တိုက်ခိုက်လိုစိတ်ရှိပေမယ့် ရှေ့တန်းမှာ နေရာမရတဲ့ တော်လှန်ရေးထဲက အမျိုးသမီးစစ်သည်တွေ

ရှင်ငြိမ်း

လွန်ခဲ့တဲ့ ၅နှစ်နီးပါး၊ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်၊ လူကြီး၊  ကျား၊ မ မရွေးဟာ နွေဦးတော်လှန်ရေးကို တက်ညီလက်ညီ အစချီခဲ့ကြပါတယ်။

အကြမ်းမဖက်ဆန္ဒထုတ်ဖော်မှုတွေကို စစ်တပ်က လက်နက် အားကိုးနဲ့ အကြမ်းဖက်ဖြိုခွဲခဲ့ပြီး နောက်ပိုင်းမှာတော့ စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အတွက် မြန်မာပြည်တနံတလျားမှာ စုံလင်ကွဲပြားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေ အလျှိုအလျှိုပေါ်ပေါက်လာခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ထဲမှာ ပါဝင်ခဲ့ကြတဲ့လူငယ်လူရွယ်တွေဟာ နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလတွေမှာ အာဏာ သိမ်းစစ်တပ်လက်ချက်နဲ့ အသက်ဆုံးရှုံးလိုက်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်၊ ဆွေမျိုးသားချင်း၊ ချစ်ခင်ရသူတွေ စတဲ့ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒထုတ်ဖော်နေကြတဲ့ သာမာန်ပြည်သူတွေအပေါ် လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ လုပ်ရပ်တွေကို ကိုယ်တိုင်ကြုံတွေ့လိုက်ရပြီးနောက်ပိုင်း အာဏာရှစ်စနစ်ကို လက်နက်ကိုင်တော်လှန်ရေးနဲ့ ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အဲဒီလို ဆုံးဖြတ်ခဲ့ကြတဲ့ လူငယ်လူရွယ် အမျိုးသမီး၊ အမျိုးသားတွေထဲမှာ လက်ရှိအချိန်အထိ မကွေးတိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ခွဲတခုမှာ အမျိုးသမီးစစ်သည်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ဆူး တယောက်လည်း ပါဝင်ပါ တယ်။

တော်လှန်ရေးတပ်ဖွဲ့ထဲကို အမျိုးသမီးစစ်သည်အဖြစ် ဝင်ရောက်ဖြစ်ဖို့အတွက် သူ့မှာ ခိုင်လုံတဲ့တွန်းအားတွေ ရှိခဲ့ပါတယ်။

ဆူးဟာ သူ့ခင်ပွန်း၊ သူ့မိသားစုနဲ့အတူ စစ်အုပ်စုရဲ့  စစ်ကြောင်းတွေနဲ့ PDF တွေ ခဏခဏဖြတ်သွားလေ့ရှိတဲ့ ရွာလေးတရွာ က သာမာန်ပြည်သူအမျိုးသမီးတဦးဖြစ်ပါတယ်။ ၂၀၂၃ ခု၊ မေ ၈ ရက်၊  မနက် ၂ နာရီ လောက်မှာ  သူတို့ရွာထဲကို စစ်ကြောင်းဝင်လာတော့ ရွာသားတချို့လည်း ပြေးလို့ လွတ်ပေးမယ့် ဆူးတို့ ဇနီးမောင်နှံအပါအဝင် ရွာသား အများစု ဖမ်းခံလိုက်ခဲ့ပါတယ်။

ရွာဘုန်းကြီးကျောင်းထဲ ဖမ်းထားသူတွေကို ခေါ်သွားတယ်။ ဘုန်းကြီးကျောင်းထဲရောက်တော့ ဖမ်းထားသူအားလုံးကို လက်တွေခေါင်းပေါ်တင်ထားပြီး ဒူးထောက်ထိုင်ခိုင်းထားပါတယ်။ 

စစ်ကောင်စီစစ်သားတယောက်က “ငါ့တို့သတင်းရထားတယ်၊  မင်းတို့တွေ PDF အားပေးလုပ်နေတယ်။ ဒီထဲမှာလည်း သတင်းပေးနဲ့PDFတွေ ရှိတယ်။ အဲ့တော့ ထွက်လာခဲ့။ မဟုတ်ရင် ဒီမှာတွေ့လား” ဆိုပြီး အနားမှာရှိတဲ့ အမျိုးသမီးကြီး တယောက်ကို ဆွဲခေါ်ပြီး သေနတ်နဲ့ထောက်ထားခဲ့ပါတယ်။

အားလုံးက မရှိပါဘူး၊ မသိပါဘူးလို့ ပြောကြပေမယ့် “မထွက်လာရင် သတ်မယ်”လို့ထပ်ပြောပါတယ်။ ကံဆိုးချင်တော့ ဆူးရဲ့ယောကျာ်းဖြစ်သူကို “ဟေ့ကောင် မင်းလာခဲ့”လို့ ခေါ်တယ်။  ယောကျာ်းက ထသွားဖို့လုပ်တော့ ဆူးက မသွားပါနဲ့ပြော ရင်း စစ်ကောင်စီတပ်သားတွေကို “ကျမယောကျာ်းက PDF မဟုတ်ပါဘူး၊ မိသားစုကို ရှာကျွေးနေသူပါ” လို့ ပြောတော့ “ကောင်မ လျှာမရှည်စမ်းနဲ့၊ နင့်ကို ပစ်လိုက်ရမလား”လို့  ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်ခံရပါတယ်။

ဆူးရဲ့ ယောကျာ်းဟာ ဆွဲထားတဲ့လက်ကို ဖယ်ပြီး ရှေ့ကိုထွက်သွားပါတယ်။  ရှေ့ရောက်တော့ စစ်သားက ပလပ်စတစ်ကြိုးနဲ့ လက်ကို နောက်ပြန်ချည်တယ်။ ပြီးတော့ “မင်းမဟုတ်လား PDF ကို ထောက်ပံ့နေတာ၊ စစ်ရေးရောလေ့ကျင့်ထားလား” ဆိုပြီး မေးပါတယ်။

ဆူးရဲ့ခင်ပွန်းဖြစ်သူက သူမဟုတ်ကြောင်း ငြင်းတဲ့အခါ “မင်းတို့က မေးရင် မဟုတ်ဘူးဘဲ၊ ပြီးရင် နောက်ကွယ်ကနေ ငါတို့ကို သတ်နေတာ” ဆိုပြီးပြောလည်းပြော လက်သီးနဲ့လည်း အချက်ပေါင်းများစွာ ထိုးပါတော့တယ်။

ခင်ပွန်းဖြစ်သူ အထိုးအကြိတ်ခံရတိုင်း ဆူးက တောင်းပန်လေလေ၊ စစ်ကောင်စီတပ်သားက ခြိမ်းခြောက်လေလေ၊ ထပ်မံပြီး တော့လည်း ခြေသလုံးနဲ့ ခေါင်းကို ဆက်တိုက် ရိုက်နှက်နှိပ်စက်ပြန်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ နောက်ထပ် လူလတ်ပိုင်း အမျိုးသား ၂ယောက်ကို ရိုက်နှက်စစ်ဆေးနေတာတွေကို ဆူးနဲ့ ရွာသားတွေက ဘာမှ မကူညီနိုင်ဘဲ အသံတိတ်ထိုင်ကြည့် နေခဲ့ကြရတာဟာ နာရီနဲ့ချီကြာလာခဲ့တယ်။

အဲဒီနောက်မှာတော့ “မင်းတို့က တင်းခံနိုင်နေကြတယ် ဟုတ်လား၊ ကဲ၊ တယောက်လောက်” ဆိုပြီး ဆူးရဲ့ အမျိုးသားကို ခေါင်းဆောင်က ဆွဲခေါ်သွားပြီး ဘာမှမပြောဘဲနဲ့ သေနတ်နဲ့ပစ်သတ်ပြသခဲ့တာပါ။

“တခြားသူတွေမပြောနဲ့ ကျမတောင် ရုတ်တရက်ကြီး ပစ်လိုက်တော့ ဘာပြောရမှန်းမသိအောင် ကြောင်အမ်းအမ်း ဖြစ်သွား သေးတယ်၊ နောက်မှ အမလေး အော်ပြီး သတိလစ်သွားလို့ ဘယ်လိုဖြစ်သွားမှန်းမသိခဲ့ရဘူး၊ သတိပြန်ရတော့မှ စစ်သားတွေ ကျမတို့ရွာက အမျိုးသား ၆ ဦးကို ပေါ်တာဆွဲသွားတယ်ဆိုတာ သိရတယ်” လို့ အသက် ၂၅နှစ်အရွယ် မိန်းကလေး ဆူးက လွန်ခဲ့တဲ့ ၂နှစ်ခွဲကျော် ကာလက သူ့ရဲ့ ခါးသီးတဲ့ အတွေ့အကြုံအကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။

အိမ်ထောက်သက် ၂လစွန်းစွန်းသာရှိသေးတဲ့ ဆူးနဲ့ ခင်ပွန်းဖြစ်သူတို့ကြား အာဏာရှင်ကြောင့် သေကွဲခွဲခွာခဲ့ရတဲ့ အဖြစ်အပျက်ဟာ ဆူးအတွက် စူးတချောင်းလို စိုက်ဝင်သွားခဲ့ပုံပေါ်ပါတယ်။ ခင်ပွန်းဖြစ်သူအတွက် အာဏာသိမ်း စစ်အုပ်စုကို လက်တုန့်ပြန်ဖို့၊ လူငယ်နဲ့ လူလတ်ပိုင်းတွေကို စစ်ပညာပြန်သင်ပေးပြီး ကိုယ့်ရွာကိုကာကွယ်ဖို့ဆိုတဲ့  အတွေးဟာ ဆူးကို တော်လှန်ရေးတပ်ဖွဲ့ဝင် စစ်သည်တယောက် ဖြစ်လာစေခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက်မှာ ၂ဖက်မိဘတွေက ရွာမှာမနေရဲတော့ဘဲ မန္တလေးဘက်က ဆွေမျိုးသားချင်းတွေဆီ ပြောင်းရွှေ့ သွားခဲ့တယ်။ ဆူးကို သူတို့နဲ့လိုက်ခဲ့ဖို့ခေါ်ပေမဲ့ သူ PDF ထဲဝင်မှာဖြစ်လို့ သေလူလို့သဘောထားဖို့ပြောပြီး နေရစ်ခဲ့တယ်လို့ သူက ပြောပြပါတယ်။

အဲဒီအဖြစ်အပျက်အပြီး ၄ရက်အကြာ ၂၀၂၃ ခု၊ မေလ ၁၂ ရက်နေ့မှာ သူတို့ရွာကို ဖြတ်သွားတဲ့ PDF တပ်တခုနဲ့အတူ လိုက်သွားခဲ့ပါတော့တယ်။

အခုလက်ရှိမှာ တော်လှန်ရေးရဲဘော်သက်တမ်း ၂နှစ်ခွဲရှိနေပြီဖြစ်တဲ့ ရဲဘော် ဆူး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့တပ်ခွဲမှာ အမျိုးသမီး စစ်သည် ၁၀ ယောက်ဝန်းကျင်ရှိပြီး အမျိုးသားစစ်သည် အယောက် ၃၀ နီးပါးရှိကြပါတယ်။  

တပ်ရင်းထဲကို ရောက်တာနဲ့ သူအပါအဝင် အခြားအမျိုးသမီး သူအပါအဝင် အမျိုးသမီး ၃ ယောက် အခြေခံ စစ်သင်တန်း တက်ခဲ့ကြပြီး၊ သင်တန်းကာလပြီးဆုံးချိန်မှာ တာဝန်တွေ ပေးတဲ့အခါ ရဲဘော် ဆူးက ထောက်/ပို့ တာဝန်ကျပါတယ်။

တိုက်ခိုက်လိုစိတ်နဲ့ တော်လှန်ရေးတပ်ရင်းထဲကို ဝင်ရောက်ခဲ့ပေမယ့် လက်တွေ့ ဒီတာဝန်ကို ပေးခံရချိန်မှာ သူ့စိတ်ထဲ ရှေ့တန်းကို ရိက္ခာ၊ စစ်လက်နက် ပို့ပေးရတဲ့တာဝန်လို့ ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ နောက်တန်းက တပ်ရင်း ရဲ့ ရိက္ခာနဲ့ အထွေထွေ အသုံးစရိတ်တွေအတွက် ဝင်ငွေရှာဖွေပေးရတဲ့တာဝန်ဖြစ်နေတဲ့အပေါ်  ရဲဘော် ဆူးတယောက် ပထမတော့  ငြင်းဆန်ခဲ့ပါတယ်။

“ထောက်ပို့ခြင်းအတူတူ ရှေ့တန်းမှာ မတိုက်ရရင်တောင်မှ ရှေ့တန်းမှာ ရိက္ခာတွေ၊ လက်နက်ပို့တာလောက်တော့ လုပ်ချင် တယ်ပြောတာ၊ အဲ့မှာခေါင်းဆောင်က နင်က မိန်းကလေးမလား၊ နင်တို့ကို ရှေ့တန်းမခေါ်တာ အန္တရာယ်များလို့တဲ့ နင်တို့ လုပ်နိုင်တာပဲ လုပ်စမ်းပါတဲ့၊ အဲ့လိုပြောခံရတယ်”လို့ ရဲဘော် ဆူးက ပြောပါတယ်။

ကရင်တိုင်းရင်းသူဖြစ်တဲ့ ရဲဘော် ဆူးဟာ မြန်မာစကားကို ပီသအောင်မပြောနိုင်သလို စကားပြောမြန်လွန်းတာကြောင့် ဝင်ငွေရှာဖွေတဲ့လုပ်ငန်းဟာ သူနဲ့မကိုက်ညီဘူးလို့ သူ့ကိုယ်သူ ယူဆထားသူဖြစ်ပါတယ်။ စကားပြောရတဲ့ အလုပ်ကလွဲရင် မလုပ်နိုင်တဲ့တာဝန်မရှိသလို၊ ဘယ်လောက်ခက်ခဲပင်ပန်းတဲ့တာဝန်ဖြစ်ပါစေ လုပ်ဆောင်နိုင်တယ်ဆိုတာကို သိမြင်စေချင် တာကြောင့် တာဝန်တွေကို ကျေပွန်စွာဆောင်ရွက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ရဲဘော် ဆူးဟာ အမျိုးသမီးတွေကို ရှေ့တန်းလိုက်ခွင့်ပေးတဲ့ တပ်ခွဲတခုကို ပြောင်းပြီး အဆင့်မြင့် စစ်သင်တန်းတွေတက်ဖို့ ဆန္ဒရှိပေမယ့် တပ်ခွဲတာဝန်ရှိသူက ခွင့်မပြုတာရယ်၊ အဆက်အသွယ် မရှိတာကြောင့် လက်ရှိတပ်မှာပဲ သူမလုပ်ချင်တဲ့ တာဝန်တွေကို လုပ်နေရတယ်လို့ ဆိုပါတယ်။

 သူဟာ နည်းပညာပိုင်းထက် သေနတ်ကိုင်တိုက်ခိုက်ရတဲ့ တိုက်ပွဲမျိုးကို ပိုမိုအားရတာကြောင့် စနိုက်ပါ သင်တန်း တက်ရောက်ဖို့ ဆန္ဒပြင်းပြနေခဲ့ပါတယ်။

“ဒါပေမယ့် ခေါင်းဆောင်က မိန်းကလေးတွေ ကိုယ့်ကိုကိုယ် ကာကွယ်တတ်ရုံနဲ့ ရပြီလို့ ပြောတယ် ” လို့ သင်တန်းသူဘဝမှာ ဇွဲဆုရခဲ့ဖူးတဲ့ ရဲဘော်ဆူးကပြောပါတယ်။

သူဟာ တချို့သော တော်လှန်ရေးတပ်ဖွဲ့တွေမှာ အမျိုးသမီးတွေ ရှေ့တန်းထွက်ခွင့်ရနေပြီး အထူးသဖြင့် စနိုက်ပါနဲ့ ဒရုန်း ကဏ္ဍတွေမှာ စွမ်းရည်ပြနေတာတွေကို သတင်းတွေမှာ မြင်တွေ့ရတဲ့အခါတိုင်း အားကျစိတ်၊  သူတို့နဲ့အတူ ပါဝင်ချင်စိတ် တွေ ဖြစ်နေခဲ့ပါတယ်။

တကယ်တမ်းတော့ ရဲဘော်ဆူး အားကျနေတဲ့ ရှေ့တန်းရောက် အမျိုးသမီး စနိုက်ပါတဦးဖြစ်လာဖို့ဆိုတဲ့ ကိစ္စကလည်း လွယ်ကူ တဲ့ကိစ္စတော့  မဟုတ်ပါဘူး။

 HI – Honest Information  မှာ အကျယ်တဝံ့ဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါးထဲက ဇာတ်ကောင်  လက်ဖြောင့်တပ်သားရဲဘော် ဂီဂီ ဆိုရင် အမျိုးသမီးဖြစ်နေတဲ့အပေါ် ခွဲခြား ဆက်ဆံခံရမှုတွေနဲ့ သက်ဆိုင်တဲ့ အခက်အခဲအများကြီးကို ကြံ့ကြံ့ခံ ရင်ဆိုင် ကျော်ဖြတ်ခဲ့ရတာပါ။

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းနိုင်ဖို့ ၅ လနီးပါး တိုက်ယူခဲ့ရတဲ့တိုက်ပွဲမှာ အမျိုးသားရဲဘော်တွေနဲ့ တန်းတူ စစ်ရေး လှုပ်ရှားခဲ့တဲ့ ရဲဘော်ဂီဂီကိုယ်တိုင်လည်း ရှေ့တန်းမှာ နေရာမရခင်က (PDF-Zoland တပ်ဖွဲ့ကို မရောက်ခင် PDF တပ်တခုမှာ) စစ်သင်တန်းဆင်းတာနဲ့ မီးဖိုဆောင်ကို ပို့ခံခဲ့ရတဲ့ အမျိုးသမီးရဲဘော်တဦးဖြစ်ပါတယ်။  

PDF-Zoland ရဲ့  တပ်စိတ်မှူးရဲဘော် ဂီဂီဟာ လက်ဖြောင့်တပ်သားမဖြစ်ခင် စစ်သင်တန်းမှာလည်း “အမျိုးသမီးမို့လို့ လက်နက် ကိုင်နိုင်မှာ မဟုတ်ဘူး”ဆိုတဲ့ အမျိုးသားရဲဘော်တွေရဲ့အထင်သေးတဲ့ အကြည့်တွေ၊ နောက်ပြောင်စကားတွေနဲ့  ရင်ဆိုင်ခဲ့ရဖူးသူ ဖြစ်ပါတယ်။  

ရဲဘော်ဂီဂီဟာ စနိုက်ပါသင်တန်းမှာ လက်ဖြောင့်ဆု ပထမဆု၊ အခြေခံသင်တန်းမှာလည်း ဇွဲဆုနဲ့ တန်းမြင့်သင်တန်းမှာ ရဲဘော်ရဲဘက်ဆုတွေ အသီးသီးရရှိခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်နဲ့ သက်သေပြခဲ့ပါတယ်။

“ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်၊ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေ ပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ စစ်သင်တန်းမှာ ကြိုးစားလိုက်ကြတာ၊ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်၊ ကျမတို့ မိန်းကလေးတွေက တော်လှန်ရေးထဲဝင်တာ ထမင်းချက်ဖို့ဝင်လာတာများလားလို့တောင် ကိုယ့်ကိုကိုယ် ပြန်မေး ရတယ်” လို့ ရဲဘော်ဂီဂီက ရင်ဖွင့်ဖူးပါတယ်။

၁၀ ပေါင်ကျော်လေးတဲ့ စနိုက်ပါရိုင်ဖယ်ကို ထမ်းပိုးရင်း ခွန်အားချင်းမတူညီတဲ့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်း လေ့ကျင့်ရ တဲ့အခါ အခက်အခဲများစွာရှိခဲ့တယ်လို့ ဆိုပါတယ်။ တဖက်မှာလည်း အမျိုးသားရဲဘော်တွေအတွက် အထူးတလည် ထည့်သွင်းစဉ်းစား နေစရာမလိုအပ်တဲ့ “အမျိုးသမီးတွေလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ ထင်မြင်မှုတွေ” ကို ချေဖျက်နိုင်ဖို့  အမျိုးသမီးဖြစ်တဲ့ ရဲဘော်ဂီဂီက ကြိုးစားလုပ်ဆောင်ခဲ့ရပါတယ်။

အာဏာရှင်တော်လှန်ရေးသမိုင်းတလျှောက်မှာ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေရဲ့ပါဝင်မှု များပြားပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အမျိုးသမီးစစ်သည်တွေဟာ ရှေ့တန်းနေရာတွေမှာ ပါဝင်ခွင့်ရရှိသူ နည်းပါးနေသေးတယ် ဆိုတာကို ရဲဘော် ဂီဂီတို့၊ ရဲဘော်ဆူးတို့ရဲ့ အတွေ့အကြုံတွေက သက်သေပြနေပါတယ်။

အမျိုးသားရဲဘော်တွေနဲ့အတူ ရှေ့တန်းမှာ ပါဝင်ခွင့်ရတဲ့ အမျိုးသမီးစစ်သည်တွေဟာလည်း အမျိုးသမီးဖြစ်နေတဲ့အတွက် ခွဲခြားဆက်ဆံခံရခြင်းတွေ ကြုံတွေရတာမျိုးတွေရှိနေကြတာကို တွေ့ရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှာ“အမျိုးသမီးတွေ တိုက်ခိုက်ရေး မလုပ်ရဘူး”ဆိုတဲ့ မူဝါဒတွေ မရှိပေမယ့် လက်တွေ့မြေပြင် မှာ “မလုပ်နိုင်ဘူး”ဆိုတဲ့ အတွေးအခေါ်နဲ့ အခြေအနေတွေက အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကို အကန့်အသတ် ဖြစ်နေစေတာကို မြေပြင်က တော်လှန်ရေးရဲဘော်တွေနဲ့ ကိုယ်တွေ့ကြုံရဖူးသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် အမျိုးသမီးရဲဘော်တွေကို ရှေ့တန်းခေါ်ရင် တခြားရဲဘော်တွေ(အထူးသဖြင့် အမျိုးသားတွေ)အတွက် အနှောက် အယှက်ဖြစ်ရတယ်၊ စိတ်မဖြောင့်ရဘူး၊ အမျိုးသမီးတွေက မြန်မြန်မပြေးနိုင်ဘူး၊ လေးလံတဲ့ပစ္စည်းတွေ မထမ်းနိုင်ဘူးဆိုတဲ့ အမြင်တွေ၊ စစ်ပွဲနဲ့ တိုက်ခိုက်ရေးကို အမျိုးသားတွေအတွက်သီးသန့်တာဝန်လို့ အများကသတ်မှတ်ပြီး အမျိုးသမီးတွေဟာ ထောက်ပံ့ရေးလို နောက်တန်းတာဝန်တွေအတွက်သာ သင့်တော်တယ်ဆိုတဲ့ ပုံသေယူဆချက်တွေ ရှိနေကြတာကိုလည်း ကာယကံရှင်တွေရဲ့ ပြောစကားတွေအရ သိရပါတယ်။

အမျိုးသမီးတယောက်ရဲ့ ခန္ဓာဗေဒဖြစ်စဉ်တွေ၊ ကိုယ်ကာယ ကြံ့ခိုင်မှုအပေါ် အထင်သေးမှုတွေနဲ့ အမျိုးသမီးဆိုတာ မလုပ်နိုင်ဘူးဆိုတဲ့ ရှေးရိုးစွဲ အမြင်တွေကလည်း တိုက်ခိုက်လိုစိတ်နဲ့ ကျွမ်းကျင်မှုရှိပေမယ့် ရှေ့တန်းမှာပါဝင်ခွင့်နဲ့ ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်စတဲ့ နေရာတွေမှာ ကန့်သတ်ပိတ်ပင်ခံနေရတဲ့ အဓိက အကြောင်းအရင်းတွေဖြစ်တာကို တွေ့ရ ပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ ဆေးမှူးအဖြစ် ပါဝင်ခွင့်ရနေတဲ့ မော်ကူးမြာရဲ့ အတွေ့အကြုံအရဆိုရင် အမျိုးသမီးတယောက် ဖြစ်နေ တဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို ကြည့်ပြီး လုပ်နိုင်မှာမဟုတ်ဘူး ဆိုတဲ့ခွဲခြားမြင်တာတွေ၊ လုပ်နိုင်ရဲ့သားနဲ့ ပူးပေါင်းပါဝင်ခွင့် မပေးတာ မျိုးတွေ ကြုံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

Free Burma Ranger တပ်ဖွဲ့ဝင် ဆေးမှူးမော်ကူးမြှာဟာ ရှေ့တန်းစစ်ကြောင်းတွေမှာ အမျိုးသားတွေအတူ လိုက်ပါပြီး ဒဏ်ရာရလူနာတွေကို ဆေးကုသပေးနေသူဖြစ်တယ်။ သူဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခု၊ ဇွန်လဝန်းကျင်ကတည်းက တော်လှန်ရေးတပ်ရင်းတခုဖြစ်တဲ့ KNPP တာဝန်ထမ်းဆောင်ခဲ့သလို၊ အဲ့ဒီနောက်မှာ  Free Burma Ranger ကို ပြောင်းရွှေ့ပြီး  ယနေ့တိုင် ဆက်လက် တာဝန်ထမ်းဆောင်နေတဲ့ ဆေးမှူးတဦးဖြစ်ပါတယ်။

“သူက ရှေ့တန်းမှာ လေယာဉ် ကြောက်လိမ့်မယ်၊ လူနာဒဏ်ရာရရင်လည်း တက်မဆွဲရဲဘူး၊ သူပြေးမတက်ရဲဘူး၊ ဘာအထုတ်မှလည်း မထမ်းနိုင်ဘူး၊ လူနာကိုလည်း မထမ်းနိုင်ဘူးဆိုပြီးတော့ ခန္ဓာကိုယ်ကိုကြည့်ပြီးတော့မှ မြင်ခံရတာတွေ ရှိတယ်”လို့  တော်လှန်ရေးရဲဘော်သက်တမ်း ၄နှစ်ခွဲဝန်းကျင်ရှိနေပြီဖြစ်တဲ့ ဆေးမှူးမော်ကူးမြာက HI – Honest Information ကို ပြောပြပါတယ်။

စစ်ကြောင်းတွေမှာ မိန်းကလေးရဲဘော်၊ မိန်းကလေး သူနာပြု၊ ဆရာဝန်မပါရင် သူတယောက်ထဲ မိန်းကလေးအဖြစ် လိုက်ပါ ရတာ ရှိသလို၊ ရှေ့တန်းမှာ အမျိုးသားတွေနဲ့အတူ တာဝန်ထမ်းဆောင်လာတဲ့ သူရဲ့ လုပ်ရည်ကိုင်ရည်တွေကြောင့် နောက်ပိုင်းမှာ သူ့အပေါ် အမြင်ပြောင်းလာတာတွေရှိတယ်လို့ သူကရှင်းပြပါတယ်။

အမျိုးသမီးတွေကို ရှေ့တန်းမှာ ပါဝင်ခွင့်မပြုတဲ့အပေါ် အမျိုးသားလက်နက်ကိုင်ခေါင်းဆောင်တချို့ကတော့ လုံခြုံရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် PDF တပ်ခွဲတခုမှာ ဒုတပ်ခွဲမှူးတာဝန်ယူထားတဲ့ ရဲဘော်သိန်းထိုက်က အမျိုးသမီးတွေ ကို ရှေ့တန်းမခေါ်တာက ခွဲခြားချင်လို့မဟုတ်ဘဲ သူတို့တွေရဲ့လုံခြုံရေးနဲ့အန္တရာယ်ကို စဉ်းစားပြီး မခေါ်တာဖြစ်တယ်လို့ ပြောပါတယ်။

“တကယ်စစ်တိုက်တဲ့နေရာတွေက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ အားလုံးသိနေတာပဲ၊ တခါတလေ တိုက်ပွဲက အရမ်းကြမ်းတော့ မအိပ်မစားရတာရှိတယ်၊ ဒီနေရာစား၊ ဒီနေရာစွန့်မျိုးရှိတော့ မိန်းကလေးပါရင် တခြားရဲဘော်တွေမှာ အဆင်မပြေနိုင်ဘူး”လို့ သူကရှင်းပြပါတယ်။

နောက်ပြီး ရှေ့တန်းရောက်တဲ့အခါ အမျိုးသမီးတွေ ဓမ္မတာသွေးဆင်းတာတွေရှိတဲ့အတွက် တချို့စစ်သည်တွေရဲ့  “ဘုန်းကံနိမ့်တယ်” ဆိုတဲ့အယူအဆကလည်း ရှေ့တန်းကိုမခေါ်ရတဲ့အကြောင်းအရင်းတွေထဲက တခုဖြစ်တယ်လို့ ရဲဘော်သိန်းထိုက်က ဆိုပါတယ်။  

ဒီအချက်ကတော့ ဆေးမှူးမော်ကူးမြာ ကြုံခဲ့ဖူးတဲ့  မှတ်မှတ်ရရ အတွေ့အကြုံတခုနဲ့တူနေပါတယ်။

သူသင်တန်းသွားပေးဖူးတဲ့ တပ်ရင်းတခုရဲ့ စစ်သင်တန်းတခုမှာ  ဓမ္မတာသွေးဆင်းနေတဲ့ အမျိုးသမီးတွေကို လေ့ကျင့်ကွင်း ထဲ ပေးမဝင်တာမျိုးကို တွေ့ခဲ့ရဖူးပါတယ်။

“သင်တန်းသားတွေဟာ နေပူပူ၊ မိုးရွာရွာ တောက်လျှောက်ကိုမှ ကွင်းထဲမှာ အရမ်းပင်ပင်ပန်းပန်းလေ့ကျင့်ရတယ်၊ အရမ်း ကို ပြင်းပြင်းထန်ထန်လေ့ကျင့်နေရတဲ့အချိန် အလံတင်ပြီးမှ ရာသီလာလို့ ကွင်းထဲမဝင်ရဘူးဆိုပြီး အမျိုးသမီးတွေက ကွင်းစပ်မှာပဲ ရစ်သီရစ်သီနေရတယ်” လို့ ဆေးမှူးမော်ကူးမြာက သူတအံ့တသြဖြစ်ခဲ့ရတဲ့ အတွေ့အကြုံကို ပြန်ပြောပြ ပါတယ်။  

အမျိုးသားလက်နက်ကိုင်ခေါင်းဆောင်အများစုက“ဒီလောက်တိုက်ချင်နေရင် ပေးတိုက်လိုက်လေ၊ ရှေ့တန်းရောက်တာနဲ့ အကုန်သေကုန်မှာပေါ့၊ သူတို့လုပ်နိုင်တဲ့အလုပ် ပေးထားတာနဲ့ ပိုမလုံခြုံဘူးလား”ဆိုတဲ့ တုံ့ပြန်ချက်တွေ ရှိကြတယ်လို့ အမျိုးသမီးရဲဘော်တွေရဲ့  ထုတ်ဖော်ပြောကြားချက်တွေအရ သိရပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)ရဲ့  ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က “ဒီအမျိုးသမီးက ဘယ်အပိုင်းမှာ ကျွမ်းကျင်သလဲ၊ သူကျွမ်းကျင်တာက ရှေ့တန်းဆိုရင် သုံးရမယ်ပေါ့၊ ဒါပေမယ့် ဒီအမျိုးသမီးက တော်လျှက်နဲ့ သူက အမျိုးသမီးဖြစ်လို့ နောက်တန်းမှာပဲထားခဲ့မယ်ဆိုရင်တော့ ဒါတကယ်မှားပါတယ်”လို့ သူက ထောက်ပြပါတယ်။

အမျိုးသမီးစစ်သည်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ သူက ဒီလို ကောက်ချက်ချပါတယ်။

“သေနတ်မပါဘဲ တိုက်ခိုက်တဲ့နေရာမှာ တော်သလို၊ အသေးစိတ်ကျတဲ့ကဏ္ဍတွေ၊ တွေးခေါ်နိုင်စွမ်းတွေ၊ စိတ်တည်ငြိမ်မှု အပိုင်းတွေမှာ အမျိုးသားတွေထက် ပိုမို စွမ်းဆောင်နိုင်တယ်၊ ဒါ့အပြင် စုံစမ်းထောက်လှမ်းရေးမှာလည်း ကျွမ်းကျင်ပြီး အမျိုးသားရဲဘော်တွေထက် ပိုကြိုးစားမယ်ဆိုတဲ့စိတ်ဓါတ်အခံရှိတာကြောင့် အောင်မြင်မှုရတာလည်းရှိတယ်”

တော်လှန်ရေးကာလမှာ ကျား၊ မ တန်းတူညီမျှမှုကို အပြည့်အဝ အခြေခံဖို့ ခက်ခဲနေသေးပေမယ့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာချိန်မှာ ဒီအချက်တွေက အရေးကြီးလာလိမ့်မယ်လို့လည်း သူက သုံးသပ်ပါတယ်။

ဆလိုင်းတင်မီထွဋ် တာဝန်ထမ်းဆောင်နေတဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)ဟာ အမျိုးသမီးပါဝင်မှု နည်းနေ သေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်ပေမယ့် အမျိုးသမီးစစ်သည်တွေကို စနိုက်ပါ(လက်ဖြောင့်တပ်သား) သင်တန်းတွေပေးပြီး ရှေ့တန်းစစ်ကြောင်းတွေမှာ ပါဝင်ခွင့်ပြုထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။ တပ်ရဲ့ ကာကွယ်ရေးအတွင်းရေးမှူးက အမျိုးသမီး ဖြစ်သလို၊ အမှုဆောင်ကော်မတီဝင်တွေ နေရာတွေမှာလည်း အမျိုးသမီးတွေ ဦးဆောင်ခန့်အပ်ထားတယ်လို့ သူကရှင်းပြပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)မှာ ရှေ့တန်းမှာဖြစ်စေ၊ နောက်တန်းမှာဖြစ်စေ၊ တပ်စိပ်တခုမှာ အမျိုးသား စစ်သည်နဲ့ အမျိုးသမီးစစ်သည်တွေ အတူတူပေါင်းနေရတဲ့အခက်အခဲတွေ ရှိနေသေးတာကြောင့် အမျိုးသမီးသီးသန့် တပ်ရင်းတခုဖွဲ့စည်းနိုင်ဖို့ ကြိုးစားနေတာလည်းရှိတယ်လို့ ဆလိုင်းတင်မီထွဋ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုမဖြစ်ခင် နှစ်ပေါင်းများစွာကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အများ အပြားရှိပြီး၊ ဒီထဲမှာ အမျိုးသမီးတပ်ဖွဲ့ဝင်တွေလည်း တာဝန်ထမ်းဆောင်နေတာတွေရှိခဲ့ကြပါတယ်။ ဒါပေမယ့် အမျိုးသမီး ရဲဘော်တွေဟာ ရှေ့တန်းကို လိုက်ပါခွင့်မရခဲ့ဘဲ နောက်တန်းလို့ခေါ်တဲ့ စစ်မြေပြင်ထောက်ပံ့ရေး၊ ဆေးဘက်ဆိုင်ရာ၊ ဆက်သွယ်ရေး၊ ရုံးလုပ်ငန်း၊ လုံခြုံရေး၊ ပြန်ကြားရေးနဲ့ လူမှုရေးလုပ်ငန်းတွေသာ လုပ်ကိုင်ခဲ့ကြရတဲ့ နမူနာတွေလည်း ရှိပါတယ်။

ဆလိုင်းတင်မီထွဋ်က အမျိုးသမီးတွေကို တိုက်ခိုက်ရေးစစ်သည်တွေအဖြစ် ထည့်ဝင်သုံးစွဲခြင်းမရှိတဲ့ တပ်ဖွဲ့တချို့ဟာ အမျိုးသမီးတွေက တိုက်ရည်ခိုက်ရည် ရှိပါ့မလားဆိုတဲ့သံသယတွေ၊ မယုံကြည်တာတွေကြောင့် ဖြစ်နိုင်တယ်လို့ သူ့ထင်မြင်ချက်ကို ပြောပြပါတယ်။

ကာယဗလခွန်အားနဲ့ပတ်သက်လို့ အမျိုးသမီးတွေ အားနည်းတာ၊ ကြမ်းတမ်းတဲ့ရှေ့တန်းမှာ မလုပ်ဆောင်မှာကိုလည်း စိုးရိမ်တာကြောင့် မလွှတ်တာဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

သူက  “အမျိုးသမီးရဲဘော်တွေ ဖမ်းမိရင် မုဒိမ်းကျင့်ခံရနိုင်ချေလို လိင်အခြေပြုအန္တရာယ်တွေနဲ့ စစ်ဆုတ်ရာမှာ နှောင့်နှေးမှု ဖြစ်စေနိုင်တာစတဲ့ စိုးရိမ်မှုတွေကြောင့် အမျိုးသားရဲဘော်တွေက စိတ်မဖြောင့်ရတာ၊ အနှောင့်အယှက် ဖြစ်ရတာတွေ ရှိတယ်”လို့ ပြောပါတယ်။

ဒါပေမယ့်  KNDF ရဲ့ ဒုစစ်ဦးစီးချုပ် ကိုမာဝီကတော့ အမျိုးသမီးစစ်သည်တွေရှေ့တန်းလိုက်ပါခွင့်မရတာနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့ အမြင်တွေ ရှိနေပါတယ်။ အမျိုးသမီးစစ်သည်တွေ ကာကွယ်ရေးကဏ္ဍမှာ ပါဝင်နေတာက အကျိုးရှိတယ်လို့ ကိုမာဝီက မှတ်ချက်ပြုပါတယ်။

သူက “စစ်တပ်ဆိုတာက ဒီမိုကရေစီဆန်ဖို့ ခက်ခဲတယ်”လို့ ထုတ်ပြောပေမယ့် လက်တွေ့ သူ့သဘောထားမှာတော့ တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေအပေါ် ကျား၊ မ ခွဲခြားမမြင်ဘဲ “ရဲဘော်” ၊ “စစ်သည်”လို့သာမြင်နေသူလည်း ဖြစ်တာကို တွေ့ရပါတယ်။                                    

“ရဲဘော်ဆိုရင် ယောက်ျားလေးလို့ထင်နေကြတယ်၊ စစ်သည်ဆိုရင်တော့ ကျား၊ မ ပါတယ်၊ စစ်သည်ဖြစ်ပြီဆိုရင် တိုက်ခိုက် သင့်လည်း တိုက်ခိုက်ရမှာဖြစ်ပြီး၊ ထမင်းချက်ဆိုရင်လည်း ယောကျ်ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အကုန်ချက်ရမယ်”လို့ ကိုမာဝီက ပြတ်ပြတ်သားသား ပြောပါတယ်။

သူတာဝန်ထမ်းဆောင်နေတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ဟာ အမျိုးသမီးရဲဘော်တွေကို ရှေ့တန်း လိုက်ပါခွင့်ပြုထားပြီး၊ အားသာရာ၊ ကျွမ်းကျင်ရာဆောင်ရွက်လိုတဲ့ ဘယ်သူ့ကိုမဆို ခွင့်ပြုပေးထားတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတခုဖြစ်ပါတယ်။

မြန်မာပြည်ရဲ့အခြေအနေမှာတော့ အမျိုးသမီးတွေဟာ စီးပွားရေး၊ လူမူရေး စတဲ့အခန်းကဏ္ဍတွေမှာတောင် ဦးဆောင်မှု နေရာမှာ ပါဝင်ဖို့ အခက်အခဲဖြစ်နေသေးတော့ စစ်ရေး တိုက်ခိုက်ရေးတွေမှာလည်း ပိုနည်းတာလို့ ကိုမာဝီက သူ့အမြင်ကို ပြောပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကျား/မ တန်းတူရေးနဲ့ အမျိုးသမီးအခွင့်အရေးတွေ အာမခံချက်ရရှိရေး စဉ်းစားတဲ့အခါ အမျိုး သမီးတွေကို ပံ့ပိုးပေးရမယ့်အချက်တွေ ပါလာရမှာဖြစ်ပေမယ့် လက်နက်ကိုင်အဖွဲ့အစည်းတော်တော်များများမှာ အခုလို သီးသန့်ခွဲထုတ် စဉ်းစားပေးတာ အားနည်းနေသေးလို့လည်း ကိုမာဝီက ထောက်ပြပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာလည်း အမျိုးသမီးတွေအတွက် အိမ်သာ၊ ညအိပ်ခန်း၊ အဝတ်လဲလှယ်တာ၊ ရေချိုးတာစတာတွေ အတွက် သီးသန့်စီစဉ်ပေးနိုင်ဖို့ အခြေအနေမရှိတာကလည်း အမျိုးသမီးတွေကို ပါဝင်ဖို့ တွန်းအားမဖြစ်စေဘူးလို့လည်း ကိုမာဝီက ရှင်းပြပါတယ်။

သူက “အမျိုးသမီးတွေ တိုက်ခိုက်ရေးမှာပါဝင်နေတယ်၊ မပါဝင်နေဘူးဆိုတာထက် အမျိုးသမီးတွေရဲ့အကြံဉာဏ်တွေ အိုင်ဒီ ယာတွေ၊ သူတို့ရဲ့ပူးပေါင်းပါဝင်မှုတွေကို သင့်တော်တဲ့နေရာတွေ၊ ကိုက်ညီတဲ့နေရာတွေမှာ သူတို့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ သွားရတဲ့ဟာမျိုးကို ကျနော်တို့က ပိုပြီးတော့ဖြစ်စေချင်တယ်”လို့ ဆိုပါတယ်။

စစ်ရေးမှာ အမျိုးသားရဲဘော်တွေနဲ့စာရင် အမျိုးသမီးရဲဘော်တွေအတွက် စိန်ခေါ်မှုပိုများသလို၊ လိင်အကြမ်းဖက်တာ၊ လက်နက်၊ အာဏာပါဝါတွေနဲ့ အကြမ်းဖက်တာတွေ ကြုံရနိုင်တဲ့အပေါ် ကိုမာဝီက “ပထမအချက်က အမျိုးသမီး ကိုယ်တိုင် က မသွားလိုတာရှိတယ်၊ ပြီးရင် ရှေ့တန်းရဲ့အခြေအနေမှာ ကိုယ့်ဘက် ဖြစ်ဖြစ်၊ ရန်သူ့ဘက်ဖြစ်ဖြစ် အမျိုးသမီးတွေ အပေါ်မှာ သက်ရောက်နိုင်တဲ့အန္တရာယ်က ပိုပြီးကြီးမားတဲ့အခြေအနေမျိုးတချို့ ရှိနေတယ်”လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တိုင်းမှာ အမျိုးသမီးစစ်သည်တွေအပေါ်မှာတင် မဟုတ်ဘဲ အမျိုးသားအချင်း ချင်းအပေါ် အကြမ်းဖက်မှုတွေ၊ သေနတ်ကိုင်ပြီး မလုပ်သင့်တာတွေ ကျူးလွန်တဲ့အပေါ်မှာလည်း ဘယ်သူ့ကိုမဆို ကာကွယ် ပေးနိုင်တဲ့ မူဝါဒတွေရှိသင့်သလို၊ ကြီးငယ်မလတ် ပြစ်မှုကျူးလွန်သူရှိလာခဲ့ရင် တကယ်ကို တရားမျှတမှု ရှာပေးနိုင်တဲ့ ဥပဒေမျိုးဖြစ်သင့်တယ်လို့ ကိုမာဝီက အကြံပြုပါတယ်။

အမျိုးသမီးစစ်သည်တွေကို သူတို့ကျွမ်းကျင်ရာအလိုက် လွတ်လွတ်လပ်လပ် တာဝန်ယူခွင့်ပေးထားပေမယ့် တဖက်မှာ လည်း အမျိုးသား အုပ်စုကြီးထဲမှာ အမျိုးသမီးစစ်သည် ၁ဦး၊ ၂ဦးသာ ပါဝင်နေမယ်ဆိုရင် အမျိုးသမီးတွေအပေါ် သက်ရောက်နိုင်တဲ့ အန္တရာယ် (အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု)တွေနဲ့ သေနတ်ကိုင်အကြမ်းဖက်တာတွေ ဖြစ်လာနိုင်မယ့်အခြေအနေ ကိုလည်း KNDF ရဲ့စစ်ဦးစီးချုပ်ကိုမာဝီက စိုးရိမ်ပူပင်တာမျိုးလည်း ရှိနေတာကို သူ့ပြောစကား တွေကနေတဆင့် သိရပါတယ်။

ကိုမာဝီဟာ  တပ်ရင်းတခုအတွက် အပြောင်းအလဲကြီးတခုလုပ်တော့မယ့် အခြေအနေနဲ့ ကြီးကြီးမားမား ဆုံးဖြတ်ချက်ချ ရတော့မယ့် အခြေအနေမျိုးတွေမှာ အမျိုးသမီးတွေရဲ့အသံပါသလား၊ အမျိုးသမီးတွေရဲ့ သဘောထားတွေ ပါသလားဆိုတာ ပိုပြီးကြည့်သင့်တယ်ဆိုတဲ့ အမြင်ရှိသူဖြစ်ပါတယ်။

အဲဒီအချက်နဲ့ပတ်သက်ပြီး “အမျိုးသမီးတွေရဲ့အတွေးအခေါ်တွေ၊ အမျိုးသမီးတွေ ဘယ်လိုတွေးသလဲ၊ သူတို့ရဲ့အတွေးတွေ ကို ဘယ်လို လက်ခံလဲ၊ လေးစားသလဲဆိုတာက ကောင်းမွန်တဲ့ပလက်ဖောင်းတခု အယူအဆတခုဖြစ်လိမ့်မယ်”လို့ သူက ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မန္တလေး(MDY-PDF)ဆိုရင် ကိုမာဝီတာဝန်ထမ်းဆောင်နေတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)လိုမျိုးတော့ အမျိုးသမီး စစ်သည်တွေကို ရှေ့တန်းစစ်မြေပြင်တိုက်ခိုက်ရေးသမားအဖြစ် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ပြုမထားပေမယ့် ရှမ်းမြောက် ၁၀၂၇ စစ်ဆင် ရေးမှာ အမျိုးသမီးဒရုန်းစစ်သည်တွေ အသုံးပြုခဲ့ဖူးတာကိုတွေ့ရပါတယ်။  

တချို့တပ်ရင်းတွေမှာ စနိုက်ပါအမျိုးသမီးစစ်သည်တွေ ရှေ့တန်းမှာ ရဲရဲဝံ့ဝံ့ ပါဝင်ခွင့်ပြထားတာ၊ တချို့တပ်ရင်းတွေမှာ အကန့်အသတ်နဲ့ ပါဝင်ခွင့်ပြုတာတွေရှိကြပြီး အမျိုးသမီးတွေရဲ့ပါဝင်မှုကို အသိအမှတ်မပြု၊ လုပ်ပိုင်ခွင့်မပေးထားတဲ့   ရဲဘော်ဆူးလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်ရင်းလိုမျိုး တော်လှန်ရေးအဖွဲ့တွေလည်း များစွာရှိနေပါတယ်။ အလားတူပဲ ရဲဘော်ဆူးလို တိုက်ပွဲဝင်လိုတဲ့ စိတ်ဆန္ဒပြင်းပြနေတဲ့ အမျိုးသမီးစစ်သည်တွေကလည်း အကန့်အသတ်တွေကြားထဲမှာ အများအပြား ရှိနေပါတယ်။

ရဲဘော်ဆူးကတော့ သူရဲ့စွမ်းဆောင်ရည်ကို မသိဘဲ အမျိုးသမီးဖြစ်လို့ ရှေ့တန်းမသွားရဘူးဆိုတဲ့အမြင်ကို လက်မခံနိုင်ဘဲ၊ စနိုက်ပါတပ်ရင်းတွေက အမျိုးသမီးလက်ဖြောင့်တပ်သားတွေလိုမျိုး ရှေ့ဆောင်လမ်းပြ အမျိုးသမီးစစ်သည်တွေရဲ့ ကြိုးစားအားထုတ်မှုကို နမူနာယူဖို့ စိတ်ပိုင်းဖြတ်ထားသူဖြစ်ပါတယ်။

လက်ရှိမှာ ခင်ပွန်းဖြစ်သူအတွက် လက်တုံ့မပြန်နိုင်သေးတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရသလို၊  သူရဲ့ တော်လှန်ရေးခရီးကို ဒီနေရာမှာ ရပ်တန့်ထားမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

စနိုက်ပါသင်တန်းကို အောင်မြင်အောင် တက်ရောက်ပြီး အမျိုးသမီးတွေကို ရှေ့တန်းစစ်မြေပြင် အမှန်တကယ် စေလွှတ်တဲ့ တပ်ဖွဲ့တခုခုမှာ တာဝန်ထမ်းဆောင်ရင်း အာဏာရှင် စနစ်ကို အမြစ်ပြတ်တဲ့ထိ တိုက်ပွဲဝင်သွားဖို့ဆိုတာက ရဲဘော်ဆူးရဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။

“ကျမလုပ်နိုင်တယ်ဆိုတာလည်း သက်သေပြချင်တယ်၊ ကျမတို့(အမျိုးသမီးတွေ)တကယ် လုပ်နိုင်၊ မလုပ်နိုင်ကို စမ်းသပ်ပြီးမှ ရှေ့တန်းလွှတ်လို့လည်း ရနေတာပဲ”  ဒါဟာ အကွာအဝေး မီတာ ၅၀၀လောက်က ပစ်မှတ်ကို ဗဟိုထိအောင် သေနတ်ပစ်နိုင်ပေမယ့် ရန်ပုံငွေရှာဖွေရေး နောက်တန်းတာဝန်ကို ထမ်းဆောင်နေရတဲ့ ရဲဘော်ဆူးတယောက် သူ့ရင်ထဲက အစိုင်အခဲတွေကို ထုတ်ဖော်ပြသလိုက်တဲ့ စကားတခွန်းပဲ ဖြစ်ပါတယ်