၊ ပြီးတော့ အကြီးစားကုသရမယ့် ရောဂါတွေဆိုရင် ဒီမှာအဆင်မပြေကြဘူး၊ ဆရာဝန်တွေကိုယ်တိုင်က အိန္ဒိယဘက်ကို လွတ်တာရှိတယ်၊ တချို့က ဘင်္ဂလာဘက်ကို သွားကြတယ်၊ ဆိုတော့ လမ်းက ၂ခုရှိတယ်။ ဘင်္ဂလာဘက်က လုံခြုံမှုမရှိဘူး၊ အိန္ဒိယဘက်ကျပြန်တော့လည်း ရခိုင်ဘက်က မကြာခဏလမ်းပိတ်တာတွေရှိတယ်။ ဒီလိုအနေအထားမှာ လူတွေက ကျန်းမာရေးကို အရမ်းဂရုစိုက်ပြီးနေရတယ်။ ဖြစ်လာရင်တော့ သေမယ့်ဘက်ကို ၇၀ ရာခိုင်နှုန်း ရှင်မယ့်ဘက်ကို ၃၀ ရာခိုင်နှုန်းပဲ ရှိကြပါတယ်။
HI – Honest Information – တခြားဖြည့်စွက်ဘာပြောချင်သေးလဲ။
မသန္တာစိုး – ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုသွားတာက အန္တရာယ်များပါတယ်။ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး မသွားကြပါနဲ့လို့ ပြောချင်ပါတယ်။
HI – Honest Information – ကျေးဇူးတင်ပါတယ်။










