တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဇန်နဝါရီလ ၄ ရက်ကနေ ၉ ရက်အတွင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ်အတွင်း အမျိုးသမီးအကြောင်းအရာနဲ့ပတ်သက်တဲ့ သတင်းတွေထဲက ထူးထူးခြားခြားတခုက မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာပါဝင်တဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။
ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ၈၈ ခုမှာ စစ်အုပ်စုက ၃၁ မှု၊ တော်လှန်သူများက ၂၈ မှု ကျူးလွန်ခဲ့ တယ်လို့ BWU ရဲ့ စစ်တမ်းမှာ ကဖော်ပြထားပါတယ်။
စစ်အာဏာရှင်ကိုတိုက်ထုတ်နေတဲ့ တော်လှန်ရေးတပ်တွေထဲရောက်ရှိနေတဲ့ လူရမ်းကားတချို့ က အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်း ဆိုင်ရာ ပြစ်မှုတွေဟာ စစ်အုပ်စုရဲ့ ကျူးလွန်မှု ကိန်းဂဏာန်းတွေနဲ့ မတိမ်းမယိမ်း ဖြစ်နေတဲ့ ဒီစစ်တမ်းကြောင့် လူထုကြားမှာ အံ့သြမှုနဲ့ ဝေဖန်မှု မြင့်တက်စေခဲ့ပါတယ်။
ဒီသတင်းအပြင် တပတ်တာအတွင်း မြန်မာသတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့ကြတဲ့ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ သတင်း ၈ပုဒ်ကို စုစည်းဖော်ပြလိုက်ပါတယ်။
လိင်အကြမ်းဖက်မှု ၈၈ ခုတွင် စစ်အုပ်စုက ၃၁ မှု၊ တော်လှန်သူများက ၂၈ မှု ကျူးလွန်ကြောင်း BWU ဖော်ပြ
လချီပျောက်နေသည့် ကျောက်ဖြူဒေသခံ အမျိုးသမီး ၃ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ
ဝက်လက်တွင် စစ်ကောင်စီစစ်ကြောင်းက အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့်
ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေဖြင့် အမျိုးသမီး ၆၀ ဦး အပါအဝင် ဖမ်းဆီးခံရသူ ၃၀၀ ကျော်ရှိ
စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ လုံခြုံမှုကင်းမဲ့ပြီး ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆို
ပုလဲက စစ်ရှောင်အမျိုးသမီးတွေ ဓမ္မတာလာချိန် ပိတ်စအသုံးပြုပြီး ဖြေရှင်းနေရ
အောင်လံမှာ အမျိုးသမီး ၁ ဦးနဲ့ အုပ်ချုပ်ရေးမှူး ၁ ဦးအသတ်ခံရ
လိင်အကြမ်းဖက်မှု ၈၈ ခုတွင် စစ်အုပ်စုက ၃၁ မှု၊ တော်လှန်သူများက ၂၈ မှု ကျူးလွန်ကြောင်း BWU ဖော်ပြ
Source – Mizzima
မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသ ငါးခုမှာ ၁၉ လတာအတွင်း လိင်အကြမ်းဖက်မှု ၈၈ ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ၃၁ မှုမှာ စစ်အုပ်စုနဲ့ ဆက်နွယ်သူတွေက ကျူးလွန်ခဲ့ကြပြီး ၂၈ မှုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တယ်လို့ ဇန်နဝါရီလ (၅)ရက်နေ့ကထုတ်ပြန်တဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လိင်အကြမ်းဖက်မှု၃၁ မှုအနက် ၁၀ မှုမှာ အုပ်စုလိုက် မုဒိမ်းကျင့်မှုတွေဖြစ်ပါတယ်။
စစ်အုပ်စုနဲ့ဆက်နွယ်သူတွေ ကျူးလွန်တဲ့ လိင်အကြမ်းဖက်မှု ၃၁ မှုအနက် ၂၁ မှုဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှဖြစ်တယ်လို့သိရပါတယ်။တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ နှောင့်ယှက်မှု ၂၈ မှုကို ကျူးလွန်ခဲ့ပြီး အများစုမှာ စစ်ကိုင်း နဲ့ မကွေးတိုင်းတို့ကဖြစ်ပါတယ်။လိင်အကြမ်းဖက်မှုဖြစ်စဉ် ၂၉ မှုကို အရပ်သားတွေက ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
လချီပျောက်နေသည့် ကျောက်ဖြူဒေသခံ အမျိုးသမီး ၃ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ
Source- – DVB
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အုန်းတောကျေးရွာက ၃ လကြာပျောက်ဆုံးနေတဲ့ အမျိုးသမီး ၃ ယောက်ရဲ့ ရုပ်အလောင်း အရိုးစုတွေကို စစ်ကောင်စီရဲ့ အမှတ်(၃၂) ရဲတပ်ရင်းအနီးမှာ ဇန်နဝါရီ ၂ ရက်က ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမျိုးသမီး(၃)ဦးဟာ အုန်းတောကျေးရွာက ဒေါ်လှသိန်းရွှေ (၅၅ နှစ်)၊ သမီးဖြစ်သူ ဒေါ်အေးအေးသိန်း (၃၁ နှစ်) နဲ့ တူမဖြစ်သူ မပြည့်စုံဝင်း (၁၃ နှစ်) တို့ ဖြစ်ကြပါတယ်။
သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို ရှာဖွေတွေရှိတဲ့ နေရာတွေဟာ စစ်ကောင်စီ ထိန်းချုပ် နယ်မြေ တွေ ဖြစ်တာကြောင့် စစ်ကောင်စီက သတ်ဖြတ်လိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
ပြီးခဲ့တဲ့ အောက်တိုဘာအစောပိုင်းမှာ ရဲတပ်ရင်းအနီးက ဥယျာဉ်ခြံမြေကို ရွာသား ၂ ယောက်နဲ့ အတူ သွားကြရာမှာ စစ်ကောင်စီတပ်နဲ့ တွေ့ပြီးနောက် ရှေ့ဆက်မသွားဖို့ ဟန့်တားခဲ့ရာ ရွာသား ၂ ယောက်မှာ ရွာပြန်ခဲ့ပေမယ့် အမျိုးသမီးတွေဟာ အခြားလမ်းတခုက သွားရာကနေ ပျောက်ဆုံးသွားတာလို့ ဆိုပါ တယ်။
ဝက်လက်တွင် စစ်ကောင်စီစစ်ကြောင်းက အမျိုးသမီး ၄ ဦးကို အဓမ္မပြုကျင့်
Source – DVB
ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို ဝင်ရောက်နေတဲ့ စစ်ကြောင်းက အင်ဒေါင်းရွာထဲ ဝင်ရောက် အထိုင်ချထားတဲ့အချိန် ဇန်နဝါရီ ၂ ရက်က အင်ဒေါင်းရွာက အမျိုးသမီး ၃ ယောက်နဲ့ မင်းရွာတောင်ရွာက အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
အင်ဒေါင့်ရွာက ကျူးလွန်ခံရသူ အမျိုးသမီးတွေကိုတော့ စစ်ကောင်စီတပ်သားတွေက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်တားဆေးတွေ ထိုးပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းရွာတောင်ရွာက အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးကတော့ အသက် ၅၇ နှစ်အရွယ်ရှိပြီး စစ်ကြောင်းဝင်လာချိန်မှာ ဖမ်းဆီး အဓမ္မပြုကျင့်ခံခဲ့ရတာ ဖြစ်ပါတယ်။
စစ်ကြောင်းက အမျိုးသမီးတွေကို အဓမ္မပြုကျင့်ခဲ့တဲ့အပြင် အင်ဒေါင်းရွာသား အမျိုးသား ၉ ယောက် ကိုလည်း ဖမ်းဆီးသွားပြီး လက်ရှိမှာ ကမ်းဖြူရွာကို ရောက်နေတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေဖြင့် အမျိုးသမီး ၆၀ ဦး အပါအဝင် ဖမ်းဆီးခံရသူ ၃၀၀ ကျော်ရှိ
Source – Mizzima
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေနဲ့ အမျိုးသမီး ၆၀ ဦး အပါအဝင် ဖမ်းဆီးအရေး ယူထားသူ ၃၀၀ ကျော်ရှိပြီလို့ စစ်ကော်မရှင်ထိန်းချုပ် သတင်းစာမှာဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကာကွယ်ရေးဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှာပြဌာန်းခဲ့ပြီး ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၂၉ ဦးအထိ ရှိခဲ့ပါတယ်။ စစ်ကော်မရှင်က စွပ်စွဲဖမ်းဆီးထားသူတွေထဲမှာ အသက်မပြည့်သေးသူတွေလည်း ပါဝင်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ လုံခြုံမှုကင်းမဲ့ပြီး ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆို
Source – ကန္တရဝတီ
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီး တွေဟာ လုံခြုံမှုမရှိတော့သလို ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ရဲ့ ဗဟိုကော်မတီဝင်တဦး နော်ဆားလေ က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတဲ့အခြေအနေမှာ အမျိုးသမီးတွေ အတွက် တိုင်ကြားနိုင်တဲ့ စနစ်တွေ၊ ယုံကြည်အားကိုးနိုင်တဲ့ အဖွဲ့တွေ မရှိသလို အထူးသဖြင့် စစ်ဘေးရှောင်အဖြစ် တနေရာကနေ တခြား တနေရာကို ရွှေ့ပြောင်းထွက်ပြေးနေရတဲ့ အမျိုးသမီးတွေ အတွက် လုံခြုံစိတ်ချရတဲ့ နေရာမရှိဘူးလို့ သူက ထောက်ပြပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာကို မသိမ်းယူခင်အစောပိုင်း ကာလတွေမှာတော့ အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချပြီး အားကိုးရတဲ့သူတွေ ရှိခဲ့သလို တိုင်ကြားရေး စနစ်တွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။
စစ်တပ်အာဏာကို သိမ်းယူပြီးနောက်ပိုင်း စစ်ပွဲတွေ ၊ မတရားမှုတွေ ၊ တရား ဥပဒေ စိုးမိုးမှု အားနည်းတာတွေက အကြမ်းဖက်ခံရမှုတွေကို ပိုမို ဖြစ်ပွားစေတဲ့အကြောင်းရင်း ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလလွှတ်တော်ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မော်မိုးမြာ က ပြောပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO ) ထုတ်ပြန်တဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်နီမှာ ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုက ၄ နှစ်ကျော်အတွင်း အမှုစုစုပေါင်း (၄၂၄) မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီထဲ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုက အများဆုံးဖြစ်တယ်လို့ ပြောထားပါတယ်။
ပုလဲက စစ်ရှောင်အမျိုးသမီးတွေ ဓမ္မတာလာချိန် ပိတ်စအသုံးပြုပြီး ဖြေရှင်းနေရ
Source – CJ Platform
စစ်အုပ်စုက စစ်ကြောင်းဆက်တိုက်ထိုးနေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အမျိုးသမီးလစဉ်သုံး ပစ္စည်း ဝယ်ယူမရရှိတာကြောင့် စစ်ဘေးရှောင်အမျိုးသမီးတချို့ ဓမ္မတာလာချိန်မှာ ပိတ်စအသုံးပြုပြီး ဖြစ်သလို ဖြေရှင်းနေရတယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်းကို စစ်အုပ်စုက လစဉ်သုံးပစ္စည်းတွေ သယ်ယူမှုပိတ်ပင်ထားတာ လနဲ့ချီ ကြာမြင့် နေချိန် မှာ စစ်အုပ်စုရဲ့ အခုလို ထိုးစစ်တွေကြောင့် လစဉ်သုံး ပစ္စည်းတွေ ဝယ်ယူရခက်နေတဲ့ အခြေအနေ ဖြစ်နေတာဖြစ်ပါတယ်။
ဒါကြောင့် လစဉ်သုံးပစ္စည်း ဝယ်ယူဖို့ မတတ်နိုင်တဲ့ ပုလဲမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးတွေ အနေနဲ့ အရင်ခေတ်က အမျိုးသမီးတွေသုံးခဲ့တဲ့ နည်းလမ်းအတိုင်း ဖြေရှင်းနေရတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပုလဲမြို့နယ်ထဲက ဈေးဆိုင်တွေအနေနဲ့ လစဉ်သုံးပစ္စည်းတွေကို ခိုးသယ်နေရပြီး လစဉ်သုံး ပစ္စည်းတစ်ထုပ်ကို ၃,၀၀၀ ကနေ ၅,၀၀၀ ကျပ်အထိ ဈေးနှစ်ဆလောက် ပေးဝယ်နေရကာ နေရာအများစုမှာ ငွေရှိပေမယ့် ဝယ်စရာတောင် မရှိတော့ဘူးလို့ ဆိုပါတယ်။
အောင်လံမှာ အမျိုးသမီး ၁ ဦးနဲ့ အုပ်ချုပ်ရေးမှူး ၁ ဦးအသတ်ခံရ
Source – မြေလတ်အသံ
မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အမျိုးသမီး ၁ ဦး ပစ္စည်းလုအသတ်ခံရပြီး စစ်ကော်မရှင်ခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁ ဦးလည်း ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူမှာ ပြကြီးကျေးရွာမှ အသက် ၆၀ နှစ်အရွယ်ရှိတဲ့ ဒေါ်မညွန့်ကြည်နဲ့ မိုးကောင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး အသက် ၄၀ အရွယ် ဦးမင်းမင်းတို့ဖြစ်ပါတယ်။
ဒေါ်မညွန့်ကြည်ဟာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းလုပ်ကိုင်နေသူတဦးဖြစ်ပြီး ဦးခေါင်းနဲ့ နံရိုးတို့မှာ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ရုပ်အလောင်းကို ပြလို့ကျေးရွာရှိ ဘုရားကိုးဆူရဲ့ တောင်ဘက်လမ်းကြားမှာ ဇန်နဝါရီ ၃ ရက်မနက်ပိုင်းက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒေါ်မညွန့်ကြည်ရဲ့ ရုပ်အလောင်းကို ပြလို့ရွာရဲစခန်းမှ ရဲသားတွေယူဆောင်ခဲ့ပြီးနောက် ရဲစခန်းကနေတဆင့် သူမရဲ့မိသားစုတွေက အလောင်းကိုလာယူခဲ့ကြတယ်လို့ သိရပါတယ်။






