တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ခင်ဘုန်းမို့ စုစည်းတင်ဆက်သည်။
နိုဝင်ဘာလ ၂၂ ရက်ကနေ ၂၈ ရက်အတွင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဒီတပတ်ထဲ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ထူးခြားဖြစ်စဉ်တွေထဲကမှ ထူးထူးခြားခြား အဖြစ်ဆုံးကတော့ သတင်းဓာတ်ပုံတပုံပါပဲ။
ဒီတပတ်မှာ ၅၀၅(က)နဲ့ပြစ်ဒဏ်ကျခံနေရသူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ လွတ်ငြိမ်းချမ်းသာအမိန့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ကြပါတယ်။
အကျဉ်းထောင်ရှေ့က လွတ်မြောက်လာသူတွေရဲ့ ပုံရိပ်တွေကို သတင်းမီဒီယာတွေက ဖော်ပြကြရာမှာ နှာခေါင်းပိုက်တပ်ထားပြီး ခန္ဓာကိုယ်ပိန်လှီနေတဲ့ မကျန်းမာသူ အမျိုးသမီးကြီးတဦးနဲ့ သားဖြစ်သူလို့ထင်ရတဲ့ အမျိုးသားတဦးတို့ ရဲ့ ပုံရိပ်ဟာ လူထုရဲ့ စိတ်နှလုံးကို လှုပ်ခတ်စေခဲ့ပါတယ်။
မူလအစက ဒီသတင်းဓာတ်ပုံဟာ အကျဉ်းကျနေတဲ့ သားဖြစ်သူကို မိခင်က လာရောက်ကြိုဆိုတာလို့ စာဖတ်သူတွေက ထင်ခဲ့ကြပေမယ့် တကယ်တမ်းက အမျိုးသမီးကြီးကိုယ်တိုင်လည်း စစ်အုပ်စုရဲ့ ဖမ်းဆီးထောင်ချခံရခြင်းကနေ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့သတင်းတွေမှာ ဖော်ပြကြ ပါတယ်။
နောက်ထပ်လူထုကို စိတ်ပျက်စေတဲ့ သတင်းတပုဒ်ကတော့ NUG အတွင်းဝန် ဒေါ်ကြည်ပြာရဲ့ တိုင်ကြားခံရမှုနဲ့ တာဝန်က ယာယီရပ်နားခံရတဲ့ သတင်းဖြစ်ပါတယ်။
အခုလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ရာထူးအမြင့်ပိုင်းမှာ တာဝန်ယူထားသူရဲ့ မလျော်မကန်မှုတွေ လူသိထင်ရှားပေါ်ပေါက်လာတာဟာ တော်လှန်ရေးကာလအတွင်း ပြည်သူကို စိတ်ပျက်စေတဲ့ သတင်းပဲဖြစ်ပါတယ်။
တိုင်ကြားခံရမှ အရေးယူတယ်ဆိုတဲ့ လုပ်ရပ်တွေဟာ စစ်အာဏာရှင်တွေခေတ်တိုင်းမှာ ဖြစ်ပျက်နေခဲ့တဲ့ တာဝန်ရှောင်မှုဖြစ်ပြီး၊ လူထုကိုးစားရတဲ့ တော်လှန်ရေးဘက်တော်သားတွေက စစ်အုပ်စုလို တိုင်မှ အရေးယူတာမျိုးမဟုတ်ဘဲ၊ မတိုင်ရင်တောင်မှ လူထုအသံကိုနားထောင်တာ၊ တိုင်ချင်တဲ့သူတွေကို လမ်းဖွင့်ပေးတာမျိုးတွေလုပ်ရင်း လူထုအပေါ်သစ္စာရှိကြောင်းပြသဖို့လို အပ်တယ်လို့ ယူဆပါတယ်။
စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေရဲ့ အမြင့်ဆုံးကာလတန်ဖိုးတခုဖြစ်တဲ့ တော်လှန်ရေးကို ထိခိုက်မှာစိုးတဲ့အတွက် အချို့သော ကျင့်ဝတ်ဖောက်ဖျက်သူ တော်လှန်ရေး ဘက်တော်သားအမည်ခံတွေရဲ့ အမှောင်ခြမ်းတွေဟာ ဒီကာလမှာ တခုပြီးတခု ပေါ်ပေါက်လာခဲ့ ပါတယ်။
အမှန်တရားဘက်တော်သား ပြည်သူတွေဟာ ဒီလိုဖြစ်ရပ်တွေဟာ တော်လှန်ရေးကို ပုံဖျက်နေတဲ့ ဖြစ်ရပ်တွေဆိုတာ ပိုလက်ခံလာပြီး၊ ဒီလိုဖြစ်ရပ်တွေကို အာဏာရှင်စနစ်ကို တော်လှန်သလို တော်လှန်ရမယ်ဆိုတဲ့ အသိကို လက်တွေ့ကျကျ ကျင့်သုံးဖော်ထုတ်လာတာဟာ လွတ်လပ်တဲ့ သတင်းဌာနတွေက မီးမောင်းထိုးပြနေတဲ့ သတငဝမ်းမြောက်စရာ အပြောင်းအလဲတခုလို့ဆိုရမှာပါ။
လူထုကို ခံစားချက်ပုံစံအမျိုးမျိုးပေးခဲ့တဲ့ အဲဒီ သတင်း ၂ပုဒ်အပြင် ဒီတပတ်အတွင်း ထူးထူးခြားခြားအမျိုးသမီးဖြစ်ရပ်တွေပါဝင်တဲ့သတင်း ၁၃ ပုဒ်ကို စုစည်းဖော်ပြလိုက်ရပါတယ်။
• ဓာတ်ပုံတပုံကပြောတဲ့ ၅၀၅(က) ဇာတ်လမ်းတစ်ခု
• တိုင်ကြားခံရသည့် NUG အမြဲတမ်းအတွင်းဝန် မကြည်ပြာကို တာဝန်မှ ယာယီရပ်ဆိုင်း
• ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် အမျိုးသမီးတဦးအပါအဝင် လူ ၆ ဦး ထပ်မံဖမ်းဆီးခံရ
• မောတောင်တွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်၊ မိခင်နှင့် လသားအရွယ်ကလေးများ နေထိုင်ရေး၊ ကျန်းမာရေးအခက်ကြုံ
• မတ္တရာမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၁ သေဆုံး
• ကောလိပ်ကျောင်းအုပ်ရဲ့ နေအိမ် မှာ ပစ်ခတ်မှုဖြစ်ပြီး ဇနီးဖြစ်သူသေဆုံး
• နိုင်ကျဉ်းများလွတ်မြောက်ရေးအတွက် အင်းစိန်ထောင်ရှေ့ တစ်ကိုယ်တော် ဆန္ဒပြခဲ့သည့် အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံရ
• အမျိုးသမီးတဦးကို ရိုက်နှက်ခြိမ်းခြောက်မှုဖြင့် နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံကို တိုင်ကြား
• အွန်လိုင်းငွေလိမ်လုပ်ငန်းထဲက နေရပ်ပြန်သည့် မြန်မာအလုပ်သမား အမျိုးသမီး ၃ ဦး စစ်ကော်မရှင်တပ် ပစ်သတ်
• လေးမျက်နှာကို စစ်တပ်ဗုံးကြဲသဖြင့် ကိုယ်ဝန်ဆောင် ၁ ဦးနှင့် သက်ကြီးရွယ်အို ၁ ဦး သေဆုံး
• STUM သမဂ္ဂအဖွဲ့ဝင် မဟေမာန်ဦးကို အာမခံ ကျပ်သိန်း ၂၀၀ နှင့် ခြေချုပ် ၃ နှစ် အမိန့်ချ
• ကိုရီးယား အလုပ်လျှောက်လွှာသက်တမ်းကုန်ဆုံးသည့်တိုင် အမျိုးသမီးများကို ခေါ်ယူခြင်းမရှိ
• စစ်အုပ်စု ဒုဝန်ကြီး ရခိုင်အမျိုးသမီး ဒေါ်နုမြဇံကို NUG က အကြမ်းဖက်သမားအဖြစ်သတ်မှတ်
“ ဓာတ်ပုံတပုံကပြောတဲ့ ၅၀၅(က) ဇာတ်လမ်းတစ်ခု”
Source – Burma VJ
၅၀၅(က)ပုဒ်မနဲ့ ထောင်ချခံရပြီး အင်းစိန်ထောင်က ဒီနေ့ ပြန်လွတ်လာတဲ့သူတွေရဲ့ ပုံတွေထဲမှာ လူစိတ်ဝင်အစားဆုံး၊ မြင်ရတဲ့သူတိုင်း ခံစားခဲ့ရတဲ့ ဓာတ်ပုံတစ်ပုံကတော့ သားအမိနှစ်ယောက် ပြန်ဆုံတွေ့တဲ့ မှတ်တမ်းဓာတ်ပုံတပုံ ဖြစ်ပါတယ်။
ထောင်ကလွတ်လာတဲ့ သားဖြစ်သူကို အပြင်မှာကျန်ခဲ့တဲ့ ကျန်းမာရေးမကောင်းတဲ့ မိခင်က လာကြိုတာလို့ အစတုန်းက ထင်ခဲ့ကြပေမယ့် နောက်ကြောင်းအသေအချာလိုက်ကြည့်လိုက်တော့ သားအမိနှစ်ယောက်လုံး အင်းစိန်ထောင်က တူတူ ပြန်လွတ်လာကြတယ်လို့သိရပါတယ်။
ဓာတ်ပုံထဲမှာပါတဲ့ သားဖြစ်သူ (နာမည်စုံစမ်းနေဆဲ) က အင်းစိန်ထောင်မကြီး အမျိုးသားဆောင် ၄ဆောင်က ပြန်လွတ်လာတာဖြစ်ပြီး၊ အမေဖြစ်သူ ဒေါ်သန်းသန်းဝင်း ကတော့ အမျိုးသမီး ထောင်ကျဆောင် အမှတ်(၃)၊ အခန်း(၁) ကနေ ပြန်လွတ်လာတာလို့ ဒေါ်သန်းသန်းဝင်းနဲ့အတူ တခန်းထဲအတူနေဖူးတဲ့ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဥ်းသူတစ်ဦးက အတည်ပြုပါတယ်။
ဒေါ်သန်းသန်းဝင်းဟာ ပါးဆောင်ကင်ဆာ ဝေဒနာခံစားနေရတဲ့ သူဖြစ်ပြီး၊ အစာကောင်းကောင်း မစားနိုင်တဲ့အတွက် အစာပိုက်တတ်ထားရတဲ့သူ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်အုပ်စု လက်ပါးစေ တွေက ဒေါ်သန်းသန်းဝင်းတို့သားအမိကို မြောက်ဥက္ကလာက သူတို့ ဖွင့်ထားတဲ့ လဖက်ရည်ဆိုင်ထဲ ဝင်ဖမ်းပြီး ၅၀၅(က)ပုဒ်မနဲ့ ထောင်ချခဲ့တာလို့ သိရပါတယ်။
တိုင်ကြားခံရသည့် NUG အမြဲတမ်းအတွင်းဝန် မကြည်ပြာကို တာဝန်မှ ယာယီရပ်ဆိုင်း
Source – ဧရာဝတီ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ဟာ ဝန်ကြီးချုပ်ရုံးကို မိသားစုလုပ်ငန်းသဖွယ် လည်ပတ်နေခြင်း၊ အဂတိလိုက်စားခြင်း၊ မလျော်ဩဇာသုံး စွဲခြင်း စတဲ့ စွပ်စွဲချက်တွေနဲ့ တိုင်ကြားခံရတဲ့အတွက် နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ တာဝန်ယာယီရပ်ဆိုင်းထားတယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။
အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်းတို့ကို စစ်ဆေးအရေးယူပေးဖို့ နစ်နာသူတွေက NUG ယာယီ သမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌတို့ထံ နိုဝင်ဘာ ၁၉ ရက်ကတိုင်ကြားခဲ့တာဖြစ်ပါတယ်။
တိုင်စာသည် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ မေးလ်သို့ ရောက်ရှိလာခြင်းမရှိသော်လည်း ယာယီသမ္မတ ထံ ရောက်ရှိတဲ့အတွက် ဒီကိစ္စကိုဆောင်ရွက်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးချုပ်က နိုဝင်ဘာ ၂၂ ရက်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ တိုင်ကြားသူတွေ၊ တိုင်ကြားခံရသူတွေ၊ နှစ်ဖက်သက်သေတွေနဲ့ စစ်ဆေးဖို့လိုအပ်တဲ့ သက်သေတွေကို အမြန်ဆုံး ခေါ်ယူစစ်ဆေးမှာဖြစ်ပြီး တွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို ဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြရမယ် လို့ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် အမျိုးသမီးတဦးအပါအဝင် လူ ၆ ဦး ထပ်မံဖမ်းဆီးခံရ
Source – Mizzima
ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် လူခြောက်ဦးကို ထပ်မံအမှုဖွင့် ဖမ်းဆီးထားတယ်လို့ နိုဝင်ဘာ(၂၆)ရက်ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာမှာဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ အသက် ၆၀ အရွယ် ဦးဆန်းလင်း (ခ) ဒေါက်ဆန်း၊ ကရင် ပြည်နယ်၊ ဘားအံမြို့မှ အသက် ၂၇ နှစ်အရွယ် ဦးနေထက်လင်း၊ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ အသက် ၅၄ နှစ်အရွယ် ဒေါ်ချိုချိုဝင်း၊ ရွှေပြည်သာမြို့နယ်မှ အသက် ၄၉ နှစ်အရွယ် ဦးနေမျိုးအောင်၊ ပဲခူးမြို့မှ အသက် ၄၆ နှစ်အရွယ် ဦးပြားနှင့် အသက် ၃၈ နှစ်အရွယ် ဦးကျော်ငွေဇင်တို့ကိုဖမ်းဆီးထားတာဖြစ်ပါတယ်။
ငါးဦးကို ရွေးကောက်ပွဲ ကာကွယ် ရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အမှုဖွင့်ပြီး ကရင်ပြည်နယ်မှ တဦးကို ပုဒ်မ ၂၄ (က) ဖြင့် အမှုဖွင့်ထားတာဖြစ်ပါတယ်။
ဒေါ်ချိုချိုဝင်းဟာ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ရွေးကောက်ပွဲကို အများပြည်သူအထင် အမြင်လွဲမှား စေရန် ရေးသားဖြန့်ဝေခဲ့တယ်လို့ဆိုပါတယ်။
မောတောင်တွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်၊ မိခင်နှင့် လသားအရွယ်ကလေးများ နေထိုင်ရေး၊ ကျန်းမာရေးအခက်ကြုံ
Source – Dawei Watch
ထိုင်း-မြန်မာနယ်စပ်မောတောင်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးတိမ်ရှောင်နေရတဲ့ ဒေသခံတွေထဲမှာ ကိုယ်ဝန်ဆောင်၊မီးဖွားပြီးစ မိခင်တွေ ကလေးငယ်တွေဟာ နေထိုင်ရေးကျန်းမားရေးအတွက် အခက်အခဲများစွာကြုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်အရေး ကူညီသူတွေက ပြောပါတယ်။
လစေ့နေတဲ့ ကိုယ်ဝန်သည်တွေလည်းရှိပြီး အချိန်ခါမရွေး ဗိုက်နာနိုင်တဲ့အတွက် စိုးရိမ်စိတ်နဲ့ နေနေကြရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့အပတ်ကလည်း ကိုယ်ဝန်သည်တစ်ဦး ဗိုက်နာတဲ့အတွက် ဆေးခန်းကို ပို့ဆောင်စဥ် လမ်းမှာ မီးဖွားခဲ့ပါတယ်။
မောတောင်မြို့သိမ်းတိုက်ပွဲမှာ ဒေသခံ သုံးထောင်ဝန်းကျင် စစ်ဘေးရှောင်နေကြရပြီး ရှစ်ရာကျော်ဟာ တောထဲမှာ တစ်ပတ်ကြာ ရှောင်ကြပြီး နေထိုင်စားသောက်ရေးမပြေတဲ့အတွက် ဥယျာဥ်ခြံတွေနဲ့ နီးစပ်ရာ အဆောက်အအုံတွေမှာ ပြောင်းရွေ့နေကြရတယ်လို့ စစ်ဘေးရှောင်ကူနေသူတစ်ဦးက ပြောပါတယ်။
မတ္တရာမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၁ သေဆုံး
Source – မြေလတ်အသံ
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နတ်ကြီးစင်ကျေးရွာမှာ လက်နက်ကြီးကျရောက်ထိမှန်ပြီး ကလေး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူတွေကပြောပါတယ်။ လက်နက်ကြီးထိမှန်ပြီး အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေး ၁ ဦး၊ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီး ၁ ဦးနဲ့ အသက် ၃၅ နဲ့ ၅၀ အရွယ် အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦးနေရာမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့က နတ်ကြီးစင်ကျေးရွာနဲ့ ၃ မိုင်ခန့်အကွာရှိ စကျင်ကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ကော်မရှင်တပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ကျေးရွာထဲကို ၅ လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသား ၂ ဦးအပါအဝင် ၄ ဦးဒဏ်ရာရခဲ့ပါတယ်။
ကောလိပ်ကျောင်းအုပ်ရဲ့ နေအိမ်မှာ ပစ်ခတ်မှုဖြစ်ပြီး ဇနီးဖြစ်သူသေဆုံး
Source – People’s Spring
စစ်ကိုင်းမြို့နယ်ထဲ အုန်းတောမြောက်ရွာမှာရှိတဲ့ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရဲ့ ကျောင်းအုပ် ကြီး နေထိုင်ရာ လိုင်းခန်းမှာ နိုဝင်ဘာ ၂၁ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် ကျောင်းအုပ် ဦးစိုးကြည်ရဲ့ အသက် ၅၄ နှစ်အရွယ် ဇနီးဖြစ်သူ ဆီးခုံကို သေနတ်မှန်ပြီး စစ်ကိုင်းဆေးရုံ အရောက်မှာ သေဆုံးသွားပါတယ်။
ကျောင်းအုပ် ဇနီးရဲ့ နာရေး ကိုတော့ နိုဝင်ဘာ၂၂ရက်မှာ ပြုလုပ်ခဲ့တယ်သိရပါတယ်။ ပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့ကပြုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။
စစ်ကိုင်းမြို့ရှိ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ဟာ စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက် က ကောလိပ်ကျောင်းတခုဖြစ်ပါတယ်။
နိုင်ကျဉ်းများလွတ်မြောက်ရေးအတွက် အင်းစိန်ထောင်ရှေ့ တစ်ကိုယ်တော် ဆန္ဒပြခဲ့သည့် အမျိုးသမီးငယ်တစ်ဦး ဖမ်းဆီးခံရ
Source – ဆီသို့ Towards
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်နိုဝင်ဘာ ၂၄ ရက်နေ့က အင်းစိန်ထောင်ရှေ့၌ တစ်ကိုယ်တော်ဆန္ဒပြခဲ့သည့် အမျိုးသမီးငယ် တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
“နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်” ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး တစ်ဦးတည်း ဆန္ဒပြခဲ့တာဖြစ်ပြီး အင်းစိန်ထောင်ဘူးဝဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။
အမျိုးသမီးတဦးကို ရိုက်နှက်ခြိမ်းခြောက်မှုဖြင့် နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံကို တိုင်ကြား
Source – ဧရာဝတီ
နေပြည်တော် PDF ရဲ့ စစ်ထောက်ချုပ်က အမျိုးသမီးတဦးကို ကိုယ်ထိလက်ရောက်ရိုက်နှက်တဲ့အပြင် သေနတ်နဲ့ခြိမ်းခြောက်ခဲ့တဲ့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အရေးယူပေးဖို့ တိုင်တန်းထားတယ်လို့သိရပါတယ်။
နိုဝင်ဘာ ၈ ရက်က ဗိုလ်ဓူဝံဖွင့်ထားတဲ့ဟော့ပေါ့ဆိုင်မှာ လာရောက်တည်းခိုနေထိုင်တဲ့ မသန္တာအောင်ကို ပါးရိုက်လိုက်သဖြင့် ဘယ်ဘက်နားထင်၊ မျက်လုံးတွေ ဖူးယောင်ဒဏ်ရာရရှိခဲ့တဲ့အပြင် ပစ္စတိုနဲ့ မျက်နှာကို ချိန်ရွယ်ခဲ့တယ်လို့ တိုင်တန်းစာမှာ ဖော်ပြထားပါတယ်။
မသန္တာအောင်ဟာ ဒီးမော့ဆိုအနောက်ခြမ်းရှိ ဒေသခံနဲ့ စစ်ဘေးရှောင်တွေအတွက် အလုပ်အကိုင်အခွင့်အရေးရရှိစေရန် လက်မှုပညာ သင်တန်းကျောင်းဖြစ်တဲ့ Crochet for Karenni တည်ထောင်သူ ဖြစ်ပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းထဲက နေရပ်ပြန်သည့် မြန်မာအလုပ်သမား အမျိုးသမီး ၃ ဦး စစ်ကော်မရှင်တပ် ပစ်သတ်
Source – Mizzima
ကရင်ပြည်နယ် ထိုင်း−မြန်မာ နယ်စပ် အနီးက အွန်လိုင်းငွေလိမ်လုပ်ငန်းအဆောက်အဦ ခြံဝန်းမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား အမျိုးသမီး သုံးဦးကို စစ်ကော်မရှင်တပ်က နိုဝင်ဘာလ ၂၃ရက်နေ့ကပစ်သတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
မြဝတီမြို့ တောင်ဘက် ၁၀မိုင်အကွာတွင်ရှိတဲ့ မင်းလက်ပံကျေးရွာ သောင်းရင်းမြစ်နံဘေးမှာ ဆောက်လုပ်ထားတဲ့ DKBAအဖွဲ့အစည်းပိုင် အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝန်းထဲမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး လမ်းလျှောက်ကာ နေရပ်ပြန်တဲ့ မြန်မာအလုပ်သမားတွေကို စစ်ကော်မရှင်တပ်က မင်းလက်ပံနဲ့ အင်းကြင်းမြိုင် ကျေးရွာကြားမှာ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
နိုဝင်ဘာ ၂၁ရက်နေ့က မင်းလက်ပံကျေးရွာရှိ DKBAတပ်ဖွဲ့အချို့မှ နောက်ကျည်ဖောက်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ရဲ့ ဒရုန်းကို ပစ်ခတ်ခဲ့တဲ့အတွက် DKBAတပ်ဖွဲ့ဝင် အချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ DKBAပိုင် အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝန်းကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
လေးမျက်နှာကို စစ်တပ်ဗုံးကြဲသဖြင့် ကိုယ်ဝန်ဆောင် ၁ ဦးနှင့် သက်ကြီးရွယ်အို ၁ ဦး သေဆုံး
Source – DVB
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းကျေးရွာကို နိုဝင်ဘာ ၂၅ ရက်မှာ စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ သက်ကြီး အမျိုးသား ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အသက် ၂၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသား ၁ ယောက်သေဆုံး၊ နောက်ထပ် ၄ ယောက် ဒဏ်ရာရပြီး နေအိမ် ၁၄ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ်က ဝက်ကုန်းရွာဟာ စစ်ဘေးရှောင်ပြည်သူအများအပြား နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့ ဝေးတယ်လို့လည်း သိရပါတယ်။
STUM သမဂ္ဂအဖွဲ့ဝင် မဟေမာန်ဦးကို အာမခံ ကျပ်သိန်း ၂၀၀ နှင့် ခြေချုပ် ၃ နှစ် အမိန့်ချ
Source – DVB
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM)ရဲ့ အဖွဲ့ဝင် မဟေမာန်ဦးကို အင်းစိန်မြို့နယ် တရားရုံးမှ လူ ၂ ယောက်က ကျပ်သိန်း ၁၀၀ စီ အာမခံထားရှိစေကာ ခြေချုပ်နဲ့ ၃ နှစ်နေဖို့ အမိန့်ချလိုက်တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
အင်းစိန်မြို့နယ် တရားရုံး ကအလုပ်သမားသမဂ္ဂအဖွဲ့ဝင်တယောက်ဖြစ်တဲ့ မဟေမာန်ဦးကို စွဲဆိုထားတဲ့ ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ၅(၁)(စ)(ဆ) အမှုအတွက် နိုဝင်ဘာ ၂၅ ရက်မှာ အမိန့်ချလိုက်တာပါ။
တရားရုံးက ချလိုက်တဲ့အမိန့်အရ မဟေမာန်ဦးအနေနဲ့ တလပြည့်တိုင်း ကောင်းမွန်စွာနေထိုင်ကြောင်း အင်းစိန်မြို့မရဲစခန်းမှာ ခံဝန် လက်မှတ် သွားရောက်ရေးထိုးရမယ်လို့ ဆိုပါတယ်။
STUM ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့အဖွဲ့ဝင် ၉ ယောက်မှာ ဇူလိုင်လကုန်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းခံရပြီး ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေပုဒ်မနဲ့ ၅(၁)(စ)(ဆ)နဲ့ ကနဦးအမှုဖွင့် တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုရီးယား အလုပ်လျှောက်လွှာသက်တမ်းကုန်ဆုံးသည့်တိုင် အမျိုးသမီးများကို ခေါ်ယူခြင်းမရှိ
Source – DVB
တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ သွားရောက်လုပ်ကိုင်ဖို့ စာမေးပွဲအောင်မြင်ထားပြီး အလုပ်လျှောက်လွှာတင်ထားတဲ့ အမျိုးသမီးအများအပြားမှာ အလုပ်လျှောက်လွှာ သက်တမ်းကုန်ဆုံးတဲ့အထိ အလုပ်ခေါ်ယူခန့်ထားခံရတာ မရှိဘူးလို့ အလုပ်ရဖို့ စောင့်ဆိုင်းနေသူတွေဆီက သိရပါတယ်။
မနှစ်က ပြုလုပ်ကျင်းပတဲ့ EPS-TOPIK စာမေးပွဲမှာ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားကို ထည့်သွင်းခဲ့ပြီး အမျိုးသမီးတွေကို ဝင်ရောက်ဖြေဆိုခွင့်ပေးခဲ့ကာ မြန်မာနိုင်ငံကနေ တောင်ကိုရီးယားကို အမျိုးသမီးလုပ်သားတွေ ပထမဆုံးသွားရောက်လုပ်ကိုင်ခွင့် ပြုခဲ့ပါတယ်။
အဲဒီစာမေးပွဲကို ဝင်ဖြေတဲ့ အမျိုးသမီး သောင်းနဲ့ချီရှိခဲ့ပြီး အယောက် ၃,၀၀၀ နီးပါး စာမေးပွဲအောင်မြင်ခဲ့ပေမဲ့ အခုအချိန်အထိ ၄ ယောက်လောက်ပဲ ရွေးချယ်ခေါ်ယူ အလုပ်ရရှိထားတာလို့ ဝန်ဆောင်မှုလုပ်ငန်းနဲ့ တောင်ကိုရီးယားနိုင်ငံကို သွားခွင့်ရဖို့ စောင့်ဆိုင်းနေသူတွေက ဆိုပါတယ်။
အဲဒီဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားအတွက် စာမေးပွဲအောင်ထားပြီး အလုပ်လျှောက်လွှာတင်ထားသူတွေရဲ့ လျှောက်လွှာသက်တမ်းက ဒီဇင်ဘာလ ကုန်ဆုံးမှာဖြစ်လို့ သွားခွင့်ရဖို့ မျှော်လင့်ချက်နည်းသွားပြီလို့ အလုပ်ကမ်းလှမ်းလာမှာကို စောင့်ဆိုင်းနေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
စစ်အုပ်စု ဒုဝန်ကြီး ရခိုင်အမျိုးသမီး ဒေါ်နုမြဇံကို NUG က အကြမ်းဖက်သမားအဖြစ်သတ်မှတ်
Source – နိရဉ္စရာ
အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကထုတ်ပြန်တဲ့ အကြမ်းဖက် သမားအဖြစ် သတ်မှတ်တဲ့ စာရင်းမှာ စစ်အုပ်စုရဲ့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်လည်းဖြစ်တဲ့ရခိုင်အမျိုးသမီး ဒေါ်နုမြဇံလည်းပါဝင်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အတွင်း အကြမ်းဖက်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”က တာဝန်ပေး ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့အဆက်ဆက်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်လည်း အကြမ်းဖက်အဖွဲ့အစည်းဖြစ်သောကြောင့် အဆိုပါကော်မရှင်အဖွဲ့ဝင် အောက်ပါပုဂ္ဂိုလ်များ ကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာလိုက်သည်ဟု NUG ကထုတ်ပြန်ပါတယ်။
ဒီအထဲမှာ ဦးသိန်းစိုး၊ ဦးသောင်းတင်၊ ဦးသန်းထွန်း၊ ဦးကျောက်၊ ဦးအောင်စောဝင်း၊ ဦးသန်းဝင်း၊ ဦးစောဘလှိုင်၊ ဦးစိုးဦး၊ ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဒေါ်နုမြဇံ၊ ဦးမြင့်သိန်း၊ ဒေါက်တာဘမောင်၊ ဦးကိုကိုလွင်၊ ဦးမင်းမင်းဦး၊ ဦးသန်းအောင်ကျော်၊ ၊ ဦးခင်ဇော်၊ ဦးမျိုးလှိုင်၊ ဦးသန်းထွတ်သိန်း၊ ဦးတင်ဆွေဝင်း၊ ဦးအောင်မြင့်လွင်တို့ပါဝင်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဦးတီခွန်မြတ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုဘ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ဦးထွန်းထွန်းနောင်၊ ဦး၀ဏ္ဍမောင်လွင်၊ ဦးသန်းဆွေ၊ ဦးဟင်နရီဗင်ထီးယူ၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်ဦး၊ ဒေါ်သီတာဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ကိုလည်း အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ကြေညာထားပါတယ်။











