ထီးလင်းနဲ့ ကောင်ဂျာရွာကို ဂျက်ဖိုက်တာနဲ ဗုံးကြဲလို့ အမျိုးသမီး ၁၁ ဦးအပါအဝင် စစ်ရှောင် ၂၀ဦး သေဆုံး၊ ၂လသားအရွယ် ကလေးငယ်တွေအပါအဝင် ၁၂ ဦး ပြင်းထန်ဒဏ်ရာရ
ရှင်ငြိမ်း
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းက စစ်ရှောင်ပြည်သူတွေရှိတဲ့ ထီးလင်းကျေးရွာနဲ့ ကောင်ဂျာ ကျေးရွာ (Kawng Ja) ကို ဇန်နဝါရီလ ၂၂ ရက်၊ ညနေ ၅ နာရီခွဲမှာ စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းဗုံး ၃လုံး ကြဲချခဲ့တာကြောင့် နာရေးအိမ်၊ စာသင်ကျောင်းနဲ့ စစ်ရှောင်နေရာတွေ ထိမှန်ခဲ့ပြီး နာရေးအတွက် ဝတ်ပြုဆုတောင်းနေတဲ့ အမျိုးသမီး ၁၁ ဦးအပါအဝင် စစ်ရှောင်ပြည်သူ စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဂျက်ဖိုက်တာတွေနဲ့ ကြဲချခဲ့တဲ့ လေကြောင်းဗုံးဒဏ်ကြောင့် လမ်းတခုသာခြားတဲ့ ထီးလင်းကျေးရွာနဲ့၊ ကောင်ဂျာ ကျေးရွာက (၁၀ နှစ်အောက်မိန်းကလေးငယ် ၁ ဦးအပါအဝင်) အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၈ ဦးနဲ့ အမည်မသိသူ (ကျား၊ မ ခွဲခြားလို့ မရနိုင်တော့သူ) ၁ ဦး သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရသူ ၂၅ ဦးထဲမှာတော့ (၇ နှစ်အရွယ်နဲ့ ၂လသားအရွယ် မိန်းကလေးငယ် ၂ ဦး အပါအဝင်) အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၁၃ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ မသန်စွမ်းသူတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ စစ်ရှောင်အမျိုးသမီး ဒေါ်ဂျာက “ဂျက်ဖိုက်တာက တခါချရင် ၂လုံး၊ ၂လုံးချတယ်၊ ပထမ ၂လုံးချတဲ့ အချိန်မှာ သူတို့က အိမ်အပေါ်ထပ်မှာ ဆုတောင်းနေတာ၊ အောက်က လူတွေကို အရင်ထိသွားတော့ ပြေးဖို့လုပ်နေတဲ့အချိန် နောက် ၁လုံး ထပ်ကျတာ၊ အဲ့မှာလူတွေ အများကြီးသေသွားတယ်”လို့ HI – Honest Information ကို ပြောပါတယ်။
ဗုံးကြဲခံရပြီး နောက်ပိုင်းမြင်ကွင်းကို ဒေသခံပြည်သူတချို့ ဖုန်းနဲ့ ရိုက်တင်ထားတဲ့ ဗီဒီယိုဖိုင်တွေမှာ ပြည်သူတွေဟာ ဗုံးဒဏ် ကြောင့် ရုပ်ပျက်ဆင်းပျက်သေဆုံးနေတဲ့ပုံတွေကို မြင်တွေ့ရပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ ၂လသားအရွယ်ကလေးငယ်တဦးရဲ့ မိဘ ၂ဦးလုံးဟာ ဗုံးဒဏ်ကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။
“ဗန်းမော်မြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ဗုံးကြဲသွားခဲ့တာပါ၊ စစ်တပ်ဟာ ဗန်းမော်မြို့တဖက်ကမ်း
စစ်ရှောင်တွေအများစုရှိတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်လာတာကြောင့်
မကြာခဏရွှေ့ပြောင်းနေထိုင်ကြ ရတာဖြစ်ပါတယ်”လို့ ဒေသခံ ကချင်အမျိုးသားတဦးက ပြောပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က သတင်းမီဒီယာတွေမှာ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၅ ဇန်နဝါရီ မှ ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံတဝှမ်း စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၆၂၁ ဦးသေဆုံးခဲ့ပြီး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၀၂ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။











