တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

အောက်တိုဘာလ ၂၆ ရက်ကနေ နိုဝင်ဘာလ ၁ ရက်အတွင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီတပတ်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အမျိုးသမီးသတင်းတွေထဲကမှ လွန်ခဲ့တဲ့ တလကျော်က အာရက္ခတပ်တော် အေအေက ထိန်းသိမ်းစစ်ဆေးနေတဲ့ အမျိုးသမီးသတင်းထောက်တဦးကို ပြန်လွှတ်ပေးတဲ့သတင်းကလည်း ထူးခြားဖြစ်စဉ်တခုပါ။ အာဏာသိမ်းစစ်အုပ်စုက သတင်းထောက်တွေကို ရန်ငြိုးထားတာ၊ ဖမ်းဆီးထိန်းသိမ်းတာတွေက ဖြစ်နေကျ ဖြစ်ရပ်ဆိုပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က အမျိုးသမီးသတင်းထောက်တဦးကို အခုလိုလနဲ့ချီ ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတာ စိုးရိမ်စရာဖြစ်ရပ်တခုလို့ ဆိုရမှာပါ။

ဒါ့အပြင် စစ်ကောင်စီကင်းစင်လွတ်မြောက်နယ်မြေတခုဖြစ်တဲ့ မကွေးတိုင်း၊ ဆောမြို့နယ်မှာ အသက် ၁၃နှစ်အရွယ် မိန်းကလေးတဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို သေဒဏ်ပေးဖို့ ပြည်သူရာနဲ့ချီ လမ်းလျှောက်ဆန္ဒပြတဲ့ သတင်းက စိတ်ဝင်စားစရာသတင်းတပုဒ်ဖြစ်ပြီး၊ မိန်းကလေးငယ်အတွက် ဘယ်လိုတရားမျှတမှုမျိုးရရှိနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် သတင်းတပုဒ်ပါ။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အထက်တန်းကျောင်းသူလေးတယောက်ကို အထက်တန်းကျောင်းသားတဦးနဲ့ သူငယ်ချင်း ၃ဦး၊ စုစုပေါင်း လူငယ် ၄ ဦးက အုပ်စုဖွဲ့ အဓမ္မပြုကျင့်တဲ့အပြင်၊ ဗီဒီယိုရိုက်ကူးပြီး တယ်လီဂရန်မှာ တင်ခဲ့တဲ့ သတင်းကလည်း လူ့အဖွဲ့အစည်းအတွက် တုန်လှုပ်စရာသတင်းတွေထဲက တခုပဲ ဖြစ်ပါတယ်။

ဒီတပတ်မှာ HI က စုစည်းဖော်ပြလိုက်တဲ့ တပတ်အတွင်း သတင်းတို ၁၁ပုဒ်ကတော့

အသက် ၁၃ နှစ်မိန်းကလေးကို အဓမ္မပြုကျင့် သတ်ခဲ့သူလို့ဆိုတဲ့အမျိုးသားကို သေဒဏ်ပေးဖို့ ဆန္ဒဖော်ထုတ်

အမျိုးသားလုပ်သားရှားလို့ အုတ်လုပ်ငန်းတွေမှာ အမျိုးသမီးတွေဝင်ရောက်လုပ်ကိုင်

ချောင်းဦးမှာ စစ်တပ်က အမျိုးသမီး ၁ ဦးကိုပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကိုဖမ်းထား

အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူ ကျောင်းသားနဲ့သူငယ်ချင်းတွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်

စစ်ရှောင်တွေကို မဲမပေးရင်ပြန်ပို့မယ်၊ စစ်မှုထမ်းရမယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်

ကလေးမြို့ စစ်ရှောင်နေရတဲ့အမျိုးသမီးတွေအတွက် အရေးပေါ်အကူအညီလိုအပ်

ရခိုင်နဲ့ ရှမ်းမှာ အမျိုးသမီးတွေ အသက်မပြည့်ခင် အိမ်ထောင်ပြုနှုန်း အများဆုံးဖြစ်

ကော့သောင်းမြို့ခံ အသက် ၁၂၁ နှစ်အရွယ်အဘွား မြန်မာ့အသက်ကြီးဆုံးအဖြစ် ရွေးချယ်ခံရ

အင်းစိန်တွင် ကားတိုက်ခံရသည့် အမျိုးသမီးကို ယာဉ်မောင်းက ဆေးရုံမပို့ဘဲ အမှိုက်ပုံ၌ စွန့်ပစ်

AA ဖမ်းဆီးထားသော သတင်းထောက်မုဒြာ ပြန်လွတ်မြောက်လာ

မောင်တောနယ်စပ်မှာ ARSA က အမျိုးသမီးတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ ပြုလုပ်နေ

စတာတွေပဲဖြစ်ပါတယ်။

အသက် ၁၃ နှစ်မိန်းကလေးကို အဓမ္မပြုကျင့် သတ်ခဲ့သူလို့ဆိုတဲ့အမျိုးသားကို သေဒဏ်ပေးဖို့ ဆန္ဒဖော်ထုတ်

မကွေးတိုင်း၊ ဆောမြို့မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးကို အဓမ္မကျင့်ပြီး သတ်ခဲ့သူလို့ စွပ်စွဲခံထားရတဲ့ အမျိုးသားကို သေဒဏ်ပေးဖို့ မြို့လူထုက လမ်းလျှောက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မိန်းကလေးရဲ့ အမှတ်တရဓာတ်ပုံတွေ၊ အလောင်းပြန်တွေ့တဲ့ဓာတ်ပုံတွေ၊ တရားခံလို့ ယူဆရသူရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ပြီး ရာနဲ့ချီတဲ့လူတွေက အောက်တိုဘာ ၂၆ ရက်မှာ လမ်းပေါ်တက် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဆောမြို့၊ သီရိရတနာရပ်ကွက်က အသက် ၁၃ နှစ်ရွယ် မိန်းကလေးကို မိသားစုနဲ့ ရင်းနှီးကျွမ်းဝင်သူဖြစ်တဲ့ အသက် ၂၁ အရွယ်အမျိုးသားက နေအိမ်မှာ လာရောက်ခေါ်သွားပြီး ရက်ပိုင်းအကြာမှာ မိန်းကလေးရဲ့ အလောင်းကိုပဲ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့အမျိုးသားက အဲဒီမိန်းကလေးကို အောက်တိုဘာ ၂၁ ရက်မှာ ခေါ်သွားတာဖြစ်ပြီး မိန်းကလေးရဲ့အလောင်းကိုတော့ ၄ ရက်အကြာ အောက်တိုဘာ ၂၅ ရက်မှာ ဆောမြို့ဆေးရုံဝင်းထဲမှာ ပြန်တွေ့ခဲ့တာပါ။

အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့အကြောင်းကို အဲဒီအမျိုးသားက ဝန်ခံထားတယ်လို့လည်း အခြေအနေ သိရှိသူက ပြောပြီး ဆေးမှုခင်းစစ်ဆေးချက်ကို စောင့်နေတုန်းလို့ ဆိုပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အသေးစိတ် စုံစမ်းတာတွေ လုပ်နေချိန်မှာ တရားခံကို သေဒဏ်ပေးဖို့ လူထုရဲ့ ဆန္ဒပြမှု ထွက်လာတာဖြစ်ပါတယ်။

Source – BBC

အမျိုးသားလုပ်သားရှားလို့ အုတ်လုပ်ငန်းတွေမှာ အမျိုးသမီးတွေဝင်ရောက်လုပ်ကိုင်

ဧရာဝတီတိုင်း အတွင်းရှိ ဒေသအသီးသီးက တနိုင်တပိုင် လုပ်ကိုင်တဲ့ လက်ရိုက်မြေအုတ် လုပ်ငန်းတွေရဲ့ လုပ်ငန်းခွင် အတွင်းမှာ အရွယ်ရောက် အမျိုးသားလုပ်သားတွေ ရှားပါးနေပြီး သက်လတ်ပိုင်း မိခင်အမျိုးသမီးတွေနဲ့ ကလေး လုပ်သားတွေကို အားထားနေရတယ်လို့ သိရပါတယ်။

“အရင်တုန်းကအခြားနယ်က အလုပ်သမားတွေ ခေါ်လို့ရတယ်။ ခုက သွားရေးလာရေး၊ ထောက်ခံစာ၊ ဧည့်စာရင်းက အစစ်အဆေးတွေများတော့ ခေါ်လို့မရဘူး။ ရပ်ထဲရွာထဲ လူငယ်တွေကလည်း မလုပ်ဘူး၊ အလုပ်သမား ရှာရတာခက်တယ်၊ ကြိုငွေထုတ်ပေးတာတောင် ခက်ခဲတယ်” လို့ လက်ရိုက်အုတ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ကျောင်းမနေတော့တဲ့ အသက် ၁၈ နှစ်နဲ့ ၃၀ အကြား လူငယ်လူရွယ်တွေ မရှိသလောက် ဖြစ်နေပြီး လုပ်သားတွေကလည်း ရွာရှိမူလတန်းကျောင်းမှာ ပညာသင်ပြီးနောက် မြို့ထဲက အလယ်တန်း၊ အထက်တန်းကျောင်း တွေကိုလည်း ဆက်မတက်နိုင်၊ နေ့စားအလုပ်လည်း မလုပ်နိုင်သေးတဲ့ မူလတန်းလွန် ကလေးငယ်တွေနဲ့ မိခင်အမျိုး သမီးတွေကလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

“လက်ခစားလည်းမလိုက်နိုင်တဲ့ ၁၂ နှစ် ၁၃ နှစ် ၁၄ နှစ် ကလေးတွေနဲ့ မိခင်၊ မိန်းမသားတွေနဲ့လုပ်ရတယ် မြေတူး တာတော့ စက်ငှားတူးတယ် ယောင်္ကျားသားဆိုလို့ အုတ်သယ်ကားမောင်းတဲ့သူနဲ့ မြေတူးစက် မောင်းသူပဲရှိတယ်” လို့ လုပ်ငန်းရှင်က ပြောပါတယ်။

အရွယ်ကောင်း ယောင်္ကျားလေးတွေအနေနဲ့ လုပ်အားခ နည်းတာရယ်၊ စစ်မှုထမ်းရမှာ စိုးတာကြောင့် အဝေးရှောင်ပြီး အလုပ်နေကြတာရယ်၊ အချို့လည်း စစ်တပ်ထဲ ရောက်သွားတာတွေရယ်ကြောင့် အုတ်လုပ်ငန်းမှာ အရွယ်ကောင်း ယောင်္ကျားလေးတွေနည်းသွားကာ အုတ်အရောင်းအဝယ် ပွဲစားကအစ အများစုက အမျိုးသမီးတွေ ဖြစ်ပါတယ်။

Source – Delta News Agency

ချောင်းဦးမှာ စစ်တပ်က အမျိုးသမီး ၁ ဦးကိုပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကိုဖမ်းထား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာကို စစ်ကြောင်းဝင်နေတဲ့ စစ်တပ်က အမျိုးသမီး ၁ ဦးကိုပစ်သတ်ပြီး အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၁၀ ဦးကိုဖမ်းဆီးသွားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

တောပု၊ မုံရွေးတိုးဂိတ်၊ မြပုလဲ၊ ချောင်းဦးမြို့တို့က ပျူစောထီးနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ပေါင်းထားတဲ့ အင်အား ၄၀ ခန့်ဟာ ခင်မွန်ရွာထဲရှိ ရပ်သာရပ်ကွက်ထဲဝင်ပြီးဖမ်းဆီးချိန် ကြောက်လန့်ပြီးထွက်ပြေးတဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကော်မရှင်ပူးပေါင်းအဖွဲ့ဟာ ရပ်သာရပ်ကွက်ကိုဝင်ချိန် ပြည်သူ ၅၀ ထက်မနည်းကို ဖမ်းဆီးပြီး ကျေးရွာဘောလုံးကွင်း ထဲမှာ စုခိုင်းကာ အိမ်ထောင်စုစာရင်းတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကြောင်းဟာ ကျေးရွာကနေပြန်ထွက်ချိန် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးကိုသာ ချောင်းဦးမြို့ထဲကို ဆက်ဖမ်းခေါ်သွားခဲ့ပြီး ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ စိစစ်နေဆဲဖြစ်ပါတယ်။

Source – မြေလတ်အသံ

အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူ ကျောင်းသားနဲ့သူငယ်ချင်းတွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း (အထက ၁)မှာ တက်ရောက်နေတဲ့ အထက်တန်းကျောင်းသူကို ရည်းစားဖြစ်သူကျောင်းသားနဲ့ သူငယ်ချင်းတွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ မြို့ခံတွေ ထံမှ သိရပါတယ်။

စလင်းမြို့ G-10 ကျောင်းသူကို တကျောင်းတည်းတက်ရောက်နေတဲ့ ရည်းစားဖြစ်သူနဲ့ သူငယ်ချင်း ၃ ဦးက အောက်တိုဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီကျော်မှာ မြင်တင်ရပ်ကွက်ရှိ ထီးကြီးဘုရားအတွင်း ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ပါတယ်။

“အဓမ္မပြုကျင့်ရာတွင် ကျောင်းသူမလေးရဲ့ ရည်းစားဖြစ်တဲ့ ကျောင်းသားက လည်ပင်းညှစ်ခြင်း ပါးရိုက်ခြင်း ပါးစပ်အားပိတ် ခြင်းများပြုလုပ်၍ ၃ ဦးပေါင်း ၁ ဦးချင်းစီက အဓမ္မပြုကျင့်ခဲ့ပြီး ကျန်တဦးက ဖုန်းဖြင့် videoဖိုင်ရိုက်ပြီး (Telegram)မှာ တင်ခဲ့ပါတယ်၊ အဓမ္မကျင့်ပြီးနောက် ကျောင်းသူမလေး သတိမေ့မျောနေချိန် ထီးကြီးဘုရားအတွင်းထားရှိခဲ့တယ်” လို့ စလင်းမြို့ခံတဦးက ဆိုပါတယ်။

လက်ရှိမှာ အဓမ္မပြုကျင့်ခဲ့သူ G-12 ကျောင်းသားနဲ့သူငယ်ချင်း ၄ ဦးကို စလင်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပြီး အဓမ္မပြုကျင့်စဉ် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကိုလည်း ရဲဘက်က သိမ်းယူထားတယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

စစ်ရှောင်တွေကို မဲမပေးရင်ပြန်ပို့မယ်၊ စစ်မှုထမ်းရမယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်

ရန်ကုန်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို မဖြစ်မနေမဲပေးရမယ်ဆိုပြီးဖိအားပေးခြိမ်းခြောက်မှုတွေရှိနေတယ်လို့ စစ်ဘေးရှောင် တွေကပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေကနေ ရန်ကုန်မြို့ကို စစ်ဘေးရှောင်လာတဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အတွက် မဲစာရင်းပါရှိတဲ့ မူလမဲဆန္ဒနယ်အတွက် ကြိုတင်မဲပေးဖို့ ရပ်ကွက်ရုံးကိုခေါ်ယူသတိပေးတာတွေ လုပ်တယ်လို့ စုံစမ်းသိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ မဲမပေးပါရင် ရန်ကုန်တွင်နေထိုင်ခွင့်မပြုပဲ မိမိနေထိုင်ရာဒေသကို ပြန်ပို့မယ်လို့ စစ်အုပ်စုခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ခြိမ်းခြောက်နေကြတယ်လို့ စစ်ဘေးရှောင်အချို့က ပြောပါတယ်။ ဒါ့အပြင် မဲမပေးရင် လူငယ်ပိုင်း အမျိုးသားတွေကို စစ်တပ်ထဲပို့မယ်လို့ ခြိမ်းခြောက်တာတွေပြုလုပ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ မဲထည့်ဖို့ ဆက်တိုက်ခြိမ်းခြောက်ဖိအားပေး နေတာကိုနေ့စဉ်နဲ့အမျှကြုံတွေ့နေရပြီး အခက်ကြုံနေကြရပါတယ်။

Source – People’s Spring

ကလေးမြို့ စစ်ရှောင်နေရတဲ့အမျိုးသမီးတွေအတွက် အရေးပေါ်အကူအညီလိုအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ ကလေး-တမူး လမ်းနှင့် ကလေး-ဂန့်‌ဂေါလမ်းတွေမှာ စစ်ကြောင်းထိုးလို့ နေရပ်စွန့်ခွာနေရတဲ့ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးတွေအတွက် အရေး ပေါ်စားနပ်ရိက္ခာ၊ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ အခြေခံစားသောက်ကုန်စတဲ့ အကူအညီများ လိုအပ်လျက်ရှိနေ တယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတဦးက “လက်ရှိ စစ်ကောင်စီနဲ့ လွတ်တဲ့ တောထဲတွေ သူတို့နဲ့ ဝေးရာ အဆင်ပြေတဲ့နေရာတွေ လုံခြုံတယ် လို့တော့ မဟုတ်ဘူးပေါ့နော် အဲဒီနေရာမှာ နေတဲ့သူက အိမ်ထောင်စု တထောင်ကျော် ၊ လူဦးရေ တသောင်းကျော် လောက်ရှိနေတယ် လက်ရှိအခြေအနေရ စစ်ရှောင်စခန်းဆိုပြီးလည်း ထားလို့ မရတော့ ဒီလိုဘဲ အဆင်ပြေသလို နေထိုင်နေကြတယ်” လို့ပြောပါတယ်။

အရေးပေါ်တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတို့ရဲ့ လိုအပ်ချက်တွေကို အချိန်မီဖြည့်တင်းနိုင်ရန် ကလေးမြို့လူထုတိုက်ပွဲ ဦဆောင်ကော်မတီက အရေးပေါ်တုံပြန်ရေးနဲ့ ကူညီရေးအဖွဲ့ အားဖွဲ့စည်းလိုက်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Source – Chin World

ရခိုင်နဲ့ ရှမ်းမှာ အမျိုးသမီးတွေ အသက်မပြည့်ခင် အိမ်ထောင်ပြုနှုန်း အများဆုံးဖြစ်

ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အသက် ၁၈ နှစ်မပြည့်ခင် အမျိုးသမီးတွေ အိမ်ထောင်ပြုတာနဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ ကလေးမွေးတာ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအတွက် ပြည်ထောင်စု အစီရင်ခံစာမှာ ဖော်ပြတာဖြစ်ပြီး စုစုပေါင်းလူဦးရေမှာ အမျိုးသား ၄၇ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၃ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံအတိုင်းအတာအရ အသက် ၁၈ နှစ်မပြည့်ခင် အိမ်ထောင်ပြုသူအမျိုးသမီး ၈ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ရခိုင်ပြည်နယ်မှာ ၁၉ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ရှမ်းပြည်နယ်မှာတော့ ၁၃ ဒသမ ၅ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

စုစုပေါင်း ကလေးမွေးနှုန်းမှာလည်း ရခိုင်ပြည်နယ်မှာ ၂ ဒသမ ၈ ယောက်နဲ့ အမြင့်ဆုံး၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ် တို့မှာ ၂ ဒသမ ၂ ယောက်နဲ့ ဒုတိယ အမြင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၄ သန်းခေါင်းစာရင်းတုန်းက အမျိုးသမီး ၁၀၀ မှာ အမျိုးသား ၉၃ ယောက်နှုန်းရှိပြီး အခုတော့ အမျိုးသမီး ၁၀၀ မှာ အမျိုးသား အယောက် ၉၀ နှုန်းပဲရှိတာကိုတွေ့ရသလို အမျိုးသမီး အိမ်ထောင်ဦးစီးနှုန်းဟာ အိမ်ထောင်စုတွေရဲ့ ၂၇ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

Source – DVB

ကော့သောင်းမြို့ခံ အသက် ၁၂၁ နှစ်အရွယ်အဘွား မြန်မာ့အသက်ကြီးဆုံးအဖြစ် ရွေးချယ်ခံရ

ကော့သောင်းမြို့ခံ အသက် ၁၂၁နှစ်အရွယ် အဘွားတဦးအား ယခု ၂၀၂၅ခုနှစ်အတွက် မြန်မာ့အသက်အကြီးဆုံး အဘွားအဖြစ် ရွေးချယ်ဂုဏ်ပြုခံရတယ်လို့ သိရပါတယ်။

ရွေးချယ်ဂုဏ်ပြုခံရသည့်အဘွားသည် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ပုလဲတွင်းလမ်းတွင်နေထိုင်သည့် အဘွား ဒေါ်ပန်းနွယ်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

အဘွားနှင့်အတူ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်မှ အသက် ၁၂၁ နှစ်အရွယ် အဘိုး ဦးသိန်းအောင်လည်း ပူးတွဲကာ ယခုနှစ် အသက်အကြီးဆုံးအဖိုးအဖြစ် ရွေးချယ်ခံရကြောင်း ဖော်ပြသည်။

ရွေးချယ်ခံရသူတစ်ဦးလျှင် ကျပ်ငွေဆယ်သိန်းစီကို အောက်တိုဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက ချီးမြှင့်ခဲ့ကြောင်း ဆိုသည်။

Source – Dawei Watch

အင်းစိန်တွင် ကားတိုက်ခံရသည့် အမျိုးသမီးကို ယာဉ်မောင်းက ဆေးရုံမပို့ဘဲ အမှိုက်ပုံ၌ စွန့်ပစ်

အင်းစိန်မြိုနယ်၊ မြို့သစ် ဂ ရပ်ကွက်၊ ပိတောက်လမ်းထိပ်မှာ အောက်တိုဘာ ၂၉ ရက် မနက် ၄ နာရီက အမျိုးသမီး တယောက်ကို Light Truck ယာဉ်တစီးက တိုက်ခဲ့ပြီး ဆေးရုံပို့ပေးမယ်ဆိုကာ ရွှေပြည်သာစက်မှုဇုန်မှာ လာပစ်သွား တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေပြည်သာစက်မှုဇုန်ရှိ အမှိုက်ပုံဘေးမှာ မျက်နှာနဲ့ ခြေထောက်မှာ သွေးတွေပြည့်နှက်နေတဲ့ အမျိုးသမီးတယောက်ကို ရပ်ကွက်နေသူတွေက တွေ့ပြီး လူမှုကူညီရေး အသင်းတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ကားတိုက်ခံရတဲ့ အမျိုးသမီးဟာ မရမ်းကုန်းမြို့နယ်နေ ဦးမောင်ဝင်းရဲ့သမီး အသက် ၃၃ နှစ်အရွယ် မခင်လေးနွယ်ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူက သေပြီအထင်နဲ့ အမှိုက်ပုံမှာ လာပစ်သွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ကို ပြောပါတယ်။

Source – DVB

AA ဖမ်းဆီးထားသော သတင်းထောက်မုဒြာ ပြန်လွတ်မြောက်လာ

အာရက္ခတပ်တော် AA ထောက်လှမ်းရေးအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော သတင်းထောက် မုဒြာ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် ပြန်လွတ်မြောက်လာကြောင်း မိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။

မုဒြာသည် ရခိုင်ပြည်အခြေစိုက် BORDER NEWS AGENCY သတင်းဌာနမှ သတင်းထောက်အမျိုးသမီး တဦးဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်တွင် အာရက္ခတပ်တော် AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

Source – Western News

မောင်တောနယ်စပ်မှာ ARSA က အမျိုးသမီးတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ ပြုလုပ်နေ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်မှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်(ARSA)အဖွဲ့က အမျိုးသမီးတွေကိုပါ ဖမ်းဆီးသတ်ဖြတ် ဖမ်းဆီးမှုတွေ ရက်ဆက် ပြုလုပ်နေတဲ့အတွက် မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ အမျိုးသမီးတွေဆီက စုံစမ်းသိရှိရ ပါတယ်။

မောင်တောနယ်စပ်မှာ ARSA အဖွဲ့က ခရီးသွားလာနေတဲ့ ပြည်သူတွေကို ခြုံခိုတိုက်ခိုက်တာ၊ သတ်ဖြတ်တာတွေ အရင်ကတည်းက ပြုလုပ်ခဲ့သလို၊ အခွင့်သာရင်သာသလို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့ပြီး၊ မောင်တောမြို့သိမ်း တိုက်ပွဲတုန်းကလည်း စစ်ကောင်စီဘက်ကနေ ဝင်တိုက်ပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံ တွေက HI – Honest Information ကို ပြောပါတယ်။

မောင်တောမြို့နယ်ကင်းချောင်းကျေးရွာက အသက် ၂၇ နှစ်အရွယ် မခင်နှင်းထွေးက “နယ်စပ်လုံခြုံရေးက တရက်ထက်တရက် ပိုပြီးကြောက်စရာကောင်းလာတယ်၊ တနေရာနဲ့တနေရာ သွားဖို့တောင် မသွားရဲတော့ဘူး၊ အဓိက အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးက မလွယ်တော့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက် နေ့လယ် ၂နာရီခန့်က မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာကနေ ဈေးဝယ်ပြီး ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာကိုပြန်လာတဲ့ ခရီးသည်ကားတစီးကို ကျောက်ပန္ဒူ-စေတီပြင် မေယုတောင်ကျော်လမ်း၊ မြိုယုကျေးရွာ အရှေ့ဘက်တံတားအနီးမှာ ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၃၀ နှင့် ၄၀ အရွယ် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးနေတဲ့ အမျိုးသမီး ၂ဦးရဲ့ ရုပ်အလောင်းအနီးမှာ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို သူမိခင်အလောင်းဘေးမှာ အသက်ရှင်လျှက် တွေ့ရှိခဲ့ပြီး ယာဉ်မောင်းအပါအဝင် အမျိုးသား ၂ဦးမှာ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက် လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးရက်ပိုင်းအကြာ အောက်တိုဘာ ၂၄ ရက်မှာလည်း မောင်တောမြို့နယ်၊ ကင်းချောင်း ကျေးရွာမှ နွားကျောင်းနေတဲ့ အမျိုးသား ၅ဦးနှင့် အမျိုးသမီးတဦးကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခြုံခိုတိုက်ခိုက်ခံရတဲ့ အဲဒီ ၆ဦးထဲက အမျိုးသမီးတဦးနဲ့ အမျိုးသား ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ကျန်အမျိုးသား ၃ဦးဟာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကျေးရွာတာဝန်ရှိသူတွေက ပြောပါတယ်။

မောင်တောဒေသမှာ နေထိုင်ရပ်တည်ရေးအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း မလုံခြုံဖြစ်နေတာနဲ့ ပတ်သက်ပြီး မောင်တောမြို့က အသက် ၃၉ နှစ်အရွယ် မခင်နှင်းဆွေက “တတ်နိုင်ရင်တော့ ဘူးသီးတောင်၊ မောင်တောမှာ မနေချင်တော့ဘူး၊ လုံခြုံရေးက လုံးဝစိတ်မချရတဲ့ အနေအထား ဖြစ်နေပြီ၊ အဆင်ပြေရင် တခြားမြို့ကို ပြောင်းရွေ့နေထိုင်ပါတော့မယ်” လို့ ပြောပါတယ်။

ARSA/RSO အဖွဲ့ဝင်တွေက အရပ်သားတွေအပေါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ တောတောင်ထဲ နဲ့ လူပြတ်တဲ့ နေရာတွေကို တဦးတည်း(သို့)လူအနည်းစုနဲ့ သွားလာကြတာကို အတတ်နိုင်ဆုံး မပြုလုပ် ကြဖို့၊ ကျန်းမာရေး ကိစ္စကြောင့် မဖြစ်မနေသွားလာရမယ့် အရေးကြီးကိစ္စတွေ ရှိရင် အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲဝင်တွေကို သတင်းပေးပို့ပြီးမှ သွားလာကြဖို့ သတိပေးထားပါတယ်။

Source – HI

Author: