ရခိုင်တိုက်ပွဲ ၂နှစ်အတွင်း အမျိုးသမီး ၁,၃၀၀ ကျော်သေဆုံးကြောင်း အေအေထုတ်ပြန်
သန့်ရှင်းထွန်း
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ထိဖြစ်ပွားခဲ့တဲ့ ရခိုင်တိုက်ပွဲ ၂နှစ် အတွင်းမှာ အမျိုးသမီး ၁,၃၀၀ ကျော် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခုလို သေဆုံး၊ ဒဏ်ရာရရှိသူတွေဟာ စစ်ကော်မရှင်တပ်နဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO ၊ ARA ၊ RIM အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် အမျိုးသမီး ၁၇၀ ခန့်ဟာ ဖမ်းဆီးခြင်းကိုခံထားရပြီး သေဆုံး၊ ဒဏ်ရာရရှိသူတွေထဲမှာ အသက် ၁၀ နှစ်အောက်ကလေး ၂၇၀ ကျော်ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးထိခိုက်ဒဏ်ရာရရှိခြင်းရဲ့ အဓိကအကြောင်းအရင်းက လေကြောင်းတိုက်ခိုက်မှုနဲ့ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ဖြစ်တယ်လို့ HDCO ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
လက်ရှိမှာလည်း အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ မကြာခဏတိုက်ခိုက်နေလို့ အရပ်သား အမျိုးသမီးတွေအပါအဝင် ကလေးငယ်တွေ သေဆုံး၊ ဒဏ်ရာရရှိမှုတွေ ကြုံနေရဆဲဖြစ်တယ်လို့ ကျောက်တော်မြို့က အသက် ၃၀ အရွယ် အမျိုးသမီးတယောက်က ပြောပါတယ်။
“ကံတရားနဲ့ပဲနေရတယ်၊ ကံကောင်းရင် လွတ်တယ်၊ ကံမကောင်းရင်တော့ သေမယ်၊ လေယာဉ်ကတော့ မကြာမကြာ လာနေတာပဲ”လို့ အဲဒီ ဒေသခံအမျိုးသမီးက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းရန်ကို စိုးရိမ်ကြောက်လန့်နေရချိန် မောင်တောဒေသမှာ ရိုဟင်ဂျာလက်နက်ကိုင် တွေရဲ့ ရန်ကလည်း ပိုဆိုးလာနေတယ်လို့ မောင်တောမြို့က အသက် ၄၅ နှစ်အရွယ် ဒေါ်သန္တာခိုင် ကပြောပါတယ်။
“တခြားမြို့နယ်တွေမှာက လေယာဉ်ကိုပဲ ကြောက်ရတာပါ၊ မောင်တောက လူတွေက အာဆာကိုလည်း ကြောက်နေရတယ်၊ တခုခုသွားမယ်ဆို တယောက်တည်း သွားလို့လာလို့ မလုံခြုံပါဘူး”လို့ ဒေါ်သန္တာခိုင် ကပြောပါတယ်။
အေအေနဲ့ စစ်အုပ်စုကြား ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ လက်ရှိ ၂နှစ်ကျော်အတွင်းမှာ ရခိုင်ပြည်ထဲက မြို့နယ် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA)က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်တဲ့ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင် မြို့နယ်တွေကိုတော့ ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ ရှုံးနိမ့်ပြီး မြန်မာပြည်အနှံ့က လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို စစ်ဥပဒေချိုးဖောက်တဲ့လုပ်ရပ်ဖြစ်တဲ့ အရပ်သားပစ်မှတ်ထားလေကြောင်းဗုံးကြဲမှုတွေကို နေ့စဉ်နီးပါးပြုလုပ်နေပြီး နေ့စဉ်သေဆုံးထိခိုက်သူဦးရေဟာလည်း တိုးပွားလျှက်ရှိနေပါတယ်။














