ကျားဖြန့်တွေက မနူးမနပ်အရွယ် မိန်းကလေးတွေကို ပစ်မှတ်ထားလာတယ်
(အွန်လိုင်းကနေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြားဝင်ကူညီပေးနေတဲ့ Against Sexual Violence (ASV)အဖွဲ့ တည်ထောင်သူနဲ့ ကိုအောင်ဇမ္ဗူကျော်နဲ့ ဆက်သွယ်မေးမြန်းခြင်း)
ရှင်ငြိမ်း
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု အားနည်းလာတာနဲ့အမျှ အွန်လိုင်းပေါ်က လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုတွေ၊ ငွေညှစ်ခြိမ်းခြောက်မှုတွေဟာ အမျိုးသမီးတွေအတွက် ကြီးမားတဲ့ ဘေးအန္တရာယ်တခု ဖြစ်လာနေပါတယ်။
အထူးသဖြင့် Telegram လိုအကောင့်တွေမှာ အမျိုးသမီးတွေရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်နဲ့ ရုပ်ပုံတွေကို အသုံးချပြီး စီးပွားဖြစ် ရောင်းစားတာ၊ အကြပ်ကိုင်ငွေညှစ်တာတွေဟာ တနေ့ထက်တနေ့ အင်မတန်များပြားလာနေ ပါတယ်။
ကျူးလွန်နေသူတွေဆီမှာ မိသားစုအသက်အန္တရာယ်တွေအထိ ခြိမ်းခြောက်မှုတွေလုပ်ခံရတာမျိုးကြုံတွေနေရတဲ့ကြားက ထိခိုက်နစ်နာ နေရတဲ့အမျိုးသမီးတွေအတွက် နည်းပညာနဲ့ ဥပဒေကြောင်းအရ ကူညီဖြေရှင်းပေးနေ တဲ့”Against Sexual Violence (ASV)” အဖွဲ့ တည်ထောင်သူ ကိုအောင်ဇမ္ဗူကျော်ကို HI – Honest Information က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာနှောင်း ပိုင်းမှာ အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။
HI – Honest Information – Against Sexual Violence ASV ရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ် အကြောင်းကို အရင်ဆုံး ရှင်းပြပေးပါလား။
ကိုအောင်ဇမ္ဗူကျော် – ကျနော်တို့က၂၀၁၉ ကနေစတင်လုပ်ခဲ့တာပေါ့၊ ဒါပေမဲ့ ဒီ ၂၀၂၁ နောက်ပိုင်း မှာ ကျနော်က ဒီအဖွဲ့အစည်းမှာ တာဝန်ခံအနေနဲ့ ဆက်ပြီးတော့ အခုထိတာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိ လုပ်ဆောင်တဲ့အခန်းကဏ္ဍကတော့ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာအရ ကာယအိန္ဒြေပျက်ပြားအောင် ထိပါး နှောင့်ယှက်ခံရတဲ့အခြေအနေတွေ၊ အထူးအရေးကြီးဆုံးအချက်ကတော့ Against Sexual Violence နဲ့အတူ အမျိုးသမီး တွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ လိင်ပိုင်းဆိုင်ရာတွေ ပေါက်ကြားပြီးတော့ အဖျက်ခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ၊ အကြပ်ကိုင်ခံရတာတွေ အဲ့ဒါတွေကို လိုက်လံတားဆီးပေးတာ၊ ချန်နယ်ပြန့်နေတာ တွေကို လိုက်ဖျက်ပေးတာမျိုးတွေ၊ အထူးသဖြင့် ခြိမ်းခြောက်ခံနေရတာတွေကို တားဆီးပေးတာမျိုး ဥပဒေအရရော၊ တခြားသုံးနိုင်တဲ့နည်းလမ်းပေါင်းစုံနဲ့ သုံးပြီးတော့ လုပ်ဆောင်ပေးပါတယ်။ အထူးသဖြင့် Social Punishment လုပ်တယ်။ Black List လုပ်တယ်။ နောက်သမီး ရည်းစားကြား ခြိမ်းခြောက်တဲ့သူတွေ၊ အထူးသဖြင့် ဗီဒီယိုဖိုင်တွေ ဖြန့်နေတဲ့သူတွေ အချက်အလက်ရတာနဲ့ နည်းလမ်းပေါင်းစုံသုံးပြီး တားဆီးတယ်။

HI – Honest Information – အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေရေးရာအရ အရေးယူဆောင်ရွက်ရတဲ့ ဖြစ်စဉ်တွေရှိခဲ့ဖူးလား၊ ဥပဒေအရ အရေးယူဖို့ ခက်ခဲတဲ့အခြေအနေနဲ့ ကြုံခဲ့ဖူးလား။
ကိုအောင်ဇမ္ဗူကျော် – အရင်အာဏာသိမ်းကာလမတိုင်မီကတော့ အဲ့လိုအခြေအနေမျိုးတွေ ရှိပါတယ်။ ၂၀၂၁ နောက်ပိုင်းမှာတော့ ဥပဒေနဲ့ လုပ်ဆောင်တာတော့ တော်တော်အားနည်းသွားတယ်။ ကျနော် ကိုယ်တိုင်က ရှေ့နေတယောက် ဖြစ်ပေမဲ့လည်း ၂၀၂၁ နောက်ပိုင်းမှာတော့ လက်ရှိအာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး မရှိတော့ပါဘူး။ အဲ့ဒီအတွက်ကြောင့် ဥပဒေကြောင်းအရ အမှုဖွင့်တာမျိုးတွေထက်စာရင် ကျနော်တို့က တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ပဲ အလုပ်လုပ်ပါတယ်။
ကျနော်တို့က ဥပဒေ ရေးရာအရ တိုက်ရိုက်ပါဝင်ပတ်သက်မှုမပေးတော့ အခက်အခဲတွေရှိပါတယ်။ မြို့ပေါ်က မိန်းကလေးတွေဆိုရင် သူတို့ရဲ့ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ဖြန့်နေတဲ့သူကို အထိုက်အလျောက် တားကြည့်တာမျိုး လုပ်တယ်၊ အဲ့လိုမဟုတ်ဘဲ ဗီဒီယိုဖိုင်တွေကို ရောင်းစားတာမျိုး၊ ဖြန့်တာမျိုးလုပ်ပြီးသွားရင်တော့ ဥပဒေရေးအရာ လုပ်ဆောင်ပါတယ်။ ကျနော်က ကျနော်တို့အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်တာ မလုပ်တော့ဘူးပြောတာပါ။ လမ်းညွှန့်ပေးတာမျိုးတော့ရှိပါတယ်။ဒါပေမဲ့ လိုအပ်ရင်တော့ ဥပဒေအရလုပ်ပေးပေမယ့် အဲ့ဒါက နည်းတော့ နည်းပါတယ်။
HI – Honest Information – ဒီ Against Sexual Violence (ASV)ကို ဘယ်လိုရည်ရွယ်ချက်နဲ့ တည်ထောင်ဖြစ်တာလဲ။
ကိုအောင်ဇမ္ဗူကျော် – ရည်ရွယ်ချက်လို့ပြောရင် Telegram channel မှာ တင်ထားတာတွေ ကိုယ်တိုင်တွေ့လိုက်တဲ့အချိန်မှာ ဒီလို Channelတွေကို ဖြုတ်ချပစ်ဖို့ စိတ်ကူးရတာကနေ စတင်တယ်။ ကြိုးစားခဲ့ တယ်။ တကယ်လည်း ဖြုတ်ချနိုင်တဲ့ နည်းလမ်းတွေရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ ကိုယ်တယောက်တည်း ကိုယ့်ဒုက္ခ ကိုယ် ဖြေရှင်းလိုက်ရုံနဲ့ ရင်ဘတ်ထဲက အပေါက်တခုကို ပြန်မဖြည့်နိုင်ခဲ့ဘူး။ စိတ်လုံခြုံမှုရှိမနေခဲ့ဘူး။
Secondary Victim ဖြစ်ခဲ့တဲ့ ကိုယ်တောင် ဒီလောက် စိတ်ဒဏ်ရာ ရခဲ့ရင် ကိုယ်တိုင်ကြုံတွေ့နေတဲ့ မိန်းကလေးတွေ ဘယ်လိုခံစားနေရမလဲ။ ဒီလိုနဲ့ အခြားလူတွေကို ကူညီချင်တဲ့ ရည်ရွယ်ချက်တခုရှိလာတယ်။ နောက်ပြီးတော့ ကျနော်တို့က အမျိုးသမီးတွေကို လေးစားတယ်။ သူ့တို့ကို နစ်နာထိခိုက်တာမျိုး မဖြစ်စေချင်ဘူးပေါ့။
အချုပ်အားဖြင့်ပြောရရင် Victim တွေအနေနဲ့ သန်သန်မာမာ ရင်ဆိုင်နိုင်ဖိုလိုအပ်ကြောင်း၊ ခြိမ်းခြောက်လာခဲ့ရင် သက်သေတွေကို စိတ်ခိုင်ခိုင်နဲ့ယူထားဖို့လိုအပ်ကြောင်းလေး အသိပညာပေးချင်ပါတယ်။ ကျူးလွန်သူတွေ ကိုလည်း တနေ့ကျရင် ပြစ်ဒဏ်စီရင်နိုင်ဖို့အထိ ရည်ရွယ်ချက်ထားပါတယ်။

HI – Honest Information – အခက်အခဲ စိန်ခေါ်မှုအပိုင်းကရော ဘာတွေရှိပါလဲ။ ကျူးလွန်သူတွေက ပြန်ပြီးခြိမ်းခြောက်တာမျိုးရှိလား။
ကိုအောင်ဇမ္ဗူကျော် – ကျနော် ဖြေရှင်းရကြပ်တဲ့ပြဿနာတွေထဲမှာ အဲ့ဒါလည်းပါတယ်။ ကျနော်တို့အဖွဲ့မှာ လုပ်အားပေး ၂၀ လောက် ရှိပါတယ်။ Team Work ပိုင်းမှာဆိုရင် ၁၀ ယောက် ၊ အယောက် ၂၀ လောက် ရှိပါတယ်။ ဖြေရှင်းရတဲ့အပိုင်းမှာဆိုရင် ကျနော်တို့ အကောင့်အစစ် တွေသုံးပြီး စကားဝင်ပြောရတာတွေ ရှိတယ်။ အဲ့လိုတွေရှိတဲ့အတွက် အထိုက်အလျောက်တော့ အန္တရာယ်များတယ်။
နွေဦးတော်လှန်ရေးကာလမှာဆိုရင် ရှေ့ထွက်တဲ့ တဦး၊ ၂ ဦးရဲ့နာမည်နဲ့ အချက်အလက်တွေကို လုံးဝ မထုတ်ခိုင်း ဘူး။ ဘာလို့ဆို ကိုယ့်အန္တရာယ်ကိုယ် မကာကွယ်နိုင်မှာ စိုးလို့ပါ။ တချို့ဆိုရင် ပြည်တွင်းမှာပဲရှိသေးတယ်။ ကျနော်ကတော့ ပြည်ပမှာပါ။ နောက် အကူအညီလာတောင်းတဲ့မိန်းကလေးတွေ အကူအညီမဲ့နေတဲ့ အချိန်မှာ ကျနော်တို့အပေါ် သူတို့ယုံကြည်မှုရှိဖို့လည်းလိုပါတယ်။ ဒါကြောင့် ကျနော်တို့က မျက်နှာဖော်တာပါ။ အဲ့တော့ သူတို့ရဲ့လုံခြုံရေးအတွက်လည်း အမြဲတမ်း စိုးရိမ်ရပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီအလုပ်ကို လုပ်နေတဲ့ အတွက်ကြောင့် ကျူးလွန်သူတွေဘက်ကနေ ပြီးတော့ ကျနော်နဲ့ ကျနော့်မိသားစုဝင်တွေကိုပါ အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုးတွေ၊ နောက်ယောင်ခံ လိုက်တာမျိုးတွေ ရှိပါတယ်။
မင်းကို ငါတို့စောင့်ကြည့်နေတယ်။ မင်းကိုမရရင် မင်းမိသားစုကို သတ်မှာဖြတ်မှာနဲ့ အကောင့်တုတွေနဲ့ လာပြော တာတွေ ရှိတယ်။ ကျနော်ဖြေရှင်းပေးခဲ့ရတဲ့သူတွေရဲ့အကောင့်တွေဖြစ်မှာပါ။ ဘယ်လောက်ထိ ဖြေရှင်း ပေးခဲ့ရ လဲဆိုရင် ဒီ ၁၂ လပိုင်းထဲမှာတင် ဖြစ်ရပ် ၆၆ ခု ကို ကျနော်တို့ ဖြေရှင်းပေးခဲ့ရတယ်။ တရက်ကို ၂ခု၊ ၃ခု လောက်ကို ရောက်တယ်။ ဒါတွေကလည်း ပုံစံတူတွေ ချည်းပါပဲ။
ဒီအမျိုးသမီးလေးတွေ ခံစားရတာကတော့ အပြင်မှာ ဆုံဖြစ်သွားပြီးတဲ့နောက် ဒီဓာတ်ပုံတွေ၊ ဒီဗီဒီယိုတွေ အဲ့ဒါ တွေကို အလွဲသုံးစားလုပ်ပြီး ခြိမ်းခြောက်တာမျိုးတွေ လုပ်ကြတာပါ။ အဲ့ဒီအချက် အလက်တွေက တယောက်နဲ့ တယောက် ယုံကြည်မှုပေးခဲ့ကြတဲ့အချိန်မှာ နောက်ကွယ်ကနေ နောက်ကျောဓားနဲ့ အထိုးခံရတာပေါ့။ ဒါတွေကို ဝိုင်းဝန်းဖြေရှင်းပေးနေတာဖြစ်တဲ့အတွက် တဖက်ကလည်း အငြိုးထားကြပါတယ်။ ကျနော်တို့ဖြေရှင်းရတဲ့ Target တွေရဲ့အငြိုးထားတာက တပိုင်း။
ကျနော်တို့ ဖြုတ်ချလိုက်တဲ့ ချန်နယ်တွေရဲ့သူဌေးတွေဆိုရင် သူတို့ချန်နယ်အချင်းချင်းထဲမှာ သူတို့စကားပြောတာ ရှိတယ်။ အဲ့ဒီမှာ Account အတုတွေနဲ့ ဝင်ထားတာလည်း ရှိတာတော့ သူတို့ စကားပြောနေတဲ့ စာတွေကို ကျနော်တို့ မြင်ရတယ်။ ဒီ‘အောင်ဇမ္ဗူကျော်ဟိန်း’ ဆိုတဲ့ကောင်၊ ဒါမှမဟုတ် ကျနော်နဲ့အတူ လုပ်နေတဲ့ အဖွဲ့ဝင်တွေရဲ့ အကောင့်ဆိုရင်လည်း သူ့နာမည်ကို ပြောပြီးတော့ ‘ဒီကောင်တွေရဲ့အချက်အလက် တိတိကျကျ ပေးနိုင်ရင် ကျပ်သိန်း ၅၀ ပေးမယ်၊ သိန်း ၁၀၀ ပေးမယ်’ ဆိုပြီး ဈေးခေါ်နေတာတွေ တွေ့ရတယ်။ ကျနော်တို့လည်း ဒါတွေကို Screenshot တွေ ရိုက်ထားပါတယ်။
HI – Honest Information – အာဏာမသိမ်းခင်ကလည်း လုပ်ခဲ့တယ်ဆိုတော့လေ၊ ဒီအာဏာသိမ်းပြီး နောက်ပိုင်းမှာ ဒီလို အဖြစ်အပျက်တွေက ပိုပြီးတော့ များလာတာလား၊ ဘာကြောင့်များလာတာလဲလို့ ထင်ပါသလဲ။
ကိုအောင်ဇမ္ဗူကျော် – အာဏာမသိမ်းခင်က ဒီလောက် မများဘူးဗျ။ ဒါကတော့ တကယ့် အရှိတရားပဲ။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ တကယ်ကို ပလူပျံအောင် များလာတာဗျ။
အဓိက များလာတာကတော့ အမျိုးသမီးလေးတွေ ဒီနယ်ပယ်မှာ သိပ်မသိကြဘူးထင်ပေမဲ့ ယောင်္ကျားလေးတွေ နယ်ပယ်မှာ၊ အထူးသဖြင့် လူငယ်ပိုင်းတွေ နယ်ပယ်မှာ Telegram Group တွေ၊ Website တွေက တကယ်ကို ပေါများလာတာ။ ကျနော်တို့ဖျက်ချတယ်ဆိုတာကလည်း ခွင့်ပြုချက်မရှိဘဲ မိန်းကလေး တွေရဲ့ ကိုယ်ရေး အချက်အလက်တွေ၊ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေတင်ပြီးတော့ အခကြေးငွေနဲ့ရောင်းစားနေတာတွေကို တားတာပါ။
ဒီအမျိုးသမီးလေးတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးစားလုပ်ပြီး ဗီဒီယိုဖိုင်တွေကို မတရား ရောင်းစားနေကြတဲ့ အခြေအနေတွေက အရမ်းကိုပေါလာတယ်။ ဘာကြောင့် ပေါများလာလဲဆိုရင် ဥပဒေစိုးမိုးမှု မရှိတာပေါ့။ တခုခုဖြစ်ပြီဆိုရင် ဘယ်သူ့ကို တိုင်ရမလဲ၊ ဘယ်သူ့ကို ပြောရမလဲ၊ ဘယ်သူ့ဆီက အကူအညီ တောင်းရမလဲဆိုတာ မသိတဲ့ အခြေ အနေတွေ ရှိလာတယ်။ အဲ့ဒီတော့ ကျူးလွန်သူတွေက ‘ငါတို့ဘာလုပ်လုပ် ရတာပဲ’ဆိုတဲ့ စိတ်မျိုး ဖြစ်လာကြတာ။ အခု ချိန်မှာ ဘယ်ရဲစခန်း၊ ဘယ်တရားရုံးကမှလည်း ဒီကိစ္စတွေကို ထိထိရောက်ရောက် အရေးယူ ပေးနိုင်တာမရှိသလို အကာအကွယ်ပေးနိုင်တဲ့ဥပဒေတွေလည်း မရှိတဲ့ အတွက်ကြောင့် ဒါက တကယ်ကို ခြိမ်းခြောက်မှုကြီး တခုဖြစ်လာတာပါ။
သမီးရည်းစားတွေ နှစ်ရှည်တွဲခဲ့တယ်။ ယုံကြည်စိတ်ချလို့ လိင်ပိုင်းဆိုင်ရာတွေကို ဖလှယ်ကြတယ်။ ဖြန့်ဝေကြ တယ်။ ဒီအခြေအနေထိ ပြဿနာမရှိပေမယ့် ပို့လိုက်တဲ့သူက ဘယ်လောက်တောင်စိတ်ချရမှာလဲ။ တကယ်လို့ ဒီအခြေအနေတွေ ပေါက်ကြားသွားရင် ဒါကြီးက ဘယ်လောက်များကိုနောက်ကို အရိပ်ကြီးလိုက်နေမလဲ၊ ဘယ်လို ဖြေရှင်းမလဲ၊ သိက္ခာပိုင်းဆိုင်ရာ ဘယ်လိုဖြေရှင်းမလဲဆိုတာတွေက မိန်းကလေးတွေအတွက် ဖြေရှင်းဖို့ အင်မတန် ခက်ခဲပါတယ်။ ဒါက အန္တရာယ်ဇုန်ကြီးပါ။
HI – Honest Information – နောက်ပြီးတော့ ဒါတွေကို စီးပွားဖြစ်လုပ်နေကြတဲ့ အခြေအနေကရော ဘယ်လောက်ထိတိုးပွားလာနေသလဲ၊ ဘယ်သူတွေက လုပ်နေကြတာလဲ၊ ဘယ်အရွယ်အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များလဲ ဆိုတာကိုရော လေ့လာထားမိသလောက် ပြောပြပေးပါဦး။
ကိုအောင်ဇမ္ဗူကျော် – စီးပွားဖြစ် လုပ်နေကြတာကတော့ Telegram ချန်နယ်တွေ အရမ်းများလာ တာကို ကြည့်ရင် သိနိုင်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ Facebook က သုံးဖို့ မလွယ်လာတော့ Telegram တို့ ၊ တစ်တော့တို့ ၊ ယူကျူ့တို့သုံးလာတယ်။ အဲ့မှာ သူတို့သုံးတဲ့ ကြော်ငြာတွေ အောက်မှာ Telegram Link တွေ ချပေးတတ်ကြတယ်။ လူကြီးကြိုက်၊ ကလေးကြိုက် တွေကြည့်မလားဆိုပြီး။ တချို့ဆိုရင် ‘ဒီဗီဒီယို ကြည့်ချင်ရင် VIP Group ထဲကို ဝင်ပါ’ ဆိုပြီး ပိုက်ဆံတောင်းတာမျိုးတွေပေါ့။ တခါဝင်ရင် ၃ထောင်၊ ၅ထောင်ကနေ စပြီးတော့ ရှိတယ်။ အဲ့ဒီမှာ အမျိုးသမီးလေးတွေရဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို ရောင်းစား နေကြတာ။
တရက်တရက်ကို အဲ့ဒီလိုချန်နယ် ပေါင်း ၂၀၊ ၃၀ လောက်ကို ဖြုတ်ချပေးနေရပေမဲ့လည်း သူတို့က အကောင့် အသစ်တွေနဲ့ ပြန်ပြန်ဖွင့်နေကြတာပဲ။ ပြောရရင် မြန်မာနိုင်ငံတွင်းက မိန်းကလေးတွေရဲ့ရုပ်ပုံတွေ ကြည့်ရင် ကြည့်သလောက်၊ ဒီမိန်းကလေးရဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုင်မာရင် ခိုင်မာသလောက် ဈေးကြီးကြီးနဲ့ ရောင်းစားတယ်။
လူတယောက်ဝင်ကြည့်ရင် ၃ထောင်ပဲထားအုန်း၊ ဝင်ကြည့် သူက သိန်းချီရှိတာဆိုတော့ သူတို့ဘယ်လောက် စီးပွားဖြစ်လုပ်နေလဲဆိုတာ သိနိုင်တယ်။ ပြီးရင် ချန်နယ်အပွားတွေကလည်း အများကြီးဆိုတော့ ဖြေရှင်းရ တော်တော်ခက်ပါတယ်။ ဒီချန်နယ်ကို ဖျက်လိုက်ပေမယ့် နောက်ထပ် အပွားချန်နယ်တွေ ထပ်ပေါ် လာတာမျိုး တွေရှိတယ်။
အဲ့ဒါကို ရအောင်အစကနေ အောက်ခြေပိုင်းကစပြီး ရှာဖွေဖော်ထုတ်ပြီးတော့ တရားဥပဒေအရ အရေးယူမှုတွေ တိကျသေချာအောင် ကျနော်တို့လုပ်တယ်။ အခုလည်း ကျနော်တို့ ဒီ Channel Owner လုပ်ထားတဲ့သူတွေ၊ အခုလို မျိုး လိင်ပိုင် ဆိုင်ရာစီးပွားဖြစ်ရောင်းစားနေတဲ့ သူတွေကို လိုက်ရှာပြီး သေချာအောင် အချက်အလက်နဲ့ ဖော်ထုတ် တာ၊ ပြီးရင် Social Punishment လုပ်တယ်၊ ဒီလိုမျိုးတွေလုပ်ခဲ့တာလည်းရှိတယ်၊ လုပ်လည်းလုပ်နေတယ်။ အခု လည်း ဘယ်သူက ဒီ Channel ထောင်ထားတာလဲ၊ ဘယ်သူက ဒီမိန်းကလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်ကို သုံးပြီးတော့ သူများ လိင်ပိုင်းဆိုင်ရာနဲ့ ထမင်းစားနေတာလဲဆိုတာ ကျနော်တို့ ရအောင် လိုက်ရှာဖော်ထုတ်ပါတယ်။
ဒီနေရာမှာ တခုပြောချင်တာက ဘယ်အရွယ်တွေလဲဆိုတာမျိုးက အရွယ်သတ်မှတ်ချက်တော့ မရှိဘူး။ အခုဖြစ်နေ တာက မိန်းကလေးတွေချည်းပဲ ဖြစ်နေတာ။ နေ့စဉ်နဲ့အမျှ ကျနော်တို့ လက်လှမ်းမမီဘဲနဲ့ ဒီလို Channel ထဲမှာ မသိလိုက်တဲ့ နာမည်ပေါင်းများစွာက ထောင်နဲ့ချီရှိနေတာ။ အဲ့လိုအခြေအနေတွေက မိန်းကလေးတွေ အတွက် ဘယ်လောက်တောင်မှ အန္တရာယ်များလဲ၊ သူတို့ရဲ့နယ်ပယ်မှာ အန္တရာယ်ဖြစ်နေလဲဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။
အရွယ်အားဖြင့်ဆိုရင်တော့ အခု ၁၄၊ ၁၅ နဲ့ တချို့ဆို ၁၃ နှစ်လေးတွေတောင် ပါတယ်။ ဖုန်းလေးတွေ ကိုင်ထားကြ တော့ အရွယ်က ဒီလိင်ပိုင်းဆိုင်ရာကို လက်တည့်စမ်းတတ်တဲ့ အရွယ်လေးတွေ၊ လိင်ကိစ္စကို လက်တည့် စမ်းပြီး တော့ အခုလိုမျိုး အခြေအနေနဲ့ ဗီဒီယိုဖိုင်တွေ ရအောင်ယူသွားကြတယ်။ ပြီးရင် ဒါကို ဗီဒီယိုတပုဒ်ကို ၃ သောင်း၊ ၅ သောင်း၊ ၁ သိန်း ရောင်းတာပေါ့။ ပြောရရင် မိန်းကလေးရဲ့ လိင်မှုရေးရာကို လွယ်လွယ်နဲ့ အသုံးချသွားတာ။ အဲ့လိုလည်ပတ်နေကြတာမျိုးတွေ ရှိတယ်ဗျ။
အခုကျတော့ တော်တော် ဆိုးဆိုးဝါးဝါးပဲ၊ မိန်းကလေး အရွယ်ကတော့ တော်တော် စုံပါတယ်၊ ဆယ်ကျော်သက် ၁၄၊ ၁၅ ကနေပြီးတော့ အသက် ၃၀ ကျော် ရွယ်တူတွေအထိ တွေ့ရတယ်။ တချို့ အိမ်ထောင်သည် တွေတောင် ပါတယ်။ တချို့ အိမ်ထောင်ကျပြီးမှ ဒီလို ဗီဒီယိုဖိုင်တွေ ထွက်လာလို့ ဘယ်လို လုပ်ရမလဲဆိုပြီး လာအကူအညီ တောင်းတဲ့ အခြေအနေတွေ။ ဒီ ၁၅၊ ၁၆ နှစ်ဆိုတဲ့ အရွယ်လေးတွေဟာ ကျောင်းသားဘဝမှာ ပညာတွေသင်ကြား ရင်း အညွန့်တလူလူ တက်နေရမယ့်အရွယ်လေးတွေပါ။ အခုကတော့ အခွံပဲရှိတဲ့ပညာရေးကြီးထဲမှာ မိန်းမငယ် လေးတွေဟာ လိင်မုဆိုးတွေရဲ့သားကောင်တွေဖြစ်လာရတယ်။ ချစ်တဲ့စိတ်နဲ့ ဖွင့်ဟပြခဲ့ရတဲ့ လိင်စိတ်ဆန္ဒတွေဟာ မိန်းကလေးတွေရဲ့အရှက်သိက္ခာကို ရောင်းကုန်တခုလိုသဘောထားပြီး ငွေရှာနေတဲ့ ကောင်တွေရဲ့လက်ထဲမှာ ရေစုန်မြောရတယ်။ တကယ်လည်း စိတ်မကောင်းဘူး။ ကျနော်တို့လည်း ကူညီနိုင်သလောက် ကူညီပေးလိုက်တာ ဆိုပေမယ့် တော်တော်လေး ဖြေရှင်းနေရခက်တဲ့အခြေအနေမျိုးပေါ့။
HI – Honest Information – ကျားဖြန့်ကိစ္စလိုမျိုးတွေရော ဖြေရှင်းပေးနေတာမျိုးတွေရှိလားရှင့်။ ဘယ်လို ကိစ္စရပ်တွေ ဖြေရှင်းပေးနေရလဲ။ ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းနေရတယ်ဆိုတာလည်း ရှင်းပြပေးစေချင်ပါတယ်။
ကိုအောင်ဇမ္ဗူကျော် – ဒီနယ်ပယ်မှာ ကျားဖြန့်တွေလည်း အများကြီးရှိပါတယ်။ အခုကျားဖြန့်တွေက တော်တော်ကို ပေါ်လာတဲ့ အခြေအနေတော့ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီကျားဖြန့်ကိစ္စကို ကျနော် နောက်တဆင့်အနေနဲ့ ပြောပြပေးမယ်။
ကျနော်တို့ နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ လိင်စိတ်အားဖြင့် တကယ်ကို ငတ်မွတ်နေတဲ့ ကောင်တွေအများကြီးရှိတယ်။ အထူးသဖြင့် ယောက်ျားလေးတွေ နယ်ပယ်မှာပေါ့။ မိန်းကလေးတွေရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး သူတို့နဲ့ Sex Chat ခိုင်းတာမျိး ဆက်သွယ်ခိုင်းပြီးတော့ ဗီဒီယိုတွေယူ၊ ထပ်ပြီးတော့ တခါ ဒီChannel ထဲမှာ ဒါကိုရောင်းစား၊ ပြီးရင် Channel က တခါ ရောင်းစားရုံနဲ့ ဒါပြီးသွားတာ မဟုတ်ဘူး။ အဲ့ဒီ Channel ကို ထပ်တင်လိုက်တယ်။ ပြီးရင် အဲ့ဒီ Channel က ထွက်လာတဲ့ ပိုက်ဆံ၊ Channel ဝင်လာတဲ့ လူတွေဆီက ပိုက်ဆံရတယ်။ အဲ့လိုမျိုးနဲ့လည်ပတ်ပြီးတော့ ဒီကောင်တွေ ရှာဖွေစားသောက် နေကြတဲ့ လူမျိုးတွေ။
အဲ့ဒီ အခြေအနေမှာ ခုနကလိုမျိုး ဒီမိန်းကလေးတွေ ‘ဒါ နင့်ပုံလား၊ ဒါ နင့်ဗီဒီယိုလား’ ဆိုပြီး မိန်းကလေးတွေ အများကြီး ဖြစ်သလို ဒီမိန်းကလေးတွေရဲ့ ပုံတွေကို AI နဲ့ လုပ်ပြီးတော့ အကွက်ကျကျ လိုက်ပြီးတော့ အန္တရာယ်ပေးတယ်။ အဓိက ကတော့ နည်းပညာနဲ့ မကျွမ်းကျင်တဲ့ မိန်းကလေးတွေ၊ အရမ်းကြီး ပတ်ဝန်းကျင်ကို ကြောက်တတ်တဲ့ မိန်းကလေးတွေကို ဦးစားပေး ပစ်မှတ်ထားတာ။
အဲ့လိုအခြေအနေကနေပြီးတော့ ‘နင့်ပုံလား၊ ဒါ နင့်မိသားစုကို ဖြန့်ရမလား၊ တခြားလူတွေ သိအောင် လုပ်ရမလား၊ နင် ဘယ်လို လုပ်လိုက်ရမလား’ ဆိုပြီးတော့ အဲ့လိုတွေလုပ်ပြီးတော့ မဖြန့်စေချင်ရင် ပိုက်ဆံပေး ဆိုပြီး တောင်းစားတာတွေရှိတယ်။ အဲဒီအခြေအနေထိကတော့ ကျားဖြန့်မဟုတ်သေးဘူး။
ကျားဖြန့်ပုံစံကျတော့ ကျနော် ထပ်ပြီး ပြောပြရမယ်။ ကျနော်တို့လုပ်ပေးခဲ့ရတဲ့အထဲမှာ ကျားဖြန့်တွေ အများကြီးပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဒီမိန်းကလေးရဲ့ ချစ်သူပေါ့။ ပုံစံအတိုင်းမှာပဲ သူတို့ရဲ့ပုံစံက အကောင့်တု၊ အကောင့်အစစ်လေးတွေနဲ့ ချဉ်းကပ်တယ်။ အကောင့်ကို ဝင်ကြည့်လိုက်ရင် အကောင့်တု ဆိုတာ ထင်စရာ မရှိဘူး၊ ရိုးရိုးယဉ်ယဉ်လေးတွေနဲ့ ပုံစံတကျ နယ်ပယ်တခုမှာ သူ့ဟာနဲ့သူ အလုပ်လုပ်နေတဲ့ သို့မဟုတ် Profile အားဖြင့် Strong ဖြစ်နေတဲ့ Profile လေးတွေနဲ့ ယောက်ျားလေးတွေက ချဉ်းကပ်ကြတယ်။ ပြည်ပရောက်နေတဲ့ မိန်းကလေးတွေ ကို အထူးသဖြင့် ချဉ်းကပ်ကြတယ်။ အခုကျနော်တို့ကြုံရတဲ့ Case တွေဆို စင်ကာပူ Case တွေ၊ ဂျပန်တွေ၊ အိုမန်တို့ တခြားပေါ့။ အဆင်မပြေတဲ့ မိန်းကလေးတွေ တော်တော်လေးကို များပါတယ်။ အဲ့ဒီ မိန်းကလေးတွေ မှာ အများဆုံး တွေ့ရတာ အဲ့ဒီကျားဖြန့် ကိစ္စတွေချည်းပဲ။
သူတို့ အဲ့ဒီ ကောင်လေးတွေနဲ့ ရည်းစား ဖြစ်တယ်၊ ကောင်လေးတွေရဲ့ အချက်အလက်ကို သေချာမသိဘူး၊ ကောင်လေးက လုံးဝကို တော်တော်သပ်သပ်ရပ်ရပ် လူရည်မွန်လေး၊ Strong ဖြစ်နေတဲ့ ကောင်လေး ပုံစံမျိုး တွေပေါ့။ လုံးဝ သူတို့ကို ချစ်တယ်၊ ကြိုက်တယ်ဆိုတဲ့ကိစ္စကို ယုံအောင် အယုံသွင်းတယ်။ ယုံကြည်မှု တည်ဆောက်တယ်၊ ပိုက်ဆံတွေ စုတယ်၊ အဲ့လိုမျိုး ပိုက်ဆံတွေ မလွှဲကြဘူး အပြန်အလှန် စုကြလွှဲကြရင်းနဲ့ နောက်ပိုင်း ဘယ်လိုထပ်ဖြစ်လာလဲဆိုတော့ မိန်းကလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေ စုသွား တယ်။ စုသွားတော့ ကောင်မလေးရဲ့ Location ကအစ၊ နေရပ်လိပ်စာ အတိအကျကအစ အကုန်သိပြီဆိုရင် အဲ့ဒီကနေတဆင့် နောက်ထပ် ငွေညှစ်မှုကို လာတော့တာ။
ဗီဒီယိုဖိုင်က ပျံ့သွားလို့ ဘယ်သူ့ဆီ ရောက်သွားလို့၊ ဖုန်းက ရောင်းလိုက်ရလို့ အဲ့လိုပုံစံအမျိုးမျိုးနဲ့ ခြိမ်းခြောက် ပြီးတော့ ဗီဒီယိုဖိုင်အတွက် ငွေလာညှစ်နေတာ ဘာညာ အဲ့လိုမျိုးတွေကနေ စပြီးတော့ သိန်းရာချီပြီးတော့ ပေးလိုက်ရတဲ့ မိန်းကလေးတွေလည်း အများကြီး ရှိတယ်။ အဲ့ဒါက တပိုင်း။
နောက်တခုက ‘တို့ ရင်းနှီးမြှုပ်နှံမှု လုပ်ကြရအောင်၊ ဒီ Website မှာ တို့ရင်းနှီးမြှုပ်နှံမှု လုပ်ကြမယ်’ ဘာညာ ဆိုပြီးတော့ ကိုယ်လည်းထည့်၊ သူလည်းထည့်နဲ့ အစပိုင်းမှာတော့ ပိုက်ဆံကို အထိုက်အလျောက် ပြန်ပေးပြီး တော့ နောက်ပိုင်းမှာ အချီကြီးမ, သွားတာတွေ၊ အဲ့ဒါလည်း သိန်း ရာချီပြီးတော့ ပါသွားတဲ့ မိန်းကလေးတွေ အများကြီး ရှိပါတယ်။ အဲ့ဒါ ကျားဖြန့်ပဲ။ သူတို့ တမင်ရည်ရွယ်ပြီး ချဉ်းကပ်တာ။
အဲ့ဒါကျားဖြန့်မှန်းသိပေမယ့် ကျနော်တို့က သေချာအတိအကျမေးရတယ်။ ဘယ်ကလဲ၊ ဘယ်သူလဲ ဆိုတာမျိုး မေးလိုက် ရင် ကောင်လေးရဲ့လိပ်စာ အတိအကျသိတယ်။ တကယ် သွားကြည့်လိုက်၊ အဲ့ဒီလိပ်စာမှာ ရှိမနေ ဘူး။ ဆိုလိုချင်တာက သူတို့က ယုံအောင် လုပ်ထားတာ။ တကယ်လို့ ကျနော်တို့သာ အဲ့လိုအခြေအနေမျိုး ကြုံမယ်ဆိုရင် အထိုက်အလျောက် ယုံမိမှာပါပဲ။ အဲ့ဒီ ယုံကြည်မှုက ဘယ်လောက် ထပ်ပြီးယုံကြည်စိတ်ချရ သလဲ ဆိုတဲ့ဟာမျိုး ဆန်းစစ်စေချင်တဲ့ အပိုင်းမှာ ဒီခေတ်မှာက ကိုယ်မကျွမ်းကျင် ဘဲနဲ့ မသိဘဲနဲ့ ဟော့ဟော့ ရမ်းရမ်းနဲ့ ချဉ်းကပ်တာမျိုး အခြေအနေမျိုးတွေ ရှိတတ်တယ်။
သေချာတယ် ငွေကြေးနဲ့ ဆက်ဆံလာပြီဆိုရင်တော့ ကျားဖြန့်ပဲ။ ခေတ်ရဲ့အခြေအနေကို မိန်းကလေးတွေ အနေနဲ့ သေချာ တီးမိခေါက်မိထားဖို့လိုအပ်တယ်လို့ ကျနော်ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စနဲ့ဆိုရင် လိုက်လို့ မရတော့ဘူး။ ဒီလိပ်စာတိကျလို့ ဒီလိပ်စာကို မေးမြန်းစုံစမ်းပြီး သွားရှာခိုင်းမယ်ဆို အဲ့ဒီနယ်ပယ်မှာ ရှိမနေဘူး။ ဘယ်ကုမ္ပဏီမှာ အလုပ်လုပ် တယ်၊ ဘယ်မှာဆိုပြီး စာရွက်စာတမ်းတွေနဲ့ ကုမ္ပဏီတံဆိပ်တွေနဲ့ အတိအကျ လာတာဆိုရင်တောင် အဲ့ဒီကုမ္ပဏီမှာ အဲ့ဒီလူရှိမနေဘူး။
အဲ့ဒီတော့ ကျားဖြန့်တွေက မနူးမနပ်အရွယ် မိန်းကလေးတွေကို ပစ်မှတ်ထားလာတယ်။ နောက် ငွေကြေး အလွန်အမင်း လိုအပ်နေသူ၊ အရမ်းတတ်သိနားလည်မှု မရှိတဲ့မိန်းကလေးတွေကို ပစ်မှတ်ထားလာတယ်။ ဒီခေတ်မှာ သူတို့အတွက် သားကောင်ရှာရတာလွယ်ပါတယ်။ အကောင့်ပုံစံကို စနစ်တကျတည်ဆောက် ပြီးတော့ သူတို့အတွက်က ဒါကို စီးပွားရေး လုပ်ငန်းတခုလိုသတ်မှတ်ထားတာဖြစ်တဲ့အတွက် သူတို့ကိုသူတို့ ပြည့်စုံအောင် ပြင်ဆင်လာမှာပဲ။ အဲ့ဒီအချိန်မှာ ကိုယ မလေ့လာနိုင်ရင် ကိုယ်ခံရမယ်ဆိုတဲ့ အပိုင်းကို ကျွန်တော် ပြောချင်တာပါ။
HI – Honest Information – တခြားဖြည့်စွက်ပြောဖို့ကျန်နေတာရှိရင်လည်း ပြောပေးပါဦး။ နောက် အမျိုးသမီးတွေကို သတိထားဖို့လိုအပ်တာလည်းပြောပေးပါ။
ကိုအောင်ဇမ္ဗူကျော် – နောက်ဆုံးအနေနဲ့ သတိပေးချင်တာကတော့ ကျနော်တို့နိုင်ငံက နိုင်ငံရေး အခြေအနေ မကောင်းဘူး။ နိုင်ငံရေး မကောင်းတာနဲ့အညီ နောက်ဆက်တွဲ ဖြစ်တဲ့ စီးပွားရေးတွေ၊ ဥပဒေရဲ့ မခိုင်မာမှုတွေက တောက်လျှောက် ကြုံတွေ့လာရတယ်။ အထူးသဖြင့် ဥပဒေရေးရာ လုံခြုံမှု မပေးနိုင်တဲ့ အခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ အရေးကြီးဆုံးပါပဲ။ အထူးသဖြင့် မိန်းကလေးတွေပါ။
လိင်ပိုင်းဆိုင်ရာအရ ကိုယ်ယုံကြည်ပတ်သက်နေတဲ့သူက ဘယ်လောက်ပဲ စိတ်ချရတယ် ဆိုစေဦးတော့၊ ဘယ်လောက်ပဲ ချစ်လို့ မင်းရဲ့မျက်နှာပါအောင် ရိုက်ပေးပါပြောပါစေဦးတော့ ကိုယ်က ဒါကိုငြင်းဆိုစေချင် တယ်။ ဒါဟာ ကိုယ့်အတွက် တချိန်ချိန်မှာ ကိုယ့်နောက်ကျောကို ပြန်လာထိုးမယ့် ဓားချက်တွေ ဖြစ်လာနိုင် တယ်ဆိုတာကို သတိပြုစေချင်တာပါ။
ကျနော်တို့ အကြိမ်ကြိမ် ဒီကိစ္စတွေကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ ဖြေရှင်းလာရတာ ဖြစ်တဲ့အတွက် ဒါဟာ မကြုံသေးခင် မှာတော့ ဒါက ပြဿနာမဟုတ်ဘူး ထင်ရပေမဲ့ ကြုံလာရင် ကိုယ့်အတွက် တဘဝလုံးစာ အရေးကြီးတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ ဒါကို သတိထားစေချင်တာပါ။ နောက်ထပ် တချက်ကတော့ လိင်ကိစ္စကို စပြီးစမ်းသပ်တဲ့အရွယ်လေး တွေဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်လေးတွေ ကိုယ်က ဘယ်လောက်ပဲချစ်တယ်ကြိုက်တယ်ဆိုသည့်တိုင် ဒီကိစ္စကို အလွယ်တကူမစမ်းသပ်ပါနဲ့။ ဒါဟာ ကြုံတုန်းခဏ သာယာမှုဖြစ်ပြီးတော့ ကျန်တဲ့အချိန်မှာ ကိုယ့်အတွက် တဘဝလုံးစာ အရိပ်မည်း ဖြစ်သွားနိုင်တယ်။
လူတိုင်းကို မယုံနဲ့၊ ကိုယ့်ကိုယ်ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မယုံနဲ့။ ဘယ်လောက်ပဲ ချစ်ပါတယ် ပြောပြော၊ အိမ်ထောင်ပြုပြီး လက်ထပ်ထားတာမဟုတ်သရွေ့ ကိုယ့်ရဲ့အချက်အလက်တွေကို ပေးဖို့မလိုဘူး။ ‘ငါ့ကို မချစ်လို့လား’ ဆိုတဲ့ စကားလုံး ပြောလာရင် အဲ့ဒါဟာ တကယ့် ချစ်တာမျိုး မဟုတ်ဘူးလို့ ယူဆလို့ရတယ်။ အဲ့ဒါကြောင့် ဘာအချက် အလက်ကိုမှ မပေးမိဖို့လိုတယ်။ လိင်ပိုင်းဆိုင်ရာ ကိုယ်ရေးအချက်အလက်ကို ဘာမှ ထုတ်မပြမိဖို့လိုတယ်။
တကယ်လို့များ ဒီကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့နေရတယ်ဆိုရင်လည်း မကြောက်မရွံ့ ရင်ဆိုင်စေချင် တယ်။ ဒါဟာ ဘဝ မဟုတ်ဘူးဆိုတာကို အမျိုးသမီးလေးတွေ သိစေချင်တယ်။ ဒီလိုကိစ္စတွေ ကြုံလာရင် လည်း အားငယ်စရာမလိုဘူး။ ကျော်ဖြတ်လို့ရတယ်။ ကျော်ဖြတ်နိုင်သွားတဲ့ မိန်းကလေးပေါင်း များစွာလည်း ရှိတယ်။ ဘယ်သူကမှ ဒီအချက်အလက် ကြီးကိုင်ပြီးတော့ ကိုယ့်ဘဝကို ဆွဲနှစ်လို့မရဘူးဆိုတာ သိစေချင် တယ်။ ကြိုတင်ကာကွယ်ဖို့နဲ့ ဖြစ်လာရင်လည်း မကြောက်မရွံ့ ရင်ဆိုင်ပြီး ကျော်ဖြတ်သွားကြဖို့ ကျနော်မက်ဆေ့ခ်ျ ပေးချင်ပါတယ်။
HI – Honest Information – ကျေးဇူးတင်ပါတယ်။





