တော်လှန်ရေးနယ်မြေထဲက လိင်အကြမ်းဖက်မှု ၁၀၀ကျော်မှာ ထက်ဝက်လောက် ကူညီနိုင်ခဲ့
ဒေဝီ မေးမြန်းတင်ဆက်သည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရာမှာ ဝန်ကြီးဌာနတွေ ပေါင်းစည်းတာ၊ လျှော့ချတာ ဝန်ကြီး၊ ဒုဝန်ကြီး ပြောင်းလဲခန့်အပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ လူထုကြားမှာ ထူးမခြားနားတဲ့ ပြောင်းလဲမှုအဖြစ် ဝေဖန်သံတွေလည်း ညံခဲ့ကြပါတယ်။
ဒီလိုပြောင်းလဲမှုပြုလုပ်တဲ့အထဲမှာ အထူးသဖြင့် အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနကို လျှော့ချပြီး လူမှုရေး၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနအောက်၊ ဌာနခွဲတခု အဖြစ်သာထားရှိမှုအပေါ် အမျိုးသမီးနဲ့ ဂျဲန်ဒါ အရေးလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပြီး၊ လက်ရှိအခြေအနေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ နည်းအမျိုးမျိုးနဲ့ အကြမ်းဖက်သတ်ဖြတ်ခံနေရတာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်ခံရတာတွေ အများအပြားကြုံတွေ့နေရချိန်ဖြစ်တဲ့အတွက် အဓိကအကာအကွယ်ဖြစ်စေတဲ့ ဝန်ကြီးဌာန မရှိတော့တာက အမျိုးသမီးနဲ့ ဂျဲန်ဒါအရေး လှုပ်ရှားမှုတွေမှာ အားနည်းချက်ဖြစ်စေမလားဆိုတာ ဝေဖန်ထောက်ပြခဲ့ကြတယ်။
အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသားညီညွတ်ရေးအစိုးရ စတင်ဖွဲ့စည်းချိန် ၂၀၂၁ မှာ ပေါ်ပေါက်လာတာဖြစ်ပြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေအပြည့်အဝ ရရှိဖို့ တိကျတဲ့ မူဝါဒတွေချမှတ်ပြီး ကာကွယ်ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီဝန်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် နော်စူစန်နာလှလှစိုးနဲ့ ဒုဝန်ကြီးအဖြစ် ဒေါ်အိသဉ္ဇာမောင်တို့ ပါဝင်ခဲ့ပါတယ်။
လက်ရှိမှာတော့ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနကနေ အမျိုးသမီး၊လူငယ်နဲ့ကလေး သူငယ်ရေးရာဌာန တခုအဖြစ် ဆက်လက်လုပ်ဆောင်မယ့်အပေါ် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ နော်စူစန်နာလှလှစိုးနဲ့ HI – Honest Information က အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။
HI – Honest Information – အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကပြန်လည်ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့မှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန မပါဝင်တော့တဲ့အပေါ် ဆရာမတို့အနေနဲ့ ကြိုတင်သိရှိခဲ့ ပါသလား။
နော်စူစန်နာလှလှစိုး – NUG Reform မှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန မပါတာတော့ ကြိုသိခဲ့ပါတယ်။ လွန်ခဲ့တဲ့ တနှစ်ကတည်းကညှိနှိုင်းကြတာပေါ့၊ ကျွန်မအနေနဲ့ကတော့ ပုဂ္ဂိုလ်ရေးအရ ထွက်ဖို့ကြိုပြောထားပါတယ်။ ကျွန်မအနေနဲ့က အသက်ကလည်းပြည့်ပြီ၊ အစိုးရသက်တမ်း အပြည့် ၅နှစ်လည်း လုပ်ဆောင်ပြီးတဲ့အတွက်ကြောင့် အနားယူဖို့အတွက်တော့ ကြိုပြီးတင်ထားပါတယ်၊ ဝန်ကြီးဌာနတွေချုံ့မယ် ဆိုတော့ ပေါင်းစပ်ဖို့ရှိတယ်ပြောတော့လည်း ကျွန်မတို့အနေနဲ့ ကန့်ကွက်ခြင်း မရှိဘူးပေါ့။ အရင်အစိုးရ လက်ထက်မှာ တခုတည်းဖြစ်တယ်၊ အခုပြန်ပေါင်းမယ်ဆိုတော့ သိပ်ပြီးတော့အခက်အခဲမရှိဘူး လို့ထင်ပါတယ်။
HI – ဝန်ကြီးဌာနမဟုတ်တော့ဘဲ ဌာနခွဲတခုအဖြစ်နဲ့ ဆက်လက်လုပ်ဆောင်မယ့် အပေါ်မှာရော၊ ရှေ့ဆက် လုပ်ဆောင်မယ့် အစီအစဉ်လေးတွေလည်း သိပါရစေ။ ပြီးတော့ အဖွဲ့အသစ်မှာရော ဆရာမအနေနဲ့ ဘယ်လို အခန်းကဏ္ဍ ကနေဆက်လက်ပါဝင်သွားမှာပါလဲ။
နော်စူစန်နာလှလှစိုး – ဝန်ကြီးဌာနအနေနဲ့မရှိပေမယ့် ဌာနခွဲပေါ့နော်၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဌာန အနေနဲ့ ဆက်ပြီးတော့ရှိမယ်၊ လူငယ်တွေကိုလည်း ပိုပြီးတော့ နေရာပေးနိုင်မယ်ပေါ့၊ လုပ်ငန်းတွေကလည်း ဒီလုပ်ငန်း တွေပဲဆက်ပြီးတော့ လုပ်သွားမှာပါ။ အမျိုးသမီးနဲ့ကလေးသူငယ်တွေအတွက် ကာကွယ်ရေး၊ လူငယ်တွေအတွက် စွမ်းရည်မြှင့်လုပ်ကိုင်မှုကိစ္စတွေ အဲဒါတွေကတော့ နဂိုအတိုင်းပဲ ဆက်လုပ်သွားဖို့ရှိပါတယ်။ Reform မှာကတော့ ကျွန်မအနေနဲ့ရာထူးတော့ မယူဘူး၊ တာဝန်တချို့တော့ယူထားပါတယ်။ IACC လို့ခေါ်တဲ့ နိုင်ငံတကာ ပရောဂျက်တွေပေါ့၊ Working ကော်မတီအနေနဲ့ ပါဝင်နေသလို ၊ ICPP ကြားကာလစွမ်းရည်မြှင့်တင်မှု အစီအစဉ်မှာလည်း Board Member အနေနဲ့ ဆက်လက်ပါဝင်ပြီးတော့ NUG ကို ဆက်လက်ဝန်းရံနေမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်းအခု ဌာနဖြစ်သွားတဲ့ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဌာနမှာလည်း အကြံပေးဘုတ်အဖွဲ့ဝင်အနေနဲ့ ဆက်လက်ပါဝင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
HI – လက်ရှိအချိန်က အမျိုးသမီးနဲ့ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှု အမြင့်ဆုံးဖြစ်နေချိန်မှာ အမျိုးသမီးနဲ့ကလေးသူငယ်ရေး တဖက်တလမ်းက ကူညီဆောင်ရွက်ပေးနေတဲ့ ဝန်ကြီးဌာနတခုလုံး ပယ်ဖျက်လိုက်မှုကို ဆရာမအနေနဲ့ဘယ်လိုယူဆမိပါသလဲ။
နော်စူစန်နာလှလှစိုး – ဝန်ကြီးဌာနဖျက်တယ်ဆိုပေမယ့် အလုပ်တွေက ဒီအတိုင်းပဲလုပ်သွားမှာပါ။ နောက်ပြီးတော့ ဌာနကြီး တခုအနေနဲ့ ဆက်လက်တည်ရှိမှာ။ ဆရာကြီးဒေါက်တာဝင်းမြတ်အေးတို့ ဌာနနဲ့ပေါင်းစပ်မှာဆိုတော့ ဆရာကြီးကလည်း ဒီကဏ္ဍတွေကို အရင်အစိုးရခေတ်ကတည်းက ကျေကျေပြွန်ပြွန်ဆောင်ရွက်တာဆိုတော့ အခက်အခဲမရှိဘူး။ ကျွန်မအနေနဲ့ကလည်း ကျွန်မရဲ့အဖွဲ့နဲ့ အကြံပေးအနေနဲ့ ဆက်လက်ပါရှိမှာ ဆိုတော့ ဝန်ကြီးဌာနတွေကလည်း ချုံ့လိုက်မှာဖြစ်တဲ့အတွက်ကြောင့် ကောင်းမွန်တဲ့ပေါင်းစပ်မှုလို့ မြင်ပါတယ်။
HI – NUG သက်တမ်းအတွင်းဖွဲ့စည်းခဲ့တဲ့ ဝန်ကြီးဌာနတွေအနက် အလုပ်တွင်ခဲ့တဲ့ ဝန်ကြီးဌာနတွေမှာ အမျိုးသမီး၊လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနလည်း အပါအဝင်လို့ ဂျဲန်ဒါအရေး လုပ်ဆောင်သူတွေက မှတ်ချက်ပြုခဲ့ပါတယ်။ ဆရာမတို့အနေနဲ့ရော ပြီးခဲ့တဲ့သက်တမ်းအတွင်းလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေမှာ အားနည်းချက် အားသာချက်တွေ ရှိခဲ့ရင်လည်း မျှဝေပေးပါ။
နော်စူစန်နာလှလှစိုး အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတုန်းကတည်းက အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနအနေနဲ့ အားသာချက်၊ အားနည်းချက်တွေတော့ ရှိခဲ့ပါတယ်။ အားသားချက်ကတော့ သေသေချာချာ Organization Development ကိုလုပ်နိုင်ခဲ့တယ်။ ၃နှစ် မဟာဗျူဟာ၊ ၅နှစ်မဟာဗျူဟာ စသဖြင့် မဟာဗျူဟာ တွေချပြီးတော့မှ လုပ်ငန်းအစီအမံတွေ ချပြီးဆောင်ရွက်နိုင်တယ်။ နောက် ငွေရေးကြေးရေး အနေနဲ့ဆိုလည်း မူဝါဒ၊ လူ့စွမ်းအားအရင်းအမြစ် မူဝါဒတွေချမှတ်ပြီး ဆောင်ရွက်နိုင်တော့ အမှားနည်းတယ်ပေါ့။ ပြီးတော့ ကျွန်မတို့ စာရင်းစစ်တွေဝင်ခဲ့တယ်။ စာရင်းစစ်မှာလည်း အမှားအယွင်းမရှိ ငွေရေးကြေးရေး နဲ့ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်း လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါတွေကတော့ အားရပါတယ်။
အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် GBV Guideline- လိင်အခြေပြု အကြမ်းဖက်မှုတွေကိုကာကွယ်ပေးတဲ့ လမ်းညွှန်ချက်တွေ၊ ဂျန်ဒါပေါ်လစီတွေ၊ PSHEA Policy – လုပ်ငန်းခွင် ထိပါးနှောင့်ယှက်ခြင်းကနေ ကာကွယ်တဲ့ မူဝါဒ၊ ကလေးသူငယ်ကာကွယ်ရေးမူဝါဒ၊ လူငယ်မူဝါဒ စသဖြင့် မူဝါဒ၁၀ခုလောက် ချမှတ်ပြီးဆောင်ရွက်နိုင်တယ်။ တခြားဝန်ကြီးဌာနတွေကိုလည်း ဒီမူဝါဒတွေနဲ့ ပတ်သတ်ပြီး အသိပေး ပညာပေးလုပ် နိုင်ခဲ့တယ်။ နှစ်တိုင်း နှစ်တိုင်းကမ်ပိန်းတွေလည်း လုပ်တယ်။ အခုပြီးသွားတဲ့ ၁၆ရက်တာလှုပ်ရှားမှု ကျွန်မတို့ ဝန်ကြီးဌာန စတင်ဖွဲ့စည်း ကတည်းက လုပ်ခဲ့တာဆို ၅နှစ်ရှိပြီ။ တနိုင်ငံလုံးအနေနဲ့လုပ်ခဲ့တယ် ကွင်းဆင်းပြီးတော့လည်း ကျွန်မကိုယ်တိုင် ကွင်းဆင်းလုပ်ခဲ့တာတွေရှိပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့၊ ကလေးသူငယ်ကာကွယ်ရေးနေ့ စသဖြင့်ပေါ့နော် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်ရေးနေ့တွေမှာ ပြည်သူတွေကို သတင်းစကား ပေးတာ၊ ပညာပေးတာ လှုံဆော်တာ အဲ့ဒါတွေကို အဖွဲ့အစည်းအသီးသီး နဲ့ ပေါင်းစပ် ညှိနှိုင်းပြီးတော့ လုပ်ဆောင်နိုင်ခဲ့တယ်။ ဒါတွေက အားသာချက်ပေါ့။ အားနည်းချက်ကတော့ ကျွန်မတို့အနေနဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာကတော့ အားလုံးနည်းတူပါပဲ၊ ပြည့်စုံလုံလောက်မှုမရှိပါဘူး၊ ကမ်ပိန်းတွေလုပ်တယ် နိုင်ငံတကာ အလှုငွေတွေရှိတယ်။ နိုင်ငံတကာရောက် မြန်မာမိသားစုတွေက ကူညီဆောင်ရွက်နေတာရှိတယ်ပေါ့။ ဒါတွေနဲ့လုပ်ရတယ်။ ပုံမှန်အစိုးရတရပ်ကြီးလို ဘတ်ဂျတ်တွေချပြီး လုပ်ရတာမဟုတ်တဲ့အတွက် တခါတလေ ကြိုတင်ချထားပြီးတော့ ဘတ်ဂျတ်မရှိလို့ မလုပ်ရတဲ့ အရာတွေတော့ရှိပါတယ်။
HI – တော်လှန်ရေးနယ်မြေတွေနဲ့ လွတ်မြောက်နယ်မြေတွေမှာဖြစ်ပွားခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခဲ့တဲ့ ဖြစ်စဉ်ပေါင်းများစွာကို ဝန်ကြီးဌာနကို တိုင်ကြားချက်တွေရှိတယ်လို့ ထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်၊ တော်လှန်ရေး တပ်ဖွဲ့ဝင် တွေကဖြစ်စေ၊ တော်လှန်ရေးသမားတွေကဖြစ်စေ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် ကျူးလွန်မှုကြောင့် ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဆန္ဒပြနေတာတွေလည်းရှိတယ်။ ဒါတွေကို ဘယ်လိုကိုင်တွယ်ခဲ့ပါသလဲ။အဲ့ဒီလို အမှုပေါင်းများစွာထဲက ဘယ်နှစ်ခုကို အောင်အောင်မြင်မြင် အရေးယူကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ပါသလဲ။ မအောင်မြင်ခဲ့တာတွေကရော ဘာကြောင့်ပါလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေရှိခဲ့ပါသလဲ။
နော်စူစန်နာလှလှစိုး – ခန့်မှန်းပြောရရင် တော်လှန်ရေးနယ်မြေမှာဖြစ်တဲ့ လိင်အကြမ်းဖက်မှုက ၁၀၀ ကျော်လောက်ရှိမယ်၊ အဲ့ဒီမှာ ကူညီနိုင်တာကတော့ တဝက်လောက်ပဲကူညီနိုင်တယ်။ ငါးဆယ်ရာခိုင်နှုန်း လောက်ပဲ။ တရားစွဲဖို့၊ ဆေးကုဖို့တို့ ကူညီနိုင်တယ်။ ကျန်တဲ့ သူတွေကတော့ အခက်အခဲတွေကတော့ တိုင်ပြီး နောက်ပိုင်း သူတို့ကို ဆက်သွယ်လို့ မရတာမျိုးလည်းရှိတယ်။ အန္တရာယ်ရှိလို့ ရှောင်ပုန်းတာလည်း ဖြစ်နိုင်တယ်။ ဒီလိုမျိုးလွန်ကျူးခံရတာကို ပျံ့နှံ့သွားမှာ စိုးရိမ်လို့လည်းဖြစ်နိုင်ပါတယ်။
လာရောက်တိုင်ကြားတဲ့ အမှုတွေဆိုရင် ကျန်းမာရေးအတွက် ဆေးကုသစရိတ် ထောက်ပံ့တယ်။ နေရာတွေ ပြောင်းချင်ရင်လည်း လမ်းစရိတ်ပေါ့။ အဲ့ဒီအတွက် ကာဗာဖြစ်အောင် ၅သိန်းပေါ့၊ ထောက်ပံ့ ပေးတယ်၊ တခြား NGO အဖွဲ့အစည်းတွေက ထောက်ပံ့တာတွေကိုလည်း ဆက်လက်ပို့ပေးတယ်။ နောက်ပြီးတော့ အမှုတွေ မှတ်ထားပြီးဆက်လက်ပြီးတော့ Follow Up လုပ်တယ်။ တရားရေးဝန်ကြီးဌာနတို့ ပြည်ထဲရေး သူတို့နဲ့လည်း အပတ်စဉ်တိုင်းတွေ့ပြီး ဒီအမှုတွေရဲ့ အမှုသွားအမှုလာတွေကို နောက်ကနေ တိုက်တွန်းပေးတယ်၊ ရေရှည် စိတ်ခွန်အား ရဖို့အတွက်လည်း စိတ်ကျန်းမာရေးနှစ်သိမ့်ဆွေးနွေးတာတွေလုပ်ပေးပါတယ်။
HI – အခြားဝန်ကြီးဌာနရဲ့အောက်မှာ ဌာနတခုအနေနဲ့ ပေါင်းလုပ်ဆောင်ရာမှာ အရင်လုပ်ခဲ့ တဲ့၊ ဆက်လက် လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေက လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိလာနိုင်မလား၊ ဒီအတွက်ဘယ်လို စဉ်းစားချက်တွေရှိမလဲ။
နော်စူစန်နာလှလှစိုး – တခြားဝန်ကြီးဌာနနဲ့ပေါင်းတာ အားနည်းချက်ရှိမလားဆို ပြောခဲ့သလိုပဲ ဆရာကြီး ဒေါက်တာ ဝင်းမြတ်အေးက အရင်တုန်းက လူကယ်ပြန်မှာလည်း အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်အရေးတွေ ပါတယ်၊ သူကောင်းကောင်း ကိုင်တွယ်ဆောင်ရွက်နိုင်တဲ့အတွက် ပေါင်းစပ်မှုအပေါ်မှာလည်း အဆင်ပြေမယ်၊ အခုအမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဌာနကို ပြန်လည်ဦးဆောင်မယ့် သူကလည်း ထက်မြတ်တဲ့ အမျိုးသမီးတဦးဖြစ်တယ်၊ လုပ်လည်းလုပ်နိုင်တော့ ကျွန်မတော့ ယုံကြည်မှုအပြည့်ရှိပါတယ်။
HI – NUG အနေနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းခဲ့တဲ့ အပေါ်မှာ အခုလိုဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်တဲ့အတွက် တော်လှန်ရေးထဲက အမျိုးသမီးတွေအတွက် ပိုပြီးမျှော်လင့်ချက်မဲ့သွားမလား၊ ဆရာမအမြင်ကိုပြောပြပေးပါ။
နော်စူစန်နာလှလှစိုး – ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်အကြမ်းဖက်မှုတွေ၊ ကေစ့်တွေကတော့ရှိတာပေါ့။ ကျွန်မတို့လည်းပဲ အခုဆိုရင် မူဝါဒတွေကို ဒီတိုင်းမထားဘဲ ပြန်လည်ဆန်းသစ်တာပေါ့နော်။ update လုပ်တာတွေ နိုင်ငံတကာက အကူအညီနဲ့ လုပ်သင့်တာတွေလုပ်နေတဲ့အတွက်ကြောင့် အားနည်းသွားမယ်လို့ မထင်ပါဘူး။ အခုဆိုရင် GBV လမ်းညွှန်မှု အသစ်ရှိလာပြီ။ နောက်ပြီးတော့ WPS -Women Peace & Security လည်း အသစ်ရှိလာပြီ။ အဲဒါတွေကို ဆက်လက်ပြီးဆောင်ရွက်သွားမှာဖြစ်တယ်။ ကျွန်မတို့ ပိုမိုပြီးတော့ အားစိုက်ပြီး လုပ်သွားမှာ ဖြစ်ပါတယ်။
HI – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။











