တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ရှင်ငြိမ်း စုစည်းတင်ဆက်သည်။

နိုဝင်ဘာလ ၁၆ ကနေ ၂၂ အတွင်း တပတ်တာ အမျိုးသမီးသတင်းတွေထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။

ဒီတပတ်မှာတော့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)ကသတိပေးထုတ်ပြန်လိုက်တဲ့ သတင်းတပုဒ်က တိုင်းပြည်ရဲ့ စိုးရိမ်စရာအကောင်းဆုံး အခြေအနေကို ဖော်ပြနေပါတယ်။

အစာရေစာမလုံလောက်မှုကြုံနေရတဲ့ နိုင်ငံ ၁၆ နိုင်ငံထဲမှာလည်း မြန်မာဟာ အဆိုးရွားဆုံးအဆင့်ထဲ ပါဝင်နေပြီး မြန်မာဟာ ဆာလောင်မွတ်သိပ်မှုအခြေအနေမှာ အလွန်စိုးရိမ်စရာကောင်းတဲ့အဆင့် သတ်မှတ်ချက်ဝင် ၆ နိုင်ငံ ထဲက တနိုင်ငံဖြစ်လာသလို မြန်မာက အသက် ၅ နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၄၁၀,၀၀၀ (လေးသိန်း တစ်သောင်းကျော်) ဟာ ပြင်းထန်အာဟာရချို့တဲ့မှုကြုံရနိုင်တယ် ဆိုတဲ့ သတင်းတပုဒ်ဟာ မကြာ တော့မယ့်အနာဂတ်အတွက် အန္တရာယ်အချက်ပေးခေါင်းလောင်းသံလို့ ဆိုနိုင်ပါတယ်။

ဒီသတင်းအပြင် အာဏာသိမ်းစစ်တပ်ရဲ့ အရပ်သားပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုတွေနဲ့သက်ဆိုင်တဲ့ သတင်းတွေကလည်း ချန်လှပ်ထားလို့မရပါဘူး။

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းဗုံးကြဲမှုတွေဟာ နိုင်ငံအနှံ့မှာ တနေရာမဟုတ် တနေရာ နေ့စဉ်နဲ့အမျှဆိုသလို ဖြစ်ပျက်နေတဲ့ ဖြစ်နေကျ အရာတွေလို ဖြစ်လာခဲ့တာ ကာလအတန်ကြာရှိခဲ့ပါပြီ။

ဒီတပတ်ထဲမှာ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊  စစ်ကိုင်းတိုင်း၊ ဗန်းမောက် မြို့နယ်နဲ့ ကနီမြို့နယ်၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်ငူကျေးရွာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊  ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် စတဲ့ အရပ်တွေမှာ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်ကျုးလွန်ခဲ့ပြီး အမျိုးသမီးတွေ အပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့ကြောင်း စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။  

ဒါ့အပြင် နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတပုဒ်ကတော့ လက်ရှိမြန်မာနိုင်ငံမှာ အသက် ၉ နှစ်ကနေ ၁၁ နှစ်အတွင်း မိန်းကလေးငယ်တွေကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးပေးမယ့်သတင်းဖြစ်ပါတယ်။  

စစ်ဇုန်ထဲက ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကာကွယ်ဆေးထိုးနှံခွင့် ဆုံးရှုံးနေကြတဲ့ မြန်မာပြည်မှာ  စာသင်ကျောင်းတွေအပြင် ကျောင်းပြင်ပက မိန်းကလေးငယ်တွေကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ထိုးနှံပေးမယ်ဆိုတဲ့သတင်းကို ဒီတပတ်မှာ ထူးထူးခြားခြားသတိပြုမိပါတယ်။

ဒီလိုသတင်းတွေနဲ့အတူ မြန်မာသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးဖြစ်ရပ်တွေအပါအဝင် စုစုပေါင်း သတင်း ၁၄ ပုဒ်ကို ရွေးချယ်တင်ပြလိုက်ပါတယ်။

–           စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်တဲ့လှုပ်ရှားမှု ကချင်အမျိုးသမီးအဖွဲ့တွေ ပြုလုပ်

          ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ နှစ်အောက်ကလေး သိန်းကျော် ပြင်းထန်အာဟာရချို့တဲ့မှု ကြုံရနိုင်

          သားအိမ်ခေါင်းရောဂါကာကွယ်ဆေး မိန်းကလေးငယ်အားလုံးကို ဒီဇင်ဘာလဆန်းမှာ စတင်ထိုးနှံမှာဖြစ်

–           ဒေါ်အောင်ဆန်းစုကြည်ရဲ့   အခန်းကဏ္ဍကို ပယ်ဖျောက်လို့မရဘူး  

          မလေးရှားမှာ ကိုယ်ဝန်ဆောင်သည် မွန်အမျိုးသမီး ၁ဦး ဓားထိုးခံရပြီး သေဆုံး

–           ဗုံးကြဲခံရလို့ သေဆုံးခဲ့တဲ့ ရဲမေနာရေးရဲ့ပစ်ခတ်မှုမှာ သေဆုံးသူ ၂ဦးဟာ ဒလန်မဟုတ်

–           ပါတီမဲဆွယ်ဖို့ လူလိုက်ခေါ်တဲ့ ရာအိမ်မှူးအမျိုးသမီး ဓားခုတ်ခံရ

          အိန္ဒိယနယ်စပ်မှာ မြန်မာစစ်ဘေးရှောင်နေအိမ် ကားဝင်တိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ထိခိုက်ဒဏ်ရာရ

          ဗန်းမောက်ဆေးရုံ ဗုံးကြဲခံရလို့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီး၁ ဦးနဲ့ အမျိုးသား၁ ဦးသေဆုံး

–           စစ်ကောင်စီဗုံးကြဲလို့ အမျိုးသမီး ၃ဦးသေဆုံးပြီး အရပ်သား ၅ဦး ဒဏ်ရာရ

          ကနီမှာ  ဂျက်ဖိုက်တာ ၂စီးနဲ့ တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ဦးသေဆုံး ၂ဦး ဒဏ်ရာရ

          နတ်မောက်မှာ စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံး

–           ပေါက်ခေါင်းမှာ မင်္ဂလာဆောင်ဗုံးကြဲခံရပြီး အမျိုးသမီး ဦးသေဆုံး

–           ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးသူကို ၃ကြိမ်တိုင် အဓမ္မပြုကျင့်ပြီး ထွက်ပြေးနေတဲ့ အမျိုးသား ဖမ်းမိ

စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကို ကန့်ကွက်ဆန့်ကျင်တဲ့လှုပ်ရှားမှု ကချင်အမျိုးသမီးအဖွဲ့တွေပြုလုပ်

မြန်မာ- တရုတ်နယ်စပ်တစ်နေရာမှာ ကချင်အမျိုးသမီးများအဖွဲ့အစည်း (KWAT)၊ Legal Aid Network(LAN)နဲ့ အမျိုး သမီးအဖွဲ့တချို့ပါဝင်ပြီး စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း Shame Election Campaign လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က ပြည်သူ့အသက်ကို နင်းခြေသတ်ဖြတ်ပြီး ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်မှာ ဖြစ်တာကြောင့် ဒီရွေးကောက်ပွဲဟာ တရားမဝင်တဲ့ရွေးကောက်ပွဲဖြစ်ကြောင်း ကန့်ကွက်ဆန့်ကျင်တဲ့လှုပ်ရှားမှုကို ကချင်အမျိုးသမီးအဖွဲ့ တွေက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါက စစ်တပ်အနေနဲ့ မြန်မာကိုသူတို့အုပ်ချုပ်နေဆဲဖြစ်တာကို နိုင်ငံတကာကိုပြဖို့ အတွက် ဖြစ်တယ်၊ ဒီရွေးကောက်ပွဲကို ကျမတို့လည်း ဆန့်ကျင်ကန့်ကွက်သလို ပြည်သူတွေလည်း ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့ ကန့်ကွက်သင့်ကြောင်းရည်ရွယ် ပြီး လုပ်ဆောင်တဲ့လှုပ်ရှားမှုဖြစ်တယ်လို့ KWATမှ ဆရာမ ဆန်ထွယ်က ပြောပါတယ်။

စစ်တပ်က ရွေးကောက်ပွဲနီးလာလေလေ ဒါကို ကန့်ကွက်တဲ့သူတွေကို ပိုပြီးဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်လာမယ်၊ ပြောမယ်ဆိုရင် စစ်တပ်က လူ့အသက်ကို နင်းချေသတ်ဖြတ်ပြီး ရွေးကောက်ပွဲကို ဖြစ်မြောက်အောင်လုပ်လာလိမ့်မယ်လို့ သူက အသိပေးထားပါတယ်။

Source – Kachin News Group

ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ နှစ်အောက်ကလေး သိန်းကျော် ပြင်းထန်အာဟာရချို့တဲ့မှု ကြုံရနိုင်

မြန်မာက အသက် ၅ နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၄၁၀,၀၀၀ (လေးသိန်း တစ်သောင်း ကျော်) ဟာ ပြင်းထန်အာဟာရချို့တဲ့မှုကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က နိုဝင်ဘာ ၁၇ ရက်က သတိပေးထုတ်ပြန်ပါတယ်။

ခိုင်မာတဲ့ အာဟာရနဲ့ လူသားစာနာအထောက်အပံ့တွေ ချက်ချင်းလိုအပ်နေတယ်လို့ UNOCHA က ပြောထား ပါတယ်။ တနိုင်ငံလုံးအနေနဲ့လည်း မြန်မာဟာ ဆာလောင်မွတ်သိပ်မှုအခြေအနေမှာ အလွန်စိုးရိမ်စရာကောင်းတဲ့ အဆင့် သတ်မှတ် ချက်ဝင် ၆ နိုင်ငံထဲက တနိုင်ငံဖြစ်လာပါတယ်။

အစာရေစာမလုံလောက်မှုကြုံနေရတဲ့ နိုင်ငံ ၁၆ နိုင်ငံထဲမှာလည်း မြန်မာဟာ အဆိုးရွားဆုံးအဆင့်ထဲ ပါဝင်နေပြီး လက်ရှိ နိုင်ငံမှာဖြစ်ပေါ်တေဲ့ ပဋိပက္ခ၊ စီးပွားရေးကျဆင်းမှုနဲ့ သဘာဝဘေးတွေဖြစ်တဲ့ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာက အစာရေစာမလုံလောက်မှုအန္တရာယ်ပိုမြင့်မားလာစေလိမ့်မယ်လို့ UNOCHA က ဆိုပါတယ်။

ဒီနှစ် စက်တင်ဘာကနေ အောက်တိုဘာအထိ ခန့်မှန်းချက်ရ လူ ၁၁ ဒသမ ၈ သန်းဟာ လုံလုံ လောက်လောက် မစားနိုင် ကြတော့ဘဲ လူ ၁ သန်းဟာ အရေးပေါ်အခြေအနေကို ရောက်နေကြပြီလို့ သိရပါတယ်။

Source – BBC

သားအိမ်ခေါင်းရောဂါကာကွယ်ဆေး မိန်းကလေးငယ်အားလုံးကို ဒီဇင်ဘာလဆန်းမှာ စတင်ထိုးနှံမှာဖြစ်

သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို ကျောင်းတွေအပြင် ကျောင်းပြင်ပရှိ အသက် ၉ နှစ်မှ ၁၁ နှစ်အရွယ် အတွင်း မိန်းကလေးငယ်တွေကို  လာမယ့် ဒီဇင်ဘာလဆန်းမှ စတင်ပြီး ထိုးနှံပေး သွားမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။

လက်ရှိမှာ  သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို စာသင်ကျောင်းတွေမှာ လိုက်လံ ထိုးနှံပေးနေပြီး ကာကွယ်ဆေးလွှမ်းခြုံမှုအနေနဲ့  ၉၀ ရာခိုင်နှုန်းလောက်အထိ ရရှိခဲ့တာကြောင့်  ကျောင်းပြင်ပ မိန်းကလေးငယ်တွေကို ဆက်လက်ထိုးနှံရေးဆောင်ရွက်ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

လာမယ့်  ၂၀၂၆ ခုနှစ်၊ ဩဂုတ်လနဲ့ စက်တင်ဘာလမှာဆိုရင်လည်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံတဲ့လုပ်ငန်းကို အသက်အပိုင်းအခြားတိုးမြှင့်ပြီး  အသက် ၉ နှစ်မှ ၁၈ နှစ်အရွယ် မိန်းကလေးငယ်တွေအထိပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ  လက်ရှိထိုးနှံပေးနေတဲ့  သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးက  သားအိမ်ခေါင်းကင်ဆာ ရောဂါကို အများဆုံးဖြစ်စေတဲ့ HPV ပိုးအမျိုးအစား ၁၆ နှင့် ၁၈ တို့ကူးစက်ခံရခြင်းမှ ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တဲ့အပြင် ပိုးအမျိုးအစား ၆ နဲ့ ၁၁ ကိုပါ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားပါက အသက် ၁၃ နှစ်မှ ၁၉ နှစ် အတွင်းရှိတဲ့  မိန်းကလေးတွေအနေနဲ့ ကင်ဆာဖြစ်စေတဲ့ သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။

လိင်ဆက်ဆံဖူးတဲ့ အမျိုးသမီး အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံလိုပါက ဆရာဝန်ညွှန်ကြားချက်နဲ့အညီ လိုအပ်တဲ့ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

Source – MyanHealth

ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကို ပယ်ဖျောက်လို့မရဘူး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ပယ်ဖျောက်လို့မရဘူးလို့ စာရေးဆရာမ မသီတာ (စမ်းချောင်း) က ဧရာဝတီနဲ့ သီးသန့်အင်တာဗျုးမှာ ပြောပါတယ်။

စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်နဲ့ အရပ်သားအစိုးရ ခေါင်းဆောင် တွေ၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာသမားတွေ၊ လူ့အခွင့်ရေး တက်ကြွ လှုပ်ရှားသူတွေ ကို ဖမ်းဆီးထောင်ချထားပါတယ်။

ဒါကြောင့် အာဏာသိမ်းစစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အားလုံးပါဝင်မှု မရှိတဲ့အပြင် ပဋိပက္ခအသစ် တွေကို ဦးတည်နိုင်တယ်လို့ နိုင်ငံတကာကလည်း ထုတ်ပြောထားကြပါတယ်။

Source – ဧရာဝတီ

မလေးရှားမှာ ကိုယ်ဝန်ဆောင်သည် မွန်အမျိုးသမီးတဦး ဓားထိုးခံရပြီး သေဆုံး

မလေးရှားနိုင်ငံ၊ ပီနန်းမြို့ရှိ (Lorong Bukit Juru 2) လမ်းတွင် စားသောက်ဆိုင်ဖွင့်လှစ်ထားသော ကိုယ်ဝန်ဆောင်သည် မွန်အမျိုးသမီးတဦး ရန်လိုနေတဲ့ ဆိုင်အတွင်းလာရောက်စားသောက်သူတွေနဲ့ စကားများရာမှ ဓါးထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။

နိုဝင်ဘာလ ၁၆ ရက် ည ၉ နာရီခန့်မျာ မိဟောင်းချမ်း (ခေါ်) မချမ်းချမ်းဆိုသူအမျိုးသမီးနဲ့ သူရဲ့ခင်ပွန်း ကိုအောင်ကြီးတို့ ဖွင့်ထားတဲ့ နဒီဟိန်း (မြန်မာစားသောက်ဆိုင်)မှာ လာရောက်စားသောက်နေတဲ့ ဗမာအမျိုးသားသုံးဦးမှ ဆိုင်အတွင်း အစားအသောက်တွေ မကောင်းကြောင်း ရန်လိုပြောဆိုရာမှ စကားများရန်ဖြစ်ရင်း ဓါးထိုးမှုဖြစ်ခဲ့တာပါ။

ဒီအမျိုးသားတွေဟာ ဆိုင်အတွင်း လာရောက်စားနေတဲ့ သူတို့ရဲ့သူငယ်ချင်းတွေနဲ့စကားများပြီးနောက် အပြင်ထွက်ကာ ဓါး တွေယူဆောင်ကာ ပြန်လာခဲ့ပါတယ်။ သူတို့သူငယ်ချင်းတွေက ပြန်သွားပြီဖြစ်တာကြောင့် ဆိုင်ရှင်တွေနဲ့ထပ်မံစကားများ ရန်ဖြစ်ရင်း သေဆုံးသွားတာဖြစ်ပါတယ်။

Source – လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ဗုံးကြဲခံရလို့ သေဆုံးခဲ့တဲ့ ရဲမေနာရေးရဲ့ပစ်ခတ်မှုမှာ သေဆုံးသူ ဦးဟာ ဒလန်မဟုတ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှာ စစ်တပ်ကလေကြောင်းနဲ့ ဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့ ရဲမေတဦးရဲ့နာရေးမှာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးတဲ့ပြည်သူ နှစ်ဦးဟာ ဒလန်မဟုတ်ကြောင်း ကန်ပက်လက်မြို့နယ်ကိုထိန်းချုပ်ထားတဲ့ CDF-Kanpetlet အဖွဲ့က ထုတ်ပြန်ဖြေရှင်းထားပါတယ်။

ကန်ပက်လက်မှာ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ရဲမေ ၁ဦးနဲ့ ပြည်သူ ၂ဦး သေဆုံးကာ ပြည်သူ ၁၃ဦး ဒဏ်ရာရခဲ့ပါတယ်။ ကျဆုံးရဲမေအား သင်္ဂြိုလ်တဲ့အချိန်မှာ  ရဲဘော်ဟောင်းတဦးက သောက်စားမှုးယစ်ပြီး ရဲဘော်တွေရဲ့  သေနတ်တွေကို လိုက်လံတောင်းယူခဲ့ရာ ရဲဘော်တွေက မပေးလို့ အလစ်အငိုက်မှာ ရဲဘော် ၁ဦးရဲ့ သေနတ်လုယူပြီး  စည်းမဲ့ကမ်းမဲ့ပစ်ဖောက်ခဲ့လို့  ပြည်သူနှစ်ဦးထပ်မံသေဆုံးခဲ့ရကြောင်း CDF-Kanpetlet က ထုတ်ပြန်ပါတယ်။

နာရေးမှာပစ်ခတ်ခံရလို့ သေဆုံးသူ ၂ဦးဟာ  အချို့ သောသတင်းမီဒီယာများ ရေးသားဖော်ပြသလို  သူလျှိုဒလန်များ မဟုတ်ကြဘဲ တော်လှန်ရေး ကာလအတွင်းပေးဆပ်ထားတဲ့  မိသားစုဝင်များဖြစ်တဲ့အပြင် လက်ရှိအချိန်မှာလည်း တော်လှန်ရေးတွင်အဖက်ဖက်မှအားကိုးအားထားရသော တော်လှန်ရေးမိသားစုဝင်များ ဖြစ်ကြောင်း ရှင်းထားပါတယ်။

Source – Chin World

ပါတီမဲဆွယ်ဖို့ လူလိုက်ခေါ်တဲ့ ရာအိမ်မှူးအမျိုးသမီး ဓားခုတ်ခံရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာအုပ်စု၊ အနောက်ဘက်ကျေးရွာမှာ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ပွဲအတွက် လူလိုက်ခေါ်ပေးနေတဲ့ ရာအိမ်မှူး အမျိုးသမီး ဓားခုတ်ခံခဲ့ရပါတယ်။

ဓားနဲ့ခုတ်ခံရသူက ကြံ့ဖွံ့ပါတီရပ်ကျေးအလုပ်အမှုဆောင်လည်းဖြစ်၊ ရာအိမ်မှူးလည်းဖြစ်သူ အသက် ၅၂ နှစ် အရွယ် ဒေါ်အမာစိန်ဆိုသူဖြစ်ပြီး တရွာတည်းနေ အသက် ၄၀ ကျော်အရွယ် ကိုဝင်းဦးဆိုသူက နိုဝင်ဘာ ၁၄ ရက်မနက် ၁၀ နာရီကျော်မှာ ဓားနဲ့ခုတ်ခဲ့တာဖြစ်ပါတယ်။

ကြံ့ဖွံ့ပါတီရဲ့ ရပ်ကျေးပါတီဝင် ဦးနိုင်ဦးနေအိမ်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရောက်နေချိန် ပါတီဝင်တွေမရောက်လာသေးတဲ့အတွက် ဒေါ်အမာစိန်ကတအိမ်တက်ဆင်း လူလိုက်ခေါ်နေချိန်မှာ ဓါးနဲ့ခုတ်ခံရတာပါ။

ဓားနဲ့ခုတ်ခံရလို့ ဒေါ်အမာစိန်ရဲ့ လက်အနည်းငယ်ထိခိုက်သွားပြီး ဓါးနဲ့ခုတ်သူ ဝင်းဦးကိုတော့ စစ်ကော်မရှင် တပ်သားတွေက ချက်ချင်းရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Source  –  မြေလတ်အသံ

အိန္ဒိယနယ်စပ်မှာ မြန်မာစစ်ဘေးရှောင်နေအိမ် ကားဝင်တိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးထိခိုက်ဒဏ်ရာရ

အိန္ဒိယ-မြန်မာနယ်စပ်မှာ မြန်မာစစ်ဘေးရှောင်တဦးရဲ့ နေအိမ်ကို နယ်စပ်ခြံစည်းရိုးဆောက်လုပ်ရေး(BRTF) အဖွဲ့ရဲ့ JCB တစီးမတော်တဆ ဝင်တိုက်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးအနည်းငယ် ထိခိုက်ခဲ့ပြီး နေအိမ် ပြိုလဲပျက်ဆီးသွားခဲ့တယ် လို့ စစ်ရှောင်များကပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်၊ တစ်နေရာမှာစစ်ဘေးခိုလှုံနေတဲ့ စစ်ရှောင်တစ်ဦးရဲ့ နေအိမ်ကို (BRTF) ယဉ်မောင်းတ ဦးက အခုလိုမတော်တဆ ဝင်တိုက်မိလို့ နေအိမ်ပြိုလဲပျက်ဆီးသွားသလို အိမ်ပိုင်ရှင်ကိုယ်ဝန်‌ဆောင်အမျိုးသမီးမှာ ထိတ်လန့်ထွက်ပြေးရာမှ အနည်းငယ်ထိခိုက်ခဲ့တာဖြစ်ပါတယ်။

အခုလို JCB တိုက်လို့ ပြိုလဲပျက်ဆီးသွားတဲ့ စစ်ဘေးရှောင်နေအိမ်ကို ပြန်လည်တည်ဆောက်ပေးရန်နဲ့ အနာတရ ဖြစ်သွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆေးဝါးကုသမှုလုံလောက်စွာရရှိဖို့ ကျေးရွာတာဝန်ခံနဲ့ ကော်မတီတွေက  ညှိ့နှိုင်းပေးထားတယ်လို့ သိရပါတယ်။

Source – Zalen

ဗန်းမောက်ဆေးရုံ ဗုံးကြဲခံရလို့ ကျန်းမာရေးဝန်ထမ်းအမျိုးသမီး ၁ဦးနဲ့ အမျိုးသား၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဖွင့်လှစ်ထားတဲ့ ဆေးရုံတခုနဲ့ အချုပ်ဆောင် တခုကို နိုဝင်ဘာလ ၁၈ ရက်မှာ ဗုံးကြဲခံရပြီး ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတဦးနဲ့ အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆေးရုံကို တလုံးကြဲတယ်၊ A1 ကုန်းလို့ခေါ်တဲ့ အချုပ်သားတွေထားတဲ့ကုန်းပေါ့၊ အဲဒီကုန်းကို တလုံး ကြဲတယ်၊ ဆေးရုံကို ကြဲတော့ ဆေးရုံဝန်ထမ်းပေါ့နော၊ ကျန်းမာရေး ဗော်လန်တီယာ ဆရာနဲ့ ဆရာမ နှစ်ယောက်ပေါ့ ဆုံးသွားတယ်” လို့ တော်လှန်ရေးအဖွဲ့တွေထံမှ သိရပါတယ်။

သေဆုံးသူနှစ်ဦးနဲ့ ဒဏ်ရာရသူတွေရဲ့ အမည်၊ အသက်စတဲ့ အသေးစိတ်အချက်အလက်တွေ စုံစမ်းနေဆဲ ဖြစ်တဲ့အတွက် အတည်မပြုနိုင်သေးသလို အချုပ်ဆောင်မှ အချုပ်သားတွေရဲ့ဒဏ်ရာရရှိမှုလည်း မရှိရသေးပါဘူး။ 

Source – Myanmar Now

စစ်ကောင်စီဗုံးကြဲလို့ အမျိုးသမီး ၃ဦးသေဆုံးပြီး အရပ်သား ၅ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်ငူကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၃ ဦးသေဆုံးပြီး အရပ်သား ၅ ဦးဒဏ်ရာရသွားပါတယ်။

နိုဝင်ဘာ ၁၇ ရက် ညအချိန်တွင် စစ်ကောင်စီက တောင်ငူရွာကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး Grade 10 ကျောင်းသူ မဝိုင်းစုဌေး (၁၆) နှစ်၊ ဒေါ်မအောင်သာ (၇၄) နှစ်၊ ဒေါ်စုစုမ (၄၇) နှစ်တို့မှာ ပွဲချင်းသေဆုံးခဲ့တာဖြစ်ပါတယ်။

မစိုးဝင်းရီ (၁၅) နှစ်၊ မပန်းအိခိုင် (၁၆) နှစ်၊ ဦးသိန်းရွှေ (၅၃) နှစ်၊ ဦးအောင်ရီဝင် (၄၃) နှစ်နှင့် ဦးသင်္ချီအောင် (၅၅) နှစ်တို့ ကတော့ ဒဏ်ရာတွေရခဲ့ပြီး ဆေးကုသမှုခံနေရတာပါ။

စစ်တပ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ် ဆောင်လာတာကြောင့် သတိထားကြဖို့ AA က အသိပေးထားပါတယ်။

Source  –  Development Media

ကနီမှာ  ဂျက်ဖိုက်တာ ၂စီးနဲ့ တိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံး နှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် အရှေ့တောင်ခြမ်း ချင်းတွင်းမြစ်ကမ်းဘေးရှိ မင်းအိုရွာ ယာခင်းတော တဲနေအိမ်များကို စစ်ကော်မရှင်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့( နိုဝင်ဘာ ၁၈ ရက်) ညနေပိုင်း ၃ နာရီ ၄၉ မိနစ် အချိန်နှင့် ၄ နာရီ အချိန်တို့တွင် ဂျက်တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဂျက်တိုက်လေယာဉ် ၂စီးနဲ့ ရှေ့ဆင့်နောက်ဆင့် ပျံဝဲပြီး ပစ်ခတ်ဗုံးကြဲသွားတာပါ။ ဗုံးခိုကျင်းထဲကနေ ပေါက်ကွဲသံ သုံးကြိမ် ကြားလိုက်ရတယ်။ ယာခင်းထဲ သီးနှံရိတ်သိမ်းနေတဲ့ အမျိုးသမီးတဦး ဗုံးစထိမှန်သေဆုံးခဲ့တယ်” ဟု ကနီမြို့နယ် ဒေသခံ အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ ဖြစ်စဉ်အတွင်း အသက် ၃၀ အရွယ်တောင်သူ အမျိုးသမီးတဦး သေဆုံးက ၊ ဒေသခံ ပြည်သူ နှစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး ၊ တောင်ယာတဲ သုံးလုံးခန့် ပျက်စီးခဲ့ကြောင်း မဇ္ဈိမရဲ့ မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

“လေကြောင်းတိုက်ခိုက်ခံရတာ ကြုံဖူးတော့ လာပြီဆိုရင် ကြောက်လန့်နေကြရတာ။ ရွာထဲမှာတော့  ဆက်သွယ်ရေး အိုင်ကွန်တွေကနေတဆင့် လေကြောင်း သတင်းကိုသိရတယ်။ ကြိုတင်ပြီး ရှောင်ချိန်ရတော့ အထိအခိုက်တွေ နည်းလာတယ်” ဟု ကနီဒေသခံ အသက် ၄၀ အရွယ် အမျိုးသမီးတဦးက ဆိုသည်။

နိုဝင်ဘာ ၁၆ ရက်နေ့တွင်လည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် ( န.မ.ခ) မှ အပေါ့စား ရဟတ်ယာဉ် (Gyrocopter) သုံးစီးဖြင့် ကနီမြို့နယ် မုဋ္ဌာအရှေ့ရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ၊ နိုဝင်ဘာလအတွင်း သေဆုံးသူ ၉ဦးထိ ရှိပြီဖြစ်သည်။

Source – မဇ္ဈိမ   

နတ်မောက်မှာ စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အနောက်ခြမ်းက ကြက်သောက်တွင်းကျေးရွာကို စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၁ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါ တယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကြက်သောက်တွင်းကျေးရွာနေ အသက် ၅၇ နှစ်အရွယ် ကိုစိုးတင့်၊ အသက် ၃၇ နှစ်အရွယ် မမျိုးသီတာ၊ အသက် ၃၂ အရွယ် ကိုဌေးလှိုင်တို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေသခံပြည်သူ ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့အထဲက အသက် ၃၃ နှစ်အရွယ် ကိုမြင့်ကို၊ အသက် ၄၈ နှစ်အရွယ် ကိုတက်တိုးနဲ့ အသက် ၂၂ နှစ်အရွယ် မသီတာအေးတို့ရဲ့ ဒဏ်ရာတွေဟာ ပြင်းထန်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Source – People’s Spring

ပေါက်ခေါင်းမှာ မင်္ဂလာဆောင်ဗုံးကြဲခံရပြီး အမျိုးသမီး ဦးသေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာမှာပြုလုပ်နေတဲ့ မင်္ဂလာဆောင် ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက် မနက် ၉ နာရီကျော်မှာ မင်္ဂလာပွဲပြုလုပ်နေချိန် စစ်ကော်မရှင်ဘက်က Y 12 နဲ့ ဗုံး ၂ လုံး လာရောက် ကြဲခဲ့တဲ့အပြင် ချောင်းကောက်ကျေးရွာဘက်ကနေလည်း လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးထိမှန်ပြီး ရွာခံအသက် ၃၅ နှစ်အရွယ် မမို့မို့ဝင်းမှာ ပြင်းထန်ဒဏ်ရာရပြီးနောက် ဆေးကုသနေချိန်သေဆုံးကာ အသက် ၄၂ နှစ်အရွယ် ကိုသန်းဇော်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နေအိမ် ၃ လုံး ပျက်စီးသွားခဲ့ပြီး၊ ဒေသခံတချို့လည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

Source – မြေလတ်အသံ

ပလက်ဝမြို့နယ်မှာ အသက်မပြည့်သေးသူကို ၃ကြိမ်တိုင် အဓမ္မပြုကျင့်ပြီး ထွက်ပြေးနေတဲ့ အမျိုးသား ဖမ်းမိ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒလက်ကိုင်းကအသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ၃ကြိမ်တိုင် အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားကို အာရက္ခတပ်တော်(AA)ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဌာနက (DLEPS) ၁၀ရက်အကြာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူဟာ အသက် ၄၆ နှစ်အရွယ် ဦးထွန်းလှိုင်ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နေ့က ရွာထဲမှာလမ်းလျှောက်နေတဲ့ မိန်းကလေးငယ်ကို ရွာမြောက်ဘက်တောစပ်ကို အတင်းဆွဲခေါ်ပြီး ၃ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တာလို့ မိန်းကလေးငယ်ရဲ့ မိသားစုဝင်တဦးက HI – Honest Information ကို ပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူဖို့ အာရက္ခတပ်တော်(AA)ရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးဌာနကို တိုင်တန်းခဲ့ပေမယ့် ဦးထွန်းလှိုင်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့ DLEP ရဲ့ မှတ်တမ်းတွေမှာ ရေးသားထားပါတယ်။

ဒါပေမယ့် ပြစ်မှုကျူးလွန်သူကို DLEPS အဖွဲ့က ရှာဖွေဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူကို နိုဝင်ဘာ ၁၉ ရက် ညအချိန်က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ DLEPS ရဲ့ မှတ်တမ်းမှာ ပါရှိပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို DLEPS ဌာနက အမှုအမှတ်(ပ)၄၆ /၂၀၂၅၊ ပြစ်မှုပုဒ်မ- ၃၇၆ နဲ့ အမှုဖွင့်လှစ်ထားပြီး မိန်းကလေးငယ်ကိုတော့ ဆေးစစ်ချက်ယူထားတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ဒါနဲ့ပတ်သက်လို့ အမြန်ဆုံးစီရင်ပေးဖို့ AA စစ်ဦးစီးချုပ်ရဲ့ ဇနီးက သူ့ရဲ့ လူမှုကွန်ယက်ရက်စာမျက်နှာ ဖေ့စ်ဘုတ်ကနေ မကြာခဏတိုက်တွန်း တောင်းဆိုနေတာတွေ့ရပါတယ်။

Source – HI – Honest Information

Author: