ရန်ကုန်ကျားဖြန့်လှောင်အိမ်ထဲက ထွက်ပြေးလွတ်မြောက်ခြင်း
ရှင်ငြိမ်း
လူသူမနီးတဲ့ လယ်ကွင်းနဲ့ သစ်ပင်ခြုံနွယ်တွေကြားမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်လေး ၂ ဦးဟာ သူတို့ကို လိုက် ဖမ်းမယ့်သူတွေ နောက်ကလိုက်လာမှာ ကြောက်ရွံ့စိုးရိမ်စိတ်နဲ့ အမောတကော ပြေးလွှားနေပါတယ်။
အဲဒီလူတွေရဲ့ ကားတွေဖြတ်သွားဖြတ်လာနဲ့ မတော်တဆတွေ့မှာစိုးတဲ့အတွက် ကားလမ်းမပေါ်ကိုလည်း တက်မပြေးရဲဘဲ လမ်းမဟုတ်တဲ့ ကွင်းပြင်တွေထဲ ခြေဦးတည့်ရာကို နာရီနဲ့ချီ မနားတမ်း ပြေးလွှားခဲ့ကြတယ်။
“ပြေးရင်း လယ်လုပ်တဲ့ မိန်းကလေးတွေနဲ့ တွေ့လို့မေးကြည့်တော့ လယ်ရှင်လာကြိုမှ ပြန်ရမှာတဲ့၊ ဒီနားမှာ အိမ်တွေရှိလား ဆိုတော့ နည်းနည်းထပ်သွားရင် တွေ့လိမ့်မယ်ဆိုတာနဲ့ ထပ်လမ်းလျှောက်တာ ၁ နာရီလောက်ကြာတယ်” လို့ ကာယကံရှင် မိန်းကလေးတဦးက လွန်ခဲ့တဲ့ တနှစ်စွန်းစွန်းက အတွေ့အကြုံကို ပြန်ပြောင်းပြောပြပါတယ်။
နောက်ဆုံးမှာ အဲဒီမိန်းကလေး ၂ ယောက်ဟာ လူနေအိမ်တလုံးကိုတွေ့ပြီး အဆက်အသွယ်ပြတ်တာက်နေတာ ကြာပြီဖြစ်တဲ့ မိသားစုဝင်တွေဆီကို ဖုန်းဆက်ဖို့ အကူအညီတောင်းခွင့်ရပါတော့တယ်။ ကံဆိုးချင်တော့ တလုံးက စက်ပိတ်ထားပြီး၊ နောက်တလုံးက ဆက်သွယ်မရပါဘူး။
ရောက်နေတဲ့အရပ်ဟာ ဘယ်နေရာ၊ လျှောက်နေတဲ့လမ်းဟာ ဘယ်အရပ်မှန်း သူတို့ကိုယ်တိုင်မသိကြတဲ့ ဒီမိန်းကလေး ၂ယောက်ဟာ ရန်ကုန်တိုင်းရဲ့ တောင်ဘက်အစွန်ဆုံး ကျောက်တန်းမြို့နယ်က ငွေလိမ်ဂိုဏ်းတခုရဲ့ အဆောက်အဦ အချုပ်အနှောင်ထဲကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသူတွေဖြစ်ပါတယ်။
ကမ္ဘာမှာကျားဖြန့်လို့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြီးစိုးရာ မြန်မာပြည်နယ်စပ် ဝေးဝေးလံလံ က လောက်ကိုင်လို၊ မြဝတီလို နေရာမျိုးက မဟုတ်ပါဘူး။ ရန်ကုန်မြို့လယ်ဗဟိုချက်နဲ့ မိုင်အားဖြင့် ၂၀ ဝန်းကျင်၊ အချိန် အားဖြင့် ၁နာရီကျော်ကျော်သာရှိတဲ့ အကွာအဝေးက ကျောက်တန်းမြို့နယ်၊ အမျိုးသမီးလူငယ် ၅၀ ကျော်ကို မြေအောက် ခန်းလို နေရာမျိုးမှာ မိသားစုနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် အဓမ္မ စေခိုင်းနေတဲ့ နေရာကနေ ထွက်ပြေးလွတ်မြောက်လာကြတာဖြစ်ပါတယ်။
အဆောက်အအုံအပြင်ဘက် ရေချိုးကန်ကနေတဆင့် ခြံစည်းရိုး သံတိုင်တွေကို တယောက်ပေါ် တယောက်တက်၊ ကျော်ခွ ပြီး အပြင်ဘက် ကွင်းပြင်ကို ခုန်ချထွက်ပြေးလွတ်မြောက်လာကြတဲ့ ဒီမိန်းကလေး ၂ ယောက်ကတော့ အသက် ၂၃ နှစ် အရွယ်“အသိန်းလေး” နဲ့ အသက် ၂၅ နှစ်အရွယ်“မသန္တာ” တို့ပဲ ဖြစ်ပါတယ်။
သူတို့ဟာ သာမာန်ရုံးဝန်ထမ်းအလုပ်တခုကို လုပ်နေရင်းကနေ အွန်လိုင်းငွေလိမ်ဂိုဏ်းအသွင်ပြောင်းပြီး အဓမ္မခိုင်းစေခံရတဲ့ ထောင်ချောက်ထဲကို မျှော်လင့်မထားဘဲရောက်သွားခဲ့ကြရတဲ့ မိန်းမပျိုလေးတွေဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အသိန်းလေးဟာ ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ မြန်မာပြည်အထက်ပိုင်း၊ စစ်ကိုင်းတိုင်းကနေ နေရပ်စွန့်ခွာပြီး ရန်ကုန်မြို့စွန်တနေရာက ကျူးကျော်အိမ်လေးတလုံးမှာ မိသားစုနဲ့အတူ အိမ်ငှားနေတဲ့ စစ်ဘေးရှောင် မိန်းကလေး ဖြစ်ပါတယ်။ ဖခင်ဖြစ်သူနဲ့ အသိန်းလေးတို့ဟာ အလုပ်လုပ်ကိုင်နိုင်သူတွေဖြစ်ပြီး ဆယ်ကျော်သက်အရွယ် မောင်လေးနဲ့ ကျန်းမာရေးမကောင်းတဲ့ မိခင်ဖြစ်သူတို့က မှီခိုကြသူတွေပါ။
အသိန်းလေးဟာ နယ်မှာတုန်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျရှုံးပြီးနောက်ပိုင်း ထပ်မံ မဖြေတော့ဘဲ ပွဲရုံတခုရဲ့ စာရေးမအဖြစ် လုပ်ကိုင်ခဲ့ဖူးသူပါ။
ရန်ကုန်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်းမှာ ဖခင်ဖြစ်သူက ကုန်စည်ပွဲရုံတခုမှာ ကုန်ထမ်းအလုပ်ကို ချက်ချင်းဝင်လုပ်နိုင်ခဲ့ ပေမယ့် သူကတော့ အလုပ်ရှာရင်း ရတဲ့နေ့စားအလုပ်တွေကို အိမ်မှာယူလုပ်ခဲ့ပါတယ်။ အဲဒီနောက် အိမ်ရဲ့စီးပွားရေး ကြပ်တည်းတာကြောင့် အသက် ၁၂ နှစ်သာရှိသေးတဲ့ မောင်ငယ်လေးက ကျောင်းဆက်မတက်တော့ဘဲ ကော်ရည်ကျို လုပ်ငန်းတခုမှာ နေ့စားသမားအဖြစ်အလုပ်ဝင်ခဲ့တယ်။
တရက်မှာတော့ အိမ်နီးချင်း မသန္တာက လူမှုကွန်ရက်ပေါ်က အလုပ်ကြော်ငြာတခုကို တွေ့ပြီး အသိန်းလေးကို အတူသွားလျှောက်ကြဖို့ခေါ်ပါတယ်။ အဲဒီအလုပ်က Data Entry (အချက်အလက်ထည့်သွင်းသူ)လုပ်ရမှာဖြစ်ပြီး အတွေ့အကြုံမလို၊ လစာကောင်းဆိုတာကြောင့် သွားလျှောက်ခဲ့ကြတယ်။
အင်တာဗျူးဖြေတဲ့နေ့မှာပဲ သူတို့နှစ်ယောက်လုံး လစာ ၃ သိန်း၊ အစမ်းခန့် ၁ လနဲ့ အလုပ်ရခဲ့ကြတယ်။ ဘွဲ့ရပညာတတ် မဟုတ်တဲ့ အသိန်းလေးအတွက် မမျှော်လင့်ဘဲ ကုမ္ပဏီအလုပ်ကို လုပ်ရမယ်ဆိုတဲ့အတွက် ပျော်ရသလို၊ မက်လည်း မက်မောခဲ့တယ်လို့ ပြောပြပါတယ်။
တကယ်အလုပ်ဆင်းတဲ့နေ့မှာ ဘာတွေလုပ်ရမယ်၊ ဘယ်လို အချက်အလက်တွေ ဖြည့်သွင်းရမယ်ဆိုတာတွေကို ပြပေးပါ တယ်။ အလုပ်ဝင်တဲ့နေ့မှာတော့ အသိန်းလေးတို့ရဲ့ ကိုယ်ရေးအကျဉ်း(CV) နဲ့အတူ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္တူတွေ ပေးရပြီး လုပ်ငန်းခွင် စဝင်ခဲ့ကြတယ်။
အဲဒီရုံးဟာ ရန်ကုန်မြို့လယ်ခေါင်နဲ့ မလှမ်းမကမ်းက သာကေတမှာရှိပါတယ်။ အသိန်းလေးတို့နေထိုင်တဲ့ မြို့စွန်ကျူးကျော် ရပ်ကွက်ကနေ သာကေတကို ရုံးကားအကြိုအပို့နဲ့ အလုပ်ဆင်းခဲ့ကြရတယ်။ ပထမ တလမှာ ပုံမှန် Data Entry လုပ်တာတွေ သင်ယူရသလို၊ ကွန်ပြူတာ အသုံးပြုတတ်အောင်လည်း သင်ကြားပေးပါတယ်။ သူတို့လုပ်ရတဲ့အလုပ်က လူနာမည်တွေ၊ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်သွင်းပေးရတဲ့ အလုပ်ဖြစ်ပါတယ်။
အစမ်းခန့် ၁ လပြည့်လို့ လစာထုတ်တဲ့နေ့မှာတော့ အသိန်းလေးတို့ ဝန်ထမ်းတွေဟာ ဘော့စ်(Boss)လို့ခေါ်တဲ့ သူဌေးနဲ့ တွေ့ဆုံခဲ့ရတယ်။ မျက်လုံးမှေးမှေး၊ ခန္ဓာကိုယ်တုတ်တုတ်နဲ့ သူဌေးဆိုသူက မြန်မာစကား မပီမသတဲ့ လေယူလေသိမ်းတွေနဲ့ “နင်တို့က အလုပ်အရမ်းကြိုးစားတော့ ငါတို့ သဘောကျတယ်၊ ရာထူးလည်းတိုးမယ်၊ လစာပိုရမယ်၊ ဆက်လုပ်ဖို့ ရှိလား၊ နောက် အလုပ်ကများတော့ အိမ်ပြန်နောက်ကျနိုင်လို့ အဆောင်ထားပေးမယ်” လို့ပြောပါတယ်။
“ကျမတို့လည် ပိုက်ဆံရတာပဲမြင်ပြီး ချက်ခြင်းပဲ ခေါင်းညိမ့်ခဲ့တာ” လို့ အသိန်းလေးက သူတို့ကမ်းလှမ်းတဲ့အလုပ်ကို လက်ခံ ဖြစ်ရခြင်းအကြောင်းကို ရှင်းပြပါတယ်။
အလုပ်သေချာလုပ်ကိုင်နိုင်ရင် ၆ လတကြိမ် အိမ်မှာ ၂ ရက်နားခွင့်ပေးမှာဖြစ်ပြီး အများစုကတော့ ငွေစုချင်တဲ့အတွက် နားခွင့်ယူလေ့မရှိဘူးလို့လည်း အဲဒီသူဌေးဆိုသူက ပြောခဲ့ပါသေးတယ်။ အသိန်းလေးတို့ကို ရပ်ကွက်ထဲမှာ အလုပ်လိုချင် တဲ့သူ၊ အတူအလုပ်လုပ်ချင်တဲ့ ဆွေမျိုးသားချင်းတွေရှိရင်လည်း ခေါ် လာနိုင်ပြီး တယောက်ခေါ်လာနိုင်ရင် ငွေကျပ် ၁ သိန်းပေးမယ်လို့ စည်းရုံးခဲ့တယ်လို့ဆိုပါတယ်။
အသိန်းလေးနဲ့ မသန္တာတို့ဟာ အလုပ်ဝင်တာ မကြာသေးတာနဲ့ ရာထူးတိုး၊ အလုပ်တွေအခြေကျမှ တခြားသူတွေကို ခေါ်ဖို့ တွေးထားခဲ့ကြပါတယ်။ နောက်နေ့မှာတော့ ၁ နှစ်စာချုပ်ချုပ်ပြီး လစာ ၅ သိန်းအပြင် ကိုယ်လုပ်ရင် လုပ်နိုင်သလောက် ကော်မရှင်ပါရမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
အိမ်နဲ့ အလုပ်ခွင် ဝေးလွန်းတာ၊ အဆောင်လည်းရမယ်ဆိုတဲ့အခါ အသိန်းလေးတို့ဟာ အလုပ်ကပေးတဲ့ အဆောင်မှာ ပြောင်းနေဖို့ သဘောတူခဲ့ကြပါတော့တယ်။ သူတို့ အဆောင်ပြောင်းနေတဲ့နေ့မှာ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးငယ် ၂ယောက်နဲ့ အသက် ၃၅ နှစ် အရွယ်အမျိုးသမီးတယောက်လည်း အတူလိုက်လာတာကို တွေ့ရပါတယ်။
“ကျမက ကားလမ်းတွေမသိတော့ ဘယ်ခေါ်သွားမှန်းတော့ မသိဘူး၊ သာကေတရုံးကနေမောင်းတာ တနာရီကျော်လောက် တော့ကြာတယ်၊ ကားပေါ်ရောက်တော့ အချင်းချင်းမိတ်ဆက်မလို့ဟာ အစောင့်ပါလာတဲ့ယောကျာ်းတွေက အသံ မထွက်နဲ့ ဆိုတာနဲ့ ပြောခွင့်မရခဲ့ဘူး” လို့ အသိန်းလေးက ပြောပြပါတယ်။
သူတို့ရောက်သွားတဲ့အိမ်က အပြင်ကကြည့်ရင် ၂ ထပ်လို့ထင်ရပေမယ့် အောက်ဘက်မှာ ပစ္စည်းတွေထားတဲ့ မြေအောက်ခန်းလို တထပ်ရှိနေပါသေးတယ်။ အဲဒီမြေအောက်ခန်းအဆောင်မှာ အသိန်းလေးတို့ ဝန်ထမ်းအမျိုးသမီး ၅၀ လောက်ကို အတူတူထားပါတယ်။ အဆောင်ဆိုပေမယ့် အကာအရံတွေမပါ၊ မွေ့ယာအထူတခု၊ စောင်တထည်နဲ့ သေတ္တာ အသေးလေး တလုံးစီရှိပြီး အားလုံး တန်းစီအိပ်ရတဲ့နေရာဖြစ်တယ်။ အသိန်းလေးနဲ့ မသန္တာကတော့ လူတယောက်ခြားပြီး နေခဲ့ရတယ်။
အသိန်းလေးတို့ရောက်တဲ့နေ့မှာ အရင်ရှိနှင့်နေတဲ့ ဝန်ထမ်းမိန်းကလေးတယောက် အရိုက်ခံရတာနဲ့ ကြုံရပါတော့တယ်။
“တဖက်က ငွေထုတ်ချင်တယ်ပြောတာကို လုပ်ပေးလိုက်လို့ဆိုလားပဲ၊ သူ့ကို ကြမ်းပြင်မှာ ပလတ်စတစ်ချောင်းလိုဟာနဲ့ လိမ့်ရိုက်တာ၊ မတ်တပ်တောင်မရပ်နိုင်လို့ အလုပ်ခန်းထဲကနေ အပြင်ဆွဲခေါ်သွားတာတွေ့လိုက်တယ်” လို့ အသိန်းလေးက သူမြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြောပြပါတယ်။
အဲဒီကောင်မလေးကို ရိုက်နေတာ ကိုယ်တွေ့မြင်လိုက်ရချိန်မှာတော့ အသိန်းလေးဟာ အတော်ကြောက်ရွံ့တုန်လှုပ်သွားခဲ့ ပြီး၊ တပြိုင်တည်းမှာ ဒီကနေ ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူး၊ သူတို့အလိမ်ခံလိုက်ရပြီဆိုတာလည်း သိသွားခဲ့ပါတော့တယ်။
အသိန်းလေးတို့အလုပ်ဟာ တနင်္ဂနွေပိတ်ရက် တရက်ကလွဲရင် ကျန်တဲ့ ၆ ရက်မှာ မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ လုပ်ရပြီး၊ ည ၈ နာရီ ထိုးတာနဲ့ အိပ်ရပါတယ်။ ပါလာတဲ့ ဖုန်းတွေကိုသိမ်းထားပြီး မိသားစုနဲ့ စကားပြောခွင့်မပေးပါဘူး။ မနက်စာကို ၆ နာရီမှာ စားရပြီး နေ့လယ်ထမင်းစားချိန် ၁ နာရီပေးပါတယ်။
အလုပ်ခန်းကို မနက် ၈ နာရီအတိရောက်ရပြီး၊ စားပွဲအရှည်တခုမှာ လူ ၃ ယောက်စီ မျက်နှာခြင်းဆိုင်ထိုင်ကြရပါတယ်။ ဇာတ်လမ်း တပုဒ်ကို ဒီလူ ၆ ယောက်က စုလုပ်ရတာရှိသလို ၃ ယောက်လောက်နဲ့အလုပ်လုပ်ရတာလည်းရှိတယ်လို့ အသိန်းလေးက ရှင်းပြတယ်။
အလုပ်စားပွဲတခုကို လူတယောက်စောင့်ကြည့်နေပြီး သူတို့က ဝန်ထမ်းတွေရဲ့နေ့စဉ် စကားပြောချိန် သတ်မှတ်တာ၊ သတ်မှတ်ပမာဏ ပြည့်မီအောင် လိမ်လည်နိုင်ဖို့ ဖိအားပေးတာ၊ သတ်မှတ်ထားတဲ့ဇာတ်လမ်းပါ စကားလုံးတွေကို တိကျစွာ ပြောဆိုလား၊ မပေးလားဆိုတာကို မှတ်တမ်းယူတာဖြစ်ပါတယ်။ အုပ်ချုပ်သူအားလုံးကတော့ အချင်းချင်း တရုတ်စကား ပြောကြတဲ့ အမျိုးသားတွေဖြစ်ကြလို့ အသိန်းလေးက သူမှတ်မိတဲ့အရာတချို့ကို ပြောပြပါတယ်။
ဒါတွေကို တိတိကျကျ မလိုက်နာတဲ့သူတွေကိုတော့ ထမင်းမကျွေး၊ လစာမရတဲ့ပြစ်ဒဏ်ပေးပါတယ်။ အသိန်းလေးတို့ဟာ ရောက်စမှာ ရှက်စိတ်ကြောင့် ဘယ်လိုပြန်ပြောရမှန်းမသိတာ၊ မပြောရဲတာတွေရှိတာကြောင့် ပြစ်ဒဏ်ခံခဲ့ရပါသေးတယ်။
“ဒီတခါပဲ ထမင်းမစားရတဲ့ပြစ်ဒဏ်ရမယ်၊ နောက်တခါ နင်တို့ကိုဘယ်လိုရိုက်မလဲဆိုတာ တွေ့လိမ့်မယ်တဲ့” လို့ သူတို့ ခြိမ်းခြောက်ခံရတဲ့ ပုံစံကို အသိန်းလေးက ပြောပြပါတယ်။
အဆောင်ကို ပြောင်းလာပြီးနောက်ပိုင်း အသိန်းလေးတို့ လုပ်ရတဲ့ အလုပ်က နိုင်ငံခြားရောက် မြန်မာအမျိုးသားတွေနဲ့ ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ဖို့ဆိုပြီး WeChat, Telegram စတဲ့ App တွေမှာ စကားပြောပေးရတာဖြစ်ပါတယ်။
စကားပြောတယ်ဆိုတာက သာမန်ပြောဆိုရတာမဟုတ်ဘဲ ချစ်ကြိုက်သလို ဟန်ဆောင်ပြီး တဖက်အမျိုးသားက ကိုယ့်ကို နှစ်သက်ယုံကြည်လာအောင် အွန်လိုင်းပေါ်ကနေ စည်းရုံးရတာပါ။ ဒီလူက ကိုယ့်ကိုသဘောကျလာပြီဆိုရင်တော့ စုကြေးနဲ့ လိမ်လည်ရတယ်လို့ အသိန်းလေးက ရှင်းပြတယ်။
ဥပမာ တဖက်အမျိုးသားက ယုံကြည်လာပြီဆိုတာနဲ့ သူတို့မှာ ငွေကြေးစုလို့ရတဲ့ရှယ်ယာတွေရှိတယ်။ အတူစုဖို့ စည်းရုံးရပြီး အနည်းဆုံး ၅ သိန်းမှ စတင်စုနိုင်တာဖြစ်ပါတယ်။ ၅ သိန်းစုရင် အတိုး ၂ သိန်းရပါတယ်။ အဲဒီငွေ ၂ သိန်းကို Wave Money နံပါတ်တခုပေးထားပြီး လစဉ်ထည့်ပေးလေ့ရှိတယ်။ အစပိုင်း ပိုက်ဆံချက်ချင်း ရတဲ့အတွက် တဖက်လူက လိမ်ခံရတယ် မထင်ဘဲ အနည်းဆုံးကတော့ ၁၀ သိန်းလောက်ကနေ၊ တချို့က လောဘတက်ပြီး ကျပ် သိန်း ၁၀၀၊ ၁,၀၀၀ ထိ စုကြတာကို အသိန်းလေးတို့ တွေ့ရပါတယ်။
“သူတို့ထပ်ထည့်နိုင်တဲ့ပမာဏ ကုန်ပြီလို့ထင်တဲ့အချိန်မှာ အဆက်အသွယ်အားလုံးဖြတ်ပြီး အကောင့်ပါ သိမ်းသွား တာပေါ့” လို့ အသိန်းလေးက ရှင်းပြပါတယ်။
အကောင့်ဆိုတာက ကုမ္ပဏီနဲ့ ငွေကြေးထည့်ဝင်မြှုပ်နှံသူတွေကြား ငွေအလွဲအပြောင်းလုပ်နိုင်ဖို့ သီးခြားသုံးစွဲကြတဲ့ အွန်လိုင်းဘဏ်စာရင်းတခုသာဖြစ်ပါတယ်။
ဒါတွေက သူတို့နည်းတွေထဲက တခုဖြစ်ပြီး သူတို့မှာ လူတွေဆီကနေ ငွေကြေးလိမ်လည်ယူတဲ့နည်းလမ်းတွေလည်း အများကြီး ရှိနေပါသေးတယ်။ ဝန်ထမ်းတွေကိုတော့ ဒီလိုမျိုး တယောက်လိမ်လည်နိုင်ရင် ငွေစုတဲ့ပမာဏပေါ်မူတည်ပြီး ၁၀ ရာခိုင်နှုန်းအနည်းဆုံးပေးလေ့ရှိပါတယ်။
အသိန်းလေးတို့ဟာ ကြောက်စိတ်နဲ့ အဆင်ပြေအောင် လုပ်ဆောင်နိုင်ပေမယ့် တဖက်ကလူကို နေ့စဉ် ချစ်သူဟန်ဆောင် စကားပြောရတာ၊ စိတ်ခံစားချက်အတုတွေ ဖန်တီးပြီး တခြားသူတယောက်ကို လိမ်လည်ရတာတွေက သူ့စိတ်ကို အင်မတန် ပင်ပန်းစေခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာခဲ့ပါတော့တယ်။
“အိပ်ဖို့ လှဲလိုက်တာနဲ့ မျက်ရည်ကျတော့တာပဲ၊ ငါဒီကို ဘာလို့ရောက်လာခဲ့တာလဲ မသိတော့ဘူး၊ အိမ်ပြန်ချင်ပြီ၊ ဘယ်တော့ မှ အိမ်ပြန်ရပါ့မလဲပေါ့၊ ငါ့မိဘတွေ ငါ့ကိုလိုက်ရှာနေမလားဆိုတဲ့အတွေးနဲ့ ပူလောင်နေတာပေါ့” လို့ အသိန်းလေးက ဆိုပါ တယ်။
အလုပ်လုပ်တာ တလမပြည့်သေးပေမယ့် အသိန်းလေးအတွက်တော့ တကမ္ဘာလောက်တောင်ကြာပြီလို့ ထင်နေခဲ့တယ်။
အလုပ်လုပ်တာ ၂ လလောက်ရှိလာတော့ သူဟာ အခြေအနေတွေကို သဘောပေါက်လာခဲ့ပြီဖြစ်ပါတယ်။ သူတို့အတွက် ဒီနေရာက ပြန်လမ်းမရှိတဲ့နေရာလို့ သိလိုက်ရတဲ့အချိန်မှာ လွှတ်မြောက်အောင်လုပ်ရမယ်ဆိုတဲ့အတွေးတွေ စတင်ဝင်လာခဲ့ တယ်။ အခွင့်အရေးရရင် ထွက်ပြေးမယ်ဆိုတဲ့စိတ်ကူးရှိပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ အသိန်းလေး အမြဲစဉ်းစားနေ ခဲ့ပါတော့တယ်။
တရက်မှာတော့ သူဟာ အွန်လိုင်းစကားဖော်တယောက်ဆီကို “မင်း ငါ့ကို တကယ်ချစ်တယ်ဆိုရင် ကူညီပါလား၊ ငါ့ဖြစ်စဉ် တွေ ပြောပြပြီး တယောက်ယောက်ကို အကူအညီတောင်းပေးပါလား၊ ငါ ဒီမှာမနေချင်တော့လို့ ပါ” လို့ အရဲစွန့်ပြီး အကူအညီ တောင်းကြည့်လိုက်ပါတယ်။
ကံကောင်းချင်တော့ အဲဒီစကားပြောဖော်က “အချိန် ၂ ရက်လောက်ပေးပါ၊ သူနားလည်တဲ့သူတွေဆီ အကူအညီတောင်း ကြည့်ပေးမယ်” လို့ဆိုတာကြောင့် အသိန်းလေးအဖို့ အားတက်ခဲ့ရတယ်။
ပုံမှန်ဆိုရင်တော့ အုပ်ချုပ်သူတွေဟာ အသိန်းလေးတို့ဖုန်းပြောတာတွေကို ကြားဖြတ်နားထောင်လေ့ရှိပါတယ်။ ဒါပေမဲ့ ကြားထဲလစ်ဟာနေတဲ့ အချိန်လေးမှာ သူတို့ချင်း ရုံးက ပေးထားတဲ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ကြတယ်။ ဒီအကြောင်းကို မသန္တာကိုတောင်မှ အသိန်းလေးက မပြောပြခဲ့ပါ။
အွန်လိုင်းစကားပြောဖော်ရဲ့ အကြံပေးချက်အတိုင်း နားရက်ရတဲ့ တနင်္ဂနွေ့နေ့တွေမှာ ရေချိုးခန်း၊ အိမ်သာပြတင်းပေါက်တွေ၊ ထပ်ခိုးတွေ စတဲ့ထွက်ပေါက်တွေရဲ့အခြေအနေတွေ၊ စောင့်ကြည့်သူတွေရဲ့အခြေအနေတွေပါ လေ့လာခိုင်းပြီး ပြန်ပြောရ ပါတယ်။
အသိန်းလေးတို့နေရတဲ့ မြေအောက်ခန်းမှာ ပြူတင်းပေါက်အပါအဝင် အပြင်လောကကို မြင်တွေ့နိုင်တဲ့ မြင်ကွင်းမရှိပါဘူး။ အလုပ်လုပ်ရတဲ့ရက်၊ အပေါ်ထပ်ကို တက်ရတဲ့အချိန်မှာလည်း အိမ်သာ၊ ရေချိုးခန်းတွေကို သံတိုင်တွေနဲ့ပိတ်ထားပြီး၊ အစောင့်တွေက အချိန်ပြည့်စောင့်ကြည့် နေတာကြောင့် လွတ်မြောက်ဖို့ မလွယ်ကူတဲ့အခါ အသိန်းလေး တယောက် ကူကယ်ရာမဲ့ သလိုခံစားနေခဲ့ရပါတယ်။ အဆောင်ထဲမှာရှိတဲ့ မိန်းကလေး အယောက် ၅၀ ဝန်းကျင်ဟာ အချင်းချင်း စကားပြောလို့ရကြပေမယ့် ကိုယ်နဲ့ အကျွမ်းဝင်သူလောက်နဲ့သာ စကားပြောကြပြီး တခြားသူစိမ်းတွေနဲ့ စကားပြောကြတာ မျိုး သိပ်မရှိကြပါဘူး။ အသိန်းလေးရဲ့ စကားပြောဖော်ဟာလည်း မသန္တာပါပဲ။
တနင်္ဂနွေနေ့ ပိတ်ရက်တွေမှာလည်း အခွင့်မရှိဘဲနဲ့လည်း အိမ်ပေါ်ထပ်ကို တက်လာခွင့်မရှိတဲ့အခြေအနေတွေကြောင့် ထွက်ပြေးဖို့က မဖြစ်နိုင်ပါဘူး။ အသိန်းလေးဟာ ဇွဲမလျှော့ဘဲ မျှော်လင့်နေရင်းနဲ့ ၁ လကျော်လောက် ကြာသွားပြီး တနေ့ မှာတော့ ဆန္ဒတွေပြည့်ဖို့ ဖြစ်လာပါတော့တယ်။
တနင်္ဂနွေ အလုပ်နားရက်တရက်မှာ အသိန်းလေးနဲ့ မသန္တာတို့ ရေချိုးဖို့ ပြင်ဆင်နေကြတုန်း ရေပြတ်သွားတဲ့ အဖြစ်ဟာ သူတို့ကို လွတ်မြောက်စေဖို့ လမ်းစလို့ဆိုရမှာပါ။
“ရေမလာလို့တက်ပြောတော့ ဆိုဖာပေါ်အိပ်နေတဲ့အစောင့်က တိုက်နောက်ဘုံပိုင်မှာ သွားချိုးတဲ့၊ အဲမှာ အများစုက အပြင် မချိုးချင်ကြဘူး၊ သန္တာကလည်း မချိုးတော့ဘူးဆိုပြီး ပြန်လှည့်မလို့လုပ်တော့ သူ့ကို ငါရေချိုးတာလိုက်စောင့်ပေးဆိုပြီး ဆွဲခေါ်ပြီး အစောင့်တွေမရှိတာနဲ့ တယောက်ပေါ် တယောက်တက်ပြီး ရေကန်ပေါ်ကနေ အိမ်အပြင်ကိုခုန်ချကြတယ်၊ အိမ်ဘေးမှာက ကွင်းပြင်လိုမျိုးကြီး ပေါ့၊ ပြောပြရင်တော့ လွယ်သလိုပဲ၊ တကယ်က အဲ့လောက်မလွယ်ဘူး” လို့ အသိန်းလေးက ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းက ကျားဖြန့်ငွေလိမ်းဂိုဏ်းထောင်ချောက်ထဲကနေ အဝတ်တထည်ကိုယ်တခုနဲ့ ရုန်းထွက်လွတ်မြောက်လာပုံကို ပြန်ပြောင်း ပြောပြပါတယ်။
ထွက်ပြေးဖို့တိုင်ပင်ချိန်မှာ မသန္တာက မထွက်ပြေးရဲဘူး၊ ကြောက်တယ်လို့ပြောပါတယ်။ အသိန်းလေးက မကြောက်ဖို့၊ အချိန်သိပ်မရဘူး၊ လိုက်မလား၊ မလိုက်ဘူးလား ဆိုပြီး မေးတော့မှ လိုက်မယ်လို့ပြောပြီး အုတ်ရေကန်ကြီးပေါ်ကိုတက်ပြီး ခုန်ချလိုက်ကြတာဖြစ်ပါတယ်။
အဆောင်အပြင်ဘက်ကိုရောက်တော့ သူတို့အဆောင်နဲ့ ခပ်လှမ်းလှမ်းမှာ အိမ်ကြီး၊ အိမ်ငယ်တွေရှိပြီး၊ အဲဒီအိမ်တွေမှာ လူရိပ်လူယောင်မတွေ့ခဲ့ကြရပါဘူး။
အဲဒီနောက် အသိန်းလေးတို့နှစ်ယောက်သား ပြေးလွှားရင်းကနေ အကူအညီတောင်းလို့ရမယ့် အိမ်တအိမ်ကို ရောက်သွားခဲ့ ပြီးတဲ့နောက်မှာ မိသားစုနဲ့ အဆက်အသွယ်လုပ်လို့မရပေမယ့် ထွက်ပြေးလွတ်မြောက်ဖို့ အကြံပေးနေကျ အွန်လိုင်းစကား ပြောဖော်နဲ့ အဆက်အသွယ် ရခဲ့တာက ကံကောင်းတဲ့အချက်တချက်ပါ။ ဖုန်းဆက်ခွင့်ရအောင် ကူညီပေးတဲ့ အိမ်ရဲ့လိပ်စာ ကို မေးမြန်းချိန်မှာတော့ သူတို့ရောက်နေတဲ့နေရာဟာ ရန်ကုန်မြို့တောင်ဘက်အစွန်၊ ကျောက်တန်းမြို့နယ်ထဲက တနေရာလို့ သိခွင့်ရလိုက်ပါတော့တယ်။
အသိန်းလေးနဲ့ မသန္တာတို့ရောက်ရှိနေတဲ့ နေရာဟာ လယ်ကွင်းတွေ၊ သစ်ပင်ကြီးမရှိတဲ့ ကွင်းပြင်တွေများပြီး လယ်စောင့်တဲ လို တဲအိမ်ကျို့တိုးကျဲတဲရှိတဲ့နေရာဖြစ်လို့ သူတို့ကိုရှာတွေ့ဖို့ တော်တော်လေးရှာလိုက်ရပါတယ်။
အဲဒီလို ကျားဖြန့်ဒုက္ခတွင်းထဲကနေ ကယ်ထုတ်ဖို့ ကြိုးစားပေးခဲ့တဲ့ အသိန်းလေးရဲ့စကားပြောဖော်က “သူပြောပြထဲက ကျားဖြန့်ပဲလို့ ကျနော်သိလိုက်တယ်၊ သူ့ကို ကူညီတာကလည်း သူတကယ်ဒုက္ခရောက်နေတယ်ဆိုတာ ကျနော်ခံစားမိလို့ပါ၊ ကျားဖြန့်သတင်းက နေရာအနှံကြားနေရတာဆိုတော့ မိန်းကလေးလည်းဖြစ်နေတော့ သူ့ဘဝ ပိုပျက်စီးသွားမှာစိုးလို့ ကူညီလိုက်တာပါ” လို့ HI – Honest Information ရဲ့ မေးခွန်းကို ပြန်ဖြေပါတယ်။
အသိန်းလေးတို့ ထွက်ပြေးလာကြောင်း ဖုန်းဆက်လာတဲ့အခါ သူ့မှာ အံ့သြဝမ်းသာဖြစ်ရပေမယ့် ပြန်ဖမ်းမိသွားမှာလည်း စိုးရိမ်တာကြောင့် ဆောက်တည်ရာမရသလို ပူပန်ခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အသိန်းလေးနဲ့ မသန္တာတို့ဟာ အဲဒီလုပ်ငန်းခွင်မှာ စုစုပေါင်း ၄ လနီးပါး ကြာမြင့်ခဲ့ပြီး လစာနဲ့ငွေကြေးတွေ မရခဲ့တဲ့အပြင် ဖုန်းတွေ၊ အသုံးအဆောင်တွေအကုန်ဆုံးရှုံးလိုက်ရပေမယ့် မိသားစုဆီကို ဘေးမသီရန်မခဘဲ ရောက်ရှိခဲ့ကြတာဟာ အင်မတန် ကံကောင်းလွန်းတဲ့ အဖြစ်အပျက်လို့ဆိုရမှာပါ။
အလုပ်သွားလုပ်တဲ့ သမီးဖြစ်သူဟာ နောက် ၆လကြာရင် အိမ်ပြန်လာမယ်လို့ သိထားတဲ့ အသိန်းလေးရဲ့မိခင်ဟာ အခုလို ရုတ်တရက်အိမ်ပြန်ရောက်လာပြီး ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို သိလိုက်ရချိန်မှာ သူတို့အပြစ်မကင်းသလိုခံစားရပြီး အတော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
နန်းမွေရဲ့မိခင်က “သားသမီးက အလုပ်လုပ်တယ်၊ ဝင်ငွေရတာပဲ မကြည့်ဘဲ သားသမီး ဘာဖြစ်နေလဲ၊ မသင်္ကာစရာတခုခု ဖြစ်လာရင် မိသားစုတွေအနေနဲ့ သားသမီးတွေကို ရင်ဖွင့်လာဖို့ လမ်းကြောင်းပေးသင့်တယ်”လို့ ဝမ်းနည်းတဲ့လေသံနဲ့ စကားဆိုပါတယ်။
စီးပွားရေး အကျပ်အတည်းနဲ့ အလုပ်အကိုင် ရှားပါးမှုကို အခွင့်ကောင်းယူကာ လစာကောင်းကောင်းပေးမယ်လို့ မက်လုံးပေးပြီး လူငယ်တွေကို ပစ်မှတ်ထားတဲ့ ကျားဖြန့်လုပ်ငန်းစုတွေရဲ့လက်ချက်နဲ့ ဘဝပျက်လုနီးပါး ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ဖြစ်စဉ်တွေဟာ မြန်မာပြည်အနှံ့အပြားမှာ အခုနောက်ပိုင်းမှာ ခပ်စိပ်စိပ်တွေ့လာရပါတယ်။
အသိန်းလေးနဲ့ မသန္တာလို လက်ရှိစီးပွားရေးကျပ်တည်းတာကို အခွင့်ကောင်းယူပြီး အတွေ့အကြုံမလို၊ လစာ ကောင်းမယ် ဆိုတဲ့မက်လုံးကြောင့် ကျားဖြန့်သားကောင်တွေဖြစ်ခဲ့ရသူ နောက်တဦးကတော့ အသက် ၂၁ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူ နန်းမွေပဲဖြစ်ပါတယ်။
နန်းမွေဟာ ကျောင်းတက်ရင်း မိဘကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်လို့ အွန်လိုင်းကနေ အလုပ်ရှာခဲ့ပါတယ်။ Facebook ပေါ် မှာ “Customer Service ဖြေကြားပေးရန်ရှိသည်၊ လစာ ၃ သိန်းနဲ့ ကော်မရှင်၊ အတွေ့အကြုံမလို” ဆိုတဲ့ ကြော်ငြာကို တွေ့ပြီး အလုပ်လျှောက်ခဲ့ပါတယ်။ ဒီအလုပ်တွေဟာ ဒီနှစ်အပိုင်းအခြားတွေမှာ အင်မတန်ပေါပေါများများ မြင်တွေ့နေရတဲ့ အလုပ်ခေါ်ကြော်ငြာတွေထဲက တနည်းဖြစ်ပါတယ်။
အလုပ်အတွက် လူတွေ့မေးမြန်းတာကို Video Call နဲ့မေးမြန်းသလို ရုံးတက်စရာမလိုဘဲ အိမ်ကနေ လုပ်ရမယ့်အလုပ် ဖြစ်တာကြောင့် နန်းမွေတယောက် ဒီအလုပ်ကို သဘောကျခဲ့ပါတယ်။ အလုပ်ခန့်စာချုပ်အတွက် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းနဲ့ အိမ်လိပ်စာအပြည့်အစုံ တောင်းတာတွေကိုလည်း ရိုးရိုးသားသား ပုံမှန်လုပ်ထုံးလုပ်နည်းလို့ပဲ သဘောထားတဲ့အတွက် အစုံအလင်ပေးလိုက်ပါတယ်။
ပထမ တပတ်လောက်ကတော့ Online Shopping Page တွေမှာ စာပြန်ခိုင်းသလိုမျိုး ပုံမှန်လုပ်ခဲ့လုပ်ခိုင်းပါတယ်။ ဒါပေမဲ့ ဒုတိယ အပတ်မှာတော့ ပုံစံပြောင်းလာတာကို နန်းမွေတယောက် ကြုံတွေ့လာရပါတော့တယ်။ မူလပြောဆို ဆက်သွယ်နေရ တဲ့ ဈေးရောင်းစာမျက်နှာမျိုးတွေမဟုတ်တော့ဘဲ သူတို့ပေးထားတဲ့ အကောင့်တုတွေကိုသုံးပြီး လက်တွဲဖော်ရှာဖွေရေး လုပ်ငန်း အပလီကေးရှင်းတွေ၊ အရွယ်ရောက် ပြီးသားသူတွေ လိင်ပိုင်းဆိုင်ရာဖျော်ဖြေရေးအတွက်ဦးတည်သုံးတဲ့ လူမှုကွန်ရက်အဖွဲ့တွေထဲကို ဝင်ခိုင်းတာ၊ ဧည့်သည်တွေကို ဆွဲဆောင်ခိုင်းတာတွေ လုပ်လာပါတယ်။
“နောက်ပိုင်းကျတော့ Sex Chat တွေ၊ V-call Chat တွေပါ ပြောခိုင်းလာတယ်” လို့ နန်းမွေက ပြန်ပြောင်း ပြောပြပါတယ်။
အဲဒီနောက်မှာ နန်းမွေက ဆက်လက်မလုပ်နိုင်တော့လို့ အလုပ်ကနေထွက်မယ် ပြောတဲ့အခါမှာတော့ သူတို့ရဲ့စရိုက်မှန်က ထွက်ပေါ်လာခဲ့ပါတော့တယ်။ ပထမတော့ သူတို့က လစာတိုးပေးမယ် အလုပ်မထွက်ပါနဲ့လို့ ညှိနှိုင်းလာပေမယ့် နန်းမွေက ဒီမှာဆက်မလုပ်ချင်တော့ကြောင်း ငြင်းတဲ့အခါမှာတော့ “နင့်အချက်အလက်တွေ ငါတို့ဆီမှာ အကုန်ရှိတယ်၊ စာချုပ် ဖောက်ဖျက်ကြေး သိန်း ၁၀၀ လျော်ရင်ထွက်၊ မလျော်နိုင်ရင် ဆက်လုပ်၊ မဟုတ်ရင် နင့်ပုံကို ဖြတ်ညှပ်ကပ်နဲ့ ညစ်ညမ်း ပုံလုပ်ပြီး နင့်ရပ်ကွက်ထဲက လူတွေသိအောင် ဖြန့်ပစ်မယ်၊ နင့် မိဘတွေဆီ အကြွေးတောင်းတဲ့လူမိုက်တွေ လွှတ်မယ်” လို့ ခြိမ်းခြောက်ခံရပါတော့တယ်။
နန်းမွေဟာ သူရဲ့ကိုယ်ရေးအချက်အလက်တွေ ပေးထားမိတဲ့အတွက် အိမ်ကို ဒုက္ခရောက်မှာစိုးတာကြောင့် မထွက်ရဲဘဲ သူတို့ခိုင်းတဲ့ Sex Chat တွေကို မျက်ရည်နဲ့မျက်ခွက် လုပ်ပေးခဲ့ရတယ်လို့ ရင်ဖွင့်ပါတယ်။ ဆန္ဒမပါဘဲ ခြိမ်းခြောက်မှု အောက်မှာလုပ်နေရတဲ့နန်းမွေဟာ ညဖက်တွေဆို အိပ်မပျော်တော့ဘဲ လန့်နိုးလာတတ်ပြီး ဖုန်းသံကြားရင်ကို ထိတ်လန့် နေတတ်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာကို ခံစားခဲ့ရပါတယ်။
ဒီဖြစ်စဉ်တွေကို နွမ်းပါးတဲ့မိဘတွေသိရှိသွားရင် လျော်ကြေးငွေအတွက် ပူပင်စိတ်သောကရောက်မှာစိုးရိမ်တာကြောင့် သည်းခံပြီး ကြိတ်မှိတ်လုပ်ကိုင်ခဲ့ရတယ်။ ဒီဒဏ်တွေ မခံနိုင်တဲ့အဆုံးမှာတော့ ထွက်ပေါက်ရအောင်ရှာရင်း ကူညီပေးတဲ့ အဖွဲ့တခုနဲ့ လူမှုကွန်ရက်ကနေတဆင့် ချိတ်ဆက်မိပြီး လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီကနေတဆင့် ရရှိခဲ့တဲ့ စိတ်ဒဏ်ရာအတွက်ကတော့ အခုထိ နှစ်သိမ့်ဆွေးနွေးမှုခံယူနေရဆဲလို့ ဆိုပါတယ်။
အသက် ၂၀ စွန်းစွန်းအရွယ် ကျားဖြန့်သားကောင်ဖြစ်ခဲ့ရတဲ့ နန်းမွေကို လွတ်မြောက်အောင် ကူညီပေးခဲ့တဲ့ အဖွဲ့ရဲ့ တာဝန်ခံနဲ့ HI – Honest Information က ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။
နန်းမွေရဲ့ပြဿနာကို ကူညီဖြေရှင်းပေးခဲ့တဲ့အဖွဲ့တာဝန်ခံ ကိုတင့်နောင်ဟာ Telegram တစ်ခုဖွင့်ထားပြီး အမျိုးသမီးတွေ ကြုံနေရတဲ့ လိင်အမြတ်ထုတ်ခံရမှု၊ ခြိမ်းခြောက်ငွေညှစ်တာတွေ၊ sex chat တွေနဲ့အနိုင်ကျင့်မှုတွေနဲ့ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေစတဲ့ ပြဿနာတွေထဲမှာ ရုန်းထွက်ရခက်နေတဲ့ အမျိုးသမီးတွေကို ကူညီကယ်တင်ပေးနေသူ ဖြစ်ပါတယ်။
ကိုတင့်နောင်က “ကျနော်တို့ နန်းမွေကို ကယ်ထုတ်တဲ့နေရာမှာ အတော်သတိထားရတယ်၊ ဘာလို့ဆို သူ့ကိုယ်ရေး အချက် အလက်တွေအကုန်ုလုံးက သူတို့ဆီမှာရှိနေတာဆိုတော့၊ ပထမဆုံး ကျနော် နန်းမွေရဲ့ဦးလေးဆိုပြီး ဝင်ရတယ်” လို့ ပြောပြပါတယ်။
ပုံမှန်အားဖြင့် ကိုတင့်နောင်တို့ ကူညီပေးနေကျ ဖြစ်စဉ်တွေက ရည်းစားက ကျူးလွန်ပြီး ပစ်သွားတာ၊ ရည်းစားဟောင်းက အရင် Sex chat တွေ၊ Nude(ကိုယ်လုံးတီး)ပုံတွေနဲ့ ခြိမ်းခြောက်တာ၊ ငွေညှစ်တာ စတာမျိုးတွေဖြစ်ပါတယ်။ ဒီလို အဖြစ် အပျက်တွေမှာ ကျူးလွန်ခံရတဲ့ မိန်းကလေးက အကူအညီတောင်းလာရင် ကိုတင့်နောင်တို့အဖွဲ့က ပထမဆုံး ကျူးလွန်သူ အကောင့်ကို သွားပြီးသတိပေးတာ၊ ထပ်ကျူးလွန်ရင် သူ့ရဲ့ကျူးလွန်မှုကို ဆိုရှယ်မီဒီယာမှာတင်ပြီး ခြိမ်းခြောက်တာ မရပ်မချင်း အဲဒီနည်းအတိုင်း လုပ်တယ်လို့ ရှင်းပြပါတယ်။
“နန်းမွေပြဿနာက ကျနော်တို့ဖြေရှင်းပေးနေရတဲ့ပုံစံနဲ့ မတူဘူး” လို့ ကိုတင့်နောင်က ဆိုပါတယ်။
နန်းမွေရဲ့ ဖြစ်စဉ်မှာ ကိုတင့်နောင်တို့ ပထမဆုံးစတင်လုပ်ခဲ့တာက နန်းမွေတို့မိသားစုကို တနေရာမှာ ရှောင်နေခိုင်းပြီး အလုပ်နဲ့အဆက်အသွယ်ဖြတ်ခိုင်းလိုက်ပါတယ်။ သူတို့ဆီမှာ ရှိနေတဲ့ကိုယ်ရေးအချက်အလက်တွေကို အလွှဲသုံးစား မလုပ်နိုင်ဖို့ နန်းမွန်နေတဲ့မြို့နယ်ရဲစခန်းကိုလည်း ပြဿနာတစုံတရာဖြစ်လာရင် အလုပ်အတွက်ပေးအပ်ထားရကြောင်း လိုရမယ်ရ အကြောင်းကြားခဲ့ပါတယ်။ ရဲစခန်းကတော့ မှတ်တမ်းယူထားလိုက်ပါတယ်။
နန်းမွေ အလုပ်နဲ့အဆက်အသွယ်လုပ်တဲ့ဖုန်းကိုတော့ ကိုတင့်နောင်က ယူထားလိုက်ပြီး အလုပ်ဆက်မလုပ်ချင်တော့လို့ ထွက်တော့မယ့်အကြောင်းကို ပြောတဲ့အချိန်မှာ လူလိမ်ဂိုဏ်သားတွေဟာ အစပိုင်းမှာ သူကို မခြေမငံပြန်လည် ဆက်ဆံတာ တွေ ကြုံခဲ့ရပါသေးတယ်။
“အဲ့ကောင်မမှာ အကြွေးတွေနဲ့ ငါ့ဆီက သိန်း ၁၀၀ ယူ ထားတယ်ပြောတာ၊ ဒါနဲ့ ကျနော်ဒါတွေသိပါတယ်၊ ခင်ဗျားတို့လည်း နန်းမွေကို ဘာလုပ်ခိုင်းတယ်၊ မလုပ်နိုင်ဘူးဆိုတော့ ဘယ်လိုခြိမ်းခြောက်တယ်ကအစ ပြောလိုက်တော့ နည်းနည်း ငြိမ်သွား တယ်၊ နန်းမွေလည်း မလုပ်ချင်ဘဲ ခင်ဗျားတို့ဆီမှာ ၂လတောင်လုပ်ခဲ့တာ တော်လောက်ပြီပေါ့၊ ကျနော်လည်း ပြဿနာ မဖြစ်ချင်လို့ ပြေပြေလည်လည် ပြောနေတာပါ၊ နောက်လည်း မဆက်သွယ်ပါနဲ့တော့၊ ခင်ဗျားတို့ထပ်လုပ်မယ်ဆိုရင် ကျနော်လည်း သည်းခံနေမှာ မဟုတ်ဘူး၊ ကျနော် ဘာလဲလေ့လာကြည့်လိုက်ဆိုပြီး ကျနော် telegram ပေးလိုက်တယ်” လို့ ကိုတင့်နောင်က ပြန်ပြောင်းပြောပြပါတယ်။
တကယ်လို့ နန်းမွေရဲ့ကိုယ်ရေးအချက်အလက်တွေကို အသုံးချပြီး လိမ်လည်တာ၊ အရှက်ခွဲတာတွေလုပ်မယ်ဆိုရင်တော့ ဒါနဲ့ပတ်သက်ပြီး ရဲစခန်းကို အသိပေးထားသလို သတင်းစာထဲမှာလည်း အလွဲသုံးစားလုပ်ခံရကြောင်းကြော်ငြာမယ်လို့ သူက တုံ့ပြန်ခဲ့ပါတယ်။
ဒီလိုပြောပြီးနောက် တဖက်ရဲ့တုံ့ပြန်မှုကို ၂၀ ရက်တိတိစောင့်ကြည့်နေခဲ့သလို ဖုန်းဆင်းကတ်လည်း ဖျက်စီးခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာတော့ ဒီဖြစ်ရပ်ဖြစ်ခဲ့တာ ၅ လကျော်တဲ့အထိ တစုံတရာတုံ့ပြန်လာတာမရှိသေးဘူးလို့ နန်းမွေက ဆိုပါတယ်။
အထက်တန်းတရားလွှတ်တော်ရှေ့နေတဦးကတော့ နန်းမွေရဲ့ဖြစ်စဉ်ဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ အတင်းအကြပ် ခိုင်းစေတာ၊ ခြိမ်းခြောက်တာတွေပါဝင်တာကြောင့် မြန်မာနိုင်ငံရဲ့လက်ရှိပြစ်မှုဆိုင်ရာ ဥပဒေတွေအရ သာမက လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရပါ ပြစ်မှုမြောက်ပါတယ်လို့ ပြောပါတယ်။
ဒါပေမယ့် လက်ရှိကာလမှာ နိုင်ငံတည်ငြိမ်မှုမရှိတာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ၊ ကျူးလွန်တာတွေကို အရေးမယူနိုင်တာ ကြောင့် အွန်လိုင်းလူလိမ်ဂိုဏ်း(ကျားဖြန့်)တွေက အတင့်ရဲလှုပ်ရှားလာတာလို့လည်း သူက သုံးသပ်ပါတယ်။
မနန်းမွေနည်းတူ အကျပ်ကိုင် ခြိမ်းခြောက်ငွေလိမ်ခိုင်းခံရတဲ့ နောက်တယောက်ကတော့ အွန်လိုင်းဈေးရောင်းသူတွေ အတွက် ငွေကြေးစီမံခန့်ခွဲမှု အကြံပေး အလုပ်ကိုလျှောက်မိခဲ့တဲ့ မကလျာပါ။
အလုပ်စာချုပ်အတွက် ကိုယ်ရေးအချက်တွေ ပေးရတာ၊ အလုပ်ဝင်ပြီး မကြာခင်မှာ သူ့ကို ဈေးရောင်းသူတွေရဲ့ ငွေကြေး စီမံခန့်ခွဲမှုထက် “အွန်လိုင်း ငွေကြေးလိမ်လည်မှု” တွေမှာ ပါဝင်ဖို့ စတင်ခိုင်းစေတာ (ဥပမာ- ရင်းနှီးမြှုပ်နှံမှု အတုအယောင် Page တွေမှာ အခြားသူတွေကို ငွေထည့်ဝင်လာအောင် ဆွဲဆောင်ခိုင်းတာ၊ လိမ်လည်ပြောဆိုခိုင်းတာတွေ)၊ ငွေကြေး လိမ်လည်တာတွေမှာပါဝင်ဖို့ ငြင်းဆန်တဲ့အခါ အလုပ်လျှောက်စဉ်က ပေးထားရတဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ဖုန်းထဲက အဆက်အသွယ်တွေကို အသုံးပြုပြီး မကလျာကိုယ်တိုင် ငွေချေးထားသူလို ဖန်တီး၊ လိမ်လည်သူ၊ ကြွေးတင်နေသူအဖြစ် ပုံဖော်ပြီး အွန်လိုင်းပေါ်မှာ အရှက်ရအောင်၊ ဂုဏ်သိက္ခာ ထိခိုက်အောင် ဖြန့်ပစ်မယ် စသဖြင့် တခြားသူတွေနည်းတူ ခြိမ်းခြောက်ခံခဲ့ရပါတယ်။
မကလျာဟာ နန်းမွေလိုပဲ ဘာလုပ်ရမလဲကြံရာမရတာကြောင့် ဒီအလုပ်ကို ကာလတခုဆက်လုပ်ခဲ့ရပြီး ဒီဒုက္ခတွင်းကနေ လွတ်မြောက်နိုင်ဖို့ နည်းလမ်းရှာဖွေနေခဲ့ရာကနေ ကံကောင်းစွာနဲ့ ကိုယ်တိုင် လှုပ်ရှားအကူအညီပေးနေတဲ့ နည်းပညာကျွမ်းကျင်သူ ကိုခန့်နဲ့ ဆက်သွယ်နိုင်မိခဲ့ပါတယ်။
ကိုခန့်ဟာ ယခင်က NGO တစ်ခုက ဝန်ထမ်းတဦးဖြစ်ခဲ့ပါတယ်။ ကျားဖြန့်ဂိုဏ်းတွေရဲ့ငွေလိမ်တဲ့ နည်းတွေကို စိတ်ဝင်တစားလေ့လာရာကနေ သားကောင်ဖြစ်ရသူတွေကို စာနာစိတ်နဲ့ လွတ်မြောက်အောင် ကူညီဖို့သူက ဆုံးဖြတ်ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကနေ စပြီး ခုချိန်ထိ ဆက်လုပ်နေသူဖြစ်ပါတယ်။
အွန်လိုင်းအလုပ်ခေါ်စာတွေကနေတဆင့် အဲဒီအလုပ်ခွင်တွေကို သူကစတင်ချိတ်ဆက်ပြီး အကူအညီလိုနေနိုင်သူတွေကို ရှာဖွေကူညီခဲ့တယ်။ အဲဒီလိုကူညီနိုင်သူတွေထဲ အကူအညီလိုအပ်နေတဲ့ မကလျာလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။
မကလျာက ကိုခန့်ဆီက အကြံဉာဏ်ရယူဖို့ကို ရဲရဲတင်းတင်းနဲ့ပဲ လိုင်းအကောင့်အသစ်တခုနဲ့ လျှို့လျှို့ဝှက်ဝှက် စာပို့ခဲ့တာ ဖြစ်ပါတယ်။ ကိုခန့်လည်း အခုလိုခြိမ်းခြောက်ခိုင်းတဲ့ဖြစ်စဉ်တွေကို မကြာခဏဖြေရှင်းပေးနေသူဖြစ်တာကြောင့် မကလျာရဲ့ အခြေအနေကို သဘောပေါက်နားလည်ခဲ့ပြီး အလုပ်နဲ့ ပတ်သက်တဲ့အဆက်အသွယ်တွေဖြတ်တောက်ဖို့၊ မိသားစု နေရာရွှေ့ပြောင်းနေဖို့နဲ့ ဖုန်းနံပတ်နဲ့ အကောင့်တွေကို အသစ်ပြောင်းလဲအသုံးပြုဖို့ အကြံပေးခဲ့ပြီး နည်းပညာပိုင်းကနေ သူဆက်လုပ်စရာရှိတာတွေကို ဆက်လုပ်ခဲ့ပါတော့တယ်။
ခြိမ်းခြောက်နေတဲ့ အဲဒီလုပ်ငန်းရဲ့ ဆက်သွယ်ရေးနည်းလမ်းတွေထဲကနေ သူတို့အသုံးပြုနေတဲ့ အွန်လိုင်းအကောင့်တချို့ကို ရှာတွေ့ခဲ့ပြီးနောက်မှာ ကိုခန့်ဟာ လျှို့ဝှက်ငွေချေးသူအယောင်ဆောင်ထားတဲ့ အီးမေးလ်တခုကို သုံးပြီး မကလျာရဲ့ ကိုယ်ရေးအချက်အလက် တွေအသုံးပြုထားတဲ့ဖိုင်တွေကို ဖျက်ပေးဖို့၊ မဖျက်ဘဲ အလွဲသုံးစားဆက်လုပ်နေမယ်ဆိုရင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အမှုဖွင့်မယ်ဆိုတဲ့အကြောင်း အဲဒီလုပ်ငန်းဆီကို ရှေ့နေအကူအညီနဲ့ တရားဝင် သတိပေးစာ ပို့တာ စတာတွေကို ဆက်လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ တဖက်က မကလျာရဲ့ဖိုင်တွေကို မဖျက်ဘဲနဲ့ ဆက်သုံးနေတာကြောင့် ထပ်အသုံးပြုနေဦးမယ်ဆိုရင် ငွေပေးထား တဲ့အကြွေးရှင်တွေကို လိမ်လည်တဲ့လုပ်ငန်းလို့ အွန်လိုင်းမှာ ဖော်ထုတ်မယ်လို့ ထပ်မံသတိပေးခဲ့တာဖြစ်ပါတယ်။
“တကယ်လို့ ဖျက်မပေးဘူးဆိုရင် လိမ်လည်တဲ့ပုံစံအားလုံးကို သက်သေအထောက်အထားတွေနဲ့ လူမူကွန်ရက်မှာ လူသိ ရှင်ကြား ဖော်ထုတ်မယ်လို့ ကျနော် ပြန်ခြိမ်းခြောက်ခဲ့တယ်” လို့ ကိုခန့်က ဆိုပါတယ်။
ကိုခန့်ရဲ့ ခြိမ်းခြောက်မှုတွေဟာ ကျားဖြန့်လုပ်ငန်းအပေါ် ဖိအားသက်ရောက်ခဲ့ပါတယ်။
သတိပေးစာတွေ ပေးပို့ပြီးနောက်ပိုင်း ၃ ပတ်အကြာမှာ မကလျာကို ခြိမ်းခြောက်တဲ့ ဆက်သွယ်မှုတွေ လုံးဝရပ်တန့်သွားခဲ့ သလို ကိုယ်ရေးအချက်အလက်တွေထပ်မံသုံးစွဲတာလည်းမရှိဘဲ အကောင့်တွေပါပျောက်သွားခဲ့ပါတယ်။ ဒီတော့မှ မကလျာ လည်း အန္တရာယ်ကင်းရှင်းရေးအတွက် စောင့်ကြည့်ရတဲ့ သတ်မှတ်ထားတဲ့ ကာလ ၂လ ပြည့်ပြီး နောက်ပိုင်း ပုံမှန်ဘဝကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။
မကလျာရဲ့ဖြစ်စဉ်ဆိုရင်လည်း မှတ်ပုံတင်မိတ္တူစတဲ့ ကိုယ်ရေးအချက်အလက်တွေကိုသုံးပြီး အရှက်ရစေဖို့ ခြိမ်းခြောက်တာ၊ အကြွေးတောင်းဖို့ လူမိုက် လွှတ်မယ်လို့ ခြိမ်းခြောက်တာတွေက ရာဇသတ်ကြီးပုဒ်မ ၃၈၄ (ငွေညှစ်ယူမှု)၊ ပုဒ်မ ၅၀၆ (ရာဇဝတ်မကင်းတဲ့ ခြိမ်းခြောက်မှု)မြောက်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ရှင်းပြပါတယ်။
ငွေကြေးလိမ်လည်တာသက်သက်လို့ ထင်မှတ်ရတဲ့”ကျားဖြန့်” အန္တရာယ်ဟာ အခုအခါ အမျိုးသမီးငယ်တွေရဲ့ အရှက်တရားနဲ့ ဂုဏ်သိက္ခာကို အခွင့်ကောင်းယူပြီး လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အမြတ်ထုတ်နဲ့ လူကုန်ကူးမှုအသွင် ဆောင်တဲ့ ရာဇဝတ်မှုတွေအဖြစ် ပြောင်းလဲလာနေပြီဖြစ်ပါတယ်။
ကျားဖြန့်လှောင်အိမ်ထဲမှာ ရက်ပေါင်း ၁၀၀ ကျော် နေထိုင်ခဲ့ရဖူးပြီး ကံ၊ ဉာဏ်ဝီရိယကောင်းလို့ လွတ်မြောက်လာတဲ့ အသိန်းလေးက အခုလို မှတ်ချက်ပြုပါတယ်။
“လွယ်လွယ်ရတဲ့ငွေက အန္တရာယ်ရှိပါတယ်”
အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေတဲ့ လူငယ်တွေကို အတွေ့အကြုံမလို၊ လစာကောင်း၊ အိမ်ကနေ အလုပ်လုပ်နိုင်တယ်၊ ချက်ချင်း ရာထူးတိုး၊ ကော်မရှင် အဲလိုစကားလုံးတွေကို သတိထားဖို့ သူက အကြံပေးပါတယ်။
နောက်တခုက ကိုယ်ရေးအချက်အလက်တွေ အပြည့်အစုံတောင်းတဲ့အလုပ်ဆိုရင် ဒါတော့မပေးနိုင်ဘူးဆိုပြီး ငြင်းဖို့နဲ့ အဲ့ဒါမှ မခန့်ရင်လည်း မလုပ်တာ ကောင်းတယ်လို့ သူက ပြောပါတယ်။
“ဒါနဲ့ကိုယ့်ကိုပြန်ခြိမ်းခြောက်တာတို့ အကြပ်ကိုင်တာတွေခံရတတ်တယ်။ ပြီးတော့ အလုပ်အင်တာဗျူးသွားတဲ့အခါ အလုပ်ရဲ့နေရာ၊ မှတ်ပုံတင်ထားတာရှိ၊ မရှိစုံစမ်းစစ်ဆေးသင့်တယ်၊ ဒါမှမဟုတ်ရင် အလုပ်ရရင် ဘာအလုပ် လုပ်ရမှာလဲ ဆိုတာ သေချာရှင်းလင်းသဘောပေါက်အောင်မေးရမယ်၊ ဝေ့လည်လည်နဲ့ ရှုတ်နေအောင်ပြောနေရင်တော့ သေချာပါတယ်၊ ကျားဖြန့်ပါပဲ” လို့ အသိန်းလေးက ဆက်ပြောပါတယ်။
အခုလက်ရှိမှာတော့ အသိန်းလေးဟာ မိသားစုနဲ့အတူ ဘေးကင်းကင်းနဲ့ ရှိနေပြီဖြစ်ပေမယ့် လွန်ခဲ့တဲ့ တနှစ်စွန်းစွန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ရဲ့ နောက်ဆက်တွဲ စိတ်မလုံခြုံမှုတွေကြောင့် အပြင်အလုပ်ထွက်ရှာရမယ့်အရေးကို အတော်ကြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း မိဘတွေဆီ ပြန်ရောက်လာခဲ့ပေမယ့် ပတ်ဝန်းကျင်က ဒီမိန်းကလေးတွေအပေါ် တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ အတင်းပြောတာ၊ သို့လောသို့လောဝေဖန်တာတွေကို ဆက်ခံစားရတာ၊ ငွေလိမ်ဂိုဏ်းဆီက ဘယ်လို ခြိမ်းခြောက်မှုတွေ ကြုံရမယ်ဆိုတာ မသိနိုင်တာကြောင့် သူတို့တွေဟာ မူလနေရာတွေကနေ အသီးသီး ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတော့တယ်။
အသိန်းလေးဟာ လောလောဆယ်မှာတော့ အစားအသောက်နဲ့သက်ဆိုင်တဲ့ အသေးစားအိမ်တွင်းလက်မှုလုပ်ငန်းလေးကို လုပ်ရင်း ဘဝကို ရှေ့ဆက်နေပါတယ်။ ကျားဖြန့်လှောင်အိမ်ထဲကနေ အတူတူ လွတ်မြောက်လာခဲ့တဲ့ မသန္တာတို့ မိသားစု ကတော့ တခြားတနေရာကို ရွှေ့ပြောင်းသွားကြပြီးကတည်းက အဆက်အသွယ်ပြတ်တောက်နေတာ ကြာခဲ့ပြီဖြစ်ပါတယ်။











