တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဇန်နဝါရီ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိတပတ်တာအတွင်း မြန်မာသတင်းမီဒီယာ စာမျက်နှာတွေမှာ မှတ်တမ်းတင်နိုင်တဲ့ အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြ လိုက်ပါတယ်။
ဒီတပတ် အမျိုးသမီးသတင်းတွေထဲမှာ ထူးထူးခြားခြားဖြစ်ရပ် တခုကတော့ “ICEအဖွဲ့အဖမ်းခံရမှာ ကြောက်ပြီး အမေရိကန်ရောက် မြန်မာကျောင်းသူတဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ကြိုးစား” ဆိုတဲ့ သတင်းပါ။
အမေရိကန်နိုင်ငံမှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ-ICEအဖွဲ့က ရွှေ့ပြောင်းလာသူတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာတွေလုပ်လာတဲ့နောက် မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့မှာနေထိုင်နေတဲ့ အသက်၂၃နှစ်အရွယ် မြန်မာကျောင်းသူတစ်ဦးက သူ့ရဲ့မြန်မာနိုင်ငံသူ သူငယ်ချင်းတဦး-ICEအဖွဲ့က ဖမ်းဆီးခဲ့တာ၊ သူ့ရဲ့နေအိမ်အနီး ဝန်းကျင်မှာလည်း -ICEအဖွဲ့ဝင်တွေက ရှာဖွေမှုတွေလုပ်တာကိုမြင်တွေ့ခဲ့ရပြီးနောက် ထိတ်လန့်ကာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာပါ။
စစ်အာဏာသိမ်းပြီး ပြည်တွင်းမှာမလုံခြုံတော့တဲ့အခြေအနေကြောင့် မြန်မာနိုင်ငံသားများစွာဟာ နေရပ်စွန့်ခွာပြီး အိမ်နီးချင်းနဲ့ အနောက်နိုင်ငံအချို့မှာ နည်းလမ်းအမျိုးမျိုးနဲ့ ခိုလှုံနေထိုင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံသားများစွာ ပြောင်းရွှေ့အခြေချတဲ့ နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ သမ္မတထရမ့်တက်လာပြီးတဲ့နောက် ရွှေ့ပြောင်းလာသူတွေအပေါ် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ပြီး ဗီဇာရပ်ဆိုင်းတာ၊ ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာတွေ လုပ်လာတဲ့နောက် အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေမှာလည်း စိုးရိမ်ပူပန်စရာဖြစ်လာတယ်။
မြန်မာနိုင်ငံသားတွေမှာ စစ်အာဏာသိမ်းပြီးနောက် မလုံခြုံတဲ့အတွက် အခြားအရပ်ဒေသမှာ ခိုလှုံနေထိုင်ကြပေမယ့် အဖမ်းအဆီးတွေများလာတာ၊ ဗီဇာထပ်တိုးခွင့်မရတာလို အခက်အခဲတွေကြုံရပြီး လူရောစိတ်ပါ မလုံခြုံတဲ့ အခြေအနေ တွေဖြစ်နေရတဲ့နောက် အခုမြန်မာကျောင်းသူတဦရဲ့ ဖြစ်ရပ်ကတော့ မြန်မာနိုင်ငံသားတွေကဘယ်နေရာဒေသရောက်ရောက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေလို့ ဆိုရမှာဖြစ်ပါတယ်။
ဒါ့အပြင် လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ တနှစ်တာအတွင်း အမျိုးသမီး ၇၉၂ ဦး သေဆုံးတာ၊ အာဏာသိမ်းပြီး ၅နှစ်တာအတွင်း စစ်ကောင်စီတပ်လက်ချက်နဲ့ အမျိုးသမီး ၂ထောင်နီးပါး သေဆုံးခဲ့ရတယ် ဆိုတဲ့သတင်းတွေကလည်း အမျိုးသမီးတွေမှာ နေ့စဉ်၊ လစဉ်နဲ့အမျှ သေဆုံးတာတွေ တိုးလာတာ၊ မြန်မာနိုင်ငံက အမျိူးသမီးတွေရင်ဆိုင်နေရတဲ့ အသက်ရှင်သန်ပိုင်ခွင့် ဆုံးရှုံးနေတာ စတဲ့အခြေအနေကို အထင်းသားမြင်ရစေပါတယ်။
ဒီသတင်းတွေအပြင် မြန်မာသတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း ၉ ပုဒ်ကို စုစည်းဖော်ပြအပ်ပါတယ်။
ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် အမျိုးသမီးတစ်ဦးကို သတ်ခဲ့သည်ဟု ယူဆရသော တရားခံကို ဖမ်းမိ
Source – Karenni Peoples Voice
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ နွားကျောင်းသူ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ တရားခံလို့ ယူဆရတဲ့ ဒီးမော့ဆို ငွေတောင်ဇာတိ ရဲ CDM ကို ဇန်နဝါရီ၁၄ရက် ညက ပဆေးလာရွာမှာ ဖမ်းဆီးရမိခဲ့ တယ်လို့သိရပါတယ်။
အသက် (၄၅) နှစ်အရွယ် ယင်းအမျိုးသမီးမှာ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က နေအိမ်မှ နွားကျောင်းသွားရန် ထွက်ခွာသွားပြီး နေ့လယ် ၂ နာရီ ၁၉ မိနစ် အချိန်တွင် မိသားစု ထံ ဖုန်းဆက်သွယ်ကာ ပျောက်ဆုံးခဲ့တဲ့နောက် ညပိုင်းမှာ လည်ပင်း၊ ဗိုက် နဲ့လက်တို့မှာ ဓားဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံထားရတာကိုတွေ့ရှိခဲ့ပါတယ်။
အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးသူ ယူဆောင်သွားတဲ့ ပလိုင်းမှာ ကျောပိုးလျက် တွေ့ရှိရပြီး ဖုန်းမှာ ပျောက်ဆုံးနေတဲ့အတွက် ယခုဖမ်းမိထားသော သံသယတရားခံကို ဖုန်းလိုက်ရောင်းနေခြင်းမှစ၍ စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ICEအဖွဲ့အဖမ်းခံရမှာကြောက်ပြီး အမေရိကန်ရောက်မြန်မာကျောင်းသူတစ်ဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ကြိုးစား
Source -Burma VJ
အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့မှာနေထိုင်နေတဲ့ အသက်၂၃နှစ်အရွယ် မြန်မာကျောင်းသူတစ်ဦးက အမေရိကန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ-ICEအဖွဲ့ရဲ့ ဖမ်းဆီးတာကိုခံရမှာကြောက်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားမှု ဖြစ်ပွားခဲ့ပါတယ်။
မင်နီဆိုးတာပြည်နယ်မှာ ICE အဖွဲ့ရဲ့ ဖမ်းဆီးမှုက များလာသလို၊ ၂၀၂၃ခုနှစ်ကတည်းက Visitဗီဇာနဲ့ ရောက်လာပြီး ခိုလှုံခွင့်တင်ထားတဲ့ သူ့ရဲ့မြန်မာပြည်ကသူငယ်ချင်းတယောက် အဖမ်းခံလိုက်ရပြီး Texas အပို့ခံလိုက်ရတာ၊ သူ့အိမ်အနီးဝန်းကျင်မှာလည်း ICE အဖွဲ့က စစ်ဆေးလာတာတွေရှိတဲ့နောက် ထိတ်လန့်ပြီး မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်တာလို့ဆိုတယ်။
ICE အဖွဲ့ရဲ့ အဖမ်းအဆီးကိစ္စတွေ စမဖြစ်ခင်ထဲက ယင်းကျောင်းသူက Therapistတွေနဲ့ပုံမှန်တွေ့နေရပြီး၊ စိတ်ကျရောဂါ နဲ့ပတ်သက်တဲ့ ဆေးတွေသောက်နေရတဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ပေမယ့် ဆေးရုံမှာ ကုသမှုခံနေရဆဲ ဖြစ်ပါတယ်။
ယင်းကျောင်းသူက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စာသင်တန်းကို တက်ရောက်ဖို့အတွက် ၂၀၂၃၊ ဒီဇင်ဘာလက အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့ကို ရောက်လာတဲ့သူတွေဖြစ်ပါတယ်။ ထရမ့်အစိုးရမတက်ခင် ICEအဖွဲ့ရဲ့ ဖမ်းဆီးမှုတွေ မဖြစ်ခင်က Special Student Relief (SSR) အရ work Permit နဲ့ အလုပ်လုပ်ခွင့်ရနေတဲ့သူတွေဖြစ်ပြီး ခိုလှုံခွင့် Asylumလည်း တင်ထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသားတွေကို ယာယီကာကွယ်ပေးထားတဲ့အခြေအနေ (Temporary Protected Status)ကိုဒေါ်နယ်ထရမ့် အစိုးရက ရုတ်သိမ်းဖို့ဆုံးဖြတ်လိုက်တာကြောင့် သူတို့အပါအဝင် ခိုလှုံခွင့်တောင်းခံထားတဲ့သူအများစုရဲ့ အခြေအနေကစိုးရိမ်စရာအခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။
မင်နီဆိုးတားပြည်နယ်တဝိုက်မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (ICE)အဖွဲ့က ဖမ်းဆီးမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး ဇန်နဝါရီ၁၀ရက်နေ့ကလည်း ကရင်အမျိုးသမီးတစ်ဦးဟာ နေအိမ်မှာဖမ်းဆီးခံလိုက်ရပြီး အခုထိပြန်လွတ်ခြင်း မရှိသေးပါဘူး။
KNU လယ်ဒိုစိုးရုံး ဗုံးကြဲခံရမှုကြောင့် ၂ နှစ်အရွယ်ကလေးတဦးပွဲချင်းပြီးသေဆုံးကာ အမျိုးသမီး ၈ဦး ဒဏ်ရာရ
Source -သံလွင်ခက်
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်ရှိ မြို့နယ်ရုံးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံပြည်သူများ ထိခိုက် သေဆုံးခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်၊ မွန်းလွဲ ပိုင်းက စစ်ကော်မရှင်တပ် တိုက်လေယာဉ်တွေက လာရောက်ဗုံးကြဲ တိုက်ခိုက်တာ ကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရကာ အမျိုးသမီး ရှစ်ဦးနဲ့ အမျိုးသား တစ်ဦး၊ စုစုပေါင်း ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လက်ရှိ ရွေးကောက်ပွဲအကြိုကာလမှာ စစ်ကော်မရှင်က KNU တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ အုပ်ချုပ်ရေး နယ်မြေတွေနဲ့ ပြည်သူလူထုကို ဦးတည်ကာ လေကြောင်းက ဗုံးကြဲတာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ လက်နက်ကြီး ပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်လျက် ရှိပါတယ်။
လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ တနှစ်တာအတွင်း အမျိုးသမီး ၇၉၂ ဦး သေဆုံး
Source -HI – Honest Information
အာဏာသိမ်းစစ်အုပ်စုက အရပ်သားပြည်သူတွေ ခိုလှုံတဲ့နေရာကို စစ်ရေးပစ်မှတ်အဖြစ် သဘောထားကာ ဦးတည်တိုက်ခိုက်နေတဲ့အတွက် အမျိုးသမီးနဲ့ကလေးသေဆုံးမှုက နှစ်စဉ်မြင့်တက်လာနေပြီး လေကြောင်းနဲ့ မြေပြင် တိုက်ခိုက်မှုတွေကြောင့် ၂၀၂၅ တနှစ်တာအတွင်း အမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့ကာ၊ ၂၀၂၄ ခုနှစ်ထက် မြင့်တက်လာတယ်လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU)က ဇန်နဝါရီ ၁၅ရက်နေ့က ထုတ်ပြန်ပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂက သတင်းမီဒီယာတွေမှာ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၅ ဇန်နဝါရီ မှ ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံတဝှမ်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၆၂၁ ဦးသေဆုံးခဲ့ပြီး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၀၂ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၃၉ဦး၊ မြေမြုပ်မိုင်းကြောင့် ၁၃ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၆ဦး၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၅ဦး၊ ထောင် တွင်း ဆေးဝါးကုသမှု မရရှိမှုကြောင့် ၃ဦးနဲ့ ကျည်ထိမှန်မှုကြောင့် ၃ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိမှုတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၇၆ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၆၄ဦး၊ မြေမြုပ်မိုင်းကြောင့် ၄၁ဦး၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကြောင့် ၂၆ဦး၊ ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ၅ဦး၊ ကျည်ထိမှန်မှုကြောင့် ၂ဦးနဲ့ မတရားသတ်ဖြတ်ခံရမှု ကြောင့် ၁ဦး၊ စုစုပေါင်း အမျိုးသမီး ၈၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ထုတ်ပြန်ချက်အရ အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီး ၈၀၀ နီးပါးအနက် အသက်၁၈နှစ်အောက် အမျိုးသမီး ၁၅၄ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၅ဦး ပါဝင်နေသလို၊ စစ်ကိုင်းတိုင်ဒေသကြီးက ၂၁၇ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး၊ မန္တလေးတိုင်းက ၁၂၃ဦး၊ ရခိုင်ပြည်နယ်က ၁၁၉ဦး၊ ရှမ်းပြည်နယ်မှ ၈၁ဦးနဲ့ မကွေးတိုင်းမှ ၆၉ ဦးတို့ အသီးသီး ရှိခဲ့ပါတယ်။
စစ်အုပ်စုက ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်ကစလို့၊ ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေတဲ့ ယနေ့အချိန်အထိ နေ့စဉ်စစ်ရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်နေတဲ့ အတွက် အမျိုးသမီးတွေမှာ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံး နေခဲ့ရပြီး၊ ပြီးခဲ့တဲ့ နှစ် ၂၀၂၄ ခုနှစ် အတွင်း အမျိုးသမီး ၄၇၈ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်
Source -DVB
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင် တို့က ခွင့်ပြုချက်မရှိဘဲ သံရုံးတွေ၊ အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်စွာတွေ့ဆုံခဲ့တာကြောင့် အရေးယူသွားမယ်လို့ စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီမှာ ခွင့်ပြုချက် တင်ပြတာမရှိဘဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် ၂ နာရီမှ ၃ နာရီအထိ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တဆိုင်မှာ ပြည်ပသံရုံးတရုံးက ပုဂ္ဂိုလ်တချို့နဲ့ Mask တပ်ဆင်ပြီး တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ သတင်းပို့တိုင်ကြားမှုရှိခဲ့ပြီးဇန်နဝါရီ ၁၂ ညပိုင်းကမှာ စစ်တပ်က ဒေါက်တာသက်သက်ခိုင်ကို သူ့ရဲ့နေအိမ်မှာ လာရောက် ဖမ်းဆီးသွားခဲ့သလို ဒေါ်ထက်ထက်လှိုင်ကိုလည်း တပြိုင်နက်တည်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၃ရက်နေ့ ညပိုင်းမှာပါတီဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တို့ ပြန်လည်လွတ်မြောက်လာပေမယ့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဉပဒေပုဒ်မ ၁၂နဲ့အညီ အရေးယူမယ်လို့ ပါတီကိုသတိပေးစာပေးပို့ခဲ့တယ်လို့သိရပါတယ်။
မြင်းခြံမှာနာမည်ဆိုးနဲ့ကျော်ကြားတဲ့ အမျိုးသမီးပျူခေါင်းဆောင်သီတာယုမွန်ရဲ့ ခင်ပွန်း ပျူဒုခေါင်းဆောင် စိန်လွင် မူးယစ်ဆေးနှင့် အတူ အဖမ်းခံရ
Source -မဇ္ဈိမ
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အမျိုးသမီးပျူခေါင်းဆောင်သီတာယုမွန်ရဲ့ ယောက်ျား ဒုတိယ ပျူခေါင်းဆောင် စိန်လွင်ကို မူးယစ်ဆေးဝါးများနှင့်အတူ မြင်းခြံခရိုင်တပ်ရင်း (၃) တပ်ခွဲ (၂) က ဖမ်းမိခဲ့မှုက မြင်းခြံမြို့မှာ လူပြောအများဆုံး သတင်းတခု ဖြစ်လာပါတယ်။
ဇန်နဝါရီလ ၁၄ ရက်က ပုဂံဘက်ကို အပန်းဖြေရန်အသွားမှာ ယခုလို မူးယစ်ဆေးဝါးများနှင့်အတူ အဖမ်းခံလိုက်ရခြင်း ဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူကို ရှာမတွေ့တဲ့ သီတာယုမွန်က မြင်းခြံမြို့ပေါ်ရှိ KTV နဲ့ စင်တင်စားသောက်ဆိုင်တွေမှာ ကားသုံး စီးနဲ့ လှည့်လည်ရှာဖွေမှုကြောင့် အခြေအနေတွေ ပိုမိုလှုပ်ခတ်သွားတာ ဖြစ်ပါတယ်။
စိန်လွင်ကိုဖမ်းဆီးရမိချိန်တွင် WY စိတ်ကြွရူးသွပ်ဆေးပြေား ၂၀၀၊ စစ်ကော်မရှင်တပ်ဖွဲ့က ထုတ်ပေးထားတဲ့ ပျူစောထီး ဒုခေါင်းဆောင်ဖြစ်ကြောင်း သက်သေခံလက်မှတ်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၃) ထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်နေ့ ကလည်း မြင်းခြံမြို့အနီးမှာ ပျူခေါင်းဆောင် သီတာယုမွန်ရဲ့ နောက်လိုက် ပျူစောထီး အမျိုးသမီး သုံးဦးကို ထနောင်းမြေစစ်ကြာင်းနဲ့ မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း တို့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီးတွေက မြင်းခြံခရိုင်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးတာ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်၊ မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်မှု မကြာခဏ ကျူးလွန်နေတယ်လို့ မြင်းခြံဒေသခံတွေကဆိုပါတယ်။
အာဏာသိမ်း ငါးနှစ်တာအတွင်းစစ်ကောင်စီတပ်လက်ချက်နဲ့အမျိုးသမီးနှစ်ထောင်နီးပါးဆုံးပါး
Source -People’s Spring
မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းထားတဲ့ငါးနှစ်တာကာလအတွင်းစစ်ကောင်စီတပ်ရဲ့လက်ချက်နဲ့ အမျိုးသမီး နှစ်ထောင် နီးပါး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP ) က ဇန်နဝါရီလ ၁ ရက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့တကျော့ပြန် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ထိ စစ်ကောင်စီတပ် လက်ချက်နဲ့ အရပ်သားပြည်သူ ၇,၆၄၀ဦး သေဆုံးခဲ့ပြီး အဲဲဒီအထဲမှာ အမျိုးသမီး ၁,၉၈၆ ဦးထိပါဝင်ခဲ့တာပါ။သေဆုံးခဲ့ရတဲ့ အမျိုးသမီးဦးရေ နှစ်ထောင်နီးပါးအအနက် ဖမ်းဆီးခံရပြီးမှ သေဆုံးသူက ၁၇၃ ဦးထိရှိခဲ့ပါတယ်။
သေဆုံးသူတွေကို AAPP က အမည်နဲ့ တကွမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပြီးသေဆုံးရတဲ့အကြောင်းရင်းတွေမှာ လေကြောင်း တိုက်ခိုက်မှု၊လက်နက် ကြီးပစ်ခတ်ခံရမှု ၊ မီးရှို့သတ်ဖြတ်ခံရမှု ၊ သေနတ်နဲ့ပစ်ခတ်ခံရမှု ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ရပြီးနောက်သတ်ဖြတ်ခံရမှု ၊ ညှင်းပန်းနှိပ်စက်ခံရမှု ၊ ထောင်တွင်း ကျန်းမာရေးချို့ယွင်းမှုတွေကြောင့် ဆုံးပါးရတာတွေ ပါဝင်ပါတယ်။
သေဆုံးသူအများစုဟာလေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့်ဖြစ်ပြီး စုစုပေါင်း သေဆုံးသူရဲ့ ၇၅ ရာခိုင်နှုန်းထိရှိခဲ့ပြီး၊ စစ်တိုင်းတိုင်းက ဦးရေ ၆၀၀ကျော် နဲ့ သေဆုံးမှုအများဆုံးဖြစ်ခဲ့ကာ ၊ ရခိုင်ပြည်နယ်က ၂၆၅ဦး၊ မကွေးတိုင်းက ၂၀၁ဦး၊ မန္တလေးတိုင်းက ၁၈၃ဦး၊ ပဲခူးတိုင်းက ၁၆၁ဦး၊ ရှမ်းပြည်နယ်က ၁၅၄ဦး တို့အသီးသီး ဆုံးပါးခဲ့တယ်လို့ AAPPရဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့အမျိုးသမီး နှစ်ထောင်ခန့်မှာ အသက်၁၇နှစ်အောက် မိန်းကလေး ၃၇၃ဦးထိပါဝင်သလို ။အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရတဲ့ အမျိုးသမီးဦးရေကတော့ ခြောက်ထောင်ကျော်ရှိနေပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ အများဆုံးဖမ်းဆီးခဲ့တာပါ။
မြန်အောင်မြို့နယ် ကျေးရွာတွေမှာ အမျိုးသမီးတွေပါ ကင်းစောင့်ရ
Source -Delta News
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ရပ်ရွာလုံခြုံရေးခေါင်းစဉ်နဲ့ ကင်းစောင့်ကြရတဲ့အခါ အမျိုးသားတွေ အရေအတွက်နည်းကုန်တာ၊ ရှိတဲ့အမျိုးသားတွေကိုလည်း ကင်းစောင့်လွှတ်ရင်း စစ်မှုထမ်းထဲ ပါသွားမှာ စိုးရိမ်ကြတဲ့အတွက် အမျိုးသမီးတွေက ကိုယ်စားတာဝန်ယူ ကင်းစောင့်နေကြရတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းက ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ပြီး ရပ်ရွာလုံခြုံရေးခေါင်းစဉ်နဲ့ လှည့်ကင်းတွေ၊ ညစောင့်ကင်းတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်အောင်မြို့နယ်အတွင်းက ကုန်းတလုန်း၊ ဂွေးကုန်း၊ ရှောက်ကုန်း၊ ဆပ်ပြာကျင်း၊ တဲကြီးကုန်း စတဲ့ကျေးရွာတွေဘက်မှာ အမျိုးသမီး တွေက ကင်းစောင့်နေကြရသလို တခြားကျေးရွာတွေမှာလည်း အခုလို အမျိုးသားတွေအစား အမျိုးသမီးတွေပါ ကင်းစောင့်နေကြရတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။
မြန်အောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ၂၀၂၁ နှစ်ကုန်ပိုင်းကစပြီး ရပ်ရွာ လုံခြုံရေးအတွက် ကိုယ်တိုင် ကင်းမစောင့် နိုင်သူတွေက ကင်းကြေးပေးနေရပြီး ၂၀၂၄ အတွင်းမှာ စစ်မှုထမ်းကြေးကိုပါ ထပ်တိုးပေးဆောင် နေကြရတာပါ။ လူငယ်အများစုက စစ်မှုထမ်းကြရမှာ စိုးရိမ်တဲ့အတွက် နိုင်ငံခြားကို ရတဲ့နည်းနဲ့ ထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတဲ့အတွက် ရွာတွေမှာ ကင်းစောင့်ဖို့ အမျိုးသမီးတွေကိုယ်တိုင် ပါဝင်နေကြရတာ ၁ နှစ်ကျော်ခဲ့ပြီလို့ မြန်အောင်မြို့နယ်အတွင်းက အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကောင်စီကသတ်မှတ်ထားတဲ့ စစ်မှုထမ်းဥပဒေအရ အမျိုးသားအသက်၁၈ နှစ်ကနေ ၃၅ နှစ် အတွင်း ပညာရပ်တခုမှာ ကျွမ်းကျင်သူဆိုရင်တော့ အသက်၄၅နှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ ပါရှိပါတယ်။ ဥပဒေထုတ်ပြန်ပြီး နောက်ပိုင်း ဧရာဝတီတိုင်းအတွင်းမှာ နေရပ်စွန့်ခွာ ပြောင်းရွှေ့အခြေချတဲ့ လူငယ်တွေ များပြားခဲ့ပြီး ကျောင်းသားနဲ့ ကျန်းမာရေးချို့တဲ့သူ အချို့သာ ကျန်တော့တယ်လို့ သိရပါတယ်။
မြန်အောင်မြို့ပေါ်မှာ ရပ်ကွက်(၁၅)ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၅၈) ခုနှင့် ကျေးရွာပေါင်း(၄၉၄)ရွာ ပါဝင်ပြီး ၂၀၂၅ခုနှစ်မှာ ခရိုင်အဆင့်သတ်မှတ်ခံထားရတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လကုန်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ အိမ်ထောင်စုပေါင်း ၅၈,၀၀၀ ကျော်ရှိပြီး အသက် ၁၈ နှစ်အထက် အမျိုးသား ၇ သောင်းကျော်နဲ့ အမျိုးသမီး ၈ သောင်းကျော် ရှိနေပါတယ်။
ချင်းအမျိုးသမီးများကို ဂုဏ်ပြုပန်းချီ ဘယ်လ်ဂျီယံအနုပညာရှင် ရေးဆွဲပြသ
Source -DVB
ချင်းတိုင်းရင်းသူ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဘယ်လ်ဂျီယံအနုပညာရှင် ခရစ်စတီယန် ဒီဗယ်လ်တာ ရေးဆွဲထားတဲ့ ပန်းချီပြပွဲတခုကို ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ ကျင်းပနေပါတယ်။
အနုပညာရှင် ဒီဗယ်လ်တာဟာ ပြင်ပလွှမ်းမိုးမှုတွေကို လက်ခံကျင့်သုံးရင်း တိုးတက် ပြောင်းလဲလာတဲ့ ချင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုထုံးတမ်းစဉ်လာနဲ့ ယုံကြည်မှုတွေကို စိတ်ဝင်စားခဲ့တာကြောင့် မျက်နှာမှာ ပါးရဲထိုးထားတဲ့ ချင်းအမျိုးသမီးတွေရဲ့ ပုံတူတွေကို သူ့ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ ရဲရင့်တဲ့ အရောင်အသွေး၊ ဖွဲ့စည်းမှုပုံစံတွေနဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
အိမ်ထောင်ရေးအခြေအနေ၊ လူမှုအတန်းအစားတွေကို ဖော်ပြတဲ့ ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ချင်းအမျိုးသမီးတွေရဲ့ ပါးရဲထိုးကွင်းတွေကိုပုံဖော်ရင်း သူတို့ရဲ့ကြံ့ခိုင်မှုနဲ့ အလှတရားကို ပေါ်လွင်စေခဲ့သလို သူရဲ့ ပုံတူလက်ရာတွေရဲ့ အဓိကအနှစ်သာရကတော့ ရုပ်ပိုင်းဆိုင်ရာ အလှတရားသာမကဘဲ တဦးချင်းစီကို လှုံ့ဆော်တွန်းအားပေးနေတဲ့ လူတဦးချင်းစီရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ရှာဖွေဖော်ထုတ်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဗယ်လ်တာ-ဆယ်စုနှစ်နှစ်ခု ပြန်လည်ဆန်းစစ်ခြင်း အမည်နဲ့ အဆိုပါပြပွဲကိုတော့ ခေတ်ပြိုင်အနုပညာလက်ရာတွေကို အဓိကထားပြသတဲ့ La Lanta Fine Art ပြခန်းမှာ လာမဲ့ ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြသထားမှာဖြစ်ပြီး သူရဲ့ ရွေးချယ်ထားတဲ့ ပန်းချီကားတွေ၊ လစ်သိုဂရပ်ဖီခေါ် ကျောက်ပုံနှိပ်ပန်းချီတွေကို ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။











