မောင်တောမြို့ထဲမှာ တောင်းရမ်းတဲ့ အမျိုးသမီးနှင့် ကလေးငယ်တွေ တွေ့ရ ပိုများလာ

သန့်ရှင်းထွန်း

မောင်တော၊ နိုဝင်ဘာ ၁၁၊ ၂၀၂၅။

ရခိုင်ပြည်မှာ အထွေအထွေအကျပ်အတည်းနှင့် ပဋိပက္ခ၊ တိုက်ပွဲဒဏ်တွေကို အများဆုံး ခံခဲ့ရတဲ့ မောင်တော နယ်စပ်ဒေသက မြို့တွင်းဈေးဆိုင်တွေမှာ တောင်းရမ်းတဲ့ မွတ်စလင်အမျိုးသမီးနှင့် ကလေးငယ်တွေ ပိုများလာတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီ မွတ်စလင်အမျိုးသမီးတွေထဲမှာ သက်လတ်ပိုင်းအရွယ် ကလေးအမေ၊ သက်ကြီးပိုင်းနှင့် အသက် ၆ နှစ်ကနေ ၁၀ နှစ်ကြား ကလေးငယ်တွေ ပိုများတာကို တွေ့ရတယ်လို့ ဆောက်လုပ်ရေးသုံးပစ္စည်း အရောင်းဆိုင်သည် တဦးက ပြောပါတယ်။

“မောင်တောတိုက်ပွဲအတွင်းမှာ လင်ယောကျ်ားသေသွားတဲ အမျိုးသမီးတွေများတယ်၊ ကလေးတွေဆိုရင်လည်း အဖေမရှိတဲ့ ကလေးတွေဖြစ်တယ်၊ တချို့က အဖေ အမေရှိပေမယ့် အလုပ်မလုပ်နိုင်တဲ့သူတွေဖြစ်တယ်၊ နိုင်ငံရေး မငြိမ်မသက်ဖြစ်ပြီး အလုပ်လည်း မရှိဆိုတော့ တောင်းရမ်းကြတာပေါ့”လို့ အထက်ပါ ဆိုင်သည်က ပြောပါတယ်။ (ဆိုင်သည် ဆိုသည်မှာ ဆိုင်ပိုင်ရှင်ကို ခေါ်ဝေါ်သည့် ဒေသိယဝေါဟာရဖြစ်သည်) 

မောင်တောနယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေထဲမှာ ငွေရှာ၊ အပြင်ထွက်အလုပ်လုပ်တဲ့ အလုပ်တွေကို လင်ယောကျ်ားတွေကသာ လုပ်ကြပြီး အမျိုးသမီးတွေဟာ ချက်ပြုတ်၊ လျှော်ဖွတ်၊ ကလေးပြုစုတဲ့ အလုပ်တွေနဲ့သာ ကျင်လည်ခဲ့ရတဲ့အတွက် လင်ယောကျ်ားမရှိတဲ့ အချိန်မှာ ဒုက္ခတွေ့ရတာလို့ မွတ်စလင် အမျိုးသား ကိုဖာရုခ်က ပြောပါတယ်။

“မိန်းမဆိုရင် အပြင်ကိုမထွက်ရဘူး၊ အပြင်ထွက် ငွေရှာတဲ့အလုပ်ကိုလည်း မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်ရဲ့ ဆိုးကျိုးတွေက အမျိုးသမီးတွေအပေါ်မှာ ရိုက်ခတ်မှု ပြင်းထန်လာတယ်၊ ခေတ်နဲ့လည်း မကိုက်ညီတော့ဘူး”လို့ ကိုဖာရုခ်က ဆက်ပြောပါတယ်။

အရင်တည်းက ဆက်သွယ်သွားလာရခက်ခဲနေတဲ့ မောင်တောနယ်စပ်ဒေသဟာ လက်ရှိကုန်စည်စီးဆင်းမှုလည်း နှေးကွေးနေတာကြောင့် လူဦးရေ ၃ယောက်ရှိတဲ့ အခြေခံလူတန်းစား မိသားစုတစုအတွက် စားစရိတ် ကုန်ကျငွေဟာ တနေကို ၁၅,၀၀၀ ကျပ်အထက်မှာ ရှိတယ်လို့ အခြေခံလူတန်းစားတွေက ပြောပါတယ်။

အခုလို ကုန်ဈေးနှုန်းကြီးမားမှုတွေနှင့်အလုပ်အကိုင်ရှားပါးမှုတွေကြောင့် လင်ယောကျ်ား မရှိတော့တဲ့ မွတ်စလင် အမျိုးသမီးတွေဟာ တဆိုင်ဝင်တဆိုင်ထွက် အလှူခံကြရတာလို့ အလှူခံအမျိုးသမီးတဦးက ပြောပါတယ်။

“ယောကျ်ားက တိုက်ပွဲအတွင်းမှာ လက်နက်ကြီးကျလို့ ဆုံးသွားတယ်၊ ယောကျ်ားလုပ်တာကို ထိုင်စားလာတဲ့ ကျမတို့အမျိုးသမီးတွေက ယောကျ်ားမရှိတော့ တခြားဘာမှမလုပ်တတ်ဘဲ အလှူခံစားရတာပဲ”လို့ အဲဒီအမျိုး သမီးက ပြောပါတယ်။

တချို့ အမျိုးသမီးတွေကတော့ မြို့တွင်းမှာ အလှူခံတောင်းရမ်းတာမျိုး မလုပ်ပေမယ့် နိုင်ငံခြားရောက်နေတဲ့ ဆွေမျိုးတွေဆီကနေ အကူအညီတောင်းနေကြရတယ်လို့ သိရပါတယ်။

မောင်တောဒေသသာမက အာဏာသိမ်းမှုနဲ့ စစ်ဘေးစစ်ဒဏ်ကြောင့် ရခိုင်ပြည်နယ်အနှံ့အပြားမှာရှိတဲ့ မြို့ရွာတွေက အခြေခံလူတန်းစား ရခိုင်တိုင်းရင်းသားတွေဟာ အလှူခံတာ၊ တောင်းရမ်းစားသောက်တာတွေကို လုပ်နေရတယ်လို့ ရခိုင်ဒေသသတင်းတွင်းတွေကို ဦးစားပေးဖော်ပြနေတဲ့ သတင်းဌာနတွေမှာ ခပ်စိပ်စိပ် ရေးသားထုတ်ဖော်လာတာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(အေအေ)နဲ့ အာဏာသိမ်းစစ်အုပ်စုကြား တကျော့ပြန်တိုက်ပွဲတွေ  စတင်ဖြစ်ပွားခဲ့တာ ၂နှစ်တာကာလ ရှိလာပြီဖြစ်ပါတယ်။  စစ်အုပ်စုက မြို့နယ်အများစုကို လက်လွှတ်ဆုံးရှုံးထားရပြီး၊  အေအေသိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ အန္တရာယ်ကို ဒေသခံအရပ်သားတွေ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီစဉ် (UNDP) ကတော့ လက်ရှိ ၂၀၂၅ ခုနှစ်အတွင်းမှာ ရခိုင်ပြည်ထဲက လူဦးရေ ၂ သန်းကျော်ဟာ အငတ်ဘေးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ဟောကိန်းထုတ်ခဲ့ပါ တယ်။

Author: